Friday, December 26, 2014

မြန်မာ ပြည်မှ ဖြစ်ပျက် နေမှုများ

စပယ်ရာက လက်နဲ့ပုတ်ပြီး ဟိုဘက်နည်းနည်းတိုးလို့ပြောမှ
သုံးယောက်ထိုင်ခုံမှာ တစ်ယောက်ထဲ ဖြဲကားထိုင်နေတဲ့သူက
ဘုကြည့်ကြည့်ပြီး ပေါင်နည်းနည်းစေ့ပေးတယ်။
အုတ်နံရံကို အဖြူရောင်နုနုလေးသုတ်ထားလိုက်
မကြာခင် မှုတ်ဆေးဗူးနဲ့ ရေးချင်ရာတွေ လျှောက်ရေးသွားကြမယ်။
ကြော်ညာဆိုင်းဘုတ်လှလှလေး၊ မီးရောင်စုံတွေနဲ့ထားတယ်ဆိုရင်
ဘာမှန်းညာမှန်းမသိ ခဲနဲ့ ပစ်ခွဲသွားတတ်ကြတယ်။

ကားမှတ်တိုင်နောက်ခံမှာ ကြော်ညာဆိုင်းဘုတ်ကြီးနဲ့ သန့်သန့်ရှင်းရှင်းရှိနေရင်
စာရွက်အပိုင်းတွေ၊ အပိုင်းတွေနဲ့ မူလကြော်ညာဘုတ်ကြီးထက်မှာ
ဝိုင်းကပ်ကြမယ်။ နောက်ရောက်လာတဲ့သူတွေကလည်း
အရင် ကြော်ညာတွေကို ဖုံးအုပ်ပြီး သူတို့ကြော်ညာကို ပေါ်အောင်ကပ်ကြတယ်။
(အရင်ကြော်ညာတွေကို မစာနာကြဘူး)
လူကူးမျဉ်းကြားရှိလည်း လူတွေက ကူးချင်တဲ့နေရာက ကူးတယ်။
လူကူးမျဉ်းကြားရှိလည်း ကားတွေက ဖြေးဖြေးမောင်းချင်မှ မောင်းတယ်။
အဲဒိတော့ ကားတွေက လူတွေကိုတိုက်တယ်။ လူတွေသေတယ်။
တစ်နေ့ တစ်နေ့ မနည်းဘူးပဲ။ ဒါပေမယ့် ကိုယ့်အမျိုးတွေ မပါမချင်း၊
ကိုယ်အတိုက်မခံရမချင်း ဒီသောက်ကျင့်ကို ပြင်ဖို့မကြိုးစားကြဘူး။
ရှင်းလင်းသန့်ပြန့်နေတဲ့ ကတ္တရာလမ်းမကြီးကို ငုံ့မကြည့်ပဲ ကွမ်းတံတွေး
ဗျစ်ကနဲထွေးချမယ်။ အုတ်နံရံတစ်ခုနားကပ်ပြီး သေးနဲ့ပန်းမယ်။
ဒီအနံ့တွေ၊ ဒီအညစ်အကြေးတွေက ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်လဲ လုံးဝမစဉ်းစားဘူး။
မီးစက်ကို ဒီအတိုင်းဖွင့်ထားမယ်။ ဒီဇယ်နံ့၊ ဓာတ်ဆီနံ့နဲ့ မီးခိုးတွေက
ဘယ်သူတွေကို ထိခိုက်မလဲ မစဉ်းစားဘူး။
(မီးခိုးတွေလုံအောင်၊ မီးစက်အသံမဆူအောင် လုပ်နည်းတွေ ရှိတယ်။ မလုပ်ဘူး။ ပိုက်ဆံကုန်လို့)
ဆိုင်ကယ်ပေါ်ရောက်ရင် လီဗာအသားကုန်ဆွဲပြီး ဝေါကနဲဝေါကနဲ
ကောက်မောင်းမယ်။ ဦးထုပ်မဆောင်းဘူး။ အန္တရာယ်ကို မသိဘူး။
အေး.. သိတဲ့အချိန်ကျတော့ နှောင်းသွားပြီ။ ဒါပေမယ့်
ကျိုးရုံပဲ့ရုံဖြစ်ကြည့် နောင်တဘယ်တော့မှမရဘူး။
ဖုန်းကတ်တွေရောင်းတယ်။ ဘယ်တော့မှ ရောင်းမလောက်ဘူး။
ဘယ်လောက်မလဲ။ လူတိုင်းက လိုလိုမလိုလို ၀ယ်နေကြတာကိုး။
တစ်ယောက်ကို ဆယ်ကတ်၊ ကတ်နှစ်ဆယ်။ ဘာလုပ်ဖို့လဲမသိ။ အော်ရီဒူးတစ်လုံး၊
အမ်ပီတီတစ်လုံး၊ တယ်လီနောတစ်လုံး ၀ယ်ကိုင်ကြဦးမယ်။
ပြန်ရောင်းစားမယ်။ ၁၅၀၀ တန်ကို သောင်းကျော်ပေးပြီးရောင်းမယ်။
ဒါလည်း ၀ယ်တဲ့သူက ရှိတာပဲ။
ကိုယ့်မှာ ဖုန်းကတ်ရှိပြီးပြီ.. တော်ပြီဆိုတဲ့သူ.. တော်တော်ရှားတယ်။
တန်တယ်ဆိုရင် ဘာမှမလိုပဲတောင် ဆင်ကို ၀ယ်လာချင်ကြတာပဲ။
တကယ်ဖုန်းမကိုင်နိုင်သေးတဲ့သူတွေကို စာနာမယ့်သူ အင်မတန်ရှားတယ်။
ကိုယ့်ဖုန်းကတ်ထဲမှာ ငွေရှိတယ်။ ဒါပေမယ့် တစ်ကတ်ဝယ်ရင် ဘယ်လောက်
ပိုပေးတယ်ဆိုတာ ကြားတော့ ထပ်ဝယ်ကြတယ်။ ၀ယ်ပြီး သိပ်မကြာဘူး။
တစ်ကတ်ဝယ်ရင် အရင်ထက်ပိုများတာတွေ ပေးမယ်ပြောပြန်ရော။
ရော်.. ထပ်ဝယ်ကြတာပေါ့။ လိုအပ်တယ်လို့ ထင်ကြတယ်။
ဇာတ်ကားတစ်ခုကို ကောင်းကောင်းကန်းကန်းရိုက်လို့ ဘယ်လောက်ရမှာလဲ။
လူတွေရယ်မှ၊ မြန်မြန်ရိုက်နိုင်မှ၊ ငွေပြန်ဝင်မှ.. အဲသလိုအတွေးအခေါ်နဲ့
ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေ၊ မင်းသား၊ မင်းသမီးတွေ ဘယ်လောက်များလာပြီလဲ။
ကောင်းတဲ့သူတွေ ဘယ်နားမှာ လုပ်စားကြမလဲ။
ဆေးလိပ်သောက်ရင် သောက်သူတင်မက ပတ်ဝန်းကျင်ပါ အကြီအကျယ်ထိခိုက်တတ်တာကိုသိတယ်။
ဒါပေမယ့် လူတွေ အများကြီးရှိနေတဲ့ လက်ဖက်ရည်ဆိုင်တွေ၊ ကားမှတ်တိုင်တွေ၊ သင်္ဘောတွေမှာ
ဆေးလိပ်တွေ သောက်နေကြတာပဲ။
ခက်ခက်ခဲခဲမလုပ်ရဘူး။ အဆီကျမယ်။
ပင်ပင်ပန်းပန်းမလုပ်ရဘူး။ ပိုက်ဆံရမယ်။
အခုချက်ချင်းကို ချမ်းသာမယ်။ ကုသိုလ်တွေရမယ်။
စသဖြင့် စသဖြင့် .. ဆွဲဆောင်ကြည့်ရင်
ချက်ချင်း ပါလာတတ်ကြတယ်။
လိမ်ရတာအရမ်းလွယ်။ ညာရတာ အရမ်းလွယ်တယ်။
တကယ် အောင်မြင်မယ့်နည်းလမ်းချပြကြည့်။
ဘယ်သူမှ မလုပ်ချင်ကြဘူး။
တစ်ယောက်ယောက်က အောင်မြင်သွားရင်လည်း
ဝိုင်းဆွဲချချင်ကြတယ်။ မနာလိုစိတ်တွေလည်းရှိရဲ့။
အဆိုးဆုံးကတော့ ပူးပေါင်းလုပ်ဆောင်တတ်တဲ့အကျင့်နည်းပါးတာပဲ။
ကျုပ်ပြောနေတာတွေ အကုန်လုံးက အစိုးရတို့၊ ပညာရေးတို့၊ စီးပွားရေးတို့နဲ့ မဆိုင်ဘူး။
နိုင်ငံကြီးသားတွေရဲ့ အခြေခံလိုအပ်ချက်တွေပဲ။
ဒီဘက်ခေတ်မှာက သူများဆီက အပြည့်ယူပြီး၊ ကိုယ့်ဆီက နည်းနည်းပဲပေးရတဲ့ (ဖြစ်နိုင်ရင် ဘာမှ ပြန်မပေးရတဲ့)
သူမျိုးကိုမှ လူရည်လည်တယ်လို့ ထင်နေတတ်ကြတယ်။
အဲလိုမလုပ်ချင်တဲ့ကောင်တွေဟာ သောက်ပေါတွေ ဖြစ်သွားကြတယ်။
လူရည်မလည်၊ နလပိန်းတုံး၊ ငအတွေ ဖြစ်ကုန်ကြတယ်။
ကျုပ်တို့ရင်ထဲကို မှန်ကန်၊ လွတ်လပ်၊ မျှတ၊ ကိုယ်ချင်းစာတတ်တဲ့
လူကြီးလူကောင်းအတွေးအမြင်တွေ ဘယ်လိုပြန်ထည့်ကြမလဲ။
(မစ္စတာကီးဘုတ်)
Credit : Thet Aung min Latt

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...