Tuesday, December 16, 2014

နှစ်ပြည်စာအရေးနဲ့ နေညိုချိန်အတွေး

၁၉၉၇ ခုနှစ်က ကျွန်တော်ရန်ကုန်မှာ အလုပ်လာလုပ်ဖူးပါတယ်။ Transport Agent လို့ ခေါ်တဲ့ လုပ်ငန်းတစ်ခုမှာပေါ့။ ကျွန်တော် တို့ လုပ်ငန်းက ကြံခင်း၊ သရက် စတဲ့မြို့တွေမှာရှိတဲ့ ဘိလပ်မြေတွေကိုထုတ်ယူပြီး ရေကြောင်း၊ ကုန်းကြောင်းနဲ့ လိုအပ်သလို အ စိုးရ စီမံကိန်းနယ်မြေတွေဆီကို ပို့ပေးရတဲ့ လုပ်ငန်းပါ။

အဲဒီလိုပို့ပေးဖို့အတွက် မော်တော်တွေ၊ ဆယ်ဘီးကားတွေ ငှားပြီး ပို့ရပါတယ်။ ဥပမာ ကြံခင်းကနေ ရှမ်းပြည်နယ်ရပ်စောက်မှာရှိ တဲ့ ဇော်ဂျီရေလှောင်တမံကို ဘိလပ်မြေအိတ်တွေပို့မယ်ဆိုရင် ကြံခင်းကနေ မော်တော်တွေငှားပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်၊ စလေရောက်ရင် ကျောက်ပန်းတောင်းက ငှားထားတဲ့ ဆယ်ဘီးကားတွေပေါ်ပြောင်းတင်ပြီး ကုန်းလမ်းအတိုင်း ခရီး ဆက်ကြရတာပါ။ စက်ရုံတွေမှာ ဘိလပ်မြေထုတ်တာကတော့ ကျွန်တော်တို့ အေးဂျင့်အဖွဲ့နဲ့ပါလာတဲ့ ဝန်ထမ်းက တာဝန်ယူထုတ် ရတာပေါ့။
ရေကြောင်းခရီးအတွက် သင်္ဘောငှားတဲ့နေရာမှာ ပုဂ္ဂလိကပိုင် မော်တော်တွေရှိသလို အစိုးရသင်္ဘောကို ကိုယ်စားလှယ်အဖြစ် ငှားရမ်းပြီး နဝလီတင်စားနေတဲ့ အဖွဲ့လည်း ရှိပါတယ်။ တစ်နှစ်ကို တစ်ခေါက် စာချုပ်နဲ့အငှားချပေးတယ်လို့ ထင်ပါတယ်။ လယ် အငှားချသလိုပေါ့။ သင်္ဘောငှားရမ်းလုပ်ကိုင်မယ့် သင်္ဘောအေးဂျင့်က ဦးစီးဌာနဆီက လေလံသဘောဆွဲရတယ်ထင်ပါရဲ့၊ သိပ် တော့မမှတ်မိတော့ပါ။
မှတ်မိတာကတော့ လေလံပစ်လည်း လူတိုင်းမရပါဘူး။ သက်ဆိုင်ရာ ဌာနအကြီးအကဲနဲ့ ပလဲနံပသင့်သူ စီးပွားရေးသမားတချို့ သာ ရတာပါ။ တန် ၆၀၀ ဆံ့ (အခန်းတွေပျက်လို့ တန် ၃၀၀ ကျော် ၄၀၀ နီးပါးသာ တင်နိုင်ပါတော့တယ်) သဘောင်္တစ်စီးငှားရင် အဲဒီသင်္ဘောကို ငှားရမ်းခွင့်ရထားတဲ့ အေးဂျင့်က တစ်ရက် ၃၅၀၀ ကျပ်နှုန်း ဌာနကို သွင်းရပါတယ်။ ၃၀ ရက်သတ်လတွေဆို တစ်လကို ၁၀၅၀၀၀ (တစ်သိန်းငါးထောင်) သွင်းရပါမယ်။ ၃၁ ရက်သတ်ဆို ၁၀၈၅၀၀ ပေါ့။ သင်္ဘောထွက်တာ မထွက်တာ၊ ရပ် ထားတာ မရပ်ထားတာ ဌာနနဲ့ မဆိုင်ပါဘူး။ ပုံမှန်လစဉ်သွင်းရတာပါ။
သဘောင်္တစ်စီးဟာ ကြံခင်း - မန္တလေး ခရီးအတွက် ဘိလပ်မြေဖြစ်ဖြစ် တခြား ကုန်စည်ပဲဖြစ်ဖြစ် တန် ၃၀၀ ကျော်လောက်ရပြီဆို ရင် နဝလီခ (ကုန်တင်ခ) သုံးသိန်းကနေ လေးသိန်းဝန်းကျင်ရပါတယ်၊ အတိအကျမမှတ်မိတော့ပေမဲ့ အဲဒီဝန်းကျင်ပါပဲ။ ကုန် အ ရှာကောင်းတဲ့သင်္ဘောဆိုရင် တစ်လကို နှစ်ခေါက်
လောက်ရတတ်ပါတယ်။ တစ်ခါတလေလည်း နှစ်လကို သုံးခေါက်ပေါ့။ ပျမ်းမျှ တစ်လ တစ်ခေါက်ခွဲနှုန်းဆိုရင် နဝလီခဝင်ငွေ ငါးသိန်းကျော် ခြောက်သိန်းလောက်ရပါတယ်။ ဒီတော့ ဌာနကိုသွင်းရတဲ့ ငွေက တစ်သိန်းခွဲပဲဆိုပါစို့၊ အေးဂျင့်အတွက် ဆီဘိုးမနုတ်ခင် ၄ သိန်းကျော်ကျော်လောက်ကျန်ပါတယ်။
ဆီဘိုးနုတ်စရာမလိုဘူးဆိုရင် အံ့သြသွားမလားမသိဘူး။ ဟုတ်ကဲ့ အဲဒီသင်္ဘောတွေ တစ်ခေါက်တက်တိုင်း ချောက်မှာ ဆီဝင် ဖြည့်ပါတယ်။ ကျွန်တော်အမှတ်မမှားဘူးဆိုရင် ဂါလံ ၁၀၀ ကျော်ကျော် (နှစ်ပီပါ) ထုတ်ပေးတယ်ထင်ပါတယ်။ အဲဒီအတွက် ဆီ ဘိုးကို အေးဂျင့်က မပေးရပါဘူး။ အစိုးရကပေးတာပါ။ ဒီတော့ သင်္ဘောတစ်လကို တစ်ခေါက်ထွက်တယ်ပဲထား အဲဒီအေးဂျင့်ဟာ ပြည်တွင်းရေကြောင်းက သင်္ဘောငှားခ တစ်ရက် ၃၅၀၀ ကျပ်နှုန်းနဲ့ တစ်လ ၁၀၅၀၀၀ (တစ်သိန်းငါးထောင်) သွင်းပြီး စွမ်းအင်ဝန် ကြီးဌာနက ဒီဇယ်ဆီဂါလံ ၁၀၀ ကျော်အခမဲ့ရတယ် ဆိုတော့ ဘဲစားဘဲချေပါပဲ။
နိုင်ငံတော်က နိုင်ငံပိုင် သင်္ဘောတစ်စီးကို အေးဂျင့်လက်ထဲ အလကားထည့်ပေးထား တာနဲ့ အတူတူပါပဲ။ အဲဒီအချိန်က ဒီဇယ်ဂါ လံ ၁၀၀ ကျော်ဟာ တစ်သိန်းကျော်ပါတယ်။ ဒီတော့ နိုင်ငံတော်အနေနဲ့ ဘာမှမရဘဲ အလကားပေးထားရတဲ့အပြင် သင်္ဘောပြု ပြင်ထိန်းသိမ်းစရိတ်ပါ ထပ်ပြီး ဆုံးရှုံးပါသေးတယ်။ ဒီနိုင်ငံမှ မမွဲရင် ဘယ်နိုင်ငံမွဲလိမ့်မလဲလို့ တွေးမိပါတယ်။
အဲဒီကာလက တန် ၂၅၀ နဲ့ ၃၀၀ ကြားရှိတဲ့ ပုဂ္ဂလိက သစ်သားခွံမော်တော် တစ်စင်း တန်ဖိုးက သိန်း ၅၀ ဝန်းကျင်ဖြစ်ပြီး ဆယ် ဘီးကားတစ်စီးတန်ဖိုးနဲ့ အတူတူပဲဖြစ် ပါတယ်။ ပတ်ဘလစ်ကာ ကားတစ်စီးကို ၅ သိန်းပေးရပြီး Mark II တစ်စီးကို သိန်း ၂၀ ဝန်းကျင်လောက်ရှိပါတယ်။
အဲဒီလို သပိတ်ဝင်အိတ်ဝင်ရတာတောင်မှ သင်္ဘောတွေက မကျေနပ်သေးပါဘူး။ ပုဂ္ဂလိ က မော်တော်ဖြစ်ဖြစ် အစိုးရသင်္ဘောကို ငှားပြီး နဝလီတင်စားတဲ့ အေးဂျင့်ဖြစ်ဖြစ် သင်္ဘောနဲပအတူပါလာတဲ့ဝန်ထမ်း၊ ကုန်ပစ္စည်းသယ်ပို့ အေးဂျင့်တို့က ဘိလပ်မြေ မခိုး ဘူးဆိုရင် မကြည်ဖြူပါဘူး။ တစ်လမ်းလုံးနည်းအမျိုးမျိုးနဲ့ ပညာပြတာပါ။
ကျွန်တော်လည်း အလုပ်ဝင်လုပ်ခါစက သုံးလေးလလောက် တောင့်ခံ ထားနိုင်ပါ တယ်။ နောက်ပိုင်း သူတို့ဖြစ်စေချင်တဲ့အတိုင်း မဖြစ်ရင် လမ်းမှာညအိပ်ရပ်နားတဲ့အခါ သင်္ဘောကို မြို့မှာမကပ်ဘဲ ချောင်းဝတွေမှာ ထိုးထည့်ထားလေ့ရှိပါတယ်။
အဲဒီလိုညမျိုး တွေဆို ဖြုတ်ကိုက်တာနဲ့ တစ်ညလုံးအိပ်ရေးပျက်တော့တာပါပဲ။ တမင် ပညာပေးတာပါ။ ထမင်းကိုလည်း သင်္ဘောပေါ်မှာ ဖြစ် သလိုကျွေးပါတယ်။ ဝယ်စားလို့ မရအောင် ရွာတွေ၊ မြို့တွေရောက်ရင် ကမ်းမကပ်ပါဘူး။ မလွှဲမကင်းသာ ကမ်းကပ်ကြ လို့ တစ် ဘက်မော်တော်၊ သင်္ဘောပေါ်က “ဟေး….ကိုသာဒင် အခြေအနေကောင်း လား” လို့ လှမ်းမေးရင် ကျွန်တော်တို့မော်တော်ပေါ်က ပိုင်ရှင်က “မကောင်းပါ ဘူးကွာ၊ မော်တော်ပေါ်မှာ ဘုရားဖြစ်မယ့် အုတ်နီခဲတစ်လုံးပါလာလို့ဟေ့…” လို့ ငေါ့ပြီးပြောပါတယ်။
နောင်ပိုင်း သဘောင်္က လူငယ်လေး တချို့ကပြောပါတယ်။ “ဆရာ … ဆရာ မဟုတ်တာ မလုပ်ချင်ဘူးဆိုတာ ကျွန်တော်တို့ သိပါ တယ်။ ဆရာမလုပ်ပေမဲ့ သူတို့လုပ် ကြတာ ဆရာမသိဘူး။ ဒီတော့ ဆရာဝေစုမရဘူးပေါ့။ တကယ်လို့ ပြဿနာဖြစ်လာရင် ဆရာ ရှင်းရမှာလေ။” လို့ ပြောပါတယ်။
“သူတို့က ဘယ်လိုလုပ်ကြတာလဲဟ၊ ငါ့ပြောပြပါဦး” လို့ မေးလိုက်တော့ ကျွန်တော်ပြန် မပြော ပါဘူးဆိုမှ ကောင်လေးတွေက ပြောပြကြတယ်။ “ဆရာက ငါဘာမှမလုပ် ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေတာ၊ သူတို့က ဆရာ့ကို ထမင်းကျွေးတဲ့ အခါတို့ ကော်ဖီဖျော်တိုက်တဲ့အခါတို့မှာ အိပ်ဆေးတွေထည့်တိုက်တာ ဆရာမှ မသိဘဲ၊ ဒီလောက်ဆို ကျွန်တော်ပြောတာ ဆရာ သဘောပေါက်မှာပါ” တဲ့။
ဘုရား…ဘုရား ဆေးတွေလက်လွန်သွားမှဖြင့် ဂန့်ရချည်ရဲ့လို့ ကျွန်တော်တွေးမိပြီး ကျက်သီးထလိုက် တာ။ ကောင်လေးတွေက အကြံပေးပါတယ်၊ ဒီအလုပ်ဆက် လုပ်မယ်ဆိုရင် သူတို့နဲ့ပူးပေါင်းပြီး ကိုယ့်ဝေစုကိုယ်ယူလိုက်၊ ဒီလိုမှ မလုပ်ချင်ဘူးဆိုရင် ကျွန်တော် ဒီအလုပ်က ထွက်လိုက်ပါတဲ့။
ဒီလိုနဲ့ မောင်ရဲတစ်ယောက် ဘိလပ်မြေနဲ့ ငြိမ်းချမ်းရေးလဲလှယ်လိုက်ရပါတော့တယ်။ သူတို့ခိုးတာကို သဘောတူလိုက်ရတော့ ကိုယ်လည်း သူခိုးပဲပေါ့ ခင်ဗျာ။ ကျွန်တော် ခိုးဖူးပါတယ်၊ ဒါပေမဲ့ မခိုးချင်ဘဲ ခိုးရတာပါ။ ဒါ အပြစ်ပေါ့အောင်ပြောနေတာ မဟုတ် ပါ။ ဘယ်လိုမှ ဒဏ်မခံနိုင်တော့တဲ့ အဆုံး အရှုံးပေးလိုက်ရတာပါ။
ဆရာဦးအောင်သင်းပြောသလို “ငါမြက်စားနေရတာပါလား” ဆိုတဲ့အသိနဲ့ စားတာပါ။ ဧရာဝတီမြစ်ထဲမှာ နေ့စဉ်သွားလာနေတဲ့ အဲဒီလိုသင်္ဘောတွေထဲမှာ မခိုးတဲ့သင်္ဘော ဆိုလို့ တစ်ရာမှာ ၅ စီးလောက်တောင် အနိုင်နိုင်ရယ်ပါ။ အဲဒီလို မခိုးတဲ့သင်္ဘောနဲ့လည်း တစ်ခေါက်လိုက်ဖူးပါတယ်။ အင်မတန် စိတ်ချမ်းသာစရာ ကောင်းပါတယ်။
ခိုးပုံခိုးနည်းလေးပြောပါ့မယ်။ ကိုယ်က ဘာမှလုပ်စရာမလိုပါ။ သူတို့ သင်္ဘောတွေက အချိတ်အဆက်လုပ်ပြီးသားပါ။ သတ်မှတ် နေရာရောက်ရင် ပဲ့ထောင်လေးတွေနဲ့ ကလောင်သမားတွေ ရောက်လာပါတယ်။ ကလောင်ဆိုတာ ဆန်တွေဘာတွေ ထိုးစစ်တဲ့ ရှည်မျောမျော ခပ်ချွန်ချွန် သံကန်တော့လေးပါ။ အဲဒီအဖွဲ့က လူငယ်လေး
တွေက သင်္ဘောဝမ်းထဲမှာပါတဲ့ ဘိလပ်မြေအိတ်တွေက နေ တစ်အိတ်ကို နို့ဆီဘူး သုံးလေးလုံးစာလောက် ကလောင်နဲ့ ထိုးပြီး အပြင်ကိုထုတ်ပါတယ်။ အဲဒီလို တစ်အိတ် ကို နည်းနည်း ချင်းစုလိုက်တာ နေ့တစ်ဝက်၊ တစ်ခါတလေ တစ်နေကုန်လောက်ဆိုရင် ဘိလပ်မြေအိတ်အပို ၅၀၊ ၁၀၀ လောက် ထွက်လာတော့ တာပါပဲ။ အိတ်ကို ကလောင် ထိုးတဲ့ကောင်လေးတွေကတော့ တစ်နေကုန်ဝမ်းခေါင်းထဲမှာနေရတော့ ကျန်းမာရေး လည်း ထိခိုက် နိုင်ပါတယ်။
ဒီလိုနဲ့ ကျွန်တော်လည်း ခရီးစဉ်တစ်ခုမှာ ပြဿနာဖြစ်ပြီး အလုပ်ကထွက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ပစ္စည်းတွေတင်လာတဲ့ မော် တော်ပိုင် ရှင် လောဘကြီးလို့ဖြစ် တာပါ။ အေးဂျင့်ရယ်၊ ပါလာတဲ့ တာဝန်ခံ ဝန်ထမ်းရယ်၊ မော်တ်ာပိုင်ရှင်ရယ် သုံးယောက်ပေါင်း သဘောတူထားတဲ့ အိတ်အရေအတွက်ထက် လောဘ တက်ပြီး နောက်ထပ် အိတ် ၁၀၀ လောက်ထွက်အောင် မော်တော်ပိုင်ရှင် က ကျွန်တော်တို့ နှစ်ယောက်ကို အိပ်ဆေးခတ်ပြီး ထုတ်ယူထားပါတယ်။ ကိုယ်တွေကတော့ မသိဘူးပေါ့။
သက်ဆိုင်ရာ စီမံကိန်းနယ်မြေလည်းရောက်ရော ပါလာတဲ့ဘိလပ်မြေအိတ်တွေ ကပျော့ပြဲ
နေလို့ (တချို့အိတ်တွေဆို ခါးပါကျိုးနေ ပါပြီ) စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာက လက်မခံပါဘူး။ စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာတွေ ဟာ တော်တန် ရုံလောက်ကို နား လည်ပေးပါတယ်။ အခုတော့ တစ်အိတ်ဆွဲထုတ်လိုက် ပျော့အိပျင်းတွဲ ဒါလီရဲ့ နာရီတွေဖြစ်နေတော့ သူလည်း လက်မခံနိုင်တော့ ပါဘူး။ အဲဒီမှာ ကျွန်တော်တို့ လုပ်ငန်းရှင်နဲ့ ရှင်းကြရပြီး ကျွန်တော်လည်း အလုပ်ထွက်လာရပါတယ်။
ကျွန်တော်တို့နိုင်ငံက ထုတ်တဲ့ ဘိလပ်မြေအိတ်တွေက ထိပ်ကိုအသေပိတ်ချုပ်ထားတာ မဟုတ်ဘဲ ထောင့်စွန်းမှာ လျှာကလေး ခေါက်ပြီးပိတ်ထားတဲ့ အပေါက်ကလေးပါ ပါတယ်။ အဲဒီလိုအပေါက်ကလေးပါနေတာကိုကလည်း အခုလို ခိုးထုတ်ဖို့ လမ်းကြောင်း ပေါ်စေတဲ့အကြောင်းထဲမှာ ပါပါတယ်။ ထိုင်းကလာတဲ့ ဘိလပ်မြေအိတ်တွေက အသေချုပ်ထားတာပါ၊ အပေါက်မပါပါဘူး။ ထား ပါတော့။ ပြောချင်တာက ဝန်ကြီးဌာနတွေက သင်္ဘောငှားစားပြီး နိုင်ငံတော်က တစ်ပြားမှ မရသလိုဖြစ်တဲ့ ကိစ္စပါ။
နိုင်ငံတကာမှာတော့ ဒီလုပ်ငန်းတွေဟာ ပုဂ္ဂလိက လုပ်ငန်းတွေသာ ဖြစ်ပါတယ်။ အစိုးရက အခွန်ကောက်စားတာပဲများပါတယ်။ အခြေအနေ အကြောင်းအမျိုး မျိုးကြောင့် နိုင်ငံတော်က ဆက်လုပ်မယ်ဆိုရင်လည်း အခုလို အရှုံးသက်သက် နဲ့ လေလွင့်တာမျိုး တွေ မဖြစ်သင့်တော့ပါဘူး။ ဘိပ်မြေထုတ်လုပ်တဲ့စက်၊ အိတ်သွပ်တဲ့စက်တွေကိုလည်း ခေတ်မီစက်ကြီးတွေနဲ့ အစားထိုးပြီး ပြုပြင် ပြောင်း လဲသင့်ပါပြီ။ ဒါက ကျွန်တော်တွေ့ကြုံဖူးတဲ့ အတွေ့အကြုံ သေးသေးလေးသာ ရှိပါသေးတယ်။ တခြား သပိတ်ဝင် အိတ်ဝင် ဌာနတွေဆို ဘယ်လိုနေမလဲ။
စစ်သားဘဝက တောထဲတောင်ထဲမှာ အကောင်ပလောင်တွေ၊ ဟင်းသီး ဟင်းရွက်တွေ ခိုးစားဖူးသလို အပြင်လောကမှာလည်း အခုလို သူခိုးအတွေ့အကြုံတွေ ကြုံခဲ့ဖူးပါတယ်။ ခိုးတာ မကောင်းမှန်း လူတိုင်းသိပါတယ်။ မြန်မာစကားမှာ ဆန်ခိုးမမိ ဖွဲခိုးမိလို့ တောင် ဆိုရိုးစကား အရှိသားကလား။ ရာဇဝင်မှာတော့ သူခိုးကြီးငတက်ပြားဟာ ဘုရင့် ဘဏ္ဍာတွေခိုးပြီး ဆင်းရဲသားတွေကို ပေး သတဲ့။ ဟုတ်မဟုတ်မသိပေမဲ့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကာတွန်းထဲ ငတက်ပြားအကြောင်း ဖတ်ရရင် တကယ့်သူရဲ
ကောင်းကြီး လို့ပဲ ထင်တာပါ။
ကြံခင်းမှာ ဘိလပ်မြေတင်နေတုန်း အလုပ်သမားတချို့ကလည်း ဘိလပ်မြေအမှုန်တွေ ရသလောက် ခိုးတတ်ပါတယ်။ တစ်နေ့ တော့ သူတို့ဘယ်လိုခိုးသလဲ သိချင်တာနဲ့ အလုပ်သမားခေါင်းဆောင် လှိုင်မင်း (အမည်လွှဲ) ကို မေးကြည့်ပါတယ်။ လှိုင်မင်းက ကျွန်တော်မဖမ်းဘူးလို့ အာမခံမှ ပြပေးမယ်လို့ ဆိုပါတယ်။ ကျွန်တော်ကလည်း မဖမ်းကြောင်း အာမခံလိုက်ပါတယ်။ သူက “သေချာတယ်နော်ဆရာ၊ ဆရာကျွန်တော့်ကို ကတိပေးပြီးမှ ဒီကောင်တွေကို ဖမ်းလိုက်ရင် ဆရာပြန်သွားတာနဲ့ ကျွန်တော်နာ မှာ” လို့ ပြောပါတယ်။ ကျွန်တော်ကလည်း လုံးဝမဖမ်းဘူးဆိုတဲ့အကြောင်းထပ်ပြီး ကတိပေးလိုက်ပါတယ်။
သင်္ဘောနဲ့ ကမ်းခြေကို ဆက်ထားတဲ့ ကုန်းဘောင်ပြားက ညွတ်ပဲ့ ညွတ်ပဲ့နဲ့ အိနေပါ တယ်။ အဲဒီ ကုန်းဘောင်ပြားပေါ်မှာ အလုပ် သမားတွေ ဘိလပ်မြေအိတ် ကိုယ်စီ ထမ်းပြီး သယ်နေကြပါတယ်။ တချို့ကတော့ ရိုးရိုးသားသားပါပဲ။ ဒါပေမဲ့ တစ်ဝက်
လောက် နီး ပါးက ဘိလပ်မြေအမှုန်တွေကို သူတို့ထမ်းလာတဲ့ အိတ်တွေကနေတဆင့် သူတို့ ခန္ဓာကိုယ်မှာ ကပ်ချုပ်ထားတဲ့ အင်းကျီ၊ ဘောင်းဘီ အိပ်တွေထဲကို ရသလောက် နည်းနည်း နည်းနည်းစီ ကဲ့ယူတာပါ။ ပမာဏ အများကြီးတော့ မဟုတ်ဘူးပေါ့။ မတော် တဆများ ကုန်းဘောင်ပေါ်ကချော်ပြီး ရေထဲပြုတ်ကျလိုက်လို့ကတော့ ခန္ဓာကိုယ်မှာ ကပ်ချုပ်ထားတဲ့ အိပ်ထဲက ဘိလပ်မြေနဲ့ ရေ နဲ့… ။ သူတို့ကိုကြည့်နေရင်း တိုက်နဲ့နေ ချင်လို့ သင်္ဘောတွေမှာ ဘိလပ်မြေတက်ကြုံးရင်း စုစုထားတဲ့ ကောင်လေးတစ်ယောက် တစ်ရက်သား သင်္ဘောကအထွက် သူကလည်း ကြောက် ကြောက်နဲ့ ကမ်းပေါ်ကို ခုန်အချ ခါးပုံစထဲ သူကြုံးထားတဲ့ ဘိလပ်မြေ လေးတွေနဲ့တူ မြစ်ထဲကိုမျောပါသွားတဲ့ ကလေးလေး တစ် ယောက်အကြောင်း ဆရာနေဝင်းမြင့် ဝတ္ထုတိုတစ်ပုဒ်မှာ ဖတ်ဖူးတာ လေး သတိရနေမိတယ်။
ကျွန်တော်လည်း ကတိအတိုင်းပဲ မဖမ်းပါဘူး။ ပြီးတော့မှ လှိုင်မင်းကို “လှိုင်မင်း… ဒီ အလုပ်သမားတွေအားလုံးကို ငါပိုက်ဆံပေး မယ်ကွာ၊ ငါတို့တင်လာတဲ့ ဘိလပ်မြေကို တစ်မှုန်မှ မယူနဲ့၊ ဒါဆိုရင် အလုပ်သမားတစ်ယောက်ကို ဘယ်လောက်နှုန်းနဲ့ ပေးရင် မခိုးဘဲ နေနိုင်မလဲ” လို့ ကျွန်တော်မေးလိုက်ပါတယ်။
လှိုင်မင်းက ခဏစဉ်းစားပြီး “အင်း………… ဆန်နှစ်ပြည်ဖိုးလောက်ဆို ရပါပြီ ဆရာ” လို့ ပြန်ပြောပါတယ်။ “ဘာဖြစ်လို့ ဆန်နှစ် ပြည်ဖိုးလို့ ပြောရတာလဲ လှိုင်မင်း” လို့မေး လိုက်တော့ “အဲဒီအလုပ်သမား အများစုက အိမ်ထောင်သည်တွေဆရာ၊ တစ်အိမ်
ထောင်ကို ကလေး လေးငါးယောက်လောက် ရှိကြတယ်။ ဒီတော့ အများစုကတော့ တစ်ပြည်လောက်ချက်ရတယ်။ တချို့ကောင် တွေရဲ့ အိမ်ဆို ညမနက်ကို တစ်ပြည်ခွဲလောက် ချက်ရတယ်။ ကျန်တဲ့ ခြောက်လုံးစာက ဟင်းဖိုးပေါ့ ဆရာ” လို့ ပြန်ဖြေပါတယ်။
လှိုင်မင်းဆီက အဲဒီစကားသံကြားရတော့ ကျွန်တော့်ရင်ထဲ ကျဉ်ခနဲဖြစ်သွားတယ်။ သူ ညာပြောနေတယ်ဆိုဦးတော့ ကျွန်တော် သိပ်မခံစားနိုင်ပါဘူး။ လူတစ်ယောက် အသက် ရှင်သန်နေတာဟာ ဆန်နှစ်ပြည်စာလောက် ရှာဖို့သက်သက် လား။ နေညိုရင် ထွေး ညိုလေးကစ်၊ အလုပ်သမားခရော ခိုးလို့ရတဲ့ပိုက်ဆံလေးရော ခါးကြားထဲ ကျစ်ကျစ် ပါအောင်လိပ်ပြီး အိမ်သူမျှော်နေမယ့် လမ်းကို ဒယီးဒယိုင်ခြေလှမ်းတွေ နဲ့ လေးတိလေး ကန်ပြန်သွားတဲ့သူတို့ကိုကြည့်ပြီး သူခိုးလို့ ကျွန်တော့်ပါးစပ်က မထွက်ရက်ဘူး။
သူတို့ကို သူခိုးလို့ ခေါ်မယ်ဆိုရင်တောင် သူတို့မှာ မြေကွက်တွေအများကြီး မရှိပါဘူး။ သူတို့ ထွေးညိုထက်ပိုကောင်းတဲ့ယမကာ မသောက်နိုင်ပါဘူး။ သူတို့ ဥရောပ အစား အစာဆိုတာ ဘာလဲလို့ မသိပါဘူး။ သေစာ ရှင်စာ ဖတ်တတ်ပြီး ရပ်ကွက် လက်သည် နဲ့ မွေးရတဲ့ကလေးအတွက် မီးဖွားခ အကြွေး မကြေသေးပါဘူး။ “ဒီနေ့ ကျောင်းမတက်နဲ့ ငါ့သား အမေနေသိပ်မကောင်းဘူး၊ နင့် အဖေလည်း ညကျမှ ပြန်ရောက်မယ်၊ အမေ့ ကိုယ်စား သားဈေးရောင်းထွက်လိုက်နော်” ဆိုတဲ့ အသံကိုကြားတာနဲ့ ဟေး ဆိုပြီး ကျောင်းလွယ်အိတ်ကို ဘုန်းခနဲပစ်ချ၊ ဈေးတောင်းခေါင်းပေါ်ရွက် ထွက်သွား တဲ့ ကောင်လေးတစ်ယောက်မှာ လင်းလက်တောက် ပတဲ့အနာဂတ်တစ်ခု မရှိပါဘူး။
ဒါတွေကို ကံကြောင့်လို့ ပုံမချချင်သလို ဘုရားသခင်ကြောင့်လို့လည်း ယိုးမယ် မဖွဲ့ ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွေးထဲမှာဝင်နေတာက သူတို့အားလုံး ငါတို့နိုင်ငံ သားတွေ ဆိုတဲ့ အတွေးပါပဲ။
ကံကြောင့်ဖြစ်ဖြစ် ဘုရားသခင်ကြောင့်ပဲဖြစ်ဖြစ် တစ်နေ့ကို ဆန်နှစ်ပြည်စာရှာဖို့ လူဖြစ်လာရတဲ့သူတွေ ကျွန်တော်တို့တိုင်းပြည် မှာ မရှိစေချင်ပါဘူး။ ကျွန်တော်ကတော့ မိသားစုတိုင်းကို စိတ်လက်ချမ်းသာ လိပ်ပြာသန့်စွာနဲ့ နေညိုရင် ဆည်းဆာအလှကို ထိုင် ကြည့်နေစေချင်တာပါပဲ။
ဒီဆောင်းပါးရေးရတဲ့ရည်ရွယ်ချက်က လူဆိုတာ ပါပသမိံရမတိမနော စိတ်ဟာ မကောင်း မှုမှာ မွေ့လျော်တတ်တယ်ဆိုတာရယ် တိုင်းသူပြည်သားတွေ ဆင်းရဲတွင်း နက်ပြီး စာရိတ္တတွေပျက်စီးနေရတာ နိုင်ငံကိုအုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေနဲ့ ဆက်စပ်မှု ရှိ တယ်တိုတာ သတိပြုမိစေချင် လို့ပါ။ တောထဲ တောင်ထဲ မှာရော အေးဂျင့်လုပ်တုန်းကရော ခိုးမှုနဲ့ပတ်သက်ပြီး မကင်းခဲ့ပေမဲ့ သိန်း ရာနဲ့ချီပြီး သုံးရတဲ့ INGO ရောက်တဲ့အချိန်မှာ ကျွန်တော့်ကိုယ်ကျိုးအတွက် အလွဲသုံးစာမလုပ်ခဲ့ဘဲ ကင်းအောင်ရှောင်နိုင်ခဲ့ပါ တယ်။ ဒါလည်း အစွဲမာန တစ်ခုကြောင့်ပါ။
ကျွန်တော်အလွဲသုံးစားမှု တစ်ခုခုလုပ်လိုက်ရင် ရဲကျော်သူရလို့ ပြောမှာထက် ဒီဗမာ ကောင်တွေခန့်လိုက်မှတော့ ဒီလိုပဲဖြစ်မှာပေါ့ဆိုတဲ့ အသံတွေကို မကြားချင်လို့ပါ။
လူတိုင်း သံသရာရထားကြီးစီးပြီး ခရီးသွားနေကြရတာပါ။ ကုသိုလ်ကံအကျိုးပေးအရ အမြန်ရထားရဲ့ အထူးတန်းနဲ့ လိုက်ပါခွင့် ရသလို လော်ကယ်ရထားကို တိုးဝှေ့စီး တာတောင်မှ အိမ်သာဘေးမှာတောင်နေရာမရတဲ့ ခရီးသည်မျိုးလည်း ရှိပါတယ်။ ဘာပဲ ဖြစ်ဖြစ် အချိန်တန်လို့ ဘူတာရောက်ရင် မဆင်းချင်လည်း ဆင်းရတာပါပဲ။ ဒီကြားထဲမှာ ကိလေသာ ၁၁ မီးတောက်လောင်ပြီး အမှားတွေ ကျူးလွန်တတ်ပါတယ်။ အမှားမှန်းသိရင် ပြင်လို့ရပါတယ်။ အခုအချိန်မှာ ကျွန်တော့်ဆရာသမား ဗိုလ်ကြီးအေးမင်း ကျေးဇူးကြောင့် ကျွန်တော် ကံငါးပါးကို လုံအောင်ထိန်းနေပါပြီ။ ဘူတာက နီးလာပြီ မဟုတ်လား။
နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ဝင်များရဲ့ ကိုယ်ကျင့်သိက္ခာတည်ကြည် မှုပေါ်မူတည်ပြီး တိုင်းသူပြည်သားရဲ့ ယုံကြည် ကိုးစားမှုကိုရမှာပါ။
အဲဒီအတွက် ခေါင်းဆောင်တွေက စံပြဖြစ်နေဖို့လိုပါတယ်။ အတိတ်ကို ကျွန်တော်တို့ မတူးဆွပါနဲ့တော့။ ပစ္စုပ္ပန်မှာကောင်းအောင်လုပ်ရင် ကောင်းတာကို လက်ခံရမှာပဲ။ ဘယ်လိုကောင်းအောင်လုပ်သလဲဆိုတာတော့ ဒီမိုကရေစီ နိုင်ငံ ဖြစ်တဲ့အလျောက် ဒီမိုကရေစီ စံနှုန်းတွေဖြစ်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု (Responsibility and Accountability) နဲ့ ဆုံးဖြတ်သွား မှာပဲ ဖြစ်ပါတယ်။
မှားမှန်းသိလို့ စပြင်တဲ့နေ့ဟာ အမှန်လမ်းပေါ်ရောက်တဲ့နေ့ပဲ မဟုတ်ပါလား…….။ ။

ရဲကျော်သူရ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...