Monday, June 30, 2014

သူပုန်မ,တဲ့...

ငယ်ကထဲက..အိုးပုတ်ကိုမကိုင်...
သေနတ်ကိုင်ပြီး..စစ်တိုက်တမ်းကစားခဲ့တယ်.....
ရုပ်ရှင်ကြည့်တဲ့အခါ....
စစ်တိုက်တဲ့ကားကိုနှစ်ခြိုက်...
အလွမ်းကားဆို..မပြီးခင်အပြင်ထွက်ဖို့
အော်တတ်ခဲ့...
သူပုန်မ,တဲ့.....

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၆)

သစ်ထူးလွင်


ပြောမဆုံးသောရိုမန်းဘော့ထ်

June 27, 2014 at 12:30am

အခုမှ ဖတ်ရလို့ အခုမှ မှတ်ချက်ပေးလိုက်ပါတယ် အောင်ရင်ငြိမ်းရေ။
အောင်ရင်ငြိမ်းနဲ့ သိကျွမ်းပါတယ်။ သူ့အပေါ် ကာကွယ်စရာရော တိုက်ခိုက်စရာပါ မရှိပါ။ အားထုတ်မှုနဲ့ သတ္တိကို ကြိုဆိုပါတယ်။  ထိရောက်သော အားထုတ်မှုဖြစ်ရင် ပိုကောင်းပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၆)

သစ်ထူးလွင်


Saturday, June 28, 2014

ရိုမန်းဘော့ထ်ဖတ်အပြီး နောက်ဆက်တွဲ အတွေးများ



       "ဒီစာအုပ် ဖတ်သွားပြီးတော့ erotica လို့တော့ မထင်တော့ဘူး။ ကာမရာဂ စိတ် ဆွမှ ဆွမပေးနိုင်ပဲကိုး။ ဒါပေမဲ့ ကျွန်တော် ဖတ်နေတာ ဝတ္ထုတစ်ပုဒ်လား၊ ဒါမှမဟုတ် အဆိုအမိန့်တွေ၊ အတုံးလိုက် အတစ်လိုက် စုထည့်ထားတဲ့ အဆိုအမိန့်ပေါင်းချုပ်လားလို့ သံသယ ဖြစ်သွားတယ်။ 

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၆)

သစ်ထူးလွင်


Friday, June 27, 2014

“ရိုမန်ဖွတ်တို့ရဲ့ ၄၃၆ ကမ္ဘာ”

၂၀၁၄ ခုနှစ်ထုတ် “ရိုမန်းဘော့ထ်တို့ရဲ့ကမ္ဘာ” အပြာစာအုပ်ကတော့ ပတ်စာခွါ၊ ဖျာလိပ်သွားပါပြီ။ စာအုပ်ရေးသူရော ထုတ်လုပ်ဖြန့်ချိသူတွေပါ ပြည်ထဲရေးဌာနက ခြေရာခံ လိုက်နေကြပြီ...ဆိုပါတယ်။
အသက် (၁၈) နှစ်အောက် လူငယ်လူရွယ်တွေကို လမ်းမှားရောက်စေနိုင်တာရယ်၊ (၁၈) နှစ်အထက် လူကြီးတွေအတွက် ဒီစာအုပ်ဟာ အကြောင်းပြချက် တစ်ခု ဖြစ်လာနိုင်တာရယ်... နဲ့ အထူးသဖြင့် အပြာဝါသနာရှင်အတော်များများ ပီဒီအက်ဖ်ဖိုင်အသီးသီး ဒေါင်းလုတ်ဆွဲပြီးကုန်တာရယ်... ကို ထောက်ဆကြည့်တော့ ပြည်ထဲရေးက ဒီစာအုပ်ကို ပိတ်ဖို့၊ သိမ်းဖို့၊ ထိန်းဖို့ လုပ်တာဟာ သင့်တင့်မျှတတဲ့ ကိစ္စလို့ ယူဆရမှာ ဖြစ်ပါတယ်...။

ဂျပန်ကူမှ နလန်ထူရ ပုဂံမြေအလှ

Ma Nandar April 5, 2014 at 9:06am
ပြီးခဲ့တဲ့ (၂)ပါတ်ကျော်ကျော်လောက်တုန်းက ဆိုပါတော့။  အတိအကျပြောရရင်တော့ (၂၀၁၄.မတ်လ.၁၉)နေ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်တဲ့ အဆာဟိ ( ASAHI) သတင်းစာရဲ့  မျက်နှာဖုံးနေရာ အလယ်တည့်တည့်လောက်မှာ မြန်မာနိုင်ငံက ပုဂံဘုရားပုံတော်ကြီးတစ်ခုကို တွေ့လိုက်ရတယ်။
ရင်ထဲ ဒိတ်ကနဲ နေသွားတယ်။ စိတ်ထဲမလည်း ဘုရား ဘုရား ပုဂံဘုရားတွေကို ဘာလုပ်ဦးမလို့ပါလိမ့်၊ ရောင်းစားတော့မှာ လား၊ ပေါင်စားတော့မှာလား၊ လဲစားတော့မှာလား၊ ငှားစားတော့မှာလား၊ ပြစားတော့မှာလား...စသဖြင့် ကိုယ့်လူများအကြောင်း ကိုယ်အသိဆုံးပါ ဆိုသလိုပဲပေါ့။

မြန်မာတို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓအမွေအနှစ် လည်းဖြစ်၊ ရှေးဟောင်းအမွေအနှစ်လည်း ဖြစ်တဲ့ ဒီပုဂံမြေနဲ့ ပုဂံဘုရားတွေကိုဘာများ လုပ်ကြဦးမလို့လဲ၊ ဘာများ ဖြစ်ပြီလဲပေါ့။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၆)

သစ်ထူးလွင်


Thursday, June 26, 2014

ဆြာဒင်၏ ကျပ်နှစ်ထောင်တန်အာချောင်မှု တရားစီရင်ခန်း

၂၇၊၀၅၊၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။

http://7daydaily.com/story/11723#.U4PaKSior90

ဆြာဒင်၏ကျပ်နှစ်ထောင်တန်အာချောင်မှုတရားစီရင်ခန်း

(မင်းဒင်)

(၁)
"တွေးတွေးပြီးတော့ တဝဲလည်လည်၊ မျှော်လင့်ချက်ရည်ရွယ်ချက်တွေ ကင်းမဲ့ယွင်းခဲ့လေတယ်။ကိုယ်တစ်ယောက်တည်း အတွေးဗိမာန် ကြီး တည်ဆောက်ကာရယ်။ စိတ်ကူးယဉ်သက်သက် မှတ်ချက်တွေရေးကာ ဆိုဖူးခဲ့တဲ့တေးသံဝယ် ရေပြင်ကိုကြည့်ကာကြည်ကာ ကြည်နူးမှုရဲ့အရိပ်ဝယ် နှစ်သက်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ ကမ်းခြေဇေယျာဦးဝယ် မှန်းခြွေမေလာမှူးမယ် လွမ်းနေ၊နေပါဘူးကွယ် ကမ်းခြေဇေယျာဦးဝယ်"

တေးပြုစာဆိုကိုလှမိုး၊တေးသံရှင်ကိုခင်လတ်၏"ကမ်းခြေဇေယျာဦး"အမည်ရှိ ခေတ်ဟောင်းဂန္တဝင်တေးတပုဒ်ကို ဆြာဒင်တေးသီကျူးနေ သည့်အရပ်ဒေသကား စစ်ကိုင်းမြို့အနီးမှ ဧရာဝတီမြစ်ကမ်းပါးတွင်မဟုတ်မူပဲ၊ဖူးခက်မြို့အမ်မခန်အရပ်ရှိ အိမ်အိုကြီးတစ်လုံးတည်ရှိရာ ခြံကျယ်ကြီးတစ်ခု၏ရှေ့မှ ကွန်ကရစ်ရေမြောင်းဘေးတွင် ဖြစ်ချေ၏။နေလုံးနီနီသည် ညနေစောင်းအချိန်မို့အနောက်ဂေါယာကျွန်းဆီ ယွန်းလုလုအချိန်တွင် ဆြာဒင်၏အိမ်ပေါက်တစ်ဒါဇင်ကျော်မျှသော ကြောင်အုပ်၏ဖင်သရမ်းမှုကြောင့် အိမ့်အနောက်တောအုပ်ဆီမှ တိုက်ခတ်လာသည့် လေနုအေးသည် ကြောင်ချေးနံ့ဖြင့် သင်းပျံ့လျက်ရှိလေ၏။

"ဆြာဒင်၊ပေါင်ချိန်ရှိပါသလားရှင်"
ဆြာဒင့်နောက်ကျောဘက်ဆီမှ ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် ဆတ်ကနဲသမင်လည်ပြန်စောင်းငဲ့ကြည့်မိသည့်အခါ တွင် ကား ခပ်နွမ်းနွမ်းအဝတ်အစား၊အသက်အားဖြင့်လေးဆယ်ကျော်ခန့်ရှိမည့် ခပ်ရွယ်ရွယ်အမျိုးသမီးတစ်ဦးကို တွေ့မြင်ရလေ၏။ သူသည် နှပ်ချေးတွဲလောင်းနှင့်သုံးနှစ်အရွယ်ကလေးတစ်ဦးကို ခါးထစ်ခွင်လျက်ရှိ၏။သူ့နံဘေးတွင်မူ ခင်ပွန်းယောက်ျားဖြစ်ဟန်ရှိသည့် ညောင်နာ နာ လူရွယ်တစ်ဦးသည်လည်း နှုတ်နည်းစွာ ငူငူကြီးရပ်လျက်ရှိ၏။အဆိုပါအမျိုးသမီးကြီးကို အကဲခတ်ရသည်မှာ အကြောက် အလန့် ရှိပုံမရပဲ မှန်ရာကို ဟောဟောဒိုင်းလုပ်ရဲကိုင်ရဲဇတ်ဇတ်ကြဲဖြစ်ပုံရ၏။မည်သို့ဆိုစေ သူ့အမေးကို ဆြာဒင်တစ်ယောက်တည်ငြိမ် အေးဆေး စွာပင် ဖြေဆိုသမှုပြုလိုက်ရပေသည်။
"ပေါင်ချိန်ချင်ရင် အိမ်ထဲမှာ ရှိလေရဲ့။ကီလိုပါ ချိန်လို့ရပါတယ်လေ၊အထဲကိုကြွပြီး ချိန်ချင်တာသာ ချိန်ပါလေတော့"

"ဟင်း ဆြာဒင်ပြောင်ချော်ချော်မလုပ်ပါနဲ့၊ကျမတွေ့ချင်တာက တရားသူကြီး မျက်နှာမည်းပေါင်ချိန်ရှင့်၊အမှုဖွင့်ချင်လို့"
ငယ်ထိပ်ကို တည့်တည့်ထုကာမှ စဉ်းငယ်ရိပ်မိခဲ့ရချေပြီ။သည်သူငယ်မကား မတရားမှုသို့တည်းမဟုတ် မကျေနပ်ချက် တစ်စုံတစ်ရာ ရှိ ဟန်တူပေရာ ဆြာဒင်မှာ ဖြစ်ကြောင်းကုန်စင်ကို သိနိုင်ရန်အလို့ငှာ အိမ်တွင်းသိုကြွပါမည့်အကြောင်း ဖိတ်ခေါ်သမှုပြုလိုက်ရလေသည်။
"ဆြာဒင်လိုလူမျိုးနဲ့ နဖူးတွေ့ဒူးတွေ့နေကမင့်ဟာ၊ပေါင်ချိန်ကို ရှာစရာလိုသေးလား မယ်မင်းကြီးမရယ်။ဆြာဒင်ရဲ့ ရုံးတော်ရှေ့က စည်ကြီး ကိုသာတီးလိုက်ပါလေ။အဲ၊အိမ်အတွင်းသို့သာကြွပါလေ။ရွှေဉာဏ်တော်ကလော်တိုင်းထွက်လေသည့် ဆြာဒင်၏မဟာ ဖြုတ်ဦးနှောက် ဖြင့် တရားမျှတမှုကို ဖြစ်စေပါအံ့"

(၂)
ပေါင်ထင်းလျှန်ဟုအမည်ကျော်ကြားလေသည့် ပညာရှိခုံသမာဓိတရားသူကြီးမင်းကား တရားတဘောင်အမှုအခင်းကြီးငယ်တို့တွင်  မှူးကြီးမတ်ရာသေနာပတိမဆိုထားနှင့်၊မင်းဧရာဇ်နှင့် မိဖုရားကိုသာမက ဧကရာဇ်၏မယ်တော်ကိုပင် ညှာတာသက်သာခွင့်မပေး အစဉ် အမြဲတော်တည့်မှန်ကန်စွာ ဆုံးဖြတ်ခဲ့လေသည့်  စိနရာဇဝင်ထဲမှ ပုဂ္ဂိုလ်ကျော် တစ်ဦးဖြစ်ပေတည်း။သူ၏ကြောင်းရာဗျုပ္ပတ်ကို လွန်ခဲ့ သောဆယ်စုနှစ်များဆီက မြဝတီရုပ်မြင်သံကြားဇာတ်လမ်းတွဲများမှတစ်ဆင့် မြန်မာပြည်သူတို့ရင်းနှီးခဲ့ကြချေသည်။ ဤသူ ငယ်မ သည် အသိဉာဏ်နုံနဲ့သည့်အားလျော်စွာ ပေါင်ချိန်တည်းဟူသော တရားသူကြီးသည် ယခုထက်တိုင်သက်ရှိထင်ရှားရှိနေ လေသေးသည် ဟုထင်မြင်နေခြင်း ဖြစ်တန်ရာသည်။

"ကဲ၊မယ်မင်း၊အဘယ်သော အမှုကို အဘယ်အတွက်ကြောင့်ဖွင့်လိုပါသနည်း။ဆြာဒင်နှင့်ဆုံတွေ့ကြပြီဖြစ်၍ ဆြာဒင်သည်ပေါင်ချိန်ထက် သာလွန်ထက်မြက်ရဲဝံ့သူဖြစ်သည့်အားလျော်စွာ မယ်မင်း၏တိုင်ချက်ကို လက်ခံကြားနာပါအံ့"
"ဆြာဒင် မလုပ်ရဲလောက်ဘူးနော်"
ဆြာဒင့်ရှေ့တွင် ပုဆစ်တုပ်လျက်ပျဝပ်ကျိုးနွံစွာရှိနေသည့် တရားလိုသူငယ်မ၏သတိပေးစကားကြောင့် ဆြာဒင့်ရင်မှာ ထိတ်ကနဲဖြစ်သွား သော်ငြား ဟန်ကိုယ်ဖို့ဟူသောဆိုရိုးရှိသည်မဟုတ်တုံလော။
"ဆိုမှာသာဆိုပါလေမယ်မင်း၊ဇမ္ဗူထိပ်မင်းကရာဇ်တို့၏မတရားမှုကိုသော်မှ ဆြာဒင်၏အသက်ကိုစွန့်လျက် မှန်ရာကိုဖြစ်စေပါအံ့၊ အဘယ် အမှုပေနည်း"

"အာချောင်မှုပါဆြာဒင်၊ကျူးလွန်သူက ဒုသမ္မတပါ"
"ဟေ"
ဆြာဒင်မှာဟေတစ်လုံးသာအော်နိုင်လျက် တကိုယ်လုံးကြက်သီးဖျန်းကနဲထသွားပြန်သော်တည့် မရဲသော်လည်းပြေးခဲစေ ဟုပညာရှိတို့ ဆိုလေရာ ယင်းသူငယ်မ၏လျှောက်တင်ချက်ကို ဟန်မပျက်ရှေ့ဆက်နားထောင်ရပြန်၏။
"ကျွန်တော်မတို့လင်မယားယိုးဒယားပြည်ဖူးခက်ကိုရောက်နေတာ ဆယ့်ငါးနှစ်ဝန်းကျင်ရှိပါပြီဆြာဒင်၊စားဝတ်နေရေးချောင်လည်ရုံ ဝင်ငွေ ရရေး အတွက် တစ်နေ့ဆယ့်နှစ်နာရီမျှ ပင်ပန်းဆင်းရဲစွာလုပ်ခဲ့ရသော်ငြား ထိုင်းပုလိပ်တို့နှိပ်စက်သည်ကြောင့် ဝမ်းဝသော်ငြား နေ့စဉ်နှင့် အမျှ ကျီးလန့်စာစား ဖြစ်ရပါသည်။ယခုအခါ ဇာတိရွာတွင်ဒီမိုကရေစီစံနစ်ထွန်းကားပြီးဖြစ်၍ မိခင်တိုင်းပြည်မှာပင် ရရာ အလုပ်ဖြင့် ကျိုးကုပ်အသက်မွေးရန်စီစဉ်ဆဲတခဏ၌ ဒုသမ္မတမင်း၏ တစ်နေ့နှစ်ထောင်ကျပ်ဖြင့် ထမင်းနပ်မှန်သည်ဟူသော အာချောင်စကား ကြောင့် ကျွန်တော်မတို့မှာ ဂယောင်ခြောက်ချား နေရပ်သို့ပြန်နိုင်အင်အားမရှိတော့ပဲ၊ ယိုးဒယားပြည်တွင်သာ ကျွန်သက်ဆက် ရှည်ဖွယ် ရှိပါသဖြင့် လိုအပ်သလို ထိရောက်စွာအရေးယူပေးစေချင်ပါသည်ဆြာဒင်ရှင့်"

(၃)
ဤသူငယ်မကား အပြောအဆိုချက်ချာပေစွ။အမည်နာမကား မရွှေတုတ်ဟုတွင်၏။ မင်းဘေးစိုးဘေးကိုမကြောက်ရွံ့ယောင်တကား၊ ခင်ပွန်းဖြစ်သူဥပဓိရုပ်စုတ်ချာချာငနဲကမူ ယောင်တီးယောင်အနှင့်ကလေးငယ်၏နှပ်ချေးဖတ်တို့ကို အလုပ်မရှိအလုပ်ရှာ ငြင်သာစွာခွာ လျက်ရှိ၏။ဆြာဒင်သည် ဒုသမ္မတဟူသောာ အမည် နာမကိုကြားရကာစပင်လျှင် ဒူးတတဆတ်ဆတ်တုန်လျက်ရှိသည့်ကြားမှ မရဲဘဲ ကျွဲပြဲစီးမိပြီဖြစ်၍ ပေါက်သည့်နဖူးမထူးတော့ပြီမို့ ရှိစုမဲ့ နတ်မောက်ရွှေပင်ဇာတိသွေးကို ဇွန်းခြစ်ခြစ်ကာ မာန်ပါပါဖြင့်အောက်ပါ အတိုင်း မြွက်ဟစကားဆိုလေ၏။
"သူငယ်မ၊ကောင်းလှပေပြီ။ကျွန်သက်ရှည်မည့်အရေးမှာ တွေးထိုက်လှပေသည်။ခုံသမာဓိမင်းတို့မည်သည် ငွေကြေး၊သြဇာအာဏာတို့ကို ထိတ်လန့်တုန်လှုပ်ခြင်းကင်းလျက် မှန်ရာကိုဖြောင့်မတ်စွာ ဆုံးဖြတ်ရာသည်ချည်းဖြစ်၍အဂတိတရားလေးငါးတို့မှ ကင်းစေ ရာ၏။ အဆိုပါအရေး ကိစ္စတွင် ထိုပုဂ္ဂိုလ်သည် မည်သည့်အတွက်ကြောင့် ဤသို့အာချောင်ရကြောင်းဆြာဒင်သိသော်ငြား အများပြည်သူ ထင်သာမြင်သာရှိရန် အလို့ငှာ တပည့်ကျော် လေမင်းသား၊ကပ္ပလီနှင့်ဖေကြည်ခေါ်အာရုံတို့ကို စနည်းနာရန်အလို့ငှာ အချင်းဖြစ်ဇာတိမြေ သို့ ယခုပင်စေလွှတ် ပေအံ့။နောက်လေးဆယ့်ရှစ်နာရီအကြာတွင် တရားလိုသူငယ်မနှင့်တကွ မင်းပရိတ်တို့သည် ဆြာဒင်၏ အိမ်ဂေဟာ တွင် စုရုံးကြကုန်လော့"

ထိုသို့လျှင် ဆြာဒင်သည် အခင်းဖြစ်အမှုတွင်ပြစ်မှုကျူးလွန်သည်ဟုသံသယဖြစ်၊စွပ်စွဲခြင်းခံရသူဒုသမ္မတစံမြန်းရာ နေပြည်တော်သို့ တပည့်ကျော်တို့အား တစ်ဦးလျှင် ထိုင်းဘတ်နှစ်ထောင်၊ဗမာငွေအားဖြင့် ကျပ်ခြောက်သောင်းစီထုတ်ပေးလျက် ဖူးခက်မှသည်ရနောင်း ၊ထိုမှ ရေလမ်းခရီးဖြင့် ကော့သောင်းမြို့သို့ကူးဖြတ်စေလျက် နေပြည်တော် သို့ ကုန်းလမ်းခရီးပြင်းနှင်စေရန် ညွန်ကြားစေလွှတ် လေသည်။

ထို့မှ နှစ်ရက်ကာလပြည့်မြောက်သည့်နေ့တွင် တပည့်ကျော်သုံးဦးဘေးမသီရန်မခပြန်လည်ရောက်ရှိလာကြရာ ဆြာဒင်သည် အိမ်တော်တွင် အသင့်ရောက်ရှိနေကြသည့် တရားလို မရွှေတုတ်နှင့် ဆြာဒင်၏ တရားစီရင်ခန်းသတင်းအစအနကို ကြားသိကြ လေ သည့်အနီးအဝေးမှ ဧည့်ပရိသတ်များ ရှေ့မှောက်တွင် တပည့်ကျော်တို့ စနည်းနာ သိရှိမှတ်သား လာသမျှ အကြောင်းခြင်းရာ အပြည့်အစုံ ကို မခြွင်းမချန်ဖွင့်ဟပြောဆိုစေတော့၏။
ထိုအခါ တရားလိုနှင့်မရွှေတုတ်အပါအဝင် ပရိသတ်အပေါင်းမှာ နားရွက်မျှပင် မခတ်နိုင်ကြပဲ အပ်ကျသံပင်ကြားရအောင်တုတ်တုတ်မျှ မလှုပ်ကြဘဲ ဆြာဒင်၏ပညာဉာဏ်စွမ်းကို ရင်သပ်ရှုမော အံ့ဘနန်းကြီးစွာရှိလှသည့် မျက်နှာပေးကိုယ်စီဖြင့် ငံ့လင့်ကြကုန်၏။

(၄)
တပည့်ကျော်သုံးဦးသားအနက် ကိုယ်တိုင်ကိုယ်ကျကြုံလာရသည့်အဖြစ်သနစ်ကို ဦးစွာဖွင့်ဟသူမှာ ကပ္ပလီငယ်ဖြစ်ချေသည်။
"ဆြာဒင်ခင်ဗျာ၊အဆိုပါဒုသမ္မတကြီးမှာရေတပ်ထွက် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဟုဆိုပါ၏။ကာလပေါက်ဈေးသိန်းငါးရာဝန်းကျင် တန် သည်ဟု ကျနော်မျိုးရမ်းသမ်းခန့်မှန်းသည့်အကောင်းစားကားကြီးဖြင့် ရုံးတက်ပါသည်။ဒုသမ္မတကြီးသည် မာန်မာနရှိဟန်မတူ၊လမ်းဘေး မုန့်ဟင်းခါးဆိုင်တွင် ပြည်သူတို့နှင့်လက်ရည်တပြင်တည်း၊အီကြာကွေးအပါအဝင်အကြော်နှင့်နှစ်ပွဲစားသည်ကိုတွေ့မြင်ခဲ့ရပါသည်။ ရှယ်ပေါ့ဆိမ့်လက်ဖက်ရည် တစ်ခွက်ကိုလည်း သောက်ပါ၏။ အဆိုပါ မုန့်ဟင်းခါးဖိုးနှင့်လက်ဖက်ရည်ဖိုးကျသင့်ငွေမှာ ကျပ်နှစ်ထောင် တိတိဖြစ်ပြီး ထိုဆိုင် တွင်အသင့်ရှိနေသည့် ကြေးရည်တတ် တစ်ဦးက စေတနာအလျောက် ကြားဝင်၍ဒကာခံသည်ကိုတွေ့မြင်ရပါ၏"

ဆြာဒင်၏ရုံးတော်ရှေ့တွင် ၎င်း၏အတွေ့အကြုံကို လွတ်လပ်သောမိမိဆန္ဒအလျောက်ဖွင့်ဆိုသောာဒုတိယပုဂ္ဂိုလ်မှာ ဖေကြည်ခေါ် အာရုံဖြစ်၏။
"ဆြာဒင်၊ဒုသမ္မတကြီးကား နံနက်စာကို အိမ်တွင်စား၍နေ့လည်စာကို ရုံးတွင်သုံးဆောင်ပါ၏။ပါစကဝမ်းမီးတောက်၍ အစာကြေရန် အလို့ငှာ ဝိုင်အနီကို အသားနှင့် လည်းကောင်း၊ဝိုင်အဖြူကို ငါးအစရှိသော ပင်လယ်စာနှင့်လည်းကောင်း ရံဖန်ရံခါသုံးဆောင်ပါ၏။ နိုင်ငံ တစ်ကာအဆင့်မှီ ဝိုင်တစ်လုံး၏တန်ဖိုးမှာ ဗမာငွေဖြင့်တွက်ချက်လျှင် ကျပ်နှစ်သိန်းဝန်းကျင်ဖြစ်ပါ၏။ အဆိုပါစားရိတ်အတွက် ကျခံသည့် ငွေစာရင်း ခေါင်းစဉ်မှာ နိုင်ငံတော်ဧည့်ခံစားရိတ်မှဖြစ်ပါသည်။ဒုသမ္မတကြီးသည် လွန်စွာသနားညှာတာစိတ်ရှိသူဖြစ်ပြီး သမ္မတရုံး ဝန် ထမ်း အသီးသီးအား မောင်တို့ကြိုက်သလိုသုံးပါလေဟူသော မိန့်မှာစကားကိုဆိုရင်း တစ်ဦးလျှင် ကျပ်တစ်ရာတန်တရွက်နှုန်း မကြာခဏ စေတနာဗလဗွဖြင့်စွန့်ကြဲ ပေးကမ်းသည်ဟုလည်းကြားသိရပါ၏"

၎င်းနောက် တတိယမြောက်ပုဂ္ဂိုလ်လေမင်းသားသည် သူ၏အတွေ့အကြုံကို ဆက်လက်တင်ပြဖွင့်ဟပြန်ပါသည်။
"ဆြာခင်ဗျာ၊ခရီးစဉ်၏နောက်ဆုံးညတွင် တပည့်ကြီးသည် ဒုသမ္မတ၏အိမ်တော်တွင်းတိုင် အမှတ်မထင်ရောက်ရှိသွားခဲ့ရာ အိမ်တော်၏ အိပ်ခန်းတွင်းမှ ဒုသမ္မကတော်၏မဲမောင်းပြစ်တင်သံကို နားဖြင့်ဆတ်ဆတ်ကြားခဲ့ရပါသည်။ရှင်မသိတဲ့ကိစ္စကို မသိသလိုနေ၊ တောင်ပြော မြောက် ပြောအာမချောင်နှင့်၊ကြက်သွန်၊ငြုပ်သီးနှင့် အာလူးမကျန်ဈေးတွေတက်နေပြီ။တစ်ကျပ်မှာ  ဘယ်နှစ်ပြား ရှိတယ် ဆိုတာမသိပဲ လူအမြင် ကပ်အောင်မလုပ်နှင့်၊ဘာမှမပြောပဲနေရင် အကောင်းဆုံး၊အခုကိစ္စမှာ ကိုရဲထွဋ်ကယ်လို့ရှင်သက်သာ တယ်မှတ်။ နောက်တစ်ခါ လူရှေ့သွားရင် ကျုပ်ကိုယ်တိုင် ရှင့်ပါးစပ်ကို ပလာစတာကပ်ပေးလိုက်မယ် ဟူ၍ဖြစ်ပါသည်"

တပည့်ကျော်တို့၏ဖွင့်ဟပြောဆိုချက်အသီးသီးဆုံးခန်းတိုင်သည်နှင့် တရားလိုမရွှေတုတ်သည် ဖျတ်ကနဲမတ်တတ်ရပ်တဲ့ကာ ..
"တော်ပြီတော်ပြီ ဆြာဒင်၊ကျွန်တော်မျိုးမနားလည်ပါပြီ။လက်စသတ်တော့ သူ့ခမျာငွေရေးကြေးရေးကို ကလေးသာသာ လောက်ပဲ သိသေးတာကိုး၊ဗွေယူမိရင် ကျမသာအရူးဖြစ်တော့မပေါ့။သူဘာပြောပြော ကျမတို့က လုပ်အားကိုရောင်းတာပဲ၊ အလုပ်ရှင်နဲ့ညှိနှိုင်း ဖို့သာအဓိကပါ။တရားတဘောင်တွေ မဖြစ်ချင်တော့ပါဘူး။သူစိတ်ချမ်းသာမယ်ထင်တာပြောပါစေလေ။သူလည်း အိမ်က ကိုကြွက်နီနဲ့ ဘာထူးလို့တုန်း"

ဤတွင် ကြွရောက်နားထောင်နေကြသည့် ပရိသတ်တို့ထံမှ ကျွက်ကျွက်ညံသောထောက်ခံဆွေးနွေးသံတို့သည် နေရာအနှံ့မှထွက်ပေါ် လာပြန်၏။  
"ဟုတ်တယ်ဟ၊ရွှေတုတ်ရ၊ဇာတ်သမား၊ကလေးနဲ့အရူးတွေပြောရင်မှန်တတ်တယ်။အကောင်းဘက်ကစဉ်းစားရင်သူ့စကားဟာ ဗမာငွေ တန်ဖိုးတက်မဲ့သဘော"
"ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း၊သြဘာနိမိတ်ထွန်းသတဲ့၊မင်္ဂလာလို့မှတ်ကြဟေ့"
"အေးဟ၊ငါတို့ဒုသမ္မတအူမြူးရင် တိုင်းပြည်အေးချမ်းမဲ့သဘောပဲ"
"ဘာမှမသိလို့ပြောမိတာ အပြစ်လို့မဆိုနိုင်ပါဘူး"
"သူ့မိန်းမကြိမ်းထားပြီဆိုတော့နောက်တစ်ခါမပြောရဲလောက်တော့ပါဘူး"

ထိုခဏ၌ ဆြာဒင်၏ပညာဉာဏ်ကိုကောင်းချီးပေးလေဟန်ရှိသည်ထင့်၊ဆြာဒင့်အိမ်မှကြောင်အရွယ်မျိုးစုံသည် တညောင်ညောင်အသံဖြင့် ဆူညံစွာ အာခေါင်ခြစ်အော်ဟစ်မြည်ကြွေးကြရုံမျှမက အိမ်အနောက်တောအုပ်မှ လေပြင်းတစ်ချက်တိုက်လာပြန်ရာ အော်ဂလီဆန်စရာ ကြောင်ချေးနံ့ တသင်းသင်းသည် ဆြာဒင်၏ အိမ်တွင်းသို့ပါ ထုံသင်းကြိုင်လှောက်နေလေတော့၏။တရားရုံးစားရိတ်ကို ဆြာဒင်၏ရှိစုမဲ့စု ချွေးနည်းစာဖြင့် ကျခံစေလျက် အဆိုပါအမှုသည် နှစ်ဘက်ကြေလည်ငြိမ်းအေးမှုရပြီးသကာလ ပြီးဆုံးခြင်းသို့ရောက်ခဲ့လေပြီ။ သြဘာလက်ခုပ်သံများ နှင့်အတူ လက်ခေါက်မှုတ်သံတရွှီရွှီအပြင် ဝမ်းစမိုးသံသောသောညံလေသတည်း။
ဤသို့လျှင် ဆြာဒင်၏ကျပ်နှစ်ထောင်တန်အာချောင်မှုတရားစီရင်ခန်းအဆုံးတွင်လည်း ဆြာဒင်၏ပညာဉာဏ်ဂုဏ်သတင်းသည် တပည့်ကျော်များနှင့် ရပ်ဝေးရပ်နီးမှပရိသတ်မင်းတို့အလယ်၌ ထင်ပေါ်ကျော်စောခြင်းသည် နောက်ထပ်တစ်ကြိမ်ဖြစ်ပြန်လေသတည်း။

(၁)
"တွေးတွေးပြီးတော့ တဝဲလည်လည်၊ မျှော်လင့်ချက်ရည်ရွယ်ချက်တွေ ကင်းမဲ့ယွင်းခဲ့လေတယ်။ကိုယ်တစ်ယောက်တည်း အတွေးဗိမာန် ကြီး တည်ဆောက်ကာရယ်။ စိတ်ကူးယဉ်သက်သက် မှတ်ချက်တွေရေးကာ ဆိုဖူးခဲ့တဲ့တေးသံဝယ် ရေပြင်ကိုကြည့်ကာကြည်ကာ ကြည်နူးမှုရဲ့အရိပ်ဝယ် နှစ်သက်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ ကမ်းခြေဇေယျာဦးဝယ် မှန်းခြွေမေလာမှူးမယ် လွမ်းနေ၊နေပါဘူးကွယ် ကမ်းခြေဇေယျာဦးဝယ်"

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၆)

သစ်ထူးလွင်


Wednesday, June 25, 2014

ဘယ်သူ့အတွက် အခွန်တော် ဆောင်နေကြတာလဲ (အပိုင်း(၁)


နှစ်စဉ် ငွေကျပ်တစ်သိန်းကျော်ကို မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ပြည် တွင်းအခွန်ဦးစီးဌာန သို့ ပေးဆောင်ရသည်ကို သူ မှတ်မိနေသည်။ အမြတ်ခွန်လား၊ ဝင်ငွေခွန်လားဆိုတာတော့ သူ နားမလည်ကြောင်း လှိုင်မြို့နယ် စံပယ်ခြံ ၂လမ်းတွင်နေထိုင်သော အသက် ၈ဝကျော်အရွယ်အငြိမ်း စားဝန်ထမ်း ဦးသန်းကဆိုသည်။

Tuesday, June 24, 2014

ခေါင်းဆောင်နှင့် ခေါင်းရှောင်

ခေါင်းဆောင်နှင့် ခေါင်းရှောင်

ဖူးကျော်ဇင် (Future Wave)

JOB seekers Journal Vol.2,No.52

အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေ အားလုံး ဟာ ခေါင်းဆောင်မှုအပေါ်မှာ အဓိကမူတည်နေတယ်လို့ ခေါင်းဆောင် မှု ဟောပြောသူ ဆရာကြီး ဂျွန်မက်စ်ဝဲလ်က ဆိုပါတယ်။ အဖွဲ့အစည်းတိုင်း အတွက်အဓိကအရေးကြီးဆုံးအချက်မှာ ခေါင်းဆောင်ပဲဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းရှိရင် နောက်လိုက်ကောင်းတွေလည်း ထွက်ပေါ်လာတတ်ပါ တယ်။ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတွေ ရှိနေတဲ့ အဖွဲ့အစည်းဟာဆိုရင်လည်း အရှိန်အဟုန်ပြင်းစွာ တိုးတက် ဖွံ့ဖြိုးမှုတွေကို ဖြစ်စေပါတယ်။
အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေရှိတတ်သလို တစ်ချို့အဖွဲ့အစည်းတွေမှာတော့ ခေါင်းဆောင်လို့ မိမိကိုယ်ကို ခံယူ ထားတဲ့ ခေါင်းဆောင်မဟုတ်သူတွေကိုလည်း တွေ့ရတတ်ပါတယ်။ အဖွဲ့ အစည်းတစ်ခုမှာ ရာထူးကြီးရုံနဲ့ ခေါင်းဆောင်လို့ မသတ်မှတ်နိုင်ပါဘူး။ ကိုယ့်လက်အောက်မှာ ကိုယ်စေခိုင်းညွှန်ကြားနိုင်တဲ့လူတွေရှိတိုင်း ခေါင်းဆောင် လို့ မသတ်မှတ်နိုင်ပါဘူး။ ခေါင်းဆောင်မှု အရည်အချင်းတွေနဲ့ ပြည့်စုံပြီး အဖွဲ့ အစည်းကို ပန်းတိုင်ရောက်အောင် စွမ်းဆောင်နိုင်မှသာ ခေါင်းဆောင် ဖြစ်မှာပါ။

တကယ်တော့ ခေါင်းဆောင်မှုဆိုတာ အာဏာပါဝါရှိရုံနဲ့ မသက်ဆိုင်ပါဘူး။ အစစ်အမှန်ဟာ “သြဇာပါဝါ” ရှိတာနဲ့သာ သက်ဆိုင်တာ ဖြစ်ပါတယ်။ “အာဏာ ပါဝါ” ရှိပြီး “သြဇာပါဝါ” မရှိရင် ခေါင်းဆောင် အစစ်မဖြစ်နိုင်ပါဘူး။ လုပ်ငန်းတစ်ခု ရဲ့ အကြီးအကဲသက်သက်သာ ဖြစ်မှာပါ။ ရာထူးအာဏာရလာရင်တော့ ဘယ်သူ မဆို အကြီးအကဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်ဖို့ဆိုရင်တော့ ရာထူးအာဏာထက် ခေါင်းဆောင်မှု အရည်အသွေးနဲ့ စိတ်နှလုံးသားမြင့်မြတ် မှုပေါ်မှာ အများကြီးမူတည်ပါတယ်။

ခေါင်းဆောင်မှန်ရင် တာဝန်ယူမှု အပြည့်ရှိရပါမယ်။ တချို့သော ခေါင်းဆောင်လုပ်နေသူတွေကတော့ တာဝန်ယူမှုထက် အခွင့်အရေး ယူမှု ကိုသာ ဦးစားပေးတတ်တယ်။ ဒီလို ဦးဆောင်သူမျိုးဟာ ခေါင်းဆောင် မဟုတ်ပါဘူး။ တာဝန်ကို ရှောင်ပြီး အခွင့်အရေးကိုသာ ယူတတ်လို့ သူတို့ကို “ခေါင်းရှောင်”လို့သာ ခေါ်ပါတယ်။ ဒီနေရာမှာ ခေါင်းဆောင် နဲ့ ခေါင်းရှောင် ဘာတွေကွာခြားသလဲဆိုတာ သိရှိဖို့လိုအပ်ပါတယ်။

“ခေါင်းဆောင်” ဟာ တာဝန်ယူတတ်တယ်။ “ခေါင်းရှောင်”ဟာ အခွင့် အရေး ယူတတ်တယ်။ “မှန် နဲ့ ပြတင်းပေါက်” ဆိုတဲ့ သာဓကလေး တစ်ခုကို ကြားဖူးပါတယ်။ အဖွဲ့အစည်းတစ်ခု အောင်မြင်တိုးတက်လာရင် “ခေါင်းရှောင်” ဟာ မှန်ကြည့် တတ်တယ်တဲ့။ မှန်ကြည့်တော့ သူ့မျက်နှာ သူမြင်ရတာပေါ့။ အဖွဲ့အစည်းတိုးတက်လာတာ “ငါ့ကြောင့်ကွ” လို့ အမှတ်ယူတတ်တယ်။ သူက အဖွဲ့အစည်းတိုးတက်နေရင်သာ အမှတ်ယူတတ်တာ။ အဖွဲ့ အစည်းအခက် အခဲနဲ့ ပြဿနာတွေကြုံနေပြီဆိုလို့ရှိရင် တာဝန်မယူချင်တော့ဘူး။ ဒီအခါ သူကမှန် ကိုမှောက်ထားပြီး ပြတင်း ပေါက်ကို ဖွင့်ကြည့်ပါတယ်။ ပြီးရင် တွေ့သမျှလူကို တာဝန်လွှဲချလေ့ ရှိတတ်ပါတယ်။ အပြစ်ပုံချလေ့ရှိတတ်ပါတယ်။

ခေါင်းဆောင်ဆိုတာကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အဖွဲ့ အစည်း အောင်မြင်တိုးတက်လာရင် ခေါင်းဆောင်က ပြတင်းပေါက်ကြည့်တယ်။ လူတွေကို အားပေးဂုဏ်ပြုတယ်။ အခုလို အောင်မြင်လာတာ မင်းတို့ကြောင့်လို့ ချီးကျူးတယ်။ အဖွဲ့အစည်းမှာ အခက်အခဲနဲ့ ပြဿနာ တွေ ကြုံလာပြီဆို ရင် ခေါင်းဆောင်ဟာ မှန်ကိုကြည့်ပါတယ်။ ငါ့အဖွဲ့ အတွက် ငါ့မှာ တာဝန်အပြည့် ရှိတယ်ဆိုတာ အမှတ်ရအောင်ပေါ့။ ဒါမှ ခေါင်းဆောင်အစစ်ဖြစ်မှာပါ။ ပြဿနာကြုံ လို့ ခေါင်းရှောင်ပြီး တာဝန်ကို သူများအပေါ် ပုံချတတ်တာ ဟာ ခေါင်းရှောင်ကောင်းတွေ လုပ်လေ့ရှိတဲ့ အချက်ပါ။

အဖွဲ့အစည်းကို ဦးဆောင်တဲ့နေရာမှာ ခေါင်းဆောင်မှု ပုံစံလေးတွေ (Leadership Style) အမျိုးစုံရှိပါတယ်။ ခေါင်းဆောင်ကောင်းတိုင်းဟာ လည်း ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုပုံစံ (Style) နဲ့ ဦးဆောင်ရမယ်ဆိုတာ သိရှိနေ ဖို့လိုပါတယ်။ အဖွဲ့အစည်းရဲ့ ရှေ့ဆုံးမှ ဦးဆောင်ခြင်း၊ အလယ်မှ ဦးဆောင်ခြင်း နဲ့ အနောက်က ဦးဆောင်မှုပေးခြင်းဆိုပြီး အကြမ်းဖျင်း အနေနဲ့ မှတ်သားနိုင်ပါ တယ်။

ခေါင်းဆောင်လုပ်သူဟာ အဖွဲ့အစည်းအရှိန်ရလို့ ကောင်းကျိုးတွေနဲ့ တွေ့ ကြုံနေချိန်မှာ အနောက်ကနေ ဦးဆောင်မှုပေးပါတယ်။ အဖွဲ့အစည်းမှာ အခက်အခဲနဲ့ ပြဿနာတစ်စုံတစ်ရာ ကြုံလာပြီဆိုရင်တော့အရှေ့ကိုတက်လာပြီး ရှေ့ ဆုံးက မားမားမတ်မတ်ရပ်တည် ဦးဆောင်ပါတယ်။

ခေါင်းရှောင်သူဆိုတာကတော့ အဖွဲ့အစည်း ကောင်းစားချိန်မှာ ရှေ့ဆုံး ကနေ လက်မထောင်ပြီး လူလုံးပြလေ့ရှိပေမယ့် အဖွဲ့အစည်းမှာ အခက်အခဲ တစ်စုံတစ်ရာကြုံလာတဲ့အခါ နောက်ဆုံးကိုပြေးပြီး ရှောင်ပုန်း တတ်တဲ့သူပါ။ အဓိကကတော့ တာဝန်ယူဖြေရှင်းရဲတတ် သတ်္တိမရှိတာပေါ့။ အဖွဲ့အစည်းအပေါ် စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓာတ်မရှိ တာပေါ့။ခေါင်းဆောင်ဟာ ကိုယ်အနစ်နာခံပြီး အဖွဲ့အစည်းကောင်းစား အောင်ကြိုးစားတတ် တယ်။ ခေါင်းရှောင်ကတော့ အဖွဲ့အစည်းကို နစ်နာ အောင်လုပ်ပြီး (နင်းတက်ပြီး) ကိုယ်ကောင်းစားအောင် ကြိုးပမ်းအား ထုတ်တတ်တယ်။

တာဝန်ကိုရှောင်ပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ အကြီးအကဲဟာ ဘယ်လိုမှ ခေါင်းဆောင်မတင်ထိုက်တဲ့သူပါ။ ခေါင်းဆောင် မဖြစ်ထိုက်တဲ့ ခေါင်းရှောင်သူဟာ လိပ်လို လူမျိုးပါ။ လိပ်ဟာ ကိုယ့်ဘက်သာ ကိုယ်ယက်တတ်ပြီး အန္တရာယ်အခက်အခဲကြုံလာရင် ခေါင်းကိုဝှက်ထားတတ်ပါ တယ်။ ဒီလိုခေါင်းဆောင်မျိုးဆိုရင်တော့လက်ရှိမှာအဆင့်တစ်နေရာရောက်နေပေ မယ့် မကြာခင်မှာ ခေါင်းဆောင်အဖြစ်က ကျရှုံးမှာဖြစ်ပါတယ်။

ခေါင်းဆောင်လုပ်သူကိုယ်တိုင်က တာဝန်တွေရှောင်၊ ပြဿနာဖြေ ရှင်းမှုတွေ ကို ရှောင်ဖယ်ပြီးနေရင် သူဦးဆောင်နေတဲ့ အဖွဲ့သားတွေ ကိုယ်တိုင်ကလည်း သူ့လိုပဲ ခေါင်းရှောင်တွေဖြစ်လာကြမှာပါပဲ။ ဒီလို ခေါင်းရှောင်သူတွေ အဖွဲ့ အစည်းတွေမှာ ၊ နိုင်ငံတွေမှာ များပြားလာပြီ ဆိုလို့ရှိရင် ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် ခေါင်းဆောင်အမည်ခံထားပြီးတာဝန်မယူတတ်တဲ့ ခေါင်းရှောင်သူ မဖြစ်စေဘဲ ခေါင်းဆောင်ကောင်းတွေဖြစ်စေဖို့ ကျင့်သုံးရ မယ့် အချက်လေးတွေ ကို မျှဝေပါရစေ။

၁။ ခေါင်းဆောင်ကောင်းအဖြစ် ယူထိုက်တဲ့ တာဝန်တွေကို သတ်္တိရှိရှိယူရဲပါ။ ဆင်ခြေဆင်လက်တွေပေးပြီး တာဝန်ရှောင်ဖို့ မစဉ်းစားပါနဲ့။ အဖွဲ့အစည်းရဲ့ ကောင်းခြင်း ဆိုးခြင်းဟာ ခေါင်းဆောင်မှာ တာဝန်ရှိ တယ်လို့ ခံယူထားပါ။

၂။ အဖွဲ့အစည်းရဲ့ ပန်းတိုင်အတွက်သာမက နောက်လိုက်ငယ်သားများရဲ့ လိုအပ်ချက်တွေကိုပါ တာဝန်ယူဖြေရှင်းပေးနိုင်သူဖြစ်အောင် ကြိုးစားပါ။ ဒါမှသာ နောက်လိုက်ငယ်သားများက ခေါင်းဆောင်ဖြစ်သူကို ယုံကြည် ကိုးစားလာပြီး ခေါင်းဆောင်ကောင်းအဖြစ် အသိမှတ်ပြုခြင်း ရှိလာမှာဖြစ်ပါတယ်။

၃။ တာဝန်ကို ရှောင်တတ်တာဟာ ခေါင်းဆောင်မှု ကျဆုံးခြင်းရဲ့ လမ်းစဖြစ် တယ်ဆိုတာကို အမြဲသတိတရရှိနေဖို့ လိုအပ်ပါတယ်။ 

၎။ အဖွဲ့အစည်းရဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး အဖွဲ့သားတွေ အားလုံးရဲ့ စံပြပုဂ်္ဂိုလ်တစ်ယောက်ဖြစ်အောင် နေထိုင်ပါ။ 

၅။ တပည့်မကောင်း ဆရာ့ခေါင်း၊ သားသမီးမကောင်း မိဘခေါင်း ဆိုသလို အဖွဲ့အစည်းမကောင်း ခေါင်းဆောင်ခေါင်းဆိုတာကို သတိရပြီး အဖွဲ့အစည်း အတွက် အနစ်နာခံ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်ပါစေ။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave)
JOB seekers Journal Vol.2,No.52
အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေ အားလုံး ဟာ ခေါင်းဆောင်မှုအပေါ်မှာ အဓိကမူတည်နေတယ်လို့ ခေါင်းဆောင် မှု ဟောပြောသူ ဆရာကြီး ဂျွန်မက်စ်ဝဲလ်က ဆိုပါတယ်။ အဖွဲ့အစည်းတိုင်း အတွက်အဓိကအရေးကြီးဆုံးအချက်မှာ ခေါင်းဆောင်ပဲဖြစ် ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၆)

သစ်ထူးလွင်


ရှစ်လေးလုံးဒဏ္ဍာရီ (သို့မဟုတ်) ရင်ဘတ်နောက်မှာ….ကျောပဲရှိတယ်

ရှစ်လေးလုံးဒဏ္ဍာရီ (သို့မဟုတ်) ရင်ဘတ်နောက်မှာ….ကျောပဲရှိတယ်

၈၈အရေးအခင်းတုန်းက ကျွန်တော် သုံးတန်းကျောင်းသားဘ၀။ တစ်နိုင်ငံလုံးမှာ ၈.၈.၈၈ကျမှ အုန်းအုန်းထပေမယ့် ကျွန်တော်တို့မြို့လေးမှာ ၆ရက်နေ့ကတည်းကစတယ် ပြောရမယ်။
အဲဒီနေ့ နေ့လည် ၁နာရီလောက်မှာ ခေါင်းလောင်းတီးသံကြားရတယ်။ တစ်ခါတစ်လေ ဆရာ/ဆရာမ အစည်းအဝေးတွေရှိရင် ကျောင်းစောဆင်းပေးတတ်တော့ ကျောင်းသားတွေရော ဆရာဆရာမတွေပါ ကျောင်းစောဆင်းပေးတဲ့ ခေါင်းလောင်းသံမှတ်ပြီး အလျိုလျိုထွက်လာကြတယ်။

ကျောင်းရှေ့ဘောလုံးကွင်ပြင်ရှေ့ရောက်မှ မထင်မှတ်တာတွေမြင်လိုက်ရတယ်။ကျောင်းဝင်းတံခါးမတွေ ပိတ်ပြီး နှာခေါင်းမှာအ၀တ်စည်းထားတဲ့ လူတစ်စုက ကွင်းထဲမှာလူစုတယ်။ ဘုမသိ ဘမသိဆိုတော့ ဓားမြတိုက် တာလား..ပြန်ပေးဆွဲတာလားနဲ့ အားလုံးအလန့်တကြားဖြစ်ကုန်ကြတာပေါ့။

ဒီလို ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ သူတို့ထဲက လူတစ်ယောက်က အလံအုတ်ခုံပေါ်တက်ပြီး မကြောက်ကြပါနဲ့။ ကျွန်တော်တို့ စကားပြောမလို့ပါ ဘာညာနဲ့ အသံကျယ်ကျယ်အော်ပြောပြီး လူအုပ်ကြီး ကိုထိန်းတယ်။နောက်ပိုင်းမှာတော့ အာပေါင်အာရင်းသန်သန်နဲ့ အစိုးရမကောင်းကြောင်းတွေ တွင်တွင်ပြောတော့ တာပဲ။ တစ်ပြည်လုံးလမ်းပေါ်ထွက် ဆန္ဒပြရမယ်ဆိုတာလည်းပါရဲ့။ သူပြောသွား တာ တော်တော်များများကို ကျွန်တော်နားမလည်ပါဘူး။ကျောင်းပေါက်အပြင်မှာလည်း သတင်းရတဲ့ မိဘတွေ က စိတ်ပူတကြီးလိုက်လာကြပြီး ကျောင်းတံခါးကိုဖွင့်ပေးဖို့ အော်ဟစ်နေကြတယ်။ သံတံခါးကို ဇွတ်တွန်းဖွင့်တဲ့သူတွေလည်း ဖွင့်ကြနဲ့။ ၅မိနစ်လောက်အကြာမှာ ဒီကျောင်းမှာတင် ဆရာမလုပ်နေတဲ့ ကျွန်တော့်အမေက လူအုပ်ထဲမှာ လက်လာဆွဲတယ်။ပြန်ကြမယ်တဲ့။ ကျောင်းတံခါးတွေ ပိတ်ထားတော့ လူအုပ်နောက်က အသာခိုးထွက်ပြီး အမေနဲ့ကျွန်တော် အုတ်နံရံကျော်ပြီး ထွက်ခဲ့ရတာမှတ်မိပါသေးတယ်။

အမေဘာဖြစ်တာလဲဗျလို့မေးတော့ ဆူကြပူကြဖို့ ဆွယ်တရားဟောနေတာတဲ့။ အမေ့စကားကို သိပ်နားမလည်ပေမယ့် ဒီမတိုင်ခင်မှာ ရေဒီယိုက ဦးနေ၀င်းအာဏာစွှန့်လွှတ်ကြောင်းကြေညာတဲ့အခါ သက်ပြင်းရှည်ကြီးချပြီး ဘာတွေဖြစ်လာဦးမလဲ မသိဘူးလို့ မျက်နှာမသာမယာနဲ့ ညည်းလိုက်တဲ့ အဖေစကားသံ ကို ဖျတ်ခနဲပြန်ကြားမိတယ်။ ဘာတွေဆက်ဖြစ်မယ်ဆိုတာ အဖေမသိသလိုဘဲ ကျွန်တော် လည်း ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် လူကြီးတွေမျက်နှာရိပ်မျက်နှာကဲကြည့်ပြီးတော့ ကောင်း တာတွေဖြစ် မလာနိုင်ဘူး ဆိုတာတော့ သိလိုက်တယ်။

မြို့ထဲမှာလည်း လူထုဟောပြောပွဲတွေလုပ်တာ တစ်စွန်းတစ်စကြားရတယ်။နောက်နှစ်ရက်အကြာမှာတော့ ကမ္ဘာကျော်အရေးအခင်းကြီးကို မျက်ဝါးထင်ထင်တွေ့မြင်ခွင့်ရပါတော့တယ်။ ကျွန်တော်တို့အိမ်နားက ကျောက် တိုင်ကွင်း နဲ့ ဗိုလ်ချုပ်ပန်းခြံဟာ စုရပ်နေရာဖြစ်တော့ အိမ်ပေါ်ကလှမ်းကြည့်ရင် အတိုင်းသားမြင်နေကြားနေရတယ်။နေ၀င်းအစိုးရဖြုတ်ချရေး.. ဒို့အရေး..ဒို့အရေးနဲ့ ညာသံပေးနေတာလည်း ကြောက်ခမန်းလိလိပါပဲ။ပြီးရင် ပါတီယူနစ်ရုံးရှိရာဘက်ကို စုရုံးချီတက်ကြပါတယ်။ ပထမပိုင်းတော့ ဘာဆူဆူပူပူမှ မကြားရပါဘူး။နောက်ပိုင်းမှာတော့ အိမ်တွေကိုထမင်းထုပ်ဆင့်တာတွေ၊ တစ်အိမ်တစ်ယောက် မလိုက်မနေရလို့ ရာဇသံပေးတာတွေ ကြားလာမြင်လာရပြီး ပါတီကောင်စီဥက္ကဌအိမ်ကိုဖောက်တာတို့၊ နိုင်ငံတော်အလံကို မီးတင်ရှို့တာတို့ကြားလာရပါတယ်။ တစ်စစနဲ့ ဆန္ဒပြရာကနေ အကြမ်းဖက်မှုအသွင်ပြောင်းလာပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာတော့ မြို့နယ်ရဲတပ်ဖွဲ့က အထိကရုဏ်းကို ပစ်ခတ်နှိမ်နင်းတာတွေလုပ်လာပါတော့တယ်။ဗျောက်အိုးဖောက်သံလောက်ကိုသာ အသံကျယ်ကျယ်ကြားဖူးတဲ့ ကျွန်တော့်နားထဲမှာ သေနတ်သံဆိုတာ ပိုကျယ်ပြီး၊ ပိုကြောက်စရာကောင်းပါ့လားဆိုတာကိုလည်း သိလာရပါတယ်။ ပစ်ကြပြီ..ခတ်ကြပြီဟဲ့ဆိုတော့ ကျောင်းသားတွေကို အတင်းလာဆွဲပြီး ဆိုင်းဘုတ်ကိုင်ဆန္ဒပြခိုင်းတဲ့အထဲမှာ ဘေးအိမ်က ကျွန်တော့်အကိုဝမ်းကွဲ ပါသွားလို့ သူ့အိမ်က ငိုကြီးချက်မ လိုက်ခေါ်ကြတာ မှတ်မိနေပါတယ်။

ကျွန်တော့်အိမ်ရှေ့လမ်းကနေ သေနတ်ထိမှန်ဒဏ်ရာရတဲ့သူတွေကို ထမ်းပြီး ဆေးရုံကို တဖုန်းဖုန်းပြေးနေကြတဲ့ သွေးသံရဲရဲမြင်ကွင်းတွေကိုလည်း မကြည့်ချင် မြင်လျက်သားတွေ့နေရပါတယ်။
အခြေနေတွေကငြိမ်သက်မသွားဘဲ ပိုပိုဆိုးလာပါတယ်။ ရဲစခန်းကို မီးကွင်းပစ်တာတွေ၊ သမဆိုင်မီးတင်ရှို့တာတွေ၊ ဆန်ဂိုဒေါင်ဖောက်တာတွေ၊ ကုန်သွယ်ရေးဂိုဒေါင်ဖောက်တာတွေထိ ရှိလာပြီး အဆိုးဆုံးကတော့ မြို့လယ်ဘုရားမှာ လူသတ်၊ခေါင်းဖြတ်ချိတ်တဲ့အထိ လက်ရဲဇက်ရဲလုပ်လာကြပါတယ်။ သတ်ခံရသူက ဖာခေါင်း… ဘယ်သူဆိုလား။ ဒါလုပ်ကြံစကားမဟုတ်ပါဘူး။ အဟုတ်အမှန်ကို ကြားသိကြုံတွေ့ခဲ့ရတာပါ။ ဒီလိုတောမီးလောင် တောကြောင်လက်ခမောင်းခတ်တာတွေ ရှိလာတော့ ရပ်ကွက်အလိုက်၊လမ်းအလိုက် ညဘက်မှာ တုတ်ဓားဆွဲပြီး ကိုယ့်လုံခြုံရေးကိုယ်ယူကြ၊ ကင်းစောင့်ကြတာတွေလည်း ရှိပါတယ်။ ဂျင်ကလိဆိုတာ အဲဒီအခါမှပဲ မြင်ဖူးတော့တာပါ။

အာလုံဟာ ကျီးလန့်စာစားပါပဲ။ တထိတ်ထိတ်တလန့်လန့်နဲ့ အိပ်ရတာတောင် စိတ်မသန့်ပါဘူး။ မိဘတွေက သူတို့လည်း ဘယ်မှမထွက်သလို ကျွန်တော်တို့မောင်နှမတွေကို အိမ်ထဲက အိမ်ပြင်မထွက်ခိုင်းပါဘူး။ ထွက်ဆိုရင်တောင် မထွက်ဝံ့ပါဘူး။နေ၀င်မီးမှုတ် တုတ်တုတ်မှ မလှုပ်ရဲလောက်အောင်ကိုပါပဲ။နုနယ်သေးတဲ့ ကျွန်တော်တို့နှလုံးသားထဲမှာ အရိုးစွဲသွားတာ အနိဌာရုံနဲ့ အကြောက်တရားတွေပါ။ အရွယ်နဲ့မမျှတဲ့ စိုးရိမ်သောကတွေပါ။

စက်တင်ဘာ ၁၈ရက်နေ့ ရေဒီယိုမှာ စစ်သီချင်းသံတွေ တောက်လျှောက်ကြားလာရပါတယ်။ အဖေက ထူးတော့မယ်တဲ့။ တကယ်လည်းထူးပါတယ်။ ကာဖျူးတဲ့၊ မာရှယ်လောတဲ့။ တပ်မတော်က အာဏာသိမ်းလိုက်ပြီတဲ့ ။ အရင်က ပြည်ထောင်စုနေ့ အလံသယ်အခမ်းအနားတွေမှာသာ မြင်ဖူးတဲ့ စစ်ကားနဲ့စစ်သားတွေကို ချပ်ဝတ်တန်ဆာအပြည့်နဲ့လက်နက်တွေကိုင်ဆောင်ထားတာကို ဒီအခါမှပဲ နီးနီးကပ်ကပ် မြင်ဖူးပါတော့တယ်။ လူနှစ်ယောက်ထက်ပို မစုကြဖို့၊ လမ်းပေါ်မှာ စုရုံးဆန္ဒမပြကြဖို့၊ ညနေ၆နာရီနဲ့ မနက်၆နာရီကြား အပြင်မထွက်ကြဖို့ စစ်သားတွေက လမ်းကြိုလမ်းကြားတွေအထိ လိုက်လံဆော်သြ နေတာတွေကိုလည်း ကြုံဖူးပါတော့တယ်။
နောက်ပိုင်းမှာတော့ အခြေနေတွေငြိမ်သက်လာပါတယ်။ကျောင်းတွေကတော့ ဖွင့်လိုက်ပိတ်လိုက်နဲ့ပါပဲ။

ကျွန်တော်တို့တွေကတော့ ကျောင်းပိတ်ရင် ပျော်တာပေါ့။ဟေးလားဝါးလား သူငယ်ချင်းများ နဲ့ ဆောကစားရတာကို။မိဘတွေကတော့ ကျွန်တော်တို့ရှေ့ရေးတွေးပြီး စိတ်မအေးကြပုံပါပဲ။ အဘိုးဘွားတွေအပါအ၀င် မိသားစုရှစ်ယောက်ရှိတဲ့ အိမ်ထောင်စုကြီးမှာ စားဝတ်နေရေးကလည်း တဖြည်းဖြည်းကြပ်တည်းလာပုံရပါတယ်။ဆိုရှယ်လစ်ခေတ်တုန်းက တစ်အိမ်ထောင်မှာ လူတစ်ယောက် အလုပ် လုပ်ရင် အေးအေးသက်သာ ထိုင်စားလို့ရပေမယ့် အရေးအခင်းပြီးစ ကုန်ဈေးနှုန်းတွေက ခေါင်ခိုက်အောင်တက်လာကြတော့ အတော်လေးကသီလင်တနိုင်ကြ ပုံ ပေါ်ပါတယ်။နို့မုန့် ဘူးမပြတ်၊ကော်ဖီ မပြတ်ခဲ့တဲ့အိမ်မှာ ထမင်းရည်ဟာအစားထိုးစရာဖြစ်လာပါတယ်။ အသား အစား၊အသီးအရွက်တွေ ပိုများလာပါတယ်။ဇီရာလောက်တော့ နပ်မှန်ခဲ့ တဲ့အိမ်မှာ လူးတို့ဆတ်တို့နဲ့ရောထားတဲ့ ထမင်းကိုတောင် စားခဲ့ရဖူးပါတယ်။မုန့်ဖိုးလည်း အရင်ကလိုမပေးနိုင်တော့လို့ အမေက စိတ်မကောင်းစွာနဲ့ ချော့မော့တာ တွေလည်း သတိရမိပါတယ်။အဖေကလည်း လူရိုးလူဖြောင့်ဝန်ထမ်း၊ ဆိုရှယ်လစ်လမ်းစဉ်သမား။ သူ့မှာ ဘာမှစုဆောင်းထားတာမရှိတော့ သူလည်း လက်ပိုက်ကြည့်နေရတာပေါ့။ ဒီအချိန်မှာ အမေဟာအဖေ သဘောမတူတဲ့ကြားက သမာအာဇီဝနဲ့ရှာ စားမယ်.. ကလေးတွေမုန့်ဖိုးပဲဖိုးပဲ ရရ..ဆိုပြီး အိမ်ရှေ့မှာ မရှက်မကြောက် မုန့်ဆလင်းတောင့်ထွက်ရောင်ပါသေး တယ်။ကျေးဇူးပါ အမေ။ ဒါ ကျွန်တော့်ကိုယ်တွေ့တွေပါ။

ခုချိန်မှာ ဘယ်သူသေသေ၊ ငတေမာပြီးရောဆိုတဲ့ လူပုဂ္ဂိုလ်တွေ၊လူထုကို လမ်းပေါ်တက်ခိုင်းမယ်ဆိုတဲ့ အသံဗလံတွေ ဆူညံနေပါတယ်။ ဒီအသံတွေကြားရင် ကျွန်တော် တကယ်မုန်းတယ်။ ငယ်ငယ်ကတည်းက စိတ်နာခဲ့ရတဲ့ ဘ၀ကို တစ်ခြားဘယ်သူ့ကိုမှလည်း မရောက်စေချင်ဘူး။ မဖြစ်စေချင်ဘူး။ ကျွန်တော့်တို့လို ဒုက္ခမျိုးစုံ၊ အကြပ်အတည်းမျိုးစုံ တွေ့ကြုံရသူတွေလည်း ဒုနဲ့ဒေးနေမှာပဲ။ သူတို့ဘ၀တွေလည်း ခက်ခဲကြမှာပဲ။သေကြေ၊ဒဏ်ရာရ၊ထောင်တန်းကျတဲ့ ဘ၀တွေလည်း အများကြီးနေမှာပါပဲ။ ဘယ်သူတွေ အနာခံရပြီး ဘယ်သူတွေအသာစံသွားလဲ။ဘယ်သူတွေ အဖိုးထိုက်ပြီး ဘယ်သူတွေ အရိုးကိုက်ရသ လဲ။ နိုင်ငံရေးလောင်းရိပ်အောက်မှာ၊သွေးထိုးလှုံ့ဆော်မှုတွေနောက်မှာ တကယ်အတိဒုက္ခရောက်ရ တာ ကျွန်တော်တို့ပြည်သူတွေပါ။

မကြားလို.. မမြင်လို.. မခံစားလိုတော့ပါဘူး။ ကျွန်တော့်လို အယူအဆရှိကြတဲ့ ပြည်သူတွေလည်း အများကြီးရှိမှာပါ။ ကိုယ့်ဝမ်းစာကိုယ် အေးအေးသက်သာပဲ ရှာဖွေစားသောက်ချင်ကြသူတွေ တစ်ပုံကြီးနေမှာပါ။ သူတို့တွေအတွက်ကတော့ အငှားဗိုက်နဲ့ ဓားထိုးခံခိုင်းဖို့ဝန်လေးနေမှာ မဟုတ်သလို မရ..ရသကာခြိုင်ဖို့လည်း နှောင့်နှေးနေမှာ မဟုတ်ပါဘူး။

အိမ်နီးချင်းထိုင်း… ထိုင်းဆိုတဲ့အတိုင်း အရာရာထိုင်းနေ၊ မှိုင်းနေပြီ။ ဆုတ်ကပ်ကို လှမ်းတဲ့လမ်းစ တွေ့နေမြင်နေရပြီ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အလားတူကြုံခဲ့ဖူးတယ်ဆိုတာထက် ဆယ်စသာတယ်။ အစတစ်ရာဆိုးဝါးတယ်။ အပြန်တစ်ထောင် ခါးသီး တယ်။ ခါးစည်းခံခဲ့ကြဖူးတယ်။

ကျွန်တော်တို့ သင်ခန်းစာယူကြဖို့လိုပြီ။ဆင်ခြင်သုံးသပ်ကြဖို့လိုပြီ။ ကလေးသူငယ်တွေပါမချန် အင်အားပြည့် စွဲ သုံးနေ တဲ့ ရေပေါ်ဆီနိုင်ငံရေးသမား အတ္တလောက်ကောင်များကို ရှောင်ရှားကြဖို့လိုပြီ။ ကြည့်တတ် မြင် တတ် ကြဉ်တတ်ဖို့လိုပြီ။ သူတို့ဖာသာ သူတို့ လွှတ်တော်အတွင်းမှာ တရားတဘောင်နဲ့ ရှင်းရှင်း။ လက်ဝါး ချင်းပဲ ပုတ်ပုတ်၊ ဓားချင်းပဲ ခုတ်ခုတ်။ ကျွန်တော်တို့ လိုက်မလုပ်ကြဖို့လိုပြီ။ သူတို့တွေရဲ့ နောက်မှာ ဆယ်သက်လောက်စားမကုန်တဲ့ ဥစ္စာဓနတွေရှိတယ်။ ကျွန်တော်တို့မှာက လှည့်ကြည့်ရင် ကျောပဲရှိတာမို့ ကိုယ့်ဝမ်းနာကိုယ်သိဖို့လိုပြီ။

(အားလုံးသိစေချင်လို့ ကျွန်တော်ဘ၀ရဲ့ တစ်စိတ်တစ်ဒေသကိုတောင်ဖွင့်ချပြီး ဒီစာကို ရင်နဲ့ရင်း ရေးပါ တယ်။ခေတ်ဆိုးခေတ်ပျက် ဆောင်းအိပ်မက်တွေ နှောင်းတစ်ရက်မှာ ထပ်မမက်ပါရစေနဲ့တော့။)

၈၈အရေးအခင်းတုန်းက ကျွန်တော် သုံးတန်းကျောင်းသားဘ၀။ တစ်နိုင်ငံလုံးမှာ ၈.၈.၈၈ကျမှ အုန်းအုန်းထပေမယ့် ကျွန်တော်တို့မြို့လေးမှာ ၆ရက်နေ့ကတည်းကစတယ် ပြောရမယ်။
အဲဒီနေ့ နေ့လည် ၁နာရီလောက်မှာ ခေါင်းလောင်းတီးသံကြားရတယ်။ တစ်ခါတစ်လေ ဆရာ/ဆရာမ အစည်းအဝေးတွေရှိရင် ကျောင်းစောဆင်းပေးတတ်တော့ ကျောင်းသားတွေရော ဆရာဆရာမတွေ ပါ ကျောင်းစောဆင်းပေးတဲ့ ခေါင်းလောင်းသံမှတ်ပြီး အလျိုလျိုထွက်လာကြတယ်။

ဗြိတိသျှစာရေးဆရာကြီး ဂျော့အော်ဝဲလဲ ၏ ကမ္ဘာ့နံပါတ်တစ် နိုင်ငံဆိုး ဝတ္ထုစာအုပ် “1984” ကို လက်ရှိ ဗမာ့နိုင်ငံရေးအခင်းအကျင်းနှင့် ဆီလျော်အောင် ဗမာမှုပြုထားသည့် နှစ်ထောင့်ရှစ်ဆယ့်-လေး

အခန်း() - အပိုင်းတစ်


ဧပြီ
၏ နေရောင်ကလေး တောက်ပြီး အတော်ကလေးကို ချမ်းသော နေ့တနေ့ ဖြစ်သည်။ ရန်ကုန်တမြို့လုံးက နာရီတို့သည် တဆယ့်သုံးချက် ထိုးနေသည်။ ကိုကျောက်ညိုသည် ဒရကြမ်းတိုက်နေသော လေစိမ်းကို ခံသာရန် သူ့မေးစေ့ကလေးကို ရင်ဘတ်အောက် ဆွဲဝှက်ထားလိုက်ပြီး “အမျိုးသားရေးအောင်ပွဲ နန်းတော်” ၏ မှန်စီရွှေချ ပွတ်လုံးတံခါးမကြီးများ ကြားမှ လစ်ကနဲ မြန်မြန် ထွက်လာခဲ့သည်။ လေဆင်နာမောင်း တချက်က မျက်နှာပေါ် အသဲ့ ပက်ထည့်လိုက်သော ကျောက်သလဲမှုန်ကလေး တွေကိုတော့ သူ မရှောင်နိုင်ခဲ့။

နန်းတော်ဘေး လူသွားလမ်းပေါ် သူရောက်လာသည်။ လေစိမ်းသည် လန်းလန်းဆန့်ဆန့် ရူသင်းပျံ့ ဖွယ်ရာ မဟုတ်ဘဲ နန်းဆောင်ကြီးထဲမှ ကော်ဇောဟောင်းတို့၏ ဆွေးသိုးသိုး အနံ့နှင့် လမ်းဘေးဈေးတန်း က ဈေးသည်တို့၏ မလတ်တလတ် ဂေါ်ဘီစိမ်းနံ့တို့ လာရောယှက်လို့ နေသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၆)

သစ်ထူးလွင်


Monday, June 23, 2014

ရှစ်ဆယ့်ရှစ်အသံလှိုင်းနောက်မှ သူရဲကောင်း



နေအိမ်ရှိ တစ်လုံးတည်းသော အော်တိုတယ်လီဖုန်းမြည်လာချိန်တွင် ဦးနေမင်းတစ်ယောက် အလွန် သတိဝီရိယကြီးစွာဖြင့် ဖုန်းကိုင်လိုက်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် အခြေစိုက်သည့် သူ့လုပ်ဖော်ကိုင်ဖက်သတင်းထောက်ဟု ထင်လိုက်သော်လည်း တစ်ဖက်မှ ‘‘BBC သတင်းထောက် လား’’ဆိုသော အသံကြောင့် တအံ့တသြဖြစ်သွားချိန်တွင်

ဖွင့်ပေးလာသောတံခါးများနှင့် လိုက်ပိတ်နေသောလက်များ

Htun Aung Gyaw June 21, 2014 at 10:14am
မြန်မာနိုင်ငံ၌ ၂၀၁၀ ခုနှစ်တွင်တက်လာသော ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မထင်မှတ်သော အပြောင်းအလဲများ ဖြစ်လာခဲ့သည်။ အထူးခြားဆုံး အပြောင်းအလဲမှာ နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားသည့် သတင်းမီဒီယာကို လွတ်လပ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ အာဆီယံတွင်း တိုးတက်သော နိုင်ငံများဖြစ်သည့် စင်္ကာပူ၊ မလေးရှား၊ တရုတ်နိုင်ငံတို့ထက် မြန်မာနိုင်ငံက မီဒီယာလွတ်လပ်ခွင့် ပိုမိုရှိသည်ဟု ပြောဆို လာခဲ့ကြသည်။ သာဓကအားဖြင့် တရုတ်နိုင်ငံတွင် Facebook သုံးစွဲခွင့်ကို တားမြစ်ထားသည်။ ထို့အပြင် စီတန်းလှည့်လည်ခွင့်၊ ဆန္ဒပြခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို ပေးလာသည့်အတွက် လွတ်လပ်မှု အရသာကို ပြည်သူတို့ ခံစားလာရသည်။ ယခင် စစ်အစိုးရအဆက်ဆက် ဖိနှိပ်ထားမှု၊ မတရားသော်လည်း ပြန်လည်တုံ့ပြန်ပြောဆိုပါက ပါးစပ်ဥပဒေဖြင့် မတရားလုပ်သူများက အမှုနိုင်ပြီး မတရားခံရသူများက တရားခံ ဖြစ်နေသောခေတ်တွင် ထောင်တန်းကျမည်ကို ကြောက်ရ၊

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၆)

သစ်ထူးလွင်


Sunday, June 22, 2014

လူသားပြတိုက်ထဲက မြန်မာနိုင်ငံသား ကြေးကွင်းစွပ် ကယန်း ပဒေါင်များ

The Irrawaddy (Burmese Version)'s status update.

ငြိမ်းဇော်
ဘတ် ၅၀၀ မြန်မာကျပ်ငွေနဲ့ ဆိုရင် ၁၅၀၀၀ ဝန်းကျင်ပေးပြီး ကြည့်ရတဲ့ လည်ပင်းကြေးကွင်းစွပ် ကယန်း ပဒေါင် တိုင်းရင်းသားတွေဘဲ ဖြစ်ပါတယ်။ အားလုံးက မြန်မာနိုင်ငံ ကယားပြည်နယ်က လာကြတာပါ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းမှာရှိတဲ့ မဲ့ဆာ (Mae Sa) မြို့ငယ်လေးက ထိုင်းသူဌေး တစ်ဦးပိုင် လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်း ကျင်က ဖွင့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၆)

သစ်ထူးလွင်


Saturday, June 21, 2014

ဆြာဒင်နှင့် သူခိုးပြေးမှထိုးကွင်းထကြသူများ

၂၀။၀၆။၂၀၁၄ နေ့ထုတ်ဆဲဗင်းဒေးနေ့စဉ်သတင်းစာ

ဆြာဒင်နှင့်သူခိုးပြေးမှထိုးကွင်းထကြသူများ

(မင်းဒင်)
(၁)
"ဖလ်နေ၀န်းသို့ညီ ထွန်းလင်းပြောင်ပေသည်။ဒါတို့တိုင်းတို့ပြည် တို့ကာကွယ်မည်။ထူးမြတ်တဲ့ တို့တိုင်းပြည် တိုင်းရင်းသား ငါတို့ လူမျိုး ပိုင်ရမည်လွတ်လပ်တဲ့ တို့တိုင်းပြည် ငါတို့ရဲ့ ခြင်္သေ့စိတ်ထား တည်ရမည်အာဇာနည် ရဲမက်တွေသည် ဇွဲနဲ့ တိုက်မည်။ဗမာတွေ နိုးကြား လာပြီ ၊အမျိုးသားစစ်သည်သေပေစေ၊ရဲတဲ့ဇာနည် ဇွဲနဲ့တိုက်မည်၊ ခိုက်မည်တပ်မတော်ကြီးလည်း ချီလာပါပြီ၊အောင်တပ်မတော်ကြီးလည်း ချီလာပါပြီ"

ဆြာဒင့်အိပ်ခန်းတွင်းရှိ ဧရာမတီဗီဖန်သားပြင်တွင် ထိုင်းဘုရင့်တပ်မတော်မှ ကြည်းရေလေတပ်ပေါင်းစု စစ်ချီ၊စစ်တက်နေပုံမှာ ကြည့်ရ သူအဖို့ စိတ်အားတက်ကြွစရာကောင်းလှပါ၏။ကောင်းကင်တွင် အစီးရာချီတက်ဆင်းဝဲပျံနေသော ခေတ်မီတိုက်လေယာဉ်များ၊ မဲမဲမြင် သမျှချေမှုန်းမည့်ဟန် နောက်ဆုံးပေါ်တင့်ကားများနှင့်ဧရာမအမြောက်ကြီးများတင်ဆောင်ထားသော စစ်သုံးတိုက်ခိုက်ရေးယာဉ် များ ကိုလည်း ဖျတ်ကနဲ ဖျတ်ကနဲမြင်တွေ့နေရသော ဆြာဒင်မှာ ထိုင်းစစ်ချီတေးကို မြန်မာမှုပြု၊အဓိပ္ပါယ်ဖော်ရင်း ဗမာ့တပ်မတော် စစ်ချီ တေးတစ်ပုဒ်ကို ကြားယောင်နေခြင်းဖြစ်ချေ၏။ဆြာဒင်တို့ဗမာပြည်ဆီတွင်လည်း အာဏာသိမ်းသည့်အခါ ဤနည်းနှင်နှင်ထုတ်လွှင့်ကြ လေသည်ဖြစ်၍ ဆြာဒင့်စိတ်တွင်အဆန်းဟူ၍ မထင်မိချေ။

"ဗျို့ဆြာဒင်"
"ဗျို့ဆြာဒင် ခြံတံခါးဖွင့်ပါဗျ"
ခြံတံခါးဝဆီမှာ စူးစူးဝါးဝါးအော်သံကြောင့် ဆြာဒင်တစ်ယောက်နေအိမ်အပေါ်ထပ် ဝရန်တာဆီမှ လှမ်းမျှော်ကြည့်လိုက်သည်တွင်ကား ကျေးဇူးရှင်တပည့်ကျော်သုံးဦးသား နောက်ကကျားလိုက်သည့်ဟန်ဖြင့် အသံကုန်ဟစ်နေသည်ကို တွေ့မြင်ရလေရာ ဆြာဒင်သည် ခပ် သုတ်သုတ်အိမ်အောက်ဆင်း၊ခြံသော့ကိုယူကာ ခြံတံခါးကိုဖွင့်ပေးရင်း မြည်တွန်တောက်တီးလိုက်ရသည်။

"တိုးတိုးသက်သာလုပ်ကြစမ်းပါဟ၊လုပ်လိုက်မှဖြင့် အလန့်တကြားချည်းပဲ၊မင်းတို့ခေတ်ကာလသားသမီးတွေနဲ့တော့ခက်ချက်"
"အာ၊ဆြာဒင် အိမ်ထဲကုပ်နေပြီး ဘာမှမသိတာပိုခက်တာဗျ။အခုထိုင်းစစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့"
"ဟ၊ထိုင်းစစ်တပ်အာဏာသိမ်းတာ အဆန်းလားကွာ၊စံချိန်ချိုးပြီး ခဏခဏသိမ်းနေတဲ့ဥစ္စာ"
"မတူဘူးဆြာ၊ဒီတစ်ခါသိမ်းပုံက တော်တော်ကြမ်းတယ်၊သုံးရက်အတွင်းနှစ်ခါသိမ်းတာဗျ"
"တစ်ရက်တည်းပဲ အကြိမ်တစ်ဒါဇင်သိမ်းသိမ်း၊ထိုင်းစစ်တပ်ဟာ တို့ဗမာစစ်တပ်လို တခါသိမ်းအနှစ်အစိတ်တော့မဟုတ်တာသေချာတယ် ကွာ၊ကြာလှသုံးလပေါ့"

"အဲဒါတွေကြောင့် ဆြာဒင့်တို့ခေတ်ဆွေးအဘိုးကြီးတွေခက်တာပေါ့။အခုအာဏာသိမ်းတဲ့ထိုင်းစစ်ဗိုလ်ချုပ်ကြီးပြောပုံက အမျိုးသားရေး ဇောင်းပေးမဲ့သဘောပါနေတယ်နော်"
"ဇောင်းမကလို့ဖောင်းဘောပေးတောင် မင်းတို့ငါတို့အနေသာကြီးပါကွာ၊ကြုံတုန်း ကမ္ဘာ့ဖလားဘောလုံးပွဲကြီးကို အေးအေးလူလူ ရှုစား နေကြပေရော့"
တပည့်ကျော်သုံးဦးမှာ သခင်မာစတာဒင်ဆြာ၏ သြဝါဒကို နှစ်လိုကြဟန်မရှိသော်ငြား ကမ္ဘာ့ဖလားအသံကြားကြလေသဖြင့် ပူပန် သောကမှန်သမျှ ပိန်းကြာရေမတင်တော့လေဟန် နှုတ်ဆိတ်သွားကြပြန်၏။

(၂)
တစ်ခါတရံ"ဆြာ့ထက်တပည့်လက်စောင်းထက်" ဟူသော ဆိုရိုးစကားသည် မှန်လေ့ရှိပြန်သည်တကား။ဆြာဒင်တို့ ရောက်ရှိခိုလှုံနေရာ ယိုးဒယားပြည်ကြီးတွင် အတိုက်အခံတို့၏ခေါင်းမာမှုကြောင့်ဟုဆိုကာ ယိုးဒယားစစ်တပ်ဦးစီးချုပ် ပရာယွတ်ချန်အိုချာမှ အာဏာ သိမ်းယူပြီး အတိုက်အခံခေါင်း ဆောင်တို့ကို အကျယ်ချုပ်ချသည်။၂၀၁၄ခုနှစ်၊မေလ(၂၂)ရက်နေ့တွင် ယာယီအာဏာသိမ်း၍ (၂၅)ရက် နေ့တွင် အပြီးတိုင်သိမ်းသည်ဟုဆိုလျက် နေဝင်မီးငြိမ်းမိန့်ထုတ်ကာ အတိုက်အခံခေါင်းဆောင်တို့၏ နေအိမ်ကိုဝင်ရောက်ရှာဖွေမှုများ၊ ပစ္စည်းနှင့်စာရွက်စာတမ်း အများအပြားကိုသိမ်းယူမှုများပြုသည့်အပြင် အာဏာသိမ်းဗိုလ်ချုပ်ကြီးကိုယ်တိုင် ကြားဖြတ်ဝန်ကြီးချုပ်ဖြစ် ကြောင်းကြေညာသည်။

ယိုးဒယားရုပ်သံလိုင်းများမှ စစ်ချီသီချင်းများဆက်တိုက်ထုတ်လွှင့်နေပြီး ဂျာနယ်နှင့်သတင်းစာတိုက်များတွင် လက်နက်အပြည့်အစုံနှင့် စစ်သားများစောင့်ကြပ်ကြည့်ရှုကာ စစ်တပ်မကြိုက်သော ဝက်ဘ်ဆိုဒ်တချို့နှင့်ဖေ့စ်ဘွတ်တို့ကိုပင် ခေတ္တပိတ်လျက် စစ်တပ်မကောင်း ကြောင်းသတင်းများ မထုတ်လွှင့်ကြရန် မီဒီယာများကို တရားဝင်သတိပေးခဲ့လေရာ ဆြာဒင်တစ်ယောက်တွေးရင်းတွေးရင်ကျောထဲက စိမ့်ကြောက်လာလေ၏။သို့သော် ထူးချွန်သောရှေ့ဆောင်ဦးစီးပုဂ္ဂိလ်တို့မည်သည် ရှစ်ခေါပဏီတပ်ကြီးနှင့်ရင်ဆိုင်ရလျှင်သော်မှကြောက် ရွံ့ဟန်မပြသင့်လေသဖြင့် တပည့်ကျော်တို့ကို ဆြာဒင်အားပေးနှစ်သိမ့်စကားဆိုလိုက်ရချေသည်။

"သိပ်လည်းမပူကြပါနဲ့ကွာ၊တစ်စုံတစ်ရာအရေးအကြောင်းကြုံလာရင် တို့ဗမာသံရုံးလည်း ဘန်ကောက်မှာ ရှိနေကမင့်ဟာ။ခေတ်ပြောင်း နေပြီဆိုတော့ ဗမာအလုပ်သမားတွေအရေးကို လျစ်လျူရှုမထားတန်လောက်ပါဘူး"
တပည့်ကျော်တို့ကား ဆြာဒင့်စကားအပေါ်တစ်စုံတစ်ရာ၊စကားခွန်းတုံ့မပြန်ကြသော်ငြား အတွေးပွားဖွယ်ရာ လေးနက်သောအဓိပ္ပါယ် ပါဝင်သည့် ကိုယ်စီခေါင်းတညိတ်ညိတ်ဆတ်ကြရင်း အသံတိတ်ဆန္ဒပြလျက်ရှိကြလေရာ ဒင်းတို့ဆိုလိုချင်သော စကားမှာ "စောင့်ကြည့် အုံးပေါ့ဗျာ" သို့မဟုတ် "ကျောချတာတောင်ဓားပြမှန်းမသိတဲ့ ဆြာဒင်" ဟူသော အဓိပ္ပါယ်ဖြစ်နိုင်ချေသည်တမုံ့။

(၃)
သင်းရို့၏ထက်မြက်လှသောဥာဏ်ရည်ကား ဆြာကောင်းတပည့်မို့ဖြစ်နိုင်ပေ၏။သင်းတို့၏ ခေါင်းညိတ်ဝေဖန်ခန့်မှန်းမှုသည် မှန်ကန် ကြောင်းနောက်ဆက်တွဲဖြစ်ရပ်များက သက်သေ ပြလျက်ရှိလေသည်။ထိုင်းစစ်တပ်အာဏာသိမ်းမှု၏ဂယက်သည် ပါတောင်ကမ်းခြေရှိ ဆွိုင်ဘင်္ဂလာလမ်းအား စတင်ရိုက်ခတ်ခဲ့လေရာ နစ်နာကြရသူတို့၏ တုန့်ပြန်ပုံကို ယင်းကမ်းခြေတွင် မြန်မာလက်ဖက်ရည်ဆိုင်ဖွင့် ထားသူ ဝင်းကျော်ခိုင်၏ တယ်လီဖုန်း သတင်း စကားအရသိရှိရ၏။ 

"ဟလိုဆြာဒင်၊ ဆွိုင်ဘင်္ဂလာက ယိုးဒယားအဝှာတွေတော့ ပါတောင်ရဲစခန်းရှေ့မှာ ဆန္ဒပြကုန်ပြီဗျို့"
"ဘာတုန်းအဝှာဆိုတာ၊ အဝှာဆိုတာနားမရှင်းလှဘူးမောင်"
"ဟာ ညံ့ချက်ဆြာဒင်ရယ်။ ဆွိုင်ဘင်္ဂလာက ယိုးဒယားမတွေဘာလုပ်သလဲဆိုတာလောက်တောင် မသိလေရော့သလား"
ဝင်းကျော်ခိုင်၏ စကားအဆုံး၌အဆိုပါလမ်းတွင် ဆြာဒင်ကိုယ်တိုင် ညဥ့်တစ်ချို့ကို ကုန်ဆုံးစေခဲ့ဖူးလေသည်မို့ဒုံးမဝေးလှသော ဆြာ ဒင်သည် နိုင်ငံတကာဧည့်သည်မဟာပုရိဿတို့ကျက်စားရာဆွိုင်ဘင်္ဂလာရှိ အမ္မပါလီ၏မျိုးဆက်သွေးတို့ကို ဖျတ်ကနဲပြေး၍မြင်လိုက်၏။

"အော်၊အဲဒီအဝှာတွေက၊ဘာအတွက် ဆန္ဒပြသတဲ့တုန်းမောင်ရ"
"ကာဖျူးကြောင့် တဏှာနဲ့မြူးချင်တဲ့ အဖြူကောင်တွေ အပြင်မထွက်ရဲလေတော့ သူတို့ စီးပွားရေးထိခိုက်သတဲ့ဆြာဒင်"
ဈေးကွက်လိုအပ်ချက်ရှိပါလျက် ရောင်းကုန်တို့မထွက်ခြင်းသည် စီးပွားရေးစံနစ်တွင်ဖြစ်ထိုက်သောအရာမဟုတ်ချေ။အဆိုပါဆန္ဒပြပွဲ သည်ထိရောက်သည်ဟုဆိုနိုင်၏။သုံးရက်အတွင်း ဖူးခက်မြို့သည် ကာဖျူးမှ ကင်းလွတ်ခွင့်ရခဲ့လေသည်။ယိုးဒယားမယ်တို့အတွက် မူမင်္ဂလာသတင်းဖြစ်ပါ၏။သို့သော် အာဏာသိမ်းထိုင်းစစ်တပ်၏ နိုင်ငံခြားအလုပ်သမားများအား စံနစ်တကျစိစစ်ရေးတည်းဟူသော စီမံချက်နောက်တွင် ထိုင်းနိုင်ငံရောက် ဗမာ၊ကမ္ဘောဒီးယားနှင့် လာအိုအလုပ်သမားတို့မှာ ကျီးလန့်စာစားအထိတ်တလန့်ဖြစ်ကြရသည့် တယ်လီဖုန်းသတင်းမျိုးစုံကား ဆြာဒင်ထံအဆက်မပြတ်ဝင်ရောက် လျက် ရှိ၏။

"ပါတောင်က ဗီယက်နမ်ဆိုင်တွေပိတ်ကုန်ပြီဆြာဒင်"
"ပါနာဆွန်ဆိုက်မှာ ဗမာတွေကိုဝင်ဖမ်းပြီတဲ့ဗျ"
"ဘန်ကောက်မှာ ခမင်(ကမ္ဘောဒီးယား)တွေကိုမောင်းထုတ်နေပြီဗျို့"
ယင်းသတင်းစကားတို့အနက် ကမ္ဘောဒီးယားရွေ့ပြောင်းအလုပ်သမားတို့၏ထူးခြားပြောင်မြောက်၊အောင်မြင်စွာဆုတ်ခွာကြပုံမှာတမူထူး သည်ဟုဆိုနိုင်သည်။ပြည်ပအလုပ်သမားတို့ကိုဖမ်းဆီးသည့်သတင်းနှင့်တပြိုင်တည်းမှာပင် ထိုင်းနိုင်ငံအနှံ့ရှိ ကမ္ဘောဒီးယားအလုပ်သမား သိန်းချီ၍ ယိုးဒယားမြေမှ ထွက်ခွာကြပုံမှာ အမိန့်နာခံသော စစ်သည်တော်တို့နှင့်တူလှချေ၏။ပြည်တော်ပြန်ကမ္ဘောဒီးယားလုပ်သားတို့ တညီတညွှတ်တည်းဖြေဆိုကြသည်ကား "အဖေနဲ့အမေ မိဘတွေက ပြန်ခေါ်လို့"ဟူသတည်း။အမိအဘဝတ္တရားကျေပွန်ကြပေစွ။

"အင်း၊ဝီစီတစ်ချက်မှုတ်လိုက်တာနဲ့ စည်းဝါးကိုက်ထားသလို တပြိုင်နက်ပြန်ကြတာ ထူးတော့အထူးသားကလား၊နို့ပေသည့် ထိုင်းနဲ့ ကမ္ဘောဒီးယားက မကြာမကြာရန်စောင်နေကြလို့လည်း ဖြစ်နိုင်တာပါပဲလေ"
အဆိုပါထူးခြားသတင်းအပေါ် ဆြာဒင်၏ချင့်ချင့်ချိန်ချိန်သုံးသပ်ချက်ကိုလည်း ကပ္ပလီ၊ဖေကြည်နှင့်လေမင်းသားပါ သဘောတွေ့ကြပုံ မရ။ ရှေးနည်းနှင်နှင် ခေါင်းတညိတ်ညိတ်ဖြင့်ပင်၊တုန့်ပြန်ကြပြန်ချေသည်။

(၄)
သည်တစ်ကြိမ်တွင်လည်းတပည့်ကျော်တို့ မမှားပြန်ကြောင်း ပြည်ပသတင်းမီဒီယာများအပါအဝင် ထိုင်းနိုင်ငံတနံတလျားရှိ မဟာဗမာ ရွေ့ပြောင်းအလုပ်သမားတို့ထံမှ သတင်းများက အတည်ပြုလျက်ရှိလေသည်။‘‘ထိုင်းလက်ရှိအာဏာရှိတဲ့ သူက တရားမ၀င်နေတဲ့သူ တွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ပြောထားတယ်။ဟိုနေ့ကလည်း မြန်မာသုံးဆယ် အဖမ်းခံရတယ် လို့ သိရပါတယ်။ သူတို့ နေထိုင်တဲ့ နေရာတွေလည်း ဖျက်ဆီးသွားတယ်လို့ ထိုင်းသတင်းစာတွေက ရေးထားပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း မြန်မာတွေ အဖမ်း ခံရသေး တယ်’’ ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းကဆိုသည်။နယ်စုံသလိုအသံ လည်းစုံလှချေ၏။

"ဘန်ကောက်မှာ စင်ထရယ်ဝေါနဲ့ ပသူနန်းဈေးထဲအထိ ဗမာတွေကိုဝင်ဖမ်းကုန်ပြီဆြာဒင်ရေ"
"မဲဆောက်မှာတော့ သိမ်းကြုံးဖမ်းတာ ရာချီနေပြီ"
"ရနောင်းကအလုပ်သမားနှစ်ယောက်ကို အဖမ်းမခံလို့ထိုင်းစစ်တပ်က သေနတ်နဲ့ပစ်သတဲ့"
"ပတ်စပို့ရှိရှိ မရှိရှိ၊ဝါ့ပါမစ်ရှိရှိ မရှိရှိ အကုန်ဖမ်းတာပါပဲဗျာ"
"ချင်းမိုင်မှာလည်း ထိုင်းစစ်တပ်ဖမ်းနေပြန်ပြီဗျို့"
ယိုးဒယားမြေရောက် ဗမာရွေ့ပြောင်းအလုပ်သမားတို့အဖို့၊ဖရိုဖရဲကသောင်းကနင်းနိုင်လှသော နေ့ရက်များပေတကား။ဥာဏ်ကြီးရှင် ဆြာဒင်လည်း အိမ်ရှေ့ပူအိမ့်နောက်မချမ်းသာ၊ဗမာအရေးတတ်ကျွမ်းနားလည်သူကြီးဟန်ပန်ဖြင့် ဖုတ်ပူမီးတိုက်အကြံပြုရပြန်၏။

"မြန်မာသံရုံးကို ဖုန်းဆက်ကြပါလဟ"
"ဆက်သလားမမေးနဲ့ဆြာဒင်၊အကြိမ်ပေါင်းရာချီရှိနေပြီ၊ဖုန်းမကိုင်ကြဘူးခင်ဗျ။ ပတ်စပို့တွေလုပ်တုန်းကတော့ကိုင်လိုက်တဲ့ဖုန်း၊တစ်ချက် ခေါ်တစ်ချက်ဝင်ပဲဆြာဒင်"
"ကိုရင်တို့ဆက်တဲ့ဖုန်းနံပတ်တွေက ဘော့ပင်နဲ့ရေးထားတာမို့ထင်ပါရဲ့၊ရော့ ကွန်ပြူတာစီထားတဲ့ ဖုန်းနံပတ်တွေကိုဆက်ကြပါအုံးလကွဲ့"
"ကိုင်ပြီဆြာဒင်ရေ ကိုင်ပြီ"
"အေး၊ဒီလိုပဲဖြစ်ရမယ်လေ။ဘာတွေဘယ်လိုကူညီမတဲ့တုန်း"
"သံရုံးကို လာခဲ့ပါတဲ့ခင်ဗျ"
"ဒါဆိုလည်းသွားလိုက်ကြလကွယ်"
"ဟာ၊ဆြာဒင်ရူးများနေရော့သလား၊ကျနော်တို့က ထိုင်းစစ်တပ်ကို ကြောက်လို့ ရာဘာတောထဲဝင်ပုန်းနေကြရတာ၊ကျနော်တို့အလုပ်လုပ် နေတဲ့မြို့က ဘန်ကောက်နဲ့ မိုင်လေးငါးရာဝေးတဲ့ဥစ္စာ"

စေတနာသည်ရံခါ၌ဝေဒနာဖြစ်တတ်ကာ ဆြာဒင်ပါအရူးစာရင်းအသွင်းခံရပြန်ချေသည်။ဤသို့လျှင် မိုးသည်ကံဆိုးမနှင့်ထပ်ချပ် မကွာ လိုက်ပါလျက်၊ထိုင်းရောက် မြန်မာတို့ကာလပျက် နေချိန်၊အခါသမယတွင် ဗမာပြည်ပြည်သူ့လွှတ်တော်ကြီးမှ ပြည်ပရောက်ဗမာ အလုပ် သမားတို့ကို အကာအကွယ်ပေးရေးဥပဒေသည် ပညာရှိအမတ်မင်းအပေါင်း၏တခဲနက်ကန့်ကွက်မှုကြောင့် ပယ်ချခြင်းခံရသည့် သတင်း ဆိုး ထွက်ပေါ်လာပြန်လေရာ နူရာဝဲစွဲရုံမက မြွေပူရာကင်းမှောင့်သည်အပြင် မြေနိမ့်ရာမှာလှံစိုက်ပြန်လေတော့သည်။

(၅)
မည်သို့ပင်ဆိုစေကာမူ လမိုက်ညတွင်ကြယ်ရောင်ပြက်သကဲ့သို့ မျှော်လင့်ချက်အလင်းရောင်တစွန်းတစ်စမူပေါ်ထွက်လာခဲ့ပါ၏။ ဗမာ ပြည်မီဒီယာအချို့တွင်ဖော်ပြသောအစိုးရမင်းများ၏ကြိုးပမ်းချက်တို့ကား အသည်းအသန်ဝေဒနာနှင့်သေမည့်မသာဆိုလျှင်ဖြင့် ရက်လည် ဆွမ်းကျွေးမှီလောက်ပေ၏။ 
"ဗမာ အလုပ်သမားတွေကို ဖမ်းမဖမ်း ကျနော်တို့စုံစမ်းနေပါတယ်"
"ဖမ်းနေတာမှန်ရင် အထက်ကိုတင်ပြပြီး တစ်ခုခုတော့လုပ်ပေးမှာပါ"
"ထိုင်းအစိုးရကိုလှမ်းမေးထားပါပြီ"

ဗမာရွေ့ပြောင်းအလုပ်သမားတို့၏ဘဝကား ကိုးခန်းပျို့ခေါ်စတုဓမ္မသာရပျို့မှ... အဖန်ဖန်လျှင်၊ တသန္ဓေဓေ၊ တပေလျဉ်းလျဉ်းတညှဉ်း ဆိုးဆိုး၊ တညှိုးလျလျ၊ တတလွမ်းလွမ်း၊ တသမ်းဟယ်ဟယ်၊ တတွယ်တာတာ၊ တဟာလှိုက်လှိုက်၊တရှိုက်ငင်ငင်၊ တပင်ပန်းပန်း၊ တဝန်းလျားလျား ဟူသောစာအဖွဲ့ကို သတိရ စရာကောင်းပါ၏။လူလည်စာရင်းဝင်ဆြာဒင်တစ်ယောက် လက်မှိုင်ချငေးငိုင်နေမိချိန်မှာပင် တိမ်တိုက်ကြားမှနေမင်းသည်ထွန်းလင်းလာ ပြန်ယောင်တစ်ကား။ရင်ခုန်လှိုက်မောရသောနေ့ရက်များ၏တစ်ခုသောနံနက်တွင် တပည့် ကျော်အာရုံခေါ်ဖေကြည်ထံမှဖုန်းဝင်လာခဲ့၏။

"စိတ်အေးပေတော့ဆြာဒင်၊ထိုင်းစစ်တပ်က ဗမာအလုပ်သမားတွေကို မဖမ်းတော့ဘူးတဲ့ခင်ဗျ"
"ဟေ၊ဟုတ်လား၊ထင်တော့ထင်သားပဲ။တို့အစိုးရက ကိုင်လိုက်ရင်ချက်ကောင်းကို တစ်ချက်တည်းအပိုင်ကိုင်တာ"
"အာ၊ဘယ်ကလာ ဆြာဒင့်အစိုးရလုပ်တာ ဟုတ်ရမတုန်း။အခုကမ္ဘောဒီးယားတွေသိန်းချီအိမ်ပြန်၊ဗီယက်နမ်နဲ့လာအိုတွေဖျာလိပ်၊ ဗမာ တွေဟိုပြေးဒီပြေးပုန်းနေကြတာကြောင့် ထိုင်းစက်ရုံအလုပ်ရုံတွေပိတ်ပြီး ထိုင်းစီးပွားရေးဇောက်ထိုးမိုးမျှော်ဖြစ်တော့မှာမို့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ထိုင်းစစ်တပ်ကို အရေးဆိုလို့ဆြာဒင်ရ။ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်အိုင်အယ်အိုကလည်း ထိုင်းရောက်ရွေ့ ပြောင်းအလုပ်သမားအရေးကို ထိထိရောက်ဝင်ပြီးကိုင်တွယ်မတဲ့"

စစ်ရေး၊နိုင်ငံရေး၊အမျိုးသားအမြင်မျိုးစုံပူးတွဲသုံးသပ်ဆင်ခြင်နိုင်သော ဖေကြည်ကား နန်းရင်းဝန်ရာထူးနှင့်ပင်ထိုက်တန်လှချေသည်။ ဆြာဒင်တစ်ယောက် "ဟေ"ဟူသောအာမေဋိတ်မျှပင် မပြုနိုင်လဒမှိုင်သာမှိုင်မိတော့သည်။ယင်းအချိန်တွင် ထူးထွေသည့်အံ့ရာသော်ဝ်၊ ထန်းသီး ကြွေခိုက်ကျီးနင်းခိုက်၊ထိုးကွင်းထချိန်သည် သူခိုးပြေးချိန်နှင့်ကားတိုက်ဆိုင်လှချေ၏။ထိုင်းစစ်အစိုးရက ဓမဖမ်းတော့ပါ"ဟု ကတိပြုချိန် နှင့်မရှေးမနှောင်းမှာပင် ဗမာသံအမတ်ကြီးသည် ထိုင်းအစိုးရအာဏာပိုင်များနှင့်တွေ့ဆုံသောသတင်းထွက်လာပြန်လေ၏။

"ထိုင်းအစိုးရက ကျနော့်ကို သေချာရှင်းပြလိုက်ပါပြီ။ဗမာတွေကိုမဖမ်းတော့ပါဘူးတဲ့"
"ဖမ်းတာက မူးယစ်ဆေးနဲ့လက်နက်မှောင်ခိုတွေပါ"
"နယ်စပ်မှာလဲမဖမ်းပါဘူး၊အေတီအမ်ငွေထုတ်စက်က ငွေလိမ်ထုတ်တဲ့သူနှစ်ယောက်ကိုဖမ်းတာပါ"
"ဖမ်းထားတဲ့သူတွေအကုန်ပြန်လွှတ်ပေးလိုက်ပါပြီ"
ရှေ့နောက်မညီသော ကမောက်ကမဖြေရှင်းချက်ကြောင့်အလဲလဲအပြိုပြိုဝရုန်းသုဉ်းကားပြေးလွှားမိသူများပင် ရာဇဝတ်မှုတရားခံဖြစ် ရချေအုံးတော့မည်။ဆက်တိုက်ဆိုသလို ဘန်ကောက်ရွှေမြို့တော်ဗမာသံရုံးမှ "လာပါလာပါမကြည်ရဲ့၊တကယ်စောင့်မဲ့အချိန်"ဟူသော အော်သံခေါ်သံတွေကြားလာရပြန်၏။တိုက်ဆိုင်လွန်းသောအဖြစ်ကိုပင်ဆြာဒင်အပြစ်တင်လိုက်ချင်တော့သည်။

(၆)
အတောဘယ်လိုတောတော၊ အဆန်းဘယ်လိုပြောပြော၊ ဆြာဒင်ယုံအောင်၊ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးပြသည့်တိုင်၊ ဆြာဒင်မယုံရဲပါလေ
တော့။ထိုင်း စစ်တပ်မှ ဗမာအလုပ်သမားများအား လုံးဝမဖမ်းတော့ပါဆိုသည့်တိုင် ထိုင်းရောက်ဗမာတို့၏သောက ကင်းဝေးနေနိုင်ရေး ကား ဟိုးဝေးဝေးကနှင်းပေတကား။ဆင်နင်းရုံဖြင့်ဆန်ကောပိုမပြားနိုင်တော့ပြီမို့ အရည်ထူထူနှင့်ရင်ခုန်နေရခြင်းပင်လျှင် ဘဝအဓိပ္ပါယ်ပေ တကား ဟူသော စိတ်မျိုးထားတတ်ရန်၊ဖူးခက်ရောက်မြန်မာအလုပ်သမားတို့ကို ဆြာဒင်သွန်သင်ရပေဦးတော့မည်။ 

မိုးလွန်မှထွန်ချ သည့်တိုင် ခဏတဖြုတ်လှည့်ကြည့်ဖော်ရလေသဖြင့်အစိုးရမင်းများ၏မဟာဂရုဏာတော်ကို ဆြာဒင်လေးနက်စွာအသိအမှတ်ပြု ကျေးဇူးစကား ဆိုပါ၏။ထိုမျှမက ဖူးခက်တွင်စခန်းသွင်းလေ့ကျင့်ရန်ရောက်ရှိနေကြကုန်သော မြန်မာမယ်စကြာဝဠာ လောင်းလျာ ကလေးများ ခလုပ် မထိဆူးမငြိရန်လည်း မေတ္တာရှေ့ထား၊စိန္တေရှင်ထံတော်ပါးတွင် ဆုတောင်းလျက်ရှိပါ၏။
ထို့ပြင်တဝဖူးခက်ရောက်ဗမာတို့ အရေးကြုံလေတိုင်း၊စိတ်အားတက်ကြွနေကြစေရန်နှင့်ဇာတိမာန်ထက်သန်စေရေးတို့အတွက် ဗမာ ရွေ့ပြောင်းလုပ်သားခွန်အားဖြည့်စစ်ချီတေးတစ်ပုဒ်ကိုလည်း သံပြိုင်သီဆိုတတ်စေရန် ဆြာဒင် လုံးပန်းရချေဦးတော့မည်။

"တူယှဉ်ကာလေ တကယ်ပဲအစွမ်းပြချင်တယ်။မြန်မာ့သတ္တိကမ္ဘာကသိအောင် ငါတို့တိုက်ခိုက်မယ်၊နိုင်ငံတော်အကျိုးရှိဖွယ်တာဝန်ကျေ ပွန်တယ်။တောတောင်အထပ်ထပ် တိုက်ပွဲချီတက်တိုက်ခိုက်မယ်။မိုးတွေကလည်းမစဲပဲရွာသွန်းတယ်၊ မြစ်ချောင်းအင်အိုင်ရေတွေပြည့်လို့ ငါတို့တိုက်ရတယ် ။ ဘယ်မှာလဲအိပ်ရတယ် ငါတို့ရှိလိမ့်မယ်။ အမြဲတမ်းချီတက်လို့သာတိုက်ခိုက်နေရတယ်။ရန်သူဟာလေ အရှုံးကြီး ရှုံးရတယ်။ မြန်မာရဲ့ သတ္တိကိုဘယ်မှာယှဉ်နိုင်မယ်။ ဘယ်မှာ ကြောက်စိတ်ရှိလိမ့်၊ ငါတို့ရွေ့ပြောင်းလုပ်သားရယ်"

(သရုပ်ဖော်ပန်းချီ  စိုးသော်တာ)

(၁)
"ဖလ်နေ၀န်းသို့ညီ ထွန်းလင်းပြောင်ပေသည်။ ဒါတို့တိုင်းတို့ပြည် တို့ကာကွယ်မည်။ထူးမြတ်တဲ့ တို့တိုင်းပြည် တိုင်းရင်းသား ငါတို့ လူမျိုး ပိုင်ရမည်လွတ်လပ်တဲ့ တို့တိုင်းပြည် ငါတို့ရဲ့ ခြင်္သေ့စိတ်ထား တည်ရမည်အာဇာနည် ရဲမက်တွေသည် ဇွဲနဲ့ တိုက်မည်။ ဗမာတွေ နိုးကြား လာပြီ ၊ အမျိုးသားစစ်သည်သေပေစေ၊ ရဲတဲ့ဇာနည် ဇွဲနဲ့တိုက်မည်၊ ခိုက်မည်တပ်မတော်ကြီးလည်း ချီလာပါပြီ၊အောင်တပ်မတော်ကြီးလည်း ချီလာပါပြီ"

ခေတ်သစ်မြင်းထိန်းများ...

<<<<< ခေတ်သစ်မြင်းထိန်းများ.... >>>>>

မြန်မာလူမျိုး တော်တော်များများ `` မြင်းထိန်းငတာ´´ ဆိုရင် သိကြပါတယ်။

ဘယ်လိုသိသလဲဆိုတော့  မြင်းထိန်းငတာက နန်းတွင်း ပညာရှိ  ယောအတွင်းဝန် ဦးဘိုးလှိုင် ရဲ့ ``ဥတုဘောဇန သင်္ဂဟကျမ်း နဲ့ ရာဇဓမ္မသင်္ဂဟ ကျမ်း´´ တွေကို ချီးမွမ်းဆွေးနွေးခဲ့တဲ့အတွက်  ကိုယ်တိုင်ရေးသားခဲ့သူ အတွင်းဝန် ဦးဘိုးလှိုင် ကိုယ်တိုင် အဝတ် ပုဆိုးပေးပြီး  နောင်မပြောလေနဲ့လို့ တားမြစ်ရတယ်ဆိုပြီး သိခဲ့ကြတာပါ။

ခေတ်သစ် အယူအဆတွေအရတော့ မြင်းထိန်းငတာကို နောင်မပြောဖို့ အ၀တ်ပုဆိုးပေးရင်း တားမြစ်ခဲ့တဲ့ ယောအတွင်းဝန် ဦးဘိုးလှိုင်ကို ကန့်ကွက်စရာအကြောင်းတွေ ဖြစ်ခဲ့ပါတယ်။

လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ တွေးခေါ်ရှုမြင်နိုင်မှု၊ လွတ်လပ်စွာ ဝေဖန်ဆွေးနွေးနိုင်မှုတွေကို အရှိန်အ၀ါသုံးရင်း တားမြစ်ခဲ့တယ်ဆိုတဲ့ ရှုထောင့်တစ်ခု။

နိမ့်ကျသောအလုပ်ကို လုပ်နေရသည့်တိုင် ကြီးမြတ်မှုကို နားလည်ခွင့် မရှိဘူးလားဆိုတဲ့ လူသားချင်းစာနာမှုနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ မေးခွန်းတစ်ခုတို့ပဲဖြစ်ပါတယ်။

တကယ်တော့ မြင်းထိန်းငတာကို ဦးဘိုးလှိုင် တားမြစ်ရခြင်းမှာ လူ့သဘောသဘာဝကို အခြေခံပြီး  တားမြစ်ရခြင်းသာ ဖြစ်တယ်လို့ ကျွန်တော် နားလည်မိပါတယ်။

ဒါကလည်း ကျွန်တော့်ရဲ့ နားလည်မှုသက်သက်ပါပဲ...။

တကယ်တော့ လူသားချင်းစာနာထောက်ထားမှု မည်မျှအထိ ခိုင်မာမှန်ကန်နေစေကာမူ လုပ်ငန်းတစ်ခု အကြောင်းအရာတစ်ခုအတွက် တကယ့်လက်တွေ့ဘ၀နှင့်ယှဉ်၍သာ စဉ်းစားဆုံးဖြတ်ကြပါတယ်။

သာမန် ပန်းချီဆရာတစ်ယောက်အတွက် စီမံခန့်ခွဲရေးတာဝန်ကို ထမ်းဆောင်ပေးရန် မညသည့်အစိုးရအဖွဲ့မှ ဖိတ်ခေါ်မည် မဟုတ်ပါ။ ဖိတ်ခေါ်ရန် လုံလောက်သော အကြောင်းပြချက်လည်း မရှိပါ။

တစ်သက်တာ အကြော်ရောင်း၍ အသက်မွေးသူ အမျိုးသမီးတစ်ဦးအတွက် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ် သတ်မှတ်ရန် မည်သူမျှ  အဆိုတင်သွင်းမည်မဟုတ်ပါ။ တင်သွင်းရန်လည်း အကြောင်းမသင့်ပါ။

သာမန် ဒုလ္လဘ ဦးဇင်းတစ်ပါးအား သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တစ်ခု ဆက်ကပ်ရန် မည်သူမျှ လျှောက်ထားပေးမည် မဟုတ်ပါ၊ လျှောက်ထားပေးရန်လည်း သတ်မှတ် အရည်အချင်း မပြည့်စုံပါ။

ထို့အတူပါပဲ နိုင်ငံရေးကို စိတ်ဝင်စားရုံမျှဖြင့် မြို့နယ်တစ်ခုရှိ ပါတီတစ်ခု၏ စည်းရုံးရေးမှူး သို့မဟုတ် အတွင်းရေးမှူး သို့မဟုတ် ဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။

ခရီးသွားလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးအနေဖြင့်လည်း နိုင်ငံတကာအတွေ့အကြုံမည်မျှ ရင့်ကျက်နေပါစေ နိုင်ငံရေးဆိုင်ရာ သုတေသန အကြံပြုစာတမ်းတစ်ခုရေးသားတင်ပြရန် မဖြစ်နိုင်ပါ၊ ကောင်းနိုးရာရာ ရေးသား တင်ပြပါကလည်း သက်ဆိုင်ရာမှ လက်ခံစဉ်းစားပေးမည် မဟုတ်ပါ။ 

သို့သော်... မည်သည့် လုပ်ငန်း၊ ပညာရပ်၊ သဘောတရား၊ အခြေအနေကိုမဆို လူတိုင်း လေ့လာခွင့်ရှိကြပါတယ်။ 

ကိုယ်စိတ်သန်ရာ အယူအဆအတိုင်း နားလည်ခွင့်လည်း ရှိကြပါတယ်.

ထို့ထက်ပို၍ ကြည်ညိုလေးစားခွင့် အားကျအတုယူခွင့် ထောက်ပံ့ပူးပေါင်းနိုင်ခွင့် လည်း ရှိကြပါတယ်။

သို့သော် မည်သည့်လုပ်ငန်းကို မဆို လူ့ သဘောသဘာဝကို လျစ်လျူရှု ဆောင်ရွက်ရန် မသင့်ပါ။ လူ့ဝန်းကျင် လူ့သဘာဝ၏ ကန့်သတ်စည်းများကိုလည်း ကျော်လွန်၍ မရပါ။

စစ်သည်ရဲမက်များအား စစ်ပညာ စာအုပ်စာတမ်းများ လေ့လာထားရုံမျှဖြင့် သာမန်အရပ်သားတစ်ဦးက ၀င်ရောက်ကာ စစ်ချီစစ်တက် အမိန့်ပေး၍ မရပါ၊ ကိုယ်တိုင်လေ့ကျင့်၍ ၀င်ရောက်အမိန့်ပေးပါကလည်း မည်သည့်စစ်သည်မျှလိုက်ပါလုပ်ဆောင်မည် မဟုတ်ပါ။

စီမံခန့်ခွဲမှု ပညာရပ်အား လေ့လာထားရုံမျှဖြင့် အစိုးရဌာနသို့ဖြစ်စေ ကုမ္ပဏီလုပ်ငန်းတစ်ခုသို့ ဖြစ်စေ  ၀င်ရောက် စီမံခွင့်မရှိပါ။

နိုင်ငံခြားတက္ကသိုလ်တစ်ခုမှ ဘွဲ့ရခဲ့သည့်တိုင် အခြေခံပညာ ကျောင်းများသို့ တိုက်ရိုက်ဝင်ရောက်ကာ စာပေ သင်ကြားခွင့်မရှိပါ။

ထိုသို့ ဖြစ်ရခြင်းမှာ လုပ်ငန်းသဘောအရ လက်တွေ့ သင်ကြားလေ့ကျင့်ခဲ့ရသော အ၀န်းအ၀ိုင်းနှင့် ကန့်သတ်စည်းမျဉ်း စည်းကမ်းများကြောင့်သာ ဖြစ်ပါတယ်။

ထိုသို့ ဆောင်ရွက်ခွင့်မရခြင်းကြောင့်လည်း လူတစ်ဘက်သားအား နှိပ်ကွပ်သည် ချိုးနှိမ်သည်ဟု အာဃာတထားကာ ပြစ်တင်ရှုံ့ ချ၍ မရပါ။

အမှန်တကယ်တွင် မြင်းထိန်း ငတာ ၏ တာဝန်သည် မြင်းများကို ကောင်းစွာ ထိန်းကျောင်းရန်သာ ဖြစ်ပါတယ်။ နန်းတွင်းမှူးမတ်များ အလည်တွင် ဦးဘိုးလှိုင်၏ ကျမ်းများအား ဆွေးနွေးရန် မဟုတ်ပါ။  

မြင်းထိန်းငတာကဲ့သို့ မိမိနှင့် ၀င်ဆံ့ခြင်းမရှိသော မတန်မရာ အကြောင်းအရာတစ်ခုအား အလျင်းမသင့်ရာ နေရာတစ်ခုတွင် ၀င်ရောက် ဆွေးနွေးခြင်းကြောင့် ``ဥတုဘောဇန သင်္ဂဟကျမ်း နဲ့ ရာဇဓမ္မသင်္ဂဟ ကျမ်း´´တို့ရဲ့ မူလ တန်ဘိုးများကို ပျက်ယွင်းစေယုံမျှမက အခြားသူများ လေ့လာလိုက်စားရန် စိတ်ပျက်စေသော အပြုအမူ ဖြစ်ပါတယ်။

အကြောင်းအရာတစ်ခုအား ကိုယ်သန်ရာရှုထောင့်မှ ပြစ်တင် ဝေဖန်ပိုင်းခြားခြင်းထက် မသိနားမလည်စွာ ၀င်ရောက်  မြှောက်ပင့်ပြောဆိုခြင်းက  မူလ တန်ဘိုးအား ပို၍ ဆိုးရွာစွာ ထိခိုက်ပျက်ယွင်းစေတတ်ကြောင်း ထိုစဉ်က ``ငတာ´´ နားလည်ခဲ့သလား စဉ်းစားမရသော်လည်း  ခေတ်သစ် ``ငတာ´´များကိုတော့ဖြင့် ကျွန်တော်နားလည်စေချင်ပါတယ်။

မည်သူသည် မည်မျှအထိ မည်သည့်ပညာရပ်ကို နားလည်တတ်ကျွမ်းပါစေ... လူ့သဘော သဘာဝကိုတော့ လျစ်လျူရှု၍မရကြောင်း တင်ပြရင်း... ဘာပဲဖြစ်ဖြစ် ရယ်ရွှင်ဖွယ်ရာ ဟာသများကို တင်ဆက်တတ်သော ခေတ်သစ် မြင်းထိန်းငတာများလည်း ကျန်းမာကြပါစေဗျာ...

(ကွန်ဆူးမား)(၂၀-၆-၂၀၁၄)

မြန်မာလူမျိုး တော်တော်များများ `` မြင်းထိန်းငတာ´´ ဆိုရင် သိကြပါတယ်။
ဘယ်လိုသိသလဲဆိုတော့ မြင်းထိန်းငတာက နန်းတွင်း ပညာရှိ ယောအတွင်းဝန် ဦးဘိုးလှိုင် ရဲ့ ``ဥတုဘောဇန သင်္ဂဟကျမ်း နဲ့ ရာဇဓမ္မသင်္ဂဟ ကျမ်း´´ တွေကို ချီးမွမ်းဆွေးနွေးခဲ့တဲ့အတွက် ကိုယ်တိုင်ရေးသားခဲ့သူ အတွင်းဝန် ဦးဘိုးလှိုင် ကိုယ်တိုင် အဝတ် ပုဆိုးပေးပြီး နောင်မပြောလေနဲ့လို့ တားမြစ်ရတယ်ဆိုပြီး သိခဲ့ကြတာပါ။
Related Posts Plugin for WordPress, Blogger...