Friday, January 2, 2015

ဖိုးသိကြားနဲ့ နယူးရီးယား 2015

ဟေ့.. မာတလိ
မှန်လှပါ အရှင်သိကြား
ဘာလိုလိုနဲ့ နယူးရီးယားတောင် နီးလာပြီ။ ငါလည်း လူ့ပြည်မဆင်းတာ အတော်ကြာပြီ။ ဒီနှစ်နယူးရီးယားတော့ လူ့ပြည်ဆင်းပြီး မော်ဒယ်ဂဲလ်လေးတွေနဲ့ ကဲဦးမှ.. အဲလေ လူ့ပြည်လူ့ရွာ အခြေအနေကို ဆင်းအကဲခတ်ဦးမှ။ ဒီတော့ လူ့ပြည်ဆင်းဖို့ မင်းစီစဉ်လိုက်ကွယ်။ အရေးအကြီးဆုံးက နတ်မှတ်ပုံတင်တွေ မမေ့ဖို့ပဲ။ အဲဒါတော့ ဂရုစိုက်။ တော်ကြာ ဧည့်စာရင်းတိုင်ဖို့ ခက်နေဦးမယ်။
ဒါနဲ့ နေပါဦး.. ဒီနေ့ နတ်ပြည်မှာ လူရှင်း အဲလေ နတ်ရှင်းလှချေလား.. ဘယ်တွေရောက်ကုန်ကြလဲ? ဝိသကြုံနတ်သားခေါ်စမ်း..

မှန်လှပါ ဝိသကြုံက အွန်လိုင်းမှာ မဒီကညာလေးတွေနဲ့ ကျူနေလို့ မအားသေးပါ အရှင်သိကြား

တိန်. ကောင်းကွာ.. ငါ့မိဖုရားတွေ ဖြစ်တဲ့ သုမာလာ သုနန္ဒာ သုမိတ္တာ သုစိတ္တာ သုဇိတာ သုဇာတတို့တတွေရော?

သူတို့လည်း လူ့ပြည်က အကယ်ဒမီပေးပွဲကို Live ကြည့်နေတာမို့ အပြင်မထွက်နိုင်ကြောင်းပါ အရှင်သိကြား.. ခုတောင် နေတိုးပရိတ်သတ်နဲ့ အာဆီယံပရိတ်သတ်, ဟုတ်ပေါင် ပြေတီဦးပရိတ်သတ် ထသတ်တော့မလို ဖြစ်နေကြောင်းပါ

ကတောက်.. ဒီမိဖုရားတွေနဲ့ ငါနဲ့တော့ တွေ့တော့မယ်။ ဘယ်သူရရ သူတို့နဲ့ဆိုင်တာကျလို့.. ကဲကွယ် ရှိစေတော့ လူပြည်ဆင်းဖို့သာ ပြင်ပေတော့ ညကားနဲ့ထွက်ကြမယ် အဲလေ မှားလို့ နတ်ပန်းရထားနဲ့ ဆင်းကြမယ်လို့.. အာ့လာပြောတာ။ အော် အရေးထဲ ယောင်ကုန်ပြန်ပါပြီ။

သို့ဖြင့် ကျွန်ုပ်ဖိုးသိကြား နယူးရီးယားဖို့ လူပြည်သို့ ဆင်းလာချေပြီတမုံ့...

လူ့ပြည်သို့ရောက်သော်…
ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းဆိုသလို လူတွေရုတ်ရုတ်သဲသဲဖြစ်နေတာ တွေ့လိုက်ရတယ်။ တဖက်မှာလည်း အဖြူကောင်တွေ အပြာကောင်တွေ အနီရောင်တွေနဲ့။

ဟဲ့..မာတလိ ဘာတွေဖြစ်နေတာတုန်းကွယ့်

မှန်လှပါ..ကျွန်တော်မျိုးသွားစုံစမ်းလိုက်ပါ့မယ်..

မကြာခင်မာတလိ ပြန်ရောက်လာတယ်။ လက်ပံတောင်းက လယ်သမားတွေအရေးနဲ့ပတ်သက်ပြီး ပြည်သူတွေ ဆန္ဒဖော်ထုတ်နေကြတာပါ။ အဖြူကောင်တွေက တရုတ်။ အပြာကောင်တွေက ရဲ။ အနီရောင်တွေကတော့ ဘုန်းကြီးတွေပါ။ လက်ပံတောင်းတောင်ပဋိပက္ခမှာ ရဲတွေပစ်လို့ အမျိုးသမီးကြီးတဦး နဖူးကိုသေနတ်မှန် သေဆုံးပြီး ကျန်တဲ့လယ်သမားတချို့လည်း ဒဏ်ရာတွေရရှိတယ်လို့ ကြားပါတယ်သိကြား..

ဟေ.. ဒီလိုမျိုးတွေရှိသလား.. နဖူးကိုမှန်အောင် လက်စွမ်းပြတဲ့ ရဲတပ်ဖွဲ့ဆီ သွားကြစို့..

ကျွန်ုပ်တို့အားမြင်သော် ရဲများအားလုံး ကြောက်ရွံ့ဒူးတုန်ကုန်ကြတယ်..။ ကဲ.. ပြောကြစမ်း.. မင်းတို့က ကိုယ့်လူမျိုးချင်းကို သေနတ်နဖူးထိအောင် ပစ်တယ်ဆိုတော့ မင်းတို့ကဘာကောင်တွေလဲ.. မြန်မာ့ရဲလား.. တရုတ်ရဲလား..

မြန်မာ့ရဲတွေပါ

အော်.. မြန်မာ့ရဲတဲ့လား.. မှတ်တောင်ထားရဦးမယ်.. တရုတ်အားကိုး ပလွေရိုးတွေ.. သေတာ့မယ်..
ကျွန်ုပ်လည်း လက်ကိုရွယ်လိုက်သော်

အကုန်လုံးရှိခိုးဦးချလျက်.. မလုပ်..မလုပ်ပါနဲ့.. အရှင်သိကြား.. ကျနော်တို့ကအထက်အမိန့်အရ ပစ်ရတာပါ..

အေး..ဒါဆို ဒီကိစ္စမှာ တာဝန်အရှိဆုံးရဲမှူးကြီးဆီ ငါ့ကိုလိုက်ပို့စမ်း

ရောက်ပါလေပြီ..။ ကြီးကျယ်ခမ်နားသော အခန်းကြီးထဲမှာ စားသောက်စရာ အစုံအလင် ကောင်မလေးတွေ တပုံတပင်နဲ့ ပွဲကျနေတာများ ကျုပ်တို့နတ်ပြည်ထက်တောင် သာသေး..။ သူနဲ့အတူ လူမျိုးခြားတရုတ်တွေလည်း ရှိနေကြတယ်..။ အမယ်..မယ်.. တရုတ်တကောင်က မြန်မာသီချင်းတပုဒ်ကို မပီကလာနဲ့မိုက်ခဲနေတယ်။ သူဆိုနေတဲ့သီချင်းက ဘာတဲ့.. အထင်များမှားခဲ့ရင် တို့များသွေးကွဲမယ်.. တို့များသွေးကွဲရင် တို့ပဲအကျိုးယုတ်မယ်.. ဆိုပဲ.. ကျွန်ုပ်လည်း ဒေါသထွက်စွာဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်တယ်..

တိတ်စမ်း..

အားလုံးတဒင်္ဂငြိမ်သက်သွားတယ်..။ တရုတ်တို့မှာ ကျွန်ုပ်အားမမြင်ဖူးသဖြင့် မှင်သက်ကုန်တယ်။ ဖိုးသိကြားလည်း ရဲမှူးကြီးကို လက်ညှိုးပြီး

သင်တို့ကတော့ ဒီမှာဇိမ်ကျနေကြတယ်..။ ဟိုမှာတော့ သေတဲ့သူသေ။ ဒဏ်ရာရသူရနဲ့ သွေးမြေခနေကြပြီ။

မှန်လှပါ။ ကျနော်မျိုးတို့က ခြောက်လှန့်တဲ့အနေနဲ့ မိုးပေါ်ထောင်ပစ်တာပါ..

မိုးပေါ်ထောင်ပစ်ရင် နဖူးကိုကျည်မှန်ရအောင် လယ်သမားတွေက တုတ်ထောက်ခုန်နေကြလို့လား

အဲ.. မှားသွားလို့ပါ..။ အောက်ခြေကိုပဲ ပစ်တာပါ..

ဘာ...အောက်ခြေကိုပစ်တာဆိုရင် သင်ဆိုလိုချင်တဲ့အဓိပ္ပါယ်က နဖူးမှန်တဲ့သူက ကင်းမြီးကောက်ထောင်နေလို့.. ဒါမှမဟုတ်ရင် မိချောင်းသွား သွားနေလို့.. ဂလိုလား? တယ်လေ.. ငါ.. ၀ရဇိန်လက်နက်နဲ့ ရိုက်ခွဲလိုက်လို့ ယမမင်းဆီ ဗီဇာမလိုဘဲ ရောက်တော့မယ်..

ရဲမှူးကြီး ချွေးပျံနေပြီ။ အောက်ပိုင်းတခုလုံးမှာလည်း သေးများရွဲလျက်.. တရုတ်တွေကို ငဲ့ကြည့်ပြီး

ကြောက်..ကြောက်ပါတယ် အရှင်သိကြား.. တရုတ်အကျိုးစီးပွားတွေ ဘေးမသီရန်မခအောင်ကာကွယ်ဖို့ အထက်ကမှာထားလို့ လုပ်..လုပ်ရတာပါ...

ကျွန်ုပ်လည်း တရုတ်တွေဘက်လှည့်လိုက်လေတယ်။ တရုတ်တွေမှာ ဖိုးသိကြားကို မျက်လုံးရွဲကြီးများနဲ့ ငေးမော့ကြည့်နေကြများ ဖိုးသိကြားတောင် ဖိုးသိုးဖတ်သတ်။ အင်း.. ဒီကောင်တွေကို အလျော့ပေးလို့မရဘူး။ မျက်နှာကို ပြန်တင်းလိုက်တယ်..။ သူတို့အားကိုးတဲ့ ရဲမှူးကြီးတောင် ကြောက်သေးပါနေပြီဆိုတော့ ဖိုးသိကြားကို ပေါ့သေးသေးမဟုတ်မှန်း ရိပ်မိမှာပေါ့။ တရုတ်လည်တွေပဲ..။

တူ..တူက အဒူရဲဟင်..

အဒူရဲတွေ အဒူစစ်သားတွေလုပ်မနေနဲ့.. ငါကမင်းတို့အမေလင်မဟုတ်ဘူး။ အေး.. မင်းတို့အမေလင်တွေတောင် ကြောက်ဒူးတုန်ရတဲ့ နတ်တို့သနင်း သိကြားမင်းပဲ

ဟယ်.. ဟန်ကျတာပဲ.. နတ်တလင်းက သကြားအ၀ယ်တော်မင်းကိုး.. သကြားဘယ်ဈေးပေါက်သလဲငင့်.. မြန်မာပြည်က ကြံခင်းတွေသိမ်းပြီး သကြားဈေးကွက်လက်ဝါးကြီးအုပ်.. အဲလေ သကြားလုပ်ငန်းလုပ်ချင်လို့..

ကျွန်ုပ်မှာ ဒေါသအကြီးကြီးထွက်သွားချေပြီ..။ ဒီအချိန်မှာပဲ မာတလိက တရုတ်တွေရှေ့ ၀ှစ်ခနဲရောက်သွားပြီး

ဘာ..သောက်တရုတ်တွေကများ လူပါးဝလို့ ငါတို့အရှင်ကို စော်တကားမော်တကား စကားတွေပြောချင်ဦး.. ကဲကွာ.. ကဲကွာ.. မှတ်ထား.. ငါတို့အရှင်က နတ်ပြည်မှာအကြီးဆုံး နတ်ဘုရင်ကွ

မာတလိရဲ့လက်စွမ်းပြတီးလုံးများကား IC က ချစ်စမ်းမောင်ပင် မှီနိုင်ဖွယ်မထင်.. ခဏချင်းမှာ တရုတ်အားလုံး ကုန်းပေါ်ရောက်တဲ့ငါး ချီးမဟပ်ရတော့သလို ဟစိဟစိဖြစ်ကုန်ကြတယ်..။ ဖြစ်ကုန်မှာပေါ့ မာတလိဆော်ချက်က သူတို့ရဲ့ဟီးရိုးတွေဖြစ်တဲ့ ပရုတ်ဆီ၊ တေဇာဘမ်း အဲလေ ဂျက်ကီချန်း ဂျက်လီတို့တောင် ငုတ်တုတ်မေ့စေနိုင်တာကိုး

ကျွန်ုပ်လည်း မနေသာတော့ဘဲ ၀င်တားလိုက်ရတယ်..။ မာတလိရေ.. တော်လောက်ပြီဟေ့.. တော်ကြာ မင်းအုပ်စိုးဖြစ်သွားဦးမယ်..။ အခုက လူ့ပြည်ဆိုတော့ စိတ်ထိမ်း။ ငရဲပြည်ရောက်မှ ဆက်ဆုံးမကြတာပေါ့.. ဟေ့.. ဒီမှာ ၀မ်ပေါင်တွေ ၀မ်ကြောင်တွေ မသိဘူး။ မင်းတို့ကိုယ့်အထုတ်အပိုးကိုယ်ယူပြီး လစ်ပေတော့ နောက်တခါ ငါဆင်းလာလို့ ထပ်တွေ့ရင် မလွယ်ဘူးမှတ်.. ကဲမာတလိရေ.. ဒီဇာတ်လမ်းမှာ အဓိကတာဝန်အရှိဆုံးဖြစ်တဲ့ စိန်ပြောင်ရှင်းဆီ ဒိုးကြမယ်..။ ဒါနဲ့ နတ်ပြည်နဲ့ရော အဆက်အသွယ်ရလား.. ငါဒီမှာ နည်းနည်းကြာဦးမယ်လို့ပြောလိုက်..

မှန်လှပါ.. ဒီကဖုန်းလိုင်းတွေ မကောင်းတဲ့အတွက် ဆက်သွယ်မရကြောင်းပါ..

ဒါဖြင့်လည်း နတ်မေးလ်နဲ့ ဆက်သွယ်လေကွယ်

နတ်မေးလ်းလည်း ကော်နက်ရှင်မတက်လို့ ဆက်သွယ်မရကြောင်းပါ.. ဒီကြားထဲ မီးပျက်ရင်ဖုန်းလိုင်းတွေလည်း ပျက်ပျက်သွားတတ်လို့ ကျနော်မျိုးတောင် အွန်လိုင်းမှာ ဖွန်မကြောင်နိုင်ပါ အရှင်သိကြား.. ခုလည်း မီးပျက်နေတာမို့ ကျနော်မျိုးရဲ့ နတ်ပါဝါတောင် Charging ကုန်တော့မယ်..။ ကယ်ပါဦး.. အရှင်သိကြား..

ခွီးမှပဲ.. ဒီတိုင်းပြည်ကိုလာတိုင်း ဒီလိုချည်းပဲ.. အမ်ပီတီနဲ့သမီးယောက်ဖ အီးပီစီသောက်ချိုးကိုမပြေဘူး၊ ဒီလိုဆိုရင်တော့ နယူရီးယားပြီးတာနဲ့ ပြန်မှဖြစ်မယ်။ တော်ကြာငါ့မိဖုရားတွေ ကိုရီးယားကားတွေကိုအတုခိုးပြီး အိမ်ထောင်ရေး.. အဲ..နတ်ထောင်ရေးဖောက်ပြန်ရင် ကိုယ်ကျိုးနဲလိမ့်မယ်.. ကဲ.. လာခဲ့.. ငါ့မှာကျန်သေးတဲ့ နတ်ပါဝါလေး နည်းနည်းမျှပေးမယ်..။ အဲဒါတွေကြိုသိလို့ ပါဝါဘန့်ယူလာတာ..။
ဖိုးသိကြားလည်း မာတလိကို ပါဝါသွင်းပေးလိုက်တယ်.။

ကဲလာ.. စိန်ပြောင်ရှင်းဆီ ၀င်ကြစို့

သမ္မတကြီးစိန်ပြောင်ရှင်းကို အဝေးမှပင်တွေ့မြင်နေရတယ်..။ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံသဘင်အတွက် လေ့ကျင့်နေကြသူတွေကို မြေးအဖိုးနှစ်ဦးက လက်လေးတပြပြနဲ့ သာယာနေပုံပဲ..။

ဗျို့.. ဦးပြောင်ရှင်း.. ဘယ်လိုလဲဗျ.. အေးရာအေးကြောင်းပါလား

အော်.. ဖိုးသိကြားပါလား.. မတွေ့တာတောင်ကြာပြီ။ အသက်တွေကြီးလာတော့ အေးရာအေးကြောင်းပဲ နေချင်တယ်။

အေးရာအေးကြောင်းနေချင်ရင် သမ္မတလုပ်မနေနဲ့...။ သမ္မတဖြစ်ပြီး ဘာမှတာဝန်ယူမှုမှ မရှိတာ.. အဲဒါကောင်းသလား

ပြည်သူတွေကတော့ ကောင်းတယ်ပြောတာပဲ။ အခုတောင် နောက်သက်တမ်းကို ပြည်သူတွေက အလိုရှိတယ် ကြားလို့ ဆက်လုပ်ရဦးမယ်နဲ့တူတယ်..။

အံမယ် မယ် လာလာချည်သေး... ကျွန်ုပ်မသိဘူးမှတ်နေလား.. နေ့စားတွေနဲ့ ဆန္ဒဖော်ထုတ်။ အလွတ်ကျက်ခိုင်းတဲ့စာတွေ အော်ခိုင်းနေတာ

ထိုအခါမှ သမ္မတဦးပြောင်ရှင်း ရှက်စနိုးနဲ့ လက်ညိုးလေးကိုက်ရင်း

ရမလားလို့ ပြောကြည့်တာပါဟယ်..ဂယ်ပဲ

ကျူပ်ကိုလေပြော့လေးနဲ့ မိဘပြည်သူများခံဗျား မလုပ်နဲ့..မရဘူး.. ခုလည်း နှစ်သစ်မိန့်ခွန်းမှာ မိဘပြည်သူများ ခံဗျားလုပ်ဖို့ အကြံထုတ်နေတာ မဟုတ်လား.. သိကြား ပါးပါးလေးနပ်တယ်..။ နေစမ်းပါဦး.. အားလုံးက အပွင့်တွေဆိုင်ဖို့ တောင်းဆိုနေကြတာကို သင်ကဘာ့ကြောင့်မဆိုင်ချင်ဘဲ ငြင်းနေရတာလဲ

ထိုအချိန်မှာပဲ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ ငတိတဦးက..

ဒါကဒီလိုရှိပါတယ်.. သမ္မတကြီးခမျာ ဟိုဟာတွေဟိုလိုရှိပြီး ဒီဟာတွေဒီလိုရှိနေတဲ့အတွက် ဟိုဒင်းဟိုဟာ အ၀ှာဖြစ်နေလို့.. အဲဒါလေ နားလည်ပေးပါလို့ သူ့ကိုယ်စား ကျနော်မျိုးက လျှောက်ထားပါရစေ.. အရှင်သိကြားမင်းကြီး

နေစမ်းပါဦး.. ငါကသမ္မတနဲ့စကားပြောနေတာ သင်ကမနေနိုင်မထိုင်နဲ့ ဘယ့်အတွက် ၀င်ပြောနေတာတုန်း.. လက်ထဲမှာလဲ ဖာကြီးနဲ့.. ဘာလဲ သင်က ဖာတလုံးခေါင်းကြားလား

မဟုတ်ပါဘူး.. ကျနော်မျိုးက ဖာကြားရေးဝန်ကြီး.. အဲလေ ပြန်ကြားရေးဝန်ကြီး ပရော်ဖက်ဆာ ဒေါက်တာစုတ်ဖွား ဖာတလုံးရဲဖွတ်ပါ..

ထွီ.. သင်ကများ ရာရာစစ.. ငါ့ကိုနားချနေရအောင် တယ်.. ငါလုပ်လိုက်လို့ သေရော့မယ်..
ကျွန်ုပ်လက်ရွယ်နေစဉ်မှာပဲ တပည့်ကျော်မာတလိက ဆော်လိုက်ပြန်လေတယ်။ ဖာတလုံးတယောက် ခေါင်းလေးကိုပွတ်ခါပွတ်ခါ ပါစပ်ကတော့တတွတ်တွတ်..

နောက်တခါ လာပြန်ချေပြီတယောက်.. ကျည်ဆံထိပ်ဖူးကို အရူးလိုခေါင်းမှာစည်းရင်း..

ဟေ့.. ဘူးလက်ကွ တလက်ထဲရှိတယ်.. နှစ်လက်ရှိရင် ငါးပိရည်နဲ့ပြုတ်တို့လိုက်မယ်.. ဒူတွေရဲကွ.. ငါတို့သမ္မတကြီးကို စော်ကားနေတာ အဖေ့ဘုတ်မှာ နာမည်တလုံးနဲ့နေတာ.. ဘူးလက်ဆို အရူးထက်ကြောက်တယ်ကွ..

ကတောက်.. ဒီသောက်ရူးကတမှောင့်.. အဖေ့ဘုတ်မကလို့ အမေ့ဘုတ်မှာပဲနေနေ.။ သင့်ကိုမျက်စိနောက်နေတာကြာပြီ။ လွှတ်တော်အမတ်လုပ်နေပြီး တိုင်းပြည်အတွက် ဘာတွေဆည်းပူးလဲ.. ခွေးပူးတာလောက်ကို စာတတန်ပေတတန်ဖွဲ့နေတဲ့သူကများ.. သင်ရေးတဲ့စတေးတပ်တွေက ငါးနှစ်သားခလေးက အီအီးပါနေပါတယ်လို့ တင်တဲ့စတေးတပ်လောက်တောင် ကျက်သရေမရှိ.. သင်တို့လိုလူမျိုးက လွှတ်တော်အမတ်ဖြစ်နေမှတော့ ဒီတိုင်းပြည်နိမ့်ကျတာ မဆန်းပါဘူး.. ပြောရင်းနဲ့ ဒေါသထွက်လာပြီ

ကျွန်ုပ်ကပြောရရုံရှိသေး.. မာတလိက အမုန်းကျွေးလိုက်ရာ ဘူးလက်တယောက် အရူးဇာတ်တောင်မခင်းနိုင်ဘဲ မှောက်သွားပြန်လေတယ်..။

ကဲ.. ဦးပြောင်ရှင်း.. ကျန်တဲ့သက်တမ်းမှာ မရှင်းမရှင်းမလုပ်နဲ့.. သမ္မတတယောက်ဖြစ်ပြီး ပျော့တိပျော့ညံ့ တွေဝေမနေနဲ့။ ပြောင်းသင့်တာပြောင်း မောင်းသင့်တာမောင်းပေါ့..။ ဒါမှ သင်နာမည်ကောင်းကျန်မှာ..။

အေးပါ.. ဖိုးသိကြားရယ်.. ငါ့မှာလည်း အထက်ကိုမလွန်ဆန်နိုင်လို့ပါ

ဟေ.. လာပြန်ပြီလား.. ဒီအထက်က.. အိမ်း.. ငါသိပြီ.. ဒီတခါအထက်ဆိုတာကတော့ ငါ့ရဲ့ဘော်ဒါဟောင်း စာဖတ်နေသူကြီးပဲဖြစ်မယ်..။ ဒါနဲ့သူက မာလကီးယားသွားပြီဆို

မယားသေးပါဘူး.. ယတြာချေတာပါ.. ယားမှာစိုးလို့..

အေး..ဂလိုဆိုလည်း မယားခင်သွားတွေ့ရသေးတာပေါ့.. ငါပြောတာတွေ မှတ်မိတယ်နော့.. နောက်တခါ ဆင်းလာလို့မှ ထူးမခြားနားပတ်ပျိုး ကြိုးညှိနေတုန်းဆိုရင်တော့ မလွယ်ဘူး..။

ဖိုးသိကြားနဲ့ မာတလိတို့လည်း မိတ်ဆွေဟောင်းကြီးဆီသို့ ချီတက်ခဲ့ပြန်ချေပြီ..။ မိတ်ဆွေဟောင်းကြီးအိမ်သို့ရောက်သော်

အိမ်ရှေ့ခန်းမှာ ဒေါသတချောင်းချောင်းထွက်နေတဲ့ ဖိုးရွှေကြီးတို့မိသားစုကို တွေ့လိုက်ရတယ်..။ သူတို့ကိုကြည့်ရတာ ကျီးကန်းအုပ်ထဲ ကွမ်းတံတွေးပက်ထားသလို မည်းမည်းနီလျက်..

ဟေ့.. ဖိုးရွှေကြီး.. မတွေ့တာတောင်ကြာပြီ။ ကြားရတဲ့သတင်းကလည်း မမှန်သေးပါလား.. ဟိုမှာ ယမမင်းတောင် လည်ပင်းမျှော်စင်ဖြစ်နေပြီ..

ကျွန်ုပ်ကိုမြင်သော်.. ဖိုးရွှေကြီးတို့မိသားစု နှာခေါင်းတရှုံ့ရှုံ့ ဖြစ်သွားတယ်။

အော်.. ဖိုးသိကြားကိုး.. ဘယ်ကလှည့်လာတာလဲ..

ဘယ်ကမှ လှည့်မလာဘူး.. တည့်တည့်ဝင်လာတာ.. ဒါနဲ့ နေစမ်းပါဦး သင်တို့ကဘာ့ကြောင့် ဒီလောက်ဒေါသထွက်နေကြတာလဲ

မထွက်ပဲခံနိုင်ရိုးလား ဖိုးသိကြားရယ်.. အကယ်ဒမီပေးပွဲမှာ စန္ဒယားဆရာရဲ့တံတွေးခွက် ကျုပ်တို့ပက်လက်မျောနေရတာကိုး..

နို့.. မဟုတ်ဘူးလား.. ဟုတ်တာပြောတာပဲလေ.. ခံပေါ့.. ခံပေါ့

ဖိုးသိကြားစကားကို သူတို့ကျေနပ်ဟန်မတူ။ ဖိုးရွှေကြီးမြေးတော် စိန်မျောက်မျောက်က အဆိုးဆုံး.. မျက်စောင်းတထိုးထိုးနဲ့.. ထိုးမှာပေါ့.. တခါက ခုလိုနယူးရီးယားအချိန်မှာ သူ့ကိုနှိပ်ကွပ်ခဲ့ဖူးတာကိုး...။ ဖိုးသိကြားနဲ့ နယူးရီးယား 2011 တုန်းက..ဤကား စကားချပ်။ သို့သော်လည်း ဘာမှမတတ်နိုင်တာမို့.. ငြိမ်နေကြတယ်။

ဒါနဲ့နေပါဦး.. သင်က ခုချိန်ထိအောင် ကြိုးဆွဲနေဆဲပဲလား.. သင့်တပည့်တွေက သင့်လက်အောက်ကနေကို ဖောက်မထွက်နိုင်သေးဘူး။ တကယ်တော့ သင်ဟာ ယားသင့်နေပြီ။

ဘာကိုပြောတာလဲဟင်..

ဘာပြောရမလဲ.. သင်ဆွဲခဲ့တဲ့ Road Map တွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေဆဲဆိုတာကို ပြောတာ..။ တကယ်တော့ သင်ဟာ မာလကီးယားသင့်နေပြီ ခုချိန်ထိ တိုင်းပြည်ကိုဒုက္ခပေးရရင် ကျေနပ်တော့ပေါ့.. ပြည်သူတွေမှာ ၀မ်းသာရမလို ၀မ်းနည်းရမလိုကိုဖြစ်လို့.. ကဲ.. သင်လည်း မြန်မာပြည်သူတွေအတွက် နယူးရီးယားလက်ဆောင်အဖြစ် မြန်မြန်ယားဖို့ ပြင်ဆင်ပေတော့.. ငါတို့လည်း ယားဖို့အချိန်နီးနေပြီမို့.. လစ်ပြီ... တာ့တာ ဆီးယူအတ်အ၀ီစိ..

ကျွန်ုပ်ဖိုးသိကြားနဲ့ မာတလိနှစ်ယောက်သား ဖိုးရွှေကြီးအိမ်မှပြန်အထွက် အချိန်ကား ၂၀၁၄ ကုန်ဆုံးပြီး ၂၀၁၅ ၀၀း၀၀ နာရီသို့ ကူးပြောင်းရောက်ရှိသွားလေင်္ပြီ။ ကောင်းကင်တခွင်မှာ မီးရှူးမီးပန်းများက လှပခမ်းနားစွာ.. အားလုံးရဲ့မျက်နှာများမှာ အပျော်တွေကူးစက်လို့.. တခဲနက်ဟစ်အော်နေကြတာများ.. HAPPY NEW YEAR.. HAPPY NEW YEAR.. HAPPY NEW YEAR.. တဲ့

ဖိုးသိကြားတို့ပါ လိုက်ပါဟစ်ကြွေးနေမိလေပြီ..

HAPPY NEW YEAR.. HAPPY NEW YEAR.. HAPPY NEW YEAR...

ဟဲ့ကောင်လေး.. ဖိုးသိကြား.. ဘာတွေအော်နေတာလဲ.. ထတော့ မနက်မိုးလင်းတော့မယ်..။ ပြီးရင် အမေ့ကိုဘုန်းကြီးကျောင်းလိုက်ပို့ပေးဦး..

အမေ့စကားသံနဲ့အတူ လှုပ်နှိုးခံလိုက်ရတဲ့ဖိုးသိကြား အိပ်မက်ကမ္ဘာမှ လက်ရှိလောကထဲသို့ ပြန်ရောက်လာတယ်..။ ပြတင်းပေါက်ကို ဖွင့်လိုက်တော့ အရှေ့ဆီမှ ရောင်နီကပျို့အန်ကျလာပြီ။ ငှက်ကလေးတွေရဲ့ အိပ်တန်းထသံနဲ့အတူ ကမ္ဘာလောကကြီးက သာယာလှပလျက်...

အားလုံးပဲနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...
အားလုံးကို ချစ်ခင်လေးစားသော.. ဖိုးသိကြား (31-12-14) 1:00 AM

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...