Saturday, January 10, 2015

သတင်းထောက် (ကလေးများ) မှသည် သတင်းထောက်လူကြီးသို့...


ရှေးရှေးက တက္ကသိုလ်သွားလျှင် ရန်ကုန်သို့သာ လာကြရသည်။ တက္ကသိုလ်သွားရသူ/ သွားနိုင်သူကလည်း အလွန်နည်းသည်။ သူတို့ကို အရပ်က လူကြီးမှတ်သည်။ သူတို့ကလည်း အရွယ်ရောက်ပြီးသူလို ပြုမူကြသည်။ အသက် ၁၆၊ ၁၇၊ ၁၈ တွင် လူကြီး ဖြစ်နေကြပြီ။ မြန်မာနိုင်ငံ၏ မဲပေးပိုင်ခွင့်က အသက် ၁၈ နှစ်၊ ၁၈ နှစ်ပြည့်လျှင် လူကြီးဖြစ်ပြီ။ (အသက်အားဖြင့် လူကြီးဖြစ်သည်)။
အချို့ကား အသက် ၁၈ နှစ် မတိုင်ခင်ကပင် လူကြီးပုံစံ ဖမ်းကြသည်။ လူကြီးတစ်ယောက်လုပ်သည့် အလုပ်များကို လုပ်ကြသည်။ အသက်မတိုင်မီ ကြီးရင့်သူများ ဖြစ်ကြသည်။
မျက်မှောက် သတင်းမီဒီယာလောက၊ သတင်းထောက်လုပ်ငန်းသို့ အချို့လည်း အသက် ၁၈ နှစ် မတိုင်ခင် ၀င်ကြသည်။ တချို့ကား ၂၀ ၀န်းကျင်၊ အသက် ၂၀ မှ ၃၀ ကြားကား အများစုဟု ထင်သည်။ သတင်းထောက်အလုပ်ကား လမ်းဘေးဈေးသည်မှ သမ္မတအထိ တွေ့ဆုံ၊ မေးမြန်း၊ ထောက်လှမ်း၊ သတင်းရေးသားခွင့်ရှိသည်။ သတင်းရင်းမြစ်နှင့် စာဖတ်သူကြား (၀ါ) ရုပ်သံကြည့်သူကြား ကြားနေ ပေါင်းကူး ဘာသာပြန် သတင်းဖြန့်ချိ အလုပ်လုပ်ရသူဖြစ်သည်။
ရှင်းရှင်းဆိုရသော် လူကြီးအလုပ် (၀ါ) တာဝန်ကြီးသော အလုပ်ဖြစ်သည်။
ယခုအခါ လူငယ်သတင်းထောက်တချို့ကား အလန်းလွန်၊ အလွန်လန်းကြသည်။ မင်းသားမင်းသမီးအလား ထင်ရသည်။ အထူးသဖြင့် ရုပ်သံသတင်းထောက်တချို့ ဖြစ်သည်။ ရုပ်သံသတင်းထောက်ဖြစ်၍ လှပ၊ ကြွားရွား၊ တင့်တယ်ခြင်း လိုအပ်သည်။ မျက်စိပသာဒ ဖြစ်ရသည်။ သို့သော် ဆံပင်ကို (အဖုတ်ကလေး) ဆေးနီဆိုးထားသူ၊ ဆံပင်ကို နီကြောင်ကြား ဆိုးထားသူများကို တွေ့ရသည်မှာ မြန်မာမဆန်သလို ခံစားရသည်။ ဖျော်ဖြေရေးကဏ္ဍ တင်ဆက်သူဆို မပြောလိုပါ၊ ရုပ်သံသတင်းထောက်ဆိုလျှင် ထိုသို့ မပြင်ဆင်စေချင်ပါ။
ထို့ထက်ပိုဆိုးသည်မှာ သူတို့ကိုယ်သူတို့ သမီး၊ သားနှင့် ပြောဆိုသူများကို တွေ့ရတတ်သည်။ သတင်းထောက်က ဘာကြောင့် ကျွန်တော်၊ ကျွန်မဟု မပြောကြပါသနည်း။ ထိုမျှမကသေး၊ သတင်းရင်းမြစ်ကို ဦးလေး၊ အဘ၊ ဘဘဟု ခေါ်သည်၊ မမ၊ အန်တီဟု ဆိုသည်။ သတင်းရင်းမြစ်ကို နာမည်ရင်းခေါ်က ပို၍သင့်မြတ်ပါသည်။ သတင်းရင်းမြစ်ကို ရင်းနှီးသည်မှာ ကောင်းပါသည်။ သို့သော် အများပြည်သူကို တင်ပြမည့်ရိုက်ချက်များတွင် ခပ်ခွာခွာနေပြီး (နေရာယူပုံကို ပြောသည် မဟုတ်ပါ) မေးပြ၊ ပြောပြသည်မှာ ပို၍သင့်တော်ပါသည်။ (ကိုယ့်ဘကြီး၊ ကိုယ့်ကြီးတော်နှင့် စကားပြောဆိုနေပုံမျိုး မဖြစ်သင့်ပါ)။
ကိုယ်က ခင်းပေးလိုက်လျှင် သူတို့ကလည်း အဘ၊ ဘဘတို့ လုပ်လာလျှင် ရုပ်သံကြည့်သူများကပါ သူတို့အဘ၊ ဘဘများကို ထိုင်ကြည့်နေရသလို ဖြစ်လိမ့်မည်။ သတင်းထောက်ပိစိကို ဟိုလူက ဘဘ၊ အဘ လုပ်နေတာက ပြဿနာမရှိ။ ရုပ်သံက ပြန်လွှင့်တော့ ထိုင်ကြည့်နေသူများကပါ ဘဘ၊ အဘ ပြောတာကို နာယူနေရသလို ဖြစ်သွားတတ်သည်။ တချို့က မမ၊ အန်တီဆိုပြီး ပြောပြန်သည်။ သတင်းထောက်ပိစိမို့ ပြောသည်က အရေးမကြီး၊ ရုပ်သံကြည့်သူ ကြီးကြီးငယ်ငယ်တို့ကပါ မမကြီးနှင့် အန်တီကြီးတို့ ပြောတာဆိုတာကို လိုက်ကြည့် နားထောင်နေရသည်။ တစ်ခါတရံ အမေဟုလည်း ကြားရတတ်သည်။ အဖေဟု မကြားရသေးတာပဲ ကံကောင်းလှပြီဟု ထင်ရသည်။ (သတင်းရင်းမြစ်များကကော ကျွန်တော်၊ ကျွန်မဟု ဘာကြောင့် မပြောကြသနည်း)။
သတင်းထောက်က သတင်းရင်းမြစ်၏ နာမည်ထည့်မပြောချင်လျှင် ဘဘထည့်မခေါ်နှင့်ပေါ့။ မမလို့ မခေါ်နှင့်ပေါ့၊ အန်တီ မလုပ်နဲ့ပေါ့။ တခေတ်ကတော့ ဟုတ်သည်၊ အဘလို့ခေါ်မှ ကြိုက်သည်။ ပြားဝပ်ဆင်းနေမှ သတင်းရသည်။ အခုက ကိုယ်ကသာ မှန်မှန်ကန်ကန် တိတိကျကျ သပ်သပ်ရပ်ရပ် အလုပ်လုပ်ပါလေ၊ သတင်းရင်းမြစ်များကို တူတူတန်တန် ဆက်ဆံနိုင်ပါသည်။ မလိုအပ်ဘဲ ရိုင်းပျတာမျိုးတော့ သတင်းထောက်အနေနှင့် မလုပ်သင့်ပါ။
အသက်ငယ်သည်ဖြစ်စေ၊ အတွေ့အကြုံနည်းသည်ဖြစ်စေ သက်ဆိုင်ရာအလုပ်ရှင်နှင့် အကြီးအကဲများက တာဝန်ပေးသည့်အခါ သတင်းထောက်မှာ လူကြီးဖြစ်သွားပါပြီ။ တင်းတင်းရင်းရင်း တည်တည်ကြည်ကြည် တင့်တင့်တယ်တယ် အလုပ်လုပ်နိုင် ရပါလိမ့်မည်။ အထူးအားဖြင့် ဆိုင်ရာသတင်း၊ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်မှုများကို တစ်ဦးချင်းဖြစ်စေ၊ ရိုက်ကူးရေးအဖွဲ့လိုက်ဖြစ်စေ၊ သတင်းမီဒီယာအနေနှင့်ဖြစ်စေ ပြင်ဆင်ထားပါက သတင်းရင်းမြစ်နှင့် တန်းတူအလုပ်လုပ်နိုင်ပါသည်။ ချော့နေ ပျော့နေ အောက်ကနေစရာ မလိုပါ။
သတင်းထောက်ကလေးများကို သတင်းထောက်လူကြီးများ ဖြစ်စေချင်ပါသည်။ မိမိတို့အသက်အရွယ်အလိုက် လှပ တင့်တယ် ချစ်စဖွယ် ၀တ်လို စားလို ပြင်လို ဆင်လိုသည်ကို နားလည် သဘောပေါက်သော်လည်း သတင်းရင်းမြစ်များက သတင်းထောက်ကို ကလေးလေးလို အထင်မျိုးပေါက်အောင်၊ ရုပ်သံကြည့်နေသူများမှာလည်း အဘကြီး အစ်မကြီးတွေကို အောင့်သက်သက်ဖြင့် ကြည့်မနေ ကြားမနေရအောင် သတင်းထောက်လူကြီးပုံစံဖမ်း အလုပ်လုပ်စေလိုပါသည်။
အထူးသဖြင့် မြန်မာစကားကို ပီပီသသ ကြည်ကြည်မြမြ တင်းတင်းတည်တည် ရှင်းရှင်းပြတ်ပြတ် ပြောတတ်ဆိုတတ်သည့် မြန်မာရည်လည်သော မြန်မာမှုကြွယ်သော မြန်မာဆန်သော အသွင်အပြင်ဖြင့် ရုပ်သံလူကြီးသတင်းထောက်များကို ရုပ်သံများတွင် ကြည့်လိုမြင်လိုပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...