Wednesday, January 28, 2015

“ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်”

Soe Min
          အခုရက်ပိုင်းအတွင်းမှာ စကာင်္ပူအမျိုးသားတက္ကသိုလ်က ကျွမ်းကျင်သူဆရာဝန်များလာရောက်ပို့ချတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ဖြစ်ပါတယ်။ လူနာများ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများဘက်က စွမ်းဆောင်ရည်တွေကို ဘယ်လိုမြှင့်တင်ကြမလဲ ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးနှီးနှောကြတာပေါ့။ လိုအပ်တယ်လေ။ လူနာတွေက အဆမတန်တိုးပွားလာ၊ အလုပ်တွေကမနိုင်မနင်းဖြစ်၊ သူရောကိုယ်ရော သည်းခံနိုင်မှုအတိုင်းအတာ ကုန်ဆုံးလုလုရောက်နေတဲ့အခါမို့ ဘယ်ဘက်ကမှ အမှားမခံနိုင်တော့ဘူး။ ဆေးရုံဆေးခန်းဆိုတာ ခါကာဘိုရာဇီ တောင်တက်ရသလောက်၊ မျှော်စင်ထိပ်ဖျားကနေ ခြေနှစ်ချောင်း ကြိုးချည်ပြီး ဇောက်ထိုးခုန်ဆင်းရသလောက်ကို အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့အလုပ်ပါ လို့ သူတို့က ဆိုတယ်။ အလွတ်ကြီးပြောနေတာ မဟုတ်ဘူး။ သူတို့အနောက်နိုင်ငံကလူတွေ သေသေချာချာ စစ်တမ်းကောက်ပြီး ထုတ်ပြန်ထားတာ။ ကိုယ်တွေဆီမှာတော့ သူတို့လို ရေရေရာရာ ဘာဒေတာမှ ရှိတာ မဟုတ်လို့ ချက်နဲ့လက်နဲ့တော့ မပြောနိုင်ပါဘူး။ ဒါပေသိ ပညာရှိပီပီ နန်းတော်အောက်ခွေးတွေ ပြေးရေနေစရာ ဘယ်လိုပါ့မလဲ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသပ။ လူနာတွေ လှံဖျားပုစဉ်းနားပေါင်းများလို့ ကိုယ်တို့ ကျီးကန်းတွေတောင် ပါစရာချေး မကျန်တော့ဘူး။ ကိုယ်တွေဘက်မှာ သည့်ထက်ပိုပြီးမတတ်နိုင်ဘူး ဆိုတဲ့အချိန်မှာ သူများနိုင်ငံကလူတွေ ဘယ်လိုကြိုးစား ကာကွယ်နေကြသလဲ၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းနေကြသလဲ၊ ဆိုတာ သိဖို့ကောင်းတာမို့ ဆြာကြီးများပြောသမျှ တပည့်ခံရတော့တာပဲ။
ဘာပဲပြောပြော စည်းကမ်း စံနစ်ကလေး တစ်ခုခု တင်းကြပ်နိုင်ရင်လည်း မူကလေးတစ်ခု သတ်သတ်မှတ်မှတ်ထားနိုင်တဲ့အခါ လူကလည်း အလိုလို ဘောင်ဝင်သွားမှာပေါ့။ လူနာတွေ အန္တရာယ်ကင်းမှ ဆရာဝန်တွေလည်း အန္တရာယ်ကင်းမယ်လေ။

        ပြောင်းလဲလာတဲ့ ခေတ်စံနစ် ယဉ်ကျေးမှုတွေထဲမှာ ဆရာဝန်တွေလက်ထဲကို သက်လုံးပုံပြီး ကုတယ်။ ဖြစ်လာသမျှ တရားနဲ့ဖြေမယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အလေ့အထတစ်ခု မဟုတ်ပါဘူး။ မမှားသောရှေ့နေ မသေသောဆေးသမား မရှိရိုးမှန်ပေမယ့် လူနာသေရခြင်း အကြောင်းတရားဟာ သူ့ရောဂါ၊ ဝေဒနာကြောင့် မဟုတ်ပဲ မိမိ ပယောဂတစုံတရာ ပါဝင်နေတာကို ဘာသိဘာသာ မေ့မေ့ပျောက်ပျောက်နေလို့တော့ မရပါဘူး။ သေပြီးတဲ့အသက်ကို ပြန်ကယ်လို့မရပေမယ့်လည်း နောက်နောင် အလားတူ ဆုံးရှုံးမှုမျိုး မဖြစ်ရလေအောင်၊ သင်ခန်းစာယူဖို့ ပြုပြင်စရာရှိတာ ပြုပြင်ဖို့၊ အကာအကွယ်အတားအဆီးကလေးတွေ မမေ့မလျော့ရှိဖို့ စသည်စသည်ဖြင့် အရေးတယူ ဂရုတစိုက်ရှိဖို့ ဆက်လက်ဆောင်ရွက်စရာတွေ အများကြီးရှိနေပါတယ်။ ရှောင်လွှဲလို့ မရတဲ့ ကိစ္စမျိုး ဖြစ်လေတော့ သူတို့ဆီမှာ အလားတူဖြစ်ရပ်မျိုးကြုံရင်ကော ဘာတွေလုပ်ကြပါလိမ့်။ ဘယ်လိုရင်ဆိုင်ကြပါလိမ့်။ ဘယ်ပုံဘယ်နည်း ပြင်ဆင်ကာကွယ်ထားကြပါလိမ့် လို့ သိချင်လာပါတယ်။

         တူတူပါပဲ။ သူတို့လည်း ကိုယ်တို့နဲ့အလားတူ မီဒီယာတွေပေါ်မှာ ပွသွားပြီးမှဆေးရုံအုပ်ချုပ်ရေးတွေနဲ့ တာဝန်ရှိသူတွေ လိုက်လိုက်ရှင်းရတာ မကြာခဏပါပဲတဲ့။ မတူတာကတော့ ကိုယ်တို့နဲ့ သုံးသပ်ပုံခြင်း မတူဘူး။ ကိုယ်တို့ဆီမှာက သတင်းကို အတင်းလိုပဲ စိတ်ဝင်စားတယ်။ ပေါ်ပင်ဖတ်ပြီး မေ့ပစ်လိုက်ကြတယ်။ ဘယ်သူဘယ်ဝါ ဘယ်တုန်းက ဘာခွဲတာ ဘာတွေဖြစ်သွားတယ်။ ဒါပဲ။ နောက်အသစ်ပေါ်လာရင် အဟောင်းကို ဘယ်သူမှ စကားထဲထည့်မပြောကြတော့ဘူး။ သူတို့ဆီမှာတော့ ပြဿနာတစ်ခုဖြစ်လာရင် အဲသည်ပြဿနာအပေါ်မှာ အာရုံမထားဘူး။ ဒါက Tip of the iceberg ပဲ ရှိသေးတာ။ Sentinel event တဲ့။ သူ့အောက်မှာ အင်မတန်ကြီးမားတဲ့ အမှားအကြီးကြီး တစ်ခုခု ရှိလိမ့်မယ်။ အဲ့ဒါကိုရအောင် မဖော်နိုင်သ၍ တံလျှပ်ကို ရေထင်၊ ရွှေသမင် အလိုက်မှားသည့်နှယ်ပဲ ရှိလိမ့်မယ်။ ဒါကြောင့် ဖြစ်လာသမျှ အဆိုးအကောင်းအပေါ်မှာ ကြောင်းရင်းဇစ်မြစ်ကို ရအောင်ရှာပြီး သုံးသပ်တဲ့အကျင့်လုပ်ဖို့ လိုတယ် လို့ ဆိုတယ်။ Root Cause Analysis ပါတဲ့။ မသုံးသပ်တတ်မှာစိုးလို့ ကလေးများ သင်သလို အရုပ်ကလေးဆွဲပြီး သင်တယ်။ Fish Bone Diagram ဆိုပဲ။ ပြဿနာပေါ်လာရင် အဲသည်ပြဿနာကလေးကို ငါးခေါင်းနေရာကထားလို့ သူ့နောက်က ကျောရိုးလေးကို ရအောင်ရှာ၊ အဆွယ်အပွား အချက်အလက်ကလေးတွေရှိသမျှကို လုပ်ဖော်ကိုင်ဘက်တွေအားလုံး Brain Storming လုပ်ပြီး အရိုးတက်ကလေးတွေ ဖြာသလိုဖြာထုတ်ပြီး သုံးသပ်ကြပါတဲ့။ အဆက်မပြတ် မေးနေရမယ့် မေးခွန်းကတော့ ဘာဖြစ်ဖြစ် Why? တစ်ခွန်းတည်းပဲ။ဘယ်ထိအောင် why   သလဲဆို နောက်ထပ် why လို့မရတော့တဲ့အထိ why ရသတဲ့။ တော်လိုက်တာ။ Singapore University Hospital ရဲ့ Medical Board က Professor ကြီးတွေ ကိုယ်တိုင် နည်းပေးလမ်းပြလုပ်တာဆိုတော့ ကိုယ့်မှာ ပါးစပ်အဟောင်းသားနဲ့ မှတ်နော် မှတ်နော် မှတ်နော် ဖြစ်နေတာပေါ့။ သူတို့ဆီက နမူနာ ပြဿနာကလေးတွေ တင်ပြပြီးကိုယ့်အုပ်စုနဲ့ကိုယ် အဖြေရှာကြည့်ကြတော့ အဟုတ်ကြီးပဲ။ အလုပ်ဖြစ်သဗျ။  သြော် ဆရာမပြ ငပိဖုတ်တောင် နည်းမကျ ဆိုတာ ဒါ နေမယ်။

          အိမ်ပြန်ရောက်သွားတော့ သူတို့ပြောတာကလေးတွေ စာလေးဘာလေးရေးမလားလို့ လုံးစေ့ပတ်စေ့ ပြန်စဉ်းစားကြည့်မိတော့မှပဲ ပတ်တီးချခံရမှန်း သိတော့တယ်ဗျာ။ အေးပေါ့လေ။ ဘိုလိုတွေ အဆက်မပြတ် တွတ်နေတော့လည်း သည်က သိုက်စာဖတ်ရာ နားထောင်ပါ ဥစ္စာရနိုးနိုးဆိုတာလို အနက်တောင် အနိုင်နိုင်ပြန်နေရတာ မဟုတ်လား။ ဟုတ္တိပတ္တိ မိုက်ခွက်ကြီး ထိုးထိုးပေးလာရင် အအကြီးမဖြစ်အောင် လေဖမ်းဒါန်းစီးဖို့ ခံစစ်ကလည်း ပြင်ထားရသေးတာဆိုတော့ ကိုယ့်ဆရာသမားများ အုန်းကျွန်းလုပ်သွားတာကြီးကို မရိပ်မိလိုက်ဘူး။ တကယ်တမ်းတော့ဗျာ။ သူတို့ကိုယ့်ကို ဇကာကြီးလာလုပ်သွားတဲ့ Root Cause Analysis ဆိုတာကြီးက သူတို့မူပိုင်မှ မဟုတ်တာဗျာ။ ကိုရင်တို့ သိင်္ခပူရ ကျွန်းညိုမြရယ်လို့ အခြေမကျခင် မာလာယုကျွန်းဆွယ်မှာ ရှိကတည်းက ကျုပ်တို့ဆီက ကလေးတွေ အဲသည်သဘောတရား နားလည်ထားပြီးသား။ ခေတ်ကာလ ဘိုကျောင်းနေ လူမမယ်ကလေးတွေ မကြားဖူးလို့ရှိရင် ကိုယ့်လိုပဲသူများဖြီးတာဖြန်းတာ ခံရမှာစိုးလို့ ကဗျာကလေးနဲ့ ပြန်အစဖော်ပေးလိုက်တယ်နော်။

ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်။ဗျိုင်းနားလို့ ကိုင်းရတယ်။
ဗျိုင်း ဘာလို့ နားရတယ်။ငါးပေါ်လို့နားရတယ်။
ငါး ဘာလို့ ပေါ်ရတယ်။ ကျွဲလူးလို့ပေါ်ရတယ်။
ကျွဲ ဘာလို့ လူးရတယ်။ ဖြုတ်ကိုက်လို့လူးရတယ်။
ဖြုတ် ဘာလို့ ကိုက်ရတယ်။မိုးရွာလို့ ကိုက်ရတယ်။
မိုး ဘာလို့ ရွာရတယ်။ ဖားအော်လို့ရွာရတယ်။
ဖား ဘာလို့ အော်ရတယ်။ မြွေကိုက်လို့အော်ရတယ်။
မြွေ ဘာလို့ ကိုက်ရတယ်။ ငါ့ဝမ်းပူဆာမနေသာလို့ ကိုက်ရတယ်။

          ကိုယ်တို့ဆီမှာ ကလေးတွေတောင် အလွတ်ရပါတယ်။ လက်တွေ့ကျင့်သုံးမကြည့်တာကလေး တစ်ခုပါပဲ။ ပြဿနာတစ်ခုရယ်လို့ ဖြစ်လာရင် ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ ပင်မဇစ်မြစ်ကို မီးခိုးကြွက်လျှောက်ရအောင် လိုက်တဲ့အကျင့်မရှိပဲ ကိုယ်လိုချင်တဲ့အဖြေကို ကိုယ်ထုတ်ချင်တဲ့နေရာက ထုတ်ပြီး ကိုယ့်ဘက်က အပြစ်ကင်းတဲ့အကြောင်း သက်သေပြဖို့သာကြိုးစား၊ ငြင်းနိုင်သလောက် ဘူးခံငြင်း၊ ငြင်းမရရင် ဗိုက်အငှားနဲ့ ဓါးထိုးခံဖို့ ဓါးစာခံလိုက်ရှာ။ အဲသလို အကျင့်စရိုက်မျိုးဟာ ပြဿနာရဲ့ အဖြေမှန်ကိုလည်း မတွေ့နိုင်ဘူး။ နောက်ထပ် မဆုံးနိုင်အောင် ထပ်ကာထပ်ကာ ပေါ်လာဦးမယ့်ပြဿနာတွေကိုလည်း မတားဆီးနိုင်ဘူး။ အဆုံးသတ်တစ်နေ့မှာ ဘာပြဿနာကိုမှ မဖြေရှင်းနိုင်တော့ပဲနစ်မွန်းကုန်ရတာပဲ။ တကိုယ်ကောင်းကြံတဲ့အကျင့်လို့ ဆိုနိုင်ပေမယ့်လည်း ရေရှည်မှာ အဲသည်တစ်ကိုယ်လည်း ဘယ်လိုမှ မကောင်းနိုင်တာ အမှန်။  မဟုတ်သော်ရှိ၊ ဟုတ်သော်ရှိပေါ့နော်။ အခုလောလောဆယ် ကိုယ်တို့ဆီမယ် သခွပ်ပင်က မီးတကျည်ကျည် ဖြစ်နေတဲ့Sentinel Event တစ်ခုကို သူတို့ပြောသလိုပဲ သုံးသပ်ကြည့်ရအောင်လေ။ အဖြေကလေးများ တွေ့လိုတွေ့ငြားပေါ့။ ကလေးတို့ရေ ပေါက်ပင်ဘာကြောင့် ကိုင်းရပါလိမ့်ကွယ်။

         မူဆယ်ဘက်က ကောင်းခါးရွာမှာ ကချင်ဆရာမကလေးနှစ်ယောက် သူတို့နေတဲ့အိမ်ပေါ်တင်စော်ကားပြီး အသတ်ခံလိုက်ရသတဲ့။ အဲ့သလောက် လူမဆန်တဲ့ ရာဇဝတ်မှုဘာကြောင့် ဖြစ်ရသလဲ။ တရားဥပဒေမစိုးမိုးလို့ပေါ့။ တရားဥပဒေက ဘာလို့ မစိုးမိုးရသလဲ။ နယ်မြေ မအေးချမ်းလို့လေ။ နယ်မြေကဘာလို့ မအေးချမ်းသလဲ။ စစ်ပွဲတွေ ဖြစ်နေတာကိုး။ စစ်ပွဲတွေက ဘာလို့ဖြစ်လဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိလို့ ဖြစ်တယ်လေ။ တိုင်းရင်းသားတွေက ဘာဖြစ်လို့ လက်နက်ကိုင်ကြသတုန်း။ အစိုးရကို အယုံအကြည်မရှိလို့ပေါ့။ အစိုးရကို ဘာလို့ မယုံကြည်တာတုန်း။ အဲ့ဒါတော့ ပြောရတာအရှည်ကြီးပဲ။ ဖဆပလခေတ်ကတည်းက တောခိုကုန်ကြတာလေ။ တိုတိုနဲ့လိုရင်းပြောရရင် လိမ်တာများလို့မယုံတာ။ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး မပေးလို့ မယုံတာ။ ဒါနဲ့နေစမ်းပါဦး။ မြန်မာပြည်မှာ တိုင်းရင်းသားပေါင်း ၁၃၅ မျိုးရှိတယ်။ မကျေနပ်တဲ့ တိုင်းရင်းသားချင်းအတူတူ သူတို့ကျမှ ဘာလို့ အဲသလောက် နှစ်လရှည်ကြာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ရတာလဲ။ သူတို့မှာကိုင်စရာ လက်နက်ရှိလို့၊ ခိုစရာ တောရှိလို့ပေါ့ကွယ်။ သူတို့ကို စစ်တိုက်စရာ လက်နက်တွေ၊ ခိုလှုံစရာ အထောက်အပံ့တွေ ဘယ်သူကပေးသတုန်း။ ဒါတော့ ကိုယ့်ဘာသာကိုယ်ပဲ ဆက်စဉ်းစားကြတော့။ အလကားနေရင်း အဆဲမခံနိုင်ဘူး။ တို့က သူများတွေလို မိုးလင်းမိုးချုပ် မအေနှမ ကိုင်တုပ်ခံရတာ ထုသားပေသားကျတဲ့ အသိုင်းအဝိုင်းထဲက လာတာ မဟုတ်။ ဘယ်သူဘယ်ဝါ အထီးမှန်းအမမှန်း မသိတဲ့သူတွေက လာလာဆဲတာ ကျက်သရေယုတ်တယ်။

           စစ်ပွဲရှိရင် စစ်သားတွေလည်း ရှိကြတာပေါ့နော်။ ဟင် စစ်သားတွေရှိရင် ပိုပြီးတောင် လုံခြုံမှု ရှိရဦးမှာလေ။ သူတို့က တိုင်းပြည်အတွက် အသက်ပေး ကာကွယ်နေတာဆို။ အေးလေ။ သူတို့က မကာကွယ်နိုင်လို့ ဖြစ်သွားပြီ။ ဖြစ်တာမှ နဂိုတုန်းက ဘာမှမဖြစ်ပဲ သူ့ဘာသာနေနေတဲ့ ကလေးမလေးတွေ တိုက်တိုက်ရယ်မှဆိုင်ဆိုင် စစ်သားတွေ ရောက်လာတဲ့ညကျမှ မတွေးဝံ့စရာတွေ လက်တွေ့ဖြစ်သွားတယ်။ သူတို့နဲ့ ပေ၂၀၀ အကွာမှာ စစ်သားတွေ ရှိလျက်သားနဲ့ကို ဖြစ်သွားတာ။ သေချာတဲ့ကောက်ချက်တစ်ခုက စစ်သားတွေဟာ ပြည်သူတွေကို အကာအကွယ်မပေးနိုင်ခဲ့ဘူး။ ဒါဆို မသေချာတဲ့ ကောက်ချက်က ဘာလဲ။ စစ်သားတွေဆိုတာ ယောင်္ကျားကြီးတွေလေ။ ဟိုမှာ သူများတကာက သူတို့လက်ချက်ပါ လို့ တပ်အပ်မစွဲရုံတမယ် သတင်းတွေထုတ်ပြန်ကုန်ပြီ။ ဒါတော့ ဘယ်တရားမလဲ။ သေချာတာလည်း မဟုတ်ပဲနဲ့။ လက်ပူးလက်ကြပ်မမိပေမယ့် သူတို့က ဒါမျိုး လုပ်နေကျလေ။ သူတို့သွားလေရာ သည်အမှုနဲ့ ကင်းကိုမကင်းဘူး လို့ ပြောနေပြီ။ ဒီလိုလည်း ပြောလို့မရဘူး။ ၉၉ခါ အဲသည်အမှုမျိုးနဲ့ ထောင်ကထွက်လာရင်တောင် အခုသည်တစ်မှုမှာ သူကျူးလွန်ကြောင်း သက်သေမပြနိုင်သေးသရွေ့ ဖြူစင်တယ်လို့ သတ်မှတ်ရမယ်။ တစုံတယောက် အဖွဲ့အစည်းတစ်ခုခုက သူတို့ပေါ် စွပ်စွဲလာစေချင်လို့ ရည်ရွယ်ချက်ရှိရှိ ယုတ်မာတာလည်း ဖြစ်နိုင်တာပဲ။ အပြစ်မရှိတဲ့အသက် ၂၀ အရွယ် မိန်းမပျိုကလေး နှစ်ယောက်အပေါ်မှာတောင် အဲသလောက် ယုတ်မာနိုင်တဲ့သူတွေဟာ ရန်ငြှိုးရန်စရှိတဲ့၊ ဒါမှမဟုတ် အကျိုးစီးပွားပြိုင်ဘက်ဖြစ်တဲ့သူတွေအပေါ် ငဲ့ညှာနေစရာအကြောင်းဘာမှ မရှိဘူး။

            မသေချာတဲ့ဖြစ်ရပ်တစ်ခုမှာ သံသယရယ်လို့ ဖြစ်လာရင် အဲသည်သံသယရဲ့အကျိုးကို တရားခံသာလျှင် ခံစားခွင့်ရှိတယ်။ ဒါဆိုရင် အဲဒီကိစ္စ စစ်သားတွေ ကျူးလွန်တာ ဟုတ်တယ်ဆိုတာနဲ့ မဟုတ်ဘူးဆိုတာနဲ့ နှစ်ခုစလုံး စဉ်းစားရမယ်။ ဟုတ်ခဲ့ရင် ဘာကြောင့်လဲ။ လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်က ရာဇဝတ်မှုကျူးလွန်တာကို မထိန်းသိမ်းနိုင်တဲ့အတွက် သူ့အထက်အထက်သော အရာရှိများမှာပါ တာဝန်ရှိတယ်။ စည်းကမ်းထိမ်းသိမ်းရေးပေါ့လျော့လို့။ အဆုံးအမ အကွပ်အညပ် ညံ့ဖျင်းလို့။ သူတို့ဟာ အုပ်ချုပ်သူများဖြစ်တဲ့အတွက် အဲသလိုဖြစ်ရပ်မျိုး ဖြစ်မလာအောင် ကာကွယ်ပေးရမယ့်တာဝန်ကို ယူထားတာ။ ကာကွယ်စောင့်ရှောက်ရမယ့်သူကိုယ်တိုင်က အဲ့လောက်ဆိုးဆိုးရွားရွား ကျူးလွန်တာ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ တကယ်လို့များ သူတို့ဘက်က ကျူးလွန်တာ မှန်လျက်သားနဲ့ ထိန်ချန်ထားခဲ့မယ်။ ကိုယ့်လူမို့လို့ ရာဇဝတ်သားဘက်က အကာအကွယ်ပေးခဲ့မယ်ဆိုရင် အဲသည်အမှုကို သူတို့ကိုယ်တိုင် ဝင်ကျူးလွန်တာနဲ့ အတူတူပဲ။ အားပေးအားမြှောက်ပြုရာရောက်တယ်။ သူတို့က ဘာဖြစ်လို့ ကာကွယ်ပေးရမှာလဲ။ ပြောပြီးပြီလေ။ တစ်နွယ်ငင် တစ်စင်ပါ သူ့အထက်ကလူတွေပါ အတူတူ ပြုတ်ကုန်မှာပေါ့။ ဘယ်ပြစ်မှုမဆို ရာဇဝတ်မှုကျူးလွန်သူကလည်း အပြစ်မခံယူချင်သလို ကိုယ်တိုင်မကျူးလွန်ပဲ အမှုတွဲထဲပါသွားမယ့် တာဝန်ရှိသူတွေကလည်း တာဝန်မယူချင်ကြဘူး။ ကလေးမလေးတွေကို သနားရင် နောက်မှ တိုးတိုးတိတ်တိတ် ကျန်ရစ်တဲ့သူ သဒ္ဓါကြေးလေးဘာလေး သွားပေးမယ်။ သူတို့ဘက်ကကောင် အပြစ်ပေးချင်ရင် နောက်တော့မှ လုပ်နေကျအတိုင်း မအေနှမ မိုးမွှန်အောင်ဆဲပြီး နားပန်ကျင်း ကွာတားချ တိုက်ပိတ် ဆုံးမလို့ရတယ်။ လောလောဆယ် သည်အမှုကစလို့ မီးခိုးကြွက်လျှောက်ပြီး မိုးမီးမလောင်သွားအောင် အုပ်အုပ်ဆိုင်းဆိုင်း လုပ်ဖို့က အရေးကြီးတယ်။

            ဒါဆိုရင် သည်အမှုတော့ မီးခဲပြာဖုံးသွားချင်သွားမယ်။ တငွေ့ငွေ့လောင်နေတဲ့မီးဟာ တခြားနေရာတွေမှာ မဆုံးနိုင်အောင် ဆက်လောင်နေဦးမှာပဲ။ အကြောင်းရင်းက အမှုမှ မဟုတ်တာ။ အမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကို မရှင်းသရွေ့ ပြဿနာမပြီးဘူး။ ဥပဒေဘက်တော်သားတွေ ကိုယ်တိုင်က တရားဥပဒေကို လေးစားလိုက်နာတဲ့စိတ်၊ ကာကွယ်စောင့်ရှောက်ချင်တဲ့စိတ်၊ ဘယ်မှုခင်းဖြစ်ရပ်မျိုးကိုမဆို ကျောသားရင်သား မခွဲခြားပဲ တရားဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်နိုင်ခွင့်၊ အဲ့ဒါတွေ ဘယ်လောက်ရာခိုင်နှုန်းအထိ စိတ်ချရသလဲ။ (ဒါလည်း ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစား။) တစ်ရာရာနှုန်းပြည့် အာမခံနိုင်ရင် တစ်ရာရာနှုန်းပြည့် နောက်မဖြစ်အောင် တားဆီးနိုင်လိမ့်မယ်။ တစ်ပြားသားမှ စိတ်မချရရင် နောက်ထပ် ဒါမျိုးမဖြစ်စေရဘူးဆိုတာလည်း တစ်ပြားသားတောင် မသေချာဘူး။ စစ်သားတွေဟာ စစ်ဥပဒေကို လေးစားလိုက်နာသလား။ အရပ်သားတွေအတွက် ဥပဒေကတစ်မျိုး၊ စစ်သားတွေအတွက် ဥပဒေက တစ်မျိုးလား။ စစ်တပ်ဟာ တရားစီရင်ရေးမဏ္ဍိုင်ရဲ့အထက်ကမနေတာ သေချာလို့လား။ ဟုတ်ပါတယ်လို့ စွပ်စွဲပြစ်တင်တဲ့သဘောမပါပဲ အဲသလို ဟုတ်ခဲ့သည်ရှိသော် ဘယ်လိုလုပ်ကြမလဲဆိုတာကို စဉ်းစားရမှာ ဖြစ်တယ်။

             ထားပါတော့။ အခုကိစ္စမှာ စစ်သားတွေ ကျူးလွန်တာ မဟုတ်ဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ။ ဒါလည်း အလွတ်ကြီးတော့ ပြောလို့မရဘူးလေ။ “မဟုတ်ပါဘူး။ မလုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး။” ဆိုတာ စိုင်းစိုင်းခမ်းလှိုင်တောင် ပြောတတ်တယ်။ မကျူးလွန်ရင်လည်း မကျူးလွန်တဲ့အကြောင်းကို ခိုင်လုံတဲ့ သက်သေသက္ကာယတွေနဲ့ ပြနိုင်မှ ယုံမယ်။ ပြစ်မှုကျူးလွန်တဲ့ တရားခံအစစ်ကို ရအောင်ရှာပေးနိုင်မှ ပွဲပြတ်မယ်။ ဒါလေးများ။ လွယ်ပါတယ်။ ဟောသည်မှာ မိပြီ။ တရားခံ။ ဟေ့ကောင် မင်းလုပ်ပါတယ်ဆို ပြောပြလိုက်လေ။ ပြိတ်သတ်ကြီး ယုံရဲ့လား။ ယုံဘူးတော်ရေ့။ သေချာပါတယ်။ အင့် သည်မှာ ဒီအန်န်အေ ပါတိုက်စစ်ထားတယ်။ ယုံပလား။ ဟင့်အင်း။ ရော် ခက်ပါဘိ။ အခင်းဖြစ်ပွားတုန်းက ဖုန်းနဲ့ ဗီဒိုဖိုင်ကလေး ရိုက်ထားတယ်လေ။ ယူကျုမှာ တင်ပေးလိုက်ရမလား။ မျုံပေါင် မျုံပေါင်။ ကိုင်းဟာ ဂလောက်တောင် ရှိမှဖြင့် အဲ့ဒီအမှု ဘပြောင်ကိုယ်တိုင် ကျူးလွန်သကွယ်။ ယုံကြသလား။ ယုံတယ်။ ယုံတယ်။ ကောင်မလေးလက်ထဲကဆံပင်မွှေးတွေဆိုတာ ချိုင်းကိုသွားဆွဲမိလာတာနေမယ်။ အို ဘာပဲဖြစ်ဖြစ် သည်ကိစ္စ သူတို့တွေလက်ချက်ဆိုတာ အစောကြီးကတည်းက သိထားပြီးသား။ … ။ တကယ်လို့များ တစုံတယောက်က အဲသည်အမှုမှာ စစ်သားတွေနဲ့ ဘာမှ မပတ်သက်ပါဘူးလို့ သက်သေပြနိုင်ခဲ့ရင်တောင်မှ အခုရေးပြခဲ့သလို စောဒကတက်တာမျိုးတွေ ခံရပါလိမ့်မယ်။ ဘာဖြစ်လို့ဆိုတော့ သူတို့လိုချင်တာ အမှန်တရား မဟုတ်ပဲ စစ်တပ်က တိုင်းရင်းသားတွေအပေါ်မှာအဆုံးစွန်ယုတ်မာနေပါတယ်ဆိုတဲ့ ကောက်ချက်နဲ့ သက်သေပါ။

            လူတွေဟာ ဘာလို့ စစ်တပ်အပေါ် သည်လောက်အယုံအကြည် ကင်းမဲ့ရသလဲ။ လာပြန်ပြီ။ အယုံအကြည်ဆိုတာ အလကားနေရင်းကင်းမဲ့တတ်တဲ့အမျိုး မဟုတ်ဘူး။ အလိမ်ခံရမှ ကင်းမဲ့တာ။ အလိမ်ခံရတာ များလေလေ၊ အယုံအကြည်ကင်းမဲ့လေလေပဲ။ ဟယ် မဟုတ်တာတွေ ပြောပြန်ပြီ။ စစ်တပ်က ဘယ်မှာ လိမ်လို့လဲ။ ရွာသာကြီးမှာ ဆေးသွားစစ်ချေ။ မှတ်ဥာဏ်တွေ ယိုယွင်းကုန်ပြီ။ နီမိုကာတွန်းကားထဲက အပြာရောင်ငါးကလေးတောင် သူ့ထက်မှတ်မိသေး။ ထားပါတော့။ သူတို့က လိမ်တယ်ဆိုရင် ဘာဖြစ်လို့ လိမ်ရတာလဲ။ မသေမချင်းမှတ်ထား။ အထက်က ခိုင်းလို့။ အထက်က စေလာရင် သေဆိုသေ ရှင်ဆိုရှင် နာခံရတယ်။ တပ်မတော်ဟာ အာဏာရှင် တစ်ယောက်ယောက်ကို အစဉ်အဆက် ကာကွယ်ပေးနေရတဲ့ အိမ်စောင့်ခွေးဘဝကို ရောက်နေလို့လား။ မဆိုဝံ့ပေါင်။ ကိုယ်တွေကလည်း ဟုတ်တယ်လို့ မဆိုဝံ့ဘူး။ သူတို့ကလည်း မဟုတ်ဘူးလို့ မဆိုဝံ့ဘူး။ ဆိုဆို မဆိုဆို ဘယ်သူ့စကားကိုမှ နားထောင်စရာ မလိုဘူး။ ကိုယ့်ဘာသာ ပေးထားချက်ကို မှန်အောင်ထည့်ယူမှ တဘက်ကထွက်လာတဲ့အဖြေလည်း အမှန်ရမှာ။

             ဟုတ်သေးပါဘူးဟယ်။ စင်္ကာပူက ဖော်မြူလာကြီးကလည်း အယ်ရာတွေ တက်နေပြီ။ နယ်စပ်မှာ ဆရာမလေးနှစ်ယောက် နသားပါယားအလုပ်ခံရတာ ဘယ့်နှယ့်ကြောင့် စစ်တပ်နဲ့အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတွေ တင်သွင်းကုန်တာလဲ မသိဘူး။ ညောင်ဦးက ကမ်းပါးပြိုတိုင်း စမ္ပာနဂိုရ်က နွားမပေါင်ကျိုးရတယ်လို့။ Root Cause Analysis   လုပ်တိုင်း သည်ဘူတာချည့်ပဲ လာဆိုက်နေတယ်။ ဟုတ်တယ်လို့ပဲ စဉ်းစားစဉ်းစား၊ မဟုတ်ဘူးလို့ပဲ စဉ်းစားစဉ်းစား၊ နောက်ဆုံးမှာ အဖြေက အတူတူလာထွက်နေတယ်။ ဒါဆို နောက်တစ်မျိုး တွေးကြည့်ဦးမယ်။ တကယ်လို့များ စစ်တပ်နဲ့ အစိုးရအပေါ် တိုင်းရင်းသား ပြည်သူတွေက ယုံကြည်တယ်ဆိုပါစို့။ ဒါဆို ငြိမ်းချမ်းရေး ရသွားမှာပဲ။ ငြိမ်းချမ်းရေးရတော့ နယ်မြေအေးချမ်း၊ နယ်မြေအေးချမ်းတော့ တရားဥပဒေစိုးမိုး၊ တရားဥပဒေစိုးမိုးတော့ ရာဇဝတ်မှုတွေ ပပျောက်လျော့နည်းသွားမှာပေါ့။ သည်လိုဆိုရင် အခုလက်ရှိအမှုမှာ တရားခံကို မရရအောင်ရှာရုံနဲ့ ကိစ္စမပြီးဘူး။ စစ်တပ်နဲ့အစိုးရအပေါ် ပြည်သူလူထုယုံကြည်မှုကို မရအရ တည်ဆောက်ရမယ် ထင်တယ်နော်။

            တပ်မတော်ဆိုတာ ပြည်သူတွေရဲ့ရင်ခွင်ထဲကနေ ပေါက်ဖွားလာခဲ့တာတဲ့။ “ဗမာပြည် ကာကွယ်မည်။ တပ်မတော်ချီလာပြီ။” ဆိုတဲ့ခေတ်တုန်းကတော့ တစ်နိုင်ငံလုံး သောင်းသောင်းဖျဖျကို ကြိုဆိုခဲ့တာ။ ဖက်ဆစ်ကို တွန်းလှန်ခဲ့ကြတုန်းကလည်း တပ်မတော်သားဆို ပြည်သူက အသက်နဲ့လဲပြီးကို ကာကွယ်ကူညီခဲ့ကြသေး။ အခုပြည်သူ့သဘောထား အမှန်ကို သိချင်ရင် အပေါ်မှာတုန်းက ဖြစ်ရပ်တွေကို ကိုယ့်ဘာသာကိုယ်ပြန်သုံးသပ်။ ညဘက်ညဘက် တီဗီထဲကနေ အလန့်တကြား ထထအော်တာကြီးကိုပဲ အဟုတ်မှတ်မနေနဲ့။ အဲ့ဒါကြီးကကိုယ့်ဘာသာ ကိုယ့်ဖင်ကိုယ်ကြားအောင် အော်ခိုင်းထားတာ။ ရင်ကြားစေ့ဖို့ လိုအပ်နေတာကိုသည်အချိန်မှာ နားလည်သင့်ပြီ။

            အိမ်း ... ပြည်သူချစ်သော တပ်မတော်ကြီး မြန်မြန်ပြန်ဖြစ်သွားအောင် စိုင်းစိုင်းခမ်းလှိုင်ကို ကာချုပ်ကြီးသမီးနဲ့ ပေးစားလိုက်ရကောင်းမလား မသိပါဘူး။ ဒါမှမဟုတ်လည်း ဒေါ်မြလေးကားထဲကလို သင်္ချိုင်းကုန်းသွား၊ မသာမကြီး သနပ်ခါးသွေးခိုင်းပြီး အဘအတွက် ပီယဆေးဖော်ပေးရ ကောင်းမလား။ ပေါ်လစီကားတွေတော့ ရိုက်တယ်လေ။ ရှားရှားပါးပါး သူ့ကားထဲ အကယ်ဒမီရတဲ့ စန္ဒယားဆရာတောင် စင်ပေါ်ရောက်တော့ သိပ်ချစ်တာသူသိပါကွယ် သီချင်းဆိုသွားသေး။ အဲဒီပြဿနာလည်း ကိုကိုဘာလို့မုန်းတာလဲဆို အဖြေမထွက်မချင်း မီးခိုးကြွက်လျှောက် လိုက်လိုက်တာ ဟောစာတမ်းတင်မကဘူး ယတြာပါ ထွက်လာတယ်ဗျ။ တပ်မတော်ဟာ နိုင်ငံရေးနဲ့ ကင်းအောင်နေလိုက်လို့ရှိရင် မွန်မြတ်သန့်စင်သွားမှာ အသေအချာပါပဲ။ ကဲ။ ဘဘကြီးတို့ ကဖို့ ပိုးအိစံသီချင်းကလေး ဖွင့်ပေးလိုက်ကြပါကွယ်။

“မင်းမချစ်ရင်များ အိုး သေသွားမလား။ မင်းမုန်းလို့များ အိုး သေသွားမလား။ အို ဘာတဲ့တုန်း။   မင်းမချစ်ရင်များ အိုး သေသွားမလား။ မင်းမုန်းရင်များ အိုး သေသွားမလား။”

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...