Sunday, January 18, 2015

စစ်တပ် သဘောသဘာဝ နဲ့ ဒီမိုကရေစီ



ဘယ်နိုင်ငံမှာမဆို စစ်တပ်ဟာ အင်အားအကြီးဆုံး အင်စတီကျူးရှင်းတစ်ခု ဖြစ်ပါတယ်။ စစ်တပ်မှာ လက်နက်တွေ၊ အမိန့်ကိုနာခံအောင် လေ့ကျင့်သင်ကြားပေးထားသူတွေ၊ စစ်ရေးအမြန်ဆောင်ရွက်ဖို့ စုဖွဲ့မှုတွေ ရှိပါတယ်။ ဒီမိုကရေစီရင့်ကျက်ပြီး နိုင်ငံတွေမှာတော့ နိုင်ငံရေးထဲ စစ်တပ်မပါဝင်ရဘူးဆိုတာကို စစ်ဗိုလ်ချုပ်တွေနဲ့ အရာရှိစစ်သည်တိုင်း သိနားလည်ထားပြီးသား။
ဖွံ့ဖြိုးမှုနိမ့်် ခေတ်နောက်ကျဆဲနိုင်ငံတွေရဲ့ စစ်ခေါင်းဆောင်တွေကတော့ နိုင်ငံရေးဖြစ်စဉ်တွေထဲ စစ်တပ်ပါဝင်ဖို့ အမြဲလိုတယ်လို့ ယုံကြည်ကြပါတယ်။

နိုင်ငံရေးထဲ စစ်တပ်ပါဝင်နေတဲ့ နိုင်ငံတွေကိုကြည့်ရင် ပြီးခဲ့တဲ့ ရာစုနှစ်လယ်လောက်မှာ လွတ်လပ်ရေးစစ်ပွဲ ဆင်နွှဲခဲ့ကြတဲ့ နိုင်ငံသစ်တွေ ဖြစ်ပြီး၊ စစ်အာဏာသိမ်းမှုတွေ မကြာခဏ ဖြစ်ပါတယ်။ နောက် နိုင်ငံရဲ့ ရှိသမျှ အခြားအင်စတီကျူးရှင်းတွေအပေါ် စစ်တပ်ဩဇာ လွှမ်းမိုးထူထောင်ဖို့ လုပ်ပါတယ်။ နိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းနဲ့ အပြောင်းအလဲ အချိုးအကွေ့တိုင်းမှာ စစ်တပ် ပါဝင်ဆုံးဖြတ်ပြီး ခေါင်းဆောင်မှု ပေးရမယ်လို့ စစ်ခေါင်းဆောင်တွေက ရှုမြင်ပါတယ်။

တကယ်တန်းအားဖြင့် နိုင်ငံအများစုရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေကိုကြည့်ရင် စစ်တပ် ရှေ့တန်းက ဦးဆောင်လှုပ်ရှားတယ်ဆိုတာ မြင်ရခဲပါတယ်။ လူထုအတွက် ပြည်ထောင်စုအတွက် ဒီမိုကရေစီအတွက် အကြောင်းပြပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာတွေသာ ရှိပါတယ်။ အာဏာသိမ်းပြီးနောက် ဒီမိုကရက်တစ် အစိုးရအဖွဲ့တစ်ခုကို အာဏာမလွှဲပြောင်းခင် တိုင်းပြည်ပြဿနာတွေ ဖြေရှင်းပေးဖို့ စစ်တပ်က ကာလတစ်ခု ဆက်နေရဦးမယ်လို့  ကြေငြာတတ်ပါတယ်။ အဲဒီလို အချိန်ဆွဲနိုင်သမျှ  ဆွဲထားရင်း စစ်ဗိုလ်ချုပ်တွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဖြစ်သွားပါတယ်။ အချို့က ယူနီဖောင်းချွတ် စီးပွားရေး လုပ်ကိုင်ပါတယ်။

သဘာဝအားဖြင့် စစ်ဗိုလ်တွေက သူတို့ဟာ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့  အရည်အချင်းတွေ ရှိထားသမို့၊ ရွေးကောက်ပွဲမလိုတဲ့  ကိုယ်စားလှယ်ဖြစ်တယ်ဆိုပြီး မိုးကျရွှေကိုယ် စိတ်ထားပါတယ်။ ကိုလိုနီလွတ်မြောက်ရေး စစ်ဆင်နွှဲခဲ့တဲ့  အာဖရိကနိုင်ငံအများစုဟာ ဒီဖြစ်စဉ်အတိုင်းသွားခဲ့ပြီး သက်တမ်းရှည် အာဏာရှင်ကြီးတွေကို မွေးထုတ်ပေးပါတယ်။ သူတို့နောက်လိုက်တွေက  နောက်ထပ် အာဏာသိမ်းပြီး သူတို့ကို ဖယ်ရှားပစ်ပါတယ်။

ဒါဖြင့် စစ်တပ်တွေဟာ အမြဲအဲသလို အာဏာလော်လီ ဖောက်ပြားသလား။ စိတ်ကောင်းဝင်တဲ့ စစ်တပ်တွေ လည်း ရှိပါတယ်။ ဒီမိုကရေစီကို ရှေ့တန်းက တောင်းဆိုပေးတဲ့  စစ်တပ်မျိုးသား မရှိပေမဲ့၊ အာဏာကို အလိုအလျောက်  လက်လွှတ်ပေးခဲ့တဲ့ စစ်အစိုးရတွေတော့ ရှိပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေမှာ ချီလီ၊ ဘရာဇီး စစ်အစိုးရတွေက ဒီမိုကရေစီ လိုလားတောင်းဆိုသူတွေအတွက် လမ်းဖွင့်ပေးခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကို နိုင်ငံတကာက အဲဒီလို မျှော်လင့်ခဲ့ကြပေမဲ့လည်း မြန်မာစစ်တပ်က  နိုင်ငံရေးကျားကွက်  တစ်ကွက်ပြီးတစ်ကွက်  ရွှေ့တာကိုပဲ မြင်ကြရပါတယ်။

နောက် သဘာဝတစ်ခုက လူထုက အစိုးရ သို့မဟုတ် အာဏာရပါတီကြီးတစ်ခုကို ဆန့်ကျင်တဲ့အခါ၊ စစ်တပ်က အာဏာရှင်ဘက်ကလိုက်ဖို့  ဆုံးဖြတ်ပြီး တော်လှန်သူတွေကို ဖိနှိပ်ပါတယ်။ ၁၉၈၈ မြန်မာ့ အရေးအခင်းနဲ့ ၁၉၈၉  တရုတ်ပြည်  တီယန်မင် အရေးအခင်းတွေမှာ စစ်တပ်တွေ ရှင်းလင်းခဲ့တာ ကမ္ဘာသိ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အီရန်စစ်တပ်က ဘာသာရေးအစိုးရရဲ့ အမိန့်ကိုလိုက်နာပြီး ဆန့်ကျင်ဆန္ဒပြတဲ့ လူထုကို ရက်ရက်စက်စက်  နှိပ်ကွပ်ပါတယ်။ လက်ရှိ ဆီရီးယားနိုင်ငံ စစ်တပ်က အာဏာရှင် သမ္မတအာဆဒ်  အမိန့်ကို နာခံနေပြီး၊ ဆန့်ကျင်သူတွေကို ဆက်တိုက် ဖိနှိပ်နေတုန်းပါပဲ။

သို့သော်  စစ်တပ်က သူတို့  အာဏာနေရာကို စိန်ခေါ်မှုရှိလာတဲ့အခါမှာ၊ သူတို့မြှောက်စားခန့်ထားခဲ့တဲ့ အာဏာရှင်ကိုတောင် ဆက်မထောက်ခံတော့ဘဲ လမ်းခွဲထွက်လိုက်တာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့်  တိုင်းပြည်မှာ နိုင်ငံရေးအကျပ်အတည်းတွေ့ ဂယ်ပေါက်ပိတ် အခြေအနေမျိုးမှာ စစ်ခေါင်းဆောင်တွေက တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ့် အခြေအနေ (သို့မဟုတ်)  သူတို့အတွက် အကျိုးရှိမယ့်လမ်းကို ရွေးချယ်ဆုံးဖြတ်တတ်ပါတယ်။  ဒီမိုကရေစီလိုလားသူတွေ အာဏာရှင်ကို ဆွဲဖြုတ်ချနေတာကို စစ်တပ်က အသာလိုက်ပိုက်ကြည့်  လွှတ်ပေးထားခဲ့တဲ့ သာဓကတွေ ရှိပါတယ်။

၁၉၈၃ ဖိလစ်ပိုင်၊ ၁၉၉၈ အင်ဒိုနီးရှား၊ ၂၀၀၀ ဆားဗီးယားနဲ့ ၂၀၀၄ ယူကရိန်းတို့မှာ စစ်တပ်တွေက အာဏာရှင်တွေရဲ့ ပစ်သတ်ခိုင်းမှုကို ငြင်းဆန်ပြီး၊ ဆန္ဒပြသူတွေနဲ့  ပူးပေါင်းသွားပါတယ်။ ၂၀၁၁ ခုနှစ် တူနီရှားနဲ့ အီဂျစ်တို့မှာလည်း စစ်ခေါင်းဆောင်ပိုင်းက သမ္မတဘန်အလီနဲ့ မူဘာရခ် တို့ကို ဆက်မထောက်ခံတာကြောင့်  အာဏာရှင်  နှစ်ဦးကို ဆန္ဒပြသူတွေက  ဖြုတ်ချနိုင်ခဲ့ပါတယ်။

ဒါကြောင့် အာဏာရှင်နိုင်ငံတွေမှာ ဒီမိုကရေစီရေးလှုပ်ရှားမှုအပေါ်  ဖိနှိပ်မှုပဲဖြစ်ဖြစ်၊ အားပေးမှုပဲဖြစ်ဖြစ်  စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အမြဲအရေးပါနေတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းဆဲ  နိုင်ငံတွေမှာ စစ်တပ်ခေါင်းဆောင်တွေ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်စေဖို့ကလည်း အမြင်ကျယ်တဲ့ နိုင်ငံရေးသမားတွေရဲ့ မဟာဗျူဟာနဲ့  စည်းရုံးနိုင်စွမ်းအပေါ်မှာ အများကြီး တည်နေပါတယ်။
(ဆက်ပါဦးမယ်)

ရဲမြင့်ကျော်
နိုင်ငံသားဂျာနယ်၊ အတွဲ ၁၊ အမှတ် ၆

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...