Saturday, January 10, 2015

ဗိုလ်ချုပ်နေဝင်းကို ပြစ်ချက် (၉) ချက်နဲ့ စွဲချက်တင်လိုက်ပြီ။



၁။ တိုင်းပြည်ကို ဒီမိုကရေစီစနစ်ကနေ စစ်အာဏာရှင်အဖြစ် အခြေခံဥပဒေကို သစ္စာဖေါက်ဖျက်ပြီး အာဏာသိမ်းခဲ့တာက ပြစ်ချက် နံပါတ် (၁)။

၂။ တိုင်းပြည်စီပွားရေး ပျက်အောင် ပြည်သူပိုင်တွေသိမ်းပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို ဖျက်စီးလိုက်လို့ တိုင်းပြည်လူမွဲစာရင်းဝင်သွားတာက ပြစ်ချက် နံပါတ် (၂)။

၃။ အရပ်သားအုပ်ချုပ်မှုကို စစ်ဝတ်တွေနဲ့အစားထိုးပြီး အုပ်ချုပ်ရေးကိုဖျက်စီးခဲ့တာက ပြစ်ချက် နံပါတ် (၃)။


၎။ တကသအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ဖြိုခွဲတာက ပြစ်ချက် နံပါတ် (၄)။

၅။ တက္ကသိုလ်ကျောင်းသားတွေကို ဂျူလိုင် (၇) ရက်နေ့မှာ ပစ်သတ်တာ၊ ဦးသန့်အရေးအခင်းမှာ ပစ်သတ်တာ၊ အသက် ၂၄ နှစ်အရွယ် ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးကို ကြိုးပေးသတ်တာ။ ၁၉၈၈ ခုနှစ်မှာ သေ နတ်ဆိုတာ မိုးပေါ်ထောင်ပစ်တာမဟုတ်ဘူး မှန်အောင်ပစ်တာဆိုပြီး လက်နက်မဲ့ဆန္ဒပြသူ ၃၀၀၀ ကျော်ကို ပစ်သတ်ခဲ့တာတွေက ပြစ်ချက် နံပါတ် (၅)။

၆။ ငွေစက္ကူတွေကို တရားမဝင် ၃ကြိမ်တိတိ ကြေညာပြီး ပြည်သူကို အေးဓမြတိုက်တာက ပြစ်ချက် နံပါတ် (၆)။

၇။ မြန်မာကျောက်မျက်ရတနာတွေကို မှောင်ခိုထုတ်ပြီး လန်ဒန်မှာရောင်းစား ငွေတွေဘုံးခဲ့တာ ပြစ်ချက် နံပါတ် (၇)။
(မှတ်ချက်။ Black Ruby Queen ဆိုပြီး ဗိုလ်နေဝင်းမိန်းမ ဒေါ်ခင်မေသန်းက လန်ဒန်ရတနာဈေးကွက်မှာ နာမည်ကြီးခဲ့တယ်။ Switzerland ဆွစ်ဇာလန် ဘဏ်မှာလည်း ငွေတွေအပ်ထားတယ်ဆိုပြီးကြားရတယ်။ ဒါပေမဲ့ ဒါတွေဟာ အကြားသာရှိခဲ့တယ်။ အခုပွင့်လင်းလာတဲ့ခေတ်မှာတော့ ဗိုလ်နေဝင်း မြေးတွေက AGD ဘဏ်ရဲ့ ရှယ်ယာတွေကို ဝယ်လိုက်တဲ့အပြင် သူတို့ရဲ့ငွေတွေ တရုတ်ဘဏ်မှာ ဒေါ်လာ သန်းလေးထောင် ရှိတယ်လို့ သူတို့ကိုယ်တိုင်ပြောခဲ့တယ်။ ထောင်ထဲမှာ အကြာကြီးနေခဲ့ရပြီး ဘာစီးပွားရေးမှ မလုပ်တဲ့ ဗိုလ်နေဝင်း မြေးတွေက ဒီငွေတွေကို ဘယ်ကရလာသလဲဆိုတာ ပြေးကြည့်စရာမလိုဘူး တွေးကြည့်တာနဲ့သိနိုင်တယ်။ တိုင်းပြည်ကနေ ၂၆ နှစ်လုံး ခိုးထားတဲ့ ပိုက်ဆံကလွဲရင် ဘယ်ကပိုက်ဆံမှ မဖြစ်နိုင်ဘူး။)

၈။ နှစ်စဉ်ပြည်ပထွက်နေပြီး အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ စင်္ကာပူနိုင်ငံတွေရဲ့ တိုးတက်မှုတွေကို မြင်နေရပေမဲ့ မိမိအာဏာတည်မြဲရေးကိုသာဦးစားပေးကာ မိမိနိုင်ငံဖွံဖြိုးတိုးတက်လာမှာကို မျက်စိပိတ်နားပိတ်လုပ်ခဲ့ပြီး ခေတ်နောက်ကျ ကျန်ရစ်အောင်ဘယ်သူကိုမှ တိုင်းပြည်ကထွက်ခွင့်မပေးဘဲ၂၆နှစ်လုံးလုံးပိတ်ထားခဲ့တာက ပြစ်ချက် နံပါတ် (၈)။

၉။ နောက်ဆုံးပြစ်ချက် (၉) ကတော့ အစဉ်အလာကောင်းခဲ့တဲ့ဗမာ့တပ်မတော်ကြီးကို တိုင်းပြည် ပြိုကွဲမှာစိုးလို့ဆိုတဲ့ ဆင်ခြေနဲ့ မိမိကိုယ်ကျိုးအတွက် အာဏာသိမ်း အလွဲသုံးစားလုပ်ခဲ့ပြီး ကြေးစားတွေ၊ တပါးကျွန်တွေကို နေရာပေး အုပ်ချုပ်ဖျက်စီးခဲ့လို့ အကျင့်ပျက်နေတဲ့စစ်တပ်။ ကိုယ်ကျိုးရှာစစ်တပ်၊ လူသတ်စစ်တပ်၊ လယ်သမားတွေဆီ လက်နက်နဲ့ခြိမ်းခြောက် လယ်တွေသိမ်းပြီး လယ်တွေပြန်ငှားစားတဲ့ လယ်သမားတွေကို စီးပွားရေးကျွန်ပြုထားတဲ့စစ်တပ်၊ လက်ပံတောင်းတောင်ကို တရုတ်ကို ရောင်းစားပြီး တောင်သူတွေကို အိုးမဲ့အိမ်မဲ့ ဘဝပျက်အောင်လုပ်တဲ့စစ်တပ် အသွင်ရောက်အောင် ဖန်တီးပေးခဲ့တဲ့ ပြစ်မှုကြီးပါပဲ။

ထွန်းအောင်ကျော် (၇၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...