Saturday, February 21, 2015

အကောင်


ငယ်ငယ်ကတည်းက "အကောင်" ဆိုတဲ့ အသုံးအနှုန်းကို ကြားသိခဲ့ရတယ်။ ငယ်စဉ်တုန်းကတော့ ဒီစကားရဲ့ အဓိပ္ပာယ်ကို မတွေးဖြစ်ခဲ့ဘူး။ တိရိစ္ဆာန်လား၊ လူလားဆိုတာလည်း မစဉ်းစားခဲ့ဘူး။
သူငယ်ချင်း အချင်းချင်း ပြောကြတဲ့အခါ "သူ့ အဖေက အကောင်ကွ" ဆိုရင် အပြောခံရတဲ့သူက စိတ်ဆိုး၊ ဒေါသထွက်တာမျိုး မရှိဘူး။ ဘေးကလူတွေကလည်း သူ့အဖေဟာ မဆလအစိုးရထဲက ရာထူးကြီးကြီး ဖြစ်ရင်ဖြစ်၊ စစ်ဘက်က ရာထူးကြီးကြီး ဖြစ်လိမ့်မယ်ဆိုတာ သိကြတယ်။ အဲဒီလို ရာထူးရှိတဲ့သူတွေကို အကောင်လို့ ခေါ်ဝေါ်ကြတာ ဖြစ်တယ်။

ဦးနေဝင်းအစိုးရခေတ်မှာ ကျွန်တော်တို့အိမ်တွေ ဧည့်မထဆန်တစ်ပြည်ကို ၂ ကျပ် ၁၀ ပြားနဲ့ သမဝါယမဆိုင်မှာ တန်းစီပြီး ဝယ်စားနေတဲ့အချိန်မှာ အထက်ပါအကောင်များက မေတ္တာမွန်၊ ပဒုမ္မာလို ဆိုင်မျိုးက ကောင်းပေ့၊ ညွန့်ပေဆိုတာမျိုးကို ဈေးချိုချိုနဲ့ လစဉ် ဝယ်ယူခွင့်ရကြတယ်။
ကျွန်တော်တို့ လူတန်းစားတွေအနေနဲ့ကြည့်ရင် ဒီလိုလူတွေဟာ အခွင့်ထူးခံ လူတန်းစားတစ်ရပ်လို့ မြင်ကြတယ်။ ကိုယ်က အခွင့်ထူးမခံရလို့ ဒီလိုလူတွေကို ကြာတော့ ကြည့်မရတော့ဘူး။ အမြင်လည်း ကပ်လာတယ်။ ပြည်သူတွေထက် ဒီလိုမျိုး အခွင့်ထူးခံပြီး အခွင့်အရေးတွေ ပိုယူနေကြတဲ့ လူ့တိရိစ္ဆာန်တွေကို တိရိစ္ဆာန်လို့ မခေါ်တော့ဘဲ လွယ်လွယ်ကူကူ အကောင်လို့ ခေါ်လိုက်ကြတယ်။
ဒါပေမဲ့ ဒီလူ့တိရိစ္ဆာန်တွေကလည်း အကောင်ဖြစ်ရတာ ဂုဏ်ယူနေကြလေရဲ့၊ အကောင့်သားသမီး ဖြစ်ရတာ ဂုဏ်ယူနေကြလေရဲ့။ အချို့လူတွေကလည်း အကောင်ဖြစ်ဖို့ ကြိုးစားကြသလို၊ အချို့တွေကလည်း အကောင်တွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ အားထုတ်နေကြလေရဲ့။
ဆယ်မောက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...