Tuesday, February 3, 2015

ကျောင်းသားလှုပ်ရှားများ ဘာကြောင့် မအောင်မြင်ခဲ့သနည်း

 
ကျောင်းသားလှုပ်ရှားများ ဘာကြောင့် မအောင်မြင်ခဲ့သနည်းကို လေ့လာသုံးသပ်ရလျှင်-

ဦးသန့်အရေးအခင်း၌

(၁) စနစ်တကျ ဖွဲ့စည်းထားနိုင်ခြင်း မရှိသဖြင့် အဖွဲ့များကွဲနေခြင်း။ သာဓကအားဖြင့် ဦးသန့်အရေးအခင်းတွင် ကွန်ဗို့ကေးရှင်း၊ မန္တလေးဆောင်နှင့် ဂူဗိမာန်ဆောက်လုပ်ရေးအဖွဲ့သုံးဖွဲ့ခန့် ကွဲခဲ့ကြခြင်း။

(၂) ဦးသန့်အရေးအခင်းတွင် အစိုးရမှကျောင်းသားများ တောင်းဆိုချက်ကို လိုက်လျောပြီး မြုပ်နှံရန်မြေနေရာကို ကန်တော်မင်ပန်းခြံနားကို ပေးခဲ့သော်လည်း ကျောင်းသားများက ဇွတ်အတင်း တက္ကသိုလ်နယ်မြေထဲတွင် မြှုပ်နှံခဲ့သည့်အတွက် အစိုးရမှအကြမ်းဖက်ရန်အချက်ရရှိသွားပြီး အကြမ်းဖက်ဝင်ရောက်ဖြေရှင်းခြင်းခံခဲ့ရသည်။


၈၈ အရေးအခင်း၌

(၁) ဗကသနှင့် မကဒ ကွဲခဲ့ကြခြင်း။ ကျောင်းသားထုတရပ်လုံးကို အမှန်တကယ် ကိုယ်စားမပြုခြင်း၊ ခင်ရာမင်ရာ သူငယ်ချင်းများဖြင့်သာ ဖွဲ့စည်းထားခြင်း။

(၂) အဖွဲ့အစည်းများကို ဦးဆောင်နိုင်ဖို့ အသင်းအပင်းဖွဲ့စည်းသည့် အတွေ့အကြုံမရှိခြင်း။

(၃) အစိုးရအဖွဲ့မှ ပရိယာယ်ကြွယ်ကြွယ်ဖြင့် အချိုသတ်သည်ကို အဟုတ်ထင်ခြင်း။

(၄) လှုပ်ရှားမှုကို အရောင်ဆိုးပြီး ဝါဒလိုင်းကိုလက်ဦးမှုယူ၍ တင်လာခြင်းကြောင့် သဘောထားကွဲကြခြင်း။

(၅) စစ်တပ်မှလက်နက်ဖြင့် အကြမ်းဖက်လာပါက တုံ့ပြန်နိုင်ရန် လက်နက်မရှိခြင်းနှင့် ဗျူဟာမရှိခြင်း

(၆) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှလည်း ကျောင်းသားများကို ဘေးမှရံပေးသည့် ထိထိရောက်ရောက် ပံ့ပိုးမှုမရှိခြင်း။

(၇) ၈၈ တွင် ကျောင်းသားပြည်သူများကို ကူညီရန်ထက် မွန်နှင့် ကရင်တို့ ဘုရားသုံးဆူတွင် နယ်စပ်စိုးမိုးရေးအတွက် အချင်းချင်း ထသတ်နေခဲ့ကြသည့် သာဓကရှိသည်။ တိုကြောင့် မအောင်မြင် ဖြစ်ခဲ့ရသည်။

ယနေ့ ကျောင်းသားများ တောင်းဆိုခဲ့သော (၄) ပွင့်ဆိုင်တွေ့ဆုံမှုကို အစိုးရက ဂရုမစိုက်ဘဲ လစ်လျူရှုခဲ့သည်။ သို့ရာတွင် ကျောင်းသားများကို ပြည်သူကဝန်းရံလာပြီး အင်အားကောင်းလာသည့်အခါ အစိုးရမှလေပြေလေးနှင့် (၄) ပွင့်ဆိုင်ကို ဆွေးနွေးပါမည်ဟု သဘောတူလာခဲ့ခြင်းသည် အစိုးရအဆက်ဆက်ကျောင်းသားများကို အချိုသတ်ပြီး မဖမ်းဆီးပါဟု ကတိများ အကြိမ်ကြိမ် ပေးခဲ့သော်လည်း အင်အားပြိုသွားသည့်အချိန်တွင် ကောက်သင်းကောက်သလို ဖမ်းဆီးခဲ့သည့် သာဓကများကိုလည်း မမေ့သင့်ပေ။ ဆွေးနွေးပွဲရက်တွင် ကျောင်းသားများ နယ်စုံမှလူစုမကွဲရန် ရန်ကုန်တွင် စုရပ်အနေနှင့် ဆွေးနွေးမှုရလာဒ်ကို စောင့်ကြည့်နိုင်ပါက အင်အားမပြိုကွဲဘဲ ရှိနိုင်ပါသည်။ ယနေ့ကျောင်းသားလူငယ်များ ဆွေးနွေးညှိုနှိုင်းမှုများ လုပ်ဆောင်ရာတွင် ကျောင်းသားရပ်တည်ချက် မှန်ကန်ဖို့ရန် အထူးလိုအပ်ပါသည်။ ဆွေးနွေးပွဲကိုတရားသေဆုပ်ကိုင်မှုဖြင့် မဆွေးနွေးဘဲ တဖက်မှဆွေးနွေးတဖက်မှ မည်သည့်အချက်များကို ဆွေးနွေးနေကြောင်း ကျောင်းသားထုနှင့် ပြည်သူတို့ကို နေ့စဉ်အသိပေးနိုင်ပါက အောင်မြင်နိုင်မည်ဟု ထင်ပါသည်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...