Tuesday, February 17, 2015

နယ်စပ်မြို့တော်မှ စိန်ခေါ်မှုများ (၁၀) (သေမင်းခံတွင်းမှာ ခဏတာ)

၁၁.၂.၂၀၁၅ နံနက် ၈နာရီခွဲခန့်။ လောက်ကိုင် - လားရှိုး အဝေးပြေးလမ်းမပေါ်ရှိ ကားတစ်စင်းထဲတွင် ကျွန်တော်ရှိသည်။ ကားကလေးသည် လျင်မြန်စွာမောင်းလျက်။ နောက်ခန်းတွင် လူလေးယောက်ထိုင်နေသော်လည်းကျပ်သည်ဟုမတွေးမိ။ ကိုယ်အိမ်ကိုယ်ပြန်လာသော်လည်းပျော်ရွှင်ကြည်နူးမှုကိုမခံစားနိုင်။ မြူနှင်းဝေေ၀နှင့် စိမ်းစိုနေသောတောင်ပေါ်ဒေသအလှတရားကိုမေ့လျော့ရင်း။ ကားကလေး၏ သွားနှုန်းနှေးလွန်းသည်ထင်၏။ ဖြစ်နိုင်လျှင် ဤအရပ်ဒေသမှ အတောင်ပံဖြင့် ပျံပြေးချင်၏။ လူတိုင်း၏ရင်တွင် ထိတ်လန့်ဖွယ် ကြောက်ရွံ့ဖွယ် ခံစားချက်များက ကြီးစိုးလျက်။ ကားလမ်းနံဘေးရှိ သံလွင်မြစ်ကြီးကလူသားတို့၏ခံစားချက်ကိုမသိကျိုးကျွန်ပြု၍ တသွင်သွင်စီးဆင်းနေရက်သည်။
ဤအိပ်မက်ဆိုး၏ အစသည်ကား. . .
____________________
(၁)
၁၀.၂.၂၀၁၅ ည ၁၁နာရီခန့်။ ဆေးရုံဝန်ထမ်းအိမ်ယာ ကျွန်တော့်အခန်းထဲတွင် ထုံးစံအတိုင်းကွန်ပျူတာတစ်လုံးဖြင့် အလုပ်ရှုပ်နေစဉ်။
ဒက် ဒက် ဒက် ဒက်

မြို့ထဲမှ အနီးကပ် ဆူညံစွာထွက်လာသောသေနတ်သံများကြောင့် ခေါင်းနပမ်းကြီးသွားသည်။ ရုပ်ရှင်ကြည့်ရင်းသာ ကြားဖူးသောစက်သေနတ်သံများအမှန်တစ်ကယ်ထွက်ပေါ်လာခဲ့ပြီ။ မြို့ထဲတွင် ဟိုမှသည်မှ ပျံနှံ့လျက်။ တဆတ်ဆတ်တုန်နေသောလက်ဖြင့် ကွန်ပျူတာနှင့် မီးကိုပိတ်၍ အတွင်းဖက်ခန်းထဲသို့ ၀င်ပြေး၏။ ပြူတင်းပေါက်လုံးဝမရှိသောထိုအခန်းသည် သေနတ်ကျည်ဆံကိုကောင်းစွာကာကွယ်ပေးနိုင်လိမ့်မည်ထင်၏။ ပွစိတက်နေသောဆေးပစ္စည်းများကိုတွန်းဖယ်ရင်း Sun company မှ ပေးထားသောတစ်ခါမှအသုံးမပြုဖြစ်သေးသော map ကိုဖြန့်ခင်းသည်။ တုန်နေသောလက်ကြောင့် ခရီးမတွင်လှ။ ၄င်းပေါ်တွင်ထိုင်ပြီးချိန်၌ ရသမျှဘုရားစာများကိုအမြီးအမောက်မတည့်စွာ ရွတ်ဆိုနေမိတော့သည်။ ဘုရားသာလျှင် အားကိုးရာဖြစ်တော့သည်ကိုး။ အရေးထဲဖုန်းကမြည်လာသည်။
သင်တန်းတက်ရန် လားရှိုးသွား၍ စစ်ပွဲနှင့်လွဲသွားသော DMO က အခြေအနေစုံစမ်းခြင်းပင်။ ဖုန်းသံ မြန်မြန်ပျောက်စေရန် ကမန်းကတန်းကိုင်လိုက်သည်။ သွားကြားမှလာသောလေသံကိုအသုံးပြု၍ နှုတ်ဖျားဖြင့်ဖြေရသည်။
စက်သေနတ်သံများပိုမိုကျယ်လောင်လာသည်။ နှာခေါင်းထဲယမ်းနံ့ရသလိုလိုထင်မိ၏။ စိတ်ထင်၍လည်းဖြစ်နိုင်သည်။ ပြေးလာသောခြေသံများကြား၏။ ခွေးဟောင်သံများဆူညံသွား၏။ ဘုရားဘုရားဘယ်တော့များ ငါ့အခန်းကိုလာခေါက်မလဲ။ ပိန်းပိတ်အောင်မှောင်သောအမှောင်ထုတွင် တစ်ယောက်တည်းနေရခြင်းကအလွန်မွန်းကျပ်စေသည်။ လက်ထဲတွင် AAA size ဓာတ်ခဲတစ်လုံးထည့်ထားသောဓာတ်မီးလေးကိုင်ထားသော်လည်းမဖွင့်ရဲ။
ဤတစ်ကြိမ်တွင် Silent လုပ်ထားသောဖုန်းမှ vibration ရပြန်သည်။ ဖုန်း call တစ်ခုလာပြန်ပြီ။ ကိုင်လိုက်တော့
“ဆရာ ၀န်ထမ်းတွေအားလုံး sister အိမ်မှာစုနေကြတယ်။ ဆရာကြောက်ရင်လာခဲ့ပါလား” ဆေးဆိုင်ပိုင်ရှင်ထံမှ ဖုန်းဖြစ်သည်။
မသွားရဲ။ သို့သော် သူတို့လာခေါ်မည်ဟုဆိုသည်။ ရင်လေးစွာဖြင့် လက်ခံလိုက်မိသည်။ ကိုယ့်ကိုယ်ကိုလည်းဆုံးဖြတ်ပြီးမှ မှားသွားလားဟုတွေးမိသည်။ တွေးရမည့်အချိန်မဟုတ်။ အသင့်ပြင်ထားသောကျောပိုအိတ်ကိုလွယ်လိုက်သည်။ အရေးထဲအိမ်ကိုခပ်ရန်သော့ခလောက်ရှာမတွေ့။ အမှောင်ထဲတွင် ဓာတ်မီးလေးကိုလက်ဖြင့်အုပ်ကာဖွင့်၍ရှာသည်။ မတွေ့ မတွေ့ မတွေ့။ သော့ခလောက်ရောသော့တံပါ အပြင်တွင် တွဲလောင်ကျန်ခဲ့ခြင်းဖြစ်နိုင်သည်။ ဖွင့်မကြည့်ရဲ။
“ဆရာ”
ခေါ်သံကြားမှ တံခါးဖွင့်သည်။ မျှော်လင့်ထားသကဲ့သို့ သော့ကိုမတွေ့။ အိမ်ထဲတစ်ခေါက်ပြန်ဝင်၍ ရှာရပြန်သည်။ တွေ့ပြီ။ အပြင်ထွက်သည်။ တုန်ရင်သောလက်ဖြင့် အမှောင်ထဲတွင် သော့ခတ်မရ။ ယောင်ယမ်းပြီးမီးဖွင့်မိသည်။ ဆေးဆိုင်ပိုင်ရှင်ကကဗျာကယာတား၏။ ဆူညံသောသေနတ်သံများကြားသော့ခတ်နေသောတစ်ခဏသည် တစ်ကမ္ဘာမျှ ကြာသည်ထင်၏။ နောက်ဆုံးတွင် အမှောင်ထဲ၌ပင် ၀န်ထမ်းများစုစည်းရာသို့ ရောက်ခဲ့သည်။
____________________
(၂)
၉.၂.၂၀၁၅ နံနက်ပိုင်း။ တောက်ရွှေ၊ ကုန်းကြမ်း၊ မော်ထိုက်တို့တွင် ဖုန်ကျားရှင်၏ ကိုးကန့်တပ်များအပြင်းအထန်တိုက်ခိုက်လျက်ရှိကြောင်း ကြားရသည်။ လောက်ကိုင်သို့ရောက်ကတည်းကစစ်ပွဲသတင်းကိုမကြာခဏကြားရတတ်သဖြင့် မဆန်းတော့သလိုဖြစ်နေသည်။ သိပ်ပင်မယုံချင်။ သို့သော် ကြားရသောနေရာကသေချာသလောက်ရှိသဖြင့် ယုံရသည်သာ။ ဘာပဲဖြစ်ဖြစ် လောက်ကိုင်တော့ လာမတိုက်နိုင်ပါဘူးဟုထင်၏။ လောက်ကိုင်၏ စစ်အင်အားကိုသူတို့ ယှဉ်နိုင်မည်မဟုတ်ဟုသာတွေးမိ၏။
____________________
(၃)
၉.၂.၂၀၁၅ ညနေပိုင်း။ လောက်ကိုင်နှင့် ၁၈မိုင်သာဝေးသော တာရွှေထန်ကိုတိုက်ခိုက်နေပြီဟု ကြား၏။ ထိုညတွင် အဝေးဆီမှ လက်နက်ကြီးပစ်ခတ်သံများကြားရသည်။ အရေးထဲအနားတွင် ဘုရာပွဲတစ်ခု ပြုလုပ်နေပြီးတစ်ညလုံးဆူဆူညံညံကြေညာသံ၊ သီချင်းဖွင့်သံများကြားရသည်။ ဘယ်သူကများသွားလည်ကြပါလိမ့်။
____________________
(၄)
၁၀.၂.၂၀၁၅ နံနက်ပိုင်း။ တာရွှေထန်တိုက်ပွဲပိုမိုပြင်းထန်လာကြောင်းကြားရသည်။ ချင်းရွှေဟော်နှင့် လောက်ကိုင်ကြားတွင်လည်းပစ်ခတ်မှုရှိကြောင်းသိရသည်။ ward round ပြီးအပြန် အိမ်ရှေ့တွင်ရပ်နေစဉ် ဆေးရုံအလုပ်သမားတစ်ယောက်ဆိုင်ကယ်နှင့် အမောတကောပြေးလာပြီးအနားက ၃၂၂တပ်ကိုတိုက်နေပြီ။ ပြေးရအောင်ဟုဆိုသည်။ အတော်တုန်လှုပ်သွားသည်။ ၃၂၂ ဆိုသည်မှာအနီးလေးပင်။ ခရိုင်ရဲတပ်ဖွဲ့သို့ ဖုန်းဆက်မေးရသည်။ “မဟုတ်ပါဘူး။ မြို့ထဲမှာလုံခြုံရေးအပြည့်ရှိတယ်။ မကြောက်ပါနဲ့” ဟုဆိုသည်။ အနည်းငယ်စိတ်အေးသွားသည်။
____________________
(၅)
၁၀.၂.၂၀၁၅ နေ့လယ်ပိုင်း။ တာရွှေထန်မှ ပြေးလာသောလူနာတစ်ယောက် ဆေးခန်းလာပြသည်။ တာရွှေထန်တွင် တိုက်ပွဲပြင်းထန်နေကြောင်းပြောသည်။ လေယာဉ်တစ်စီးပစ်ချခံရသည်ဟုဆိုသည်။ ဟုတ်မဟုတ်တော့မသိ။
ညနေပိုင်းတွင် အဝေးဆီမှ စိမ်းညို့ညို့ တာရွှေထန်တောင်ကုန်းကြီးပေါ်တွင် လေယာဉ်များ ၀ဲပျံနေသည်ကိုမြင်ရသည်။ ပေါက်ကွဲသံများပိုမိုကျယ်လောင်လာသည်။ စက်သေနတ်သံကဲ့သို့ ဒက်ဒက်ဒက် အသံများလည်းကြားရသည်။ သို့သော် သာမန်သေနတ်သံနှင့်မတူဘဲမိုးချူန်းသကဲ့သို့ ကြောက်မက်ဖွယ်ဟိန်းထွက်နေသည်။ ဘာသံကြီးလဲ။ တစ်ယောက်ကတော့ လေယာဉ်ပစ်သောစက်သေနတ်ဟုဆိုသည်။ ညနေ ၄နာရီခွဲခန့်တွင် အသံများတဖြည်းဖြည်းတိတ်ဆိတ်သွားလေသည်။ အင်တာနက်စာမျက်နှာပေါ်တွင် မြန်မာဘက်မှအနိုင်ရနေပြီဖြစ်ကြောင်းသတင်းများတက်လာ၍ စိတ်အေးသွားသည်။
ထွေအုပ်ရုံးမှ ဆေးရုံသို့ ဖုန်းဆက်လာသည်။ ၀န်ထမ်းများ ယူနီဖောင်းမ၀တ်ဘဲ အလုပ်ဆင်းကြပါ။ ဘယ်မှမသွားပါနဲ့ ဆို၏။ ၀န်ထမ်းများကို အသိပေးရသည်။
____________________
(၆)
၁၀.၂.၂၀၁၅ ည ၁၀နာရီခန့်။ သတင်းတစ်ခုကြားသည်။ ဖုန်ကျားရှင်၏ ကိုးကန့်တပ်များလောက်ကိုင်နှင့် ၅မိုင်ခန့်သာဝေးသော နားပန်သို့ရောက်နေပြီဆို၏။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြေးစရာရှိပြေးရအောင် ကျောပိုးအိတ်ထဲလိုအပ်သည်များထည့်ထားရသည်။
မယုံလို့လည်းမရတော့။ ည ၁၁နာရီခန့်တွင် သေနတ်သံများတကယ်ထွက်ပေါ်လာခဲ့ပြီ။
____________________
(၇)
ညသန်းခေါင်တွင် စစ်မှုထမ်းတစ်ယောက်ထံမှ ဖုန်းရသည်။ “သေနတ်သံတွေက ရန်သူဝင်မယ်ကြားလို့ တပ်လှန့်တာပါ၊ မကြောက်ကြပါနဲ့၊ စစ်ကူတွေလည်းမိုးမလင်းခင်ရောက်လာမှာပါ” ဟု။ ခဏတော့ စိတ်အေးသွားသည်။
သို့သော် သေနတ်သံများကတိတ်မသွား။ ပို၍ ကျယ်လောင်လာသည်။
“ဟုတ်ရဲ့လားဗျာ။ တပ်လှန့်တာဆိုရင် ဒီလောက်ကျည်ဆံဖြုန်းပါ့မလား”ဟု ကျွန်တော် ညည်းညူမိသည်။
သေသေချာချာနားထောင်လျှင် အပြန်အလှန်ပစ်ခတ်နေသည်ဟုထင်ရသည်။ စက်သေနတ်သံဒက်ဒက်ဒက် ကြားတွင် တစ်ချက်ချင်းပစ်သလိုဖောက်ဖောက်ဖောက် မြည်သံကလေးများကြားနေသည်။ ဘယ်လက်နက်ကိုဘယ်သူကိုင်ပါလိမ့်ဟုအူကြောင်ကြောင်တွေးမိသည်။ တကယ်တော့ ကိုယ့်အလုပ်မဟုတ်။ လက်နက်ကြီးပစ်ခတ်သံများပင် ပါလာသည်။ တပ်လှန့်သည်ဆိုလျှင် လက်နက်ကြီးတော့ ပစ်မည်မထင်။
ကြက်အိပ်ကြက်နိုးဖြင့် မိုးလင်းသွားသည်။ နံနက်၇နာရီခန့်တွင် သေနတ်သံများအားလုံးတိတ်သွားသည်။ သတင်းများပြန်စုံစမ်းရသည်။
ကိုးကန့် TV က လောက်ကိုင်မြို့ကိုဖုန်ကျားရှင်သိမ်းပြီ ဖြစ်ကြောင်းကြေညာ၏။ ဟုတ်မည်မထင်။ ရဲဌာနသို့ ဖုန်းဆက်မေး၏။ မရ။ ဖုန်းပိတ်ထားပုံရသည်။
တပ်မှသူနာပြုတစ်ဦးရောက်လာမှ ဆက်သွယ်ရေးတပ်ကိုအလုံးအရင်းဖြင့် အတိုက်ခံရကြောင်း၊ ထို့နောက် ရန်လုံကျိုင်းရဲစခန်း၊ အကျဉ်းထောင် တို့ကိုလည်းမျှေုာ်လင့်မထားသောအင်အားဖြင့်တိုက်ခိုက်ခံရကြောင်းသိရသည်။
ဤအခြေအနေရောက်မှတော့ စွန့်ခွာထွက်ပြေးရန် ဆုံးဖြတ်ရတော့သည်။ မိမိအလုပ်အကိုင်ထက် မိမိအသက်ကိုပို၍ တန်ဖိုးထားရတော့သည်။
ဝန်ထမ်းအားလုံး ၀မ်းနည်းစွာဖြင့် ဌာနကိုစွန့်ခွာခဲ့ရလေသည်။
____________________
(၈)
“ပိုင်ဆိုင်တာအားလုံးစွန့်ခွာနေ၊ မနာလိုစရာလည်းပဲ မရှိတော့ပေ”
ှSurgeon က ကားမောင်းရင်းသီချင်းညည်းလိုက်ရာကျန်ရစ်ခဲ့သောပစ္စည်းများကို နှမြောတသသတိရမိသေးသည်။ ဘာပဲဖြစ်ဖြစ်ကိုယ့်အသက်လောက်တော့ ဘာမှအဖိုးမတန်ဟုဖြေသိမ့်ရတော့သည်။
မျှော်လင့်နေသောစစ်ကူများကိုမွန်းလွဲပိုင်းတွင်မှ သိန်းနီနားလောက်တွင်တွေ့ရသည်။ စိတ်ထဲတွင် မြန်မြန်သွားကြပါတော့ဟုအော်ဟစ်လိုက်မိသည်။
၁၁.၂.၁၀၁၅ ညနေပိုင်းတွင် လားရှိုးမြို့သို့ ဖြောင့်ဖြောင့်တန်းတန်းရောက်ခဲ့သည်။ လမ်းတစ်လျှေုာက်တွင် တိုက်ပွဲများဖြစ်ခဲ့သော်လည်းပွတ်ကာသီကာလွတ်မြောက်လာခြင်းပင်။ ၀မ်းနည်းစရာအဖြစ်အပျက်များ ကျန်ရစ်ခဲ့သည်။
____________________
(၉)
ဆေးရုံအလုပ်သမားတစ်ဦး၏ ခင်ပွန်းသည် စစ်ပွဲမတိုင်မီကဆေးရုံတွင် သေဆုံးခဲ့သည်။ ၁၃ရက်နေ့တွင် အသုဘချရန်ပြင်ဆင်ထားခဲ့ရာ ၁၁ရက်နေ့ကတည်းက အားလုံးစစ်ပွဲကို ရှောင်တိမ်းခဲ့သဖြင့် အသုဘလိုက်ပို့မည့်သူမရှိ၊ တွင်းတူးပေးမည့်သူပင်မရှိဘဲချခဲ့ရသည်။ အသုဘချပြီချိန်၌ စစ်ပွဲပြန်ဖြစ်လာ၍ လောက်ကိုင်မှ ထွက်မရဘဲကျန်ခဲ့သည်ဟုသိရသည်။ နောက်ပိုင်းဘာဖြစ်သည်တော့မသိ။
____________________
(၁၀)
မော်ထိုက်မှ ၀န်ထမ်းများသည် ပိတ်မိနေရာမှ နယ်စပ်ကိုကျော်ဖြတ်ပြီးတရုတ်ပြည်မှတစ်ဆင့် လောက်ကိုင်သို့ ၁၀.၂.၂၀၁၅တွင် ရောက်ခဲ့သည်။ ၁၁ရက်နေ့တွင် ကျွန်တော်တို့အဖွဲ့နှင့်အတူလာရှိုးသို့ သေပြေးရှင်ပြေးပြေးခဲ့ရလေသည်။
____________________
(၁၁)
ကုန်းကြမ်းမှ ၀န်ထမ်းများအဖြစ်က ပိုဆိုးပါသည်။ လောက်ကိုင်ဘက်လာ၍လည်းမရတရုတ်နယ်စပ်သို့ရောက်အောင်လည်းခက်ခက်ခဲခဲသွားခဲ့ရသည်။ နယ်စပ်ဖြတ်ခွင့်မရ၍ ပြည်တွင်းမှပင်ခက်ခက်ခဲခဲ ပြန်လာရာ ၁၃.၂.၂၀၁၅ တွင်မှ လားရှိုးသို့ရောက်လာသည်ဟုကြားရသည်။
____________________
(၁၂)
သေမင်းခံတွင်းမှလွတ်မြောက်လာသောအဖြစ်ကိုတစ်သက်လုံးမေ့ရနိုင်တော့မည်မထင်ပါ။ ဆရာဝန်တစ်ယောက်၏ ခါးသီးသော ၀န်ထမ်းဘ၀ အစိတ်အပိုင်းတစ်ခုအဖြစ် စွဲထင်ကျန်ရစ်ခဲ့ပေဦးမည်။
မှတ်ချက်
ကျွန်တော့် ဆောင်းပါးသည် ဆရာဝန်တစ်ဦး၏ စစ်အတွင်းကိုယ်တွေ့ကြုံရသော အတွေ့အကြုံကိုရေးထားခြင်းသာဖြစ်သည်။တစ်ဆင့်စကားဖြင့်ကြားသောသတင်းအချက်အလက်များမှန်လိမ့်မည်ဟုအာမမခံပါ။ နိုင်ငံရေးအယူအဆတစ်ခုမှမပါရှိပါ။ စာဖတ်သူမိတ်ဆွေများနားလည်နိုင်လိမ့်မည်ဟုမျှော်လင့်လျက်. . .

စိုးထွဋ်ခေါင်
၁၄.၂.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...