Sunday, March 1, 2015

“ငရဲခန်းကို ဖြတ်ကျော်ခြင်း”

          နေမိမင်းကြီးသိချင်တာတွေ ကျေနပ်အောင် ဖြေကြားပြီးတဲ့ သိကြားမင်းဟာ တာဝတိန်သာ ပြန်ရောက်တော့ သုဓမ္မာနတ်သဘင်အစည်းအဝေးကနေ သူဘယ်လောက်တော်ခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ပါတယ်။ အတိတ်ဘဝ ကုသိုလ်နည်းခဲ့လို့ ထင်ပါရဲ့။ စပုတ်ပါစန် နတ်သားကလေး တစ်ပါးတလေမှ မရှိရန်ကော။ သူ့တစ်ယောက်တည်း လော်ဘီမပါ ဂေါ်ဇီလာ လုပ်ရတဲ့အခါကျတော့ ခြင်းလုံးသူများဆီ ပါသွားရင်ပြန်ပို့မယ့်သူ မရှိသလိုနေမှာပေါ့နော်။ သူတင်လိုက်တဲ့ဇမ်းက သူ့ဆီပြန်မရောက်ပဲ နေမိမင်းကြီးဆီကိုရောက်သွားတယ်။ နတ်ပရိသတ်ကြီးတစ်ခုလုံး လှုပ်လှုပ်ရွရွ ချီးမွန်းခန်းဖွင့်ကြတာ သိကြားမင်းကြီးမဟုတ်ပဲ နေမိမင်းကြီး ဖြစ်နေတာကိုး။ လူတစ်ယောက် ဆယ်လီဗျစ်တီ ဖြစ်သွားပြီဆိုမှဖြင့်“အို တခြားသူမှ မဟုတ်တာ။ တို့နဲ့ ဘော်ဘော်တွေလေ။ အောင်မလေး ဘယ်သူများလဲလို့။” ဆိုတဲ့အကွက်တွေဟာ လူတွေတင်မကဘူး။ နတ်တွေကလည်း နင်းတတ်တယ်။ “သည်လောက်ပေါ်ပြူလာဖြစ်နေတဲ့ နေမိမင်းကြီးနဲ့ တို့နဲ့က အစောကြီးကတည်းက သိတယ်လေ။ နတ်ပြည်ကိုရောက်လာတာ သူ့ကျေးဇူးကြောင့်ပေါ့။” လို့ကိုယ်စီကိုယ်စီ အတိတ်ကို လှန်ကြတဲ့အခါ နတ်သဘင်ကြီးတစ်ခုလုံး အုတ်အုတ်သည်းသည်းကို ဖြစ်သွားရောတဲ့။ မသိသေး မမြင်ဖူးသေးတဲ့သူတွေကလည်း “ဘူလေးလဲ။ ဘူလေးလဲ။ အာ့ ဘူလေးလဲ။” လို့ ပြစမ်းပါဦး လုပ်တဲ့အခါ နတ်ပြည်ကြီးတစ်ခုလုံးပဲ မိထိလာဆင်းပြီး သွားကြည့်ရတော့မလို ဖြစ်လာတယ်။ တာဝတိန်သာကြီးတော့ နေမိဆီမကြွပါနဲ့ကွယ်။ နေမိမင်းကြီးပဲ တာဝတိန်သာ ပင့်လိုက်ကြရအောင်လို့ အဆိုတင်သွင်း မဲခွဲဆုံးဖြတ်တဲ့အခါ တညီတညွတ်တည်း သဘောတူကြသတဲ့။
သည်မှာတင်ပဲ သိကြားမင်းက သူစီးတဲ့အဲယားဖို့စ်ဝမ်း ဝေဇယန္တာနတ်ရထားကြီးကို ကပ္ပတိန်မာတလိအား မောင်းနှင်စေလျက် ဗစ်ဆစ်ဗီဇာပါတပါတည်း အပြီး ထုတ်ပေးလိုက်လေတော့တယ်။

         အခုတခါမှာတော့ သိကြားမင်းကြီး စီးတဲ့ ဝေဇယန္တာ နတ်ပန်းရထားကြီးအကြောင်း ပြောရဦးမှာပေါ့။ ယူဇနာ ၁၅၀ ရှည်လျားပြီး ရထားအိမ်မှာ ထီးဖြူစိုက်ထားအပ်သော ရတနာပလ္လင်ကြီးရှိသတဲ့။ ကကြိုးတန်ဆာ ရတနာစီခြယ်ထားသော နတ်မြင်းပျံတစ်ထောင် က သတဲ့။ ကတယ်ဆိုတာ ရထားဆွဲတာကိုပြောတာပါ။ ဒါဆိုရင် နတ်ပြည်မှာ နတ်တိရစ္ဆာန်တွေ ရှိတယ်မှတ်နေဦးမယ်။ အဲသည်နတ်မြင်းပျံတွေကနတ်သား ၁၀၀၀ က တန်ခိုးနဲ့ ဖန်ဆင်းထားတဲ့ သိန္ဓောမြင်းတွေတဲ့။ ဧရာဝဏ်ဆင်မင်းဆိုတာလည်း သည်လိုပဲ။ ဧရာဝဏ်နတ်သားက ဆင်အဖြစ် ဖန်ဆင်းထားတာ။ ဆိုလိုတာက နတ်သားနတ်သမီးတွေဆိုတာလည်း သိကြားမင်းဆီမှာ အမှုတော်ထမ်းတဲ့အခါ ထမ်းကြရသေးတယ်။ အလုပ်မလုပ်ပဲ စည်းစိမ်ခံချင်ရင် တာဝတိန်သာမှာတောင် မရဘူး။ မာတလိနတ်သားဦးဆောင်ပြီး နတ်မြင်းပျံတစ်ထောင် သယ်ဆောင်လာတဲ ဝေဇယန္တာနတ်ရထားကြီးဟာ အောင်လံတံခွန်တွေလည်း တလူလူလွင့်လို့။ ရထားပေါ်မှာ လေတိုက်တိုင်း စီစီမြည်စေတဲ့ အောင်စည်အောင်မောင်းသံကလည်း ညံလို့တဲ့။ ဟိုးဝေးဝေးကောင်းကင်မှာဆိုတော့ လမင်းကြီးနှစ်စင်းများ အပြိုင်ထွက်လာသလားလို့တောင် ထင်ရတယ်။ အနားရောက်လာတော့မှ ရထားမှန်းသိရသတဲ့။ အဲ့ဒါကြီးနဲ့ နန်းတော်လေသာပြူတင်း လာပင့်တာဆိုတော့ အလောင်းတော်နေမိမင်းကြီးကို နတ်တွေက ဘယ်လောက် ကြည်ညိုလေးစားသလဲ သိသာတယ်နော်။

          လေယာဉ်မှူးကြီးမာတလိက ထိုင်ခုံခါးပတ်ကလေးတွေ ပတ်ပြ၊ အသက်ကယ်ဝတ်စုံကလေးတွေ ဝတ်ပြပြီးတဲ့နောက်မှာတော့ လမ်းနှစ်သွယ်ရှိတဲ့အနက် ဘယ်လမ်းက ကြွမြန်းလိုသလဲ လို့ မေးပါတယ်။ တကယ်တော့ နတ်ပြည်တို့၊ ငရဲပြည်တို့ဆိုတာ သေလွန်သူတွေသာ ရောက်ရှိနိုင်တဲ့ တမလွန် လားရာဂတိတွေမဟုတ်လား။ အရှင်လတ်လတ် ဘယ်သူမှ မရောက်ဖူးတဲ့ အရပ်တွေလေ။ လူတွေဟာ သေလွန်ပြီးတဲ့နောက် သုဂတိ ကောင်းရာဘုံဘဝကိုရောက်မလား၊ ဒုဂတိ မကောင်းရာ ဘုံဘဝကို ရောက်မလားဆိုတဲ့ လမ်းနှစ်သွယ်မှာ မိမိရဲ့ ကုသိုလ် အကုသိုလ်ကံအလျောက် တုရူထုတ်ခြောက် ရောက်ကြရတာပါပဲ။ နေမိမင်းကြီးမှာတော့ သေလွန်သူမဟုတ်ပဲ အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီး ဖြစ်တာမို့ သူနှစ်သက်ရာခရီးလမ်းက ကြွမြန်းနိုင်ဖို့ ရွေးချယ်ခိုင်းတာပါ။ လမ်းနှစ်သွယ်စလုံးရဲ့ အကြောင်းအကျိုး အကောင်းအဆိုးကိုကိုယ်တွေ့မျက်မြင် သိချင်လှတဲ့အတွက် နှစ်လမ်းစလုံးကို ရှုစားတော်မူလိုတယ် ဆိုတဲ့ အဖြေဟာ အင်မတန်သင့်လျော်ပါတယ်။ သည်အခါမှာတော့ ရထားမှူးကြီး မာတလိက ငရဲကြီးရှစ်ထပ်ကို အလျင်မပြတ် ကြည့်ရှုနိုင်စိမ့်သောငှာ ဝေဇယန္တာနတ်ရထားကြီးကို မဟာပထဝီမြေလွှာအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ပါစေသတဲ့။

          ဘာသာအယူဝါဒတွေ ဘယ်လိုပဲ ကွဲပြားကွဲပြား၊ ငရဲပြည် နဲ့ နတ်ပြည် ရှိတာချင်းကျတော့ အကုန် အတူတူလိုပါလား။ ငရဲပြည်ဆိုတာ မြေကြီးအောက်ထဲမှာ ရှိပြီး နတ်ပြည်ဆိုတာကတော့ ဟိုးကောင်းကင်အထက်ဖျားမှာ ရှိတယ် လို့ ယုံကြည်ကြတာချင်းလည်း တူပြန်တာပဲ။ ရှေးရှေးတုန်းကတော့ လူတွေကကောင်းကင်ကိုလည်း မပျံသန်းနိုင်၊ မြေကြီးအောက်လည်း မထွင်းဖောက်နိုင်ဆိုတော့ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသတွေမှာ ရှိချင်ရာတွေ ရှိလိမ့်မယ်လို့ စိတ်ကူးယဉ်ကြတာ ဖြစ်မှာပေါ့။ ကိုယ်တော်ယေရှုတောင်သူတို့လောက် ပေါ်ပြူလာ မဖြစ်ပါဘူး လို့ မေတ္တာပျက်အောင် စကားဆိုဖူးသူ Beatles အဖွဲ့သားတွေကတော့ Imagine ဆိုတဲ့ သီချင်းထဲမှာ “No Hell below us. Above us only Sky.” လို့ ဆိုခဲ့ဖူးတယ်လေ။ လူတွေဟာ သူတို့ကိုယ်သူတို့ “ကမ္ဘာအနှံ့ ခရီးဆန့်နိုင်ရုံတင်မကဘူး။ ငွေသော်တာ စန္ဒာလကိုတောင် ဟန်းနီးမွန်းခရီးထွက်နိုင်ပြီ။” လို့ အထင်ရောက်လာတဲ့အခါ ရှေးသူဟောင်းတို့ ဆိုရိုးစကားနဲ့ သမ္မာကျမ်းစာ ဘုရားဟောစကားတွေကို “အာဟာ ဟုတ်လည်းဟုတ်ပဲနဲ့။” လို့ စောဒက တက်လာကြပါတယ်။ အဲ့ဒီအခါကျတော့ ထာဝရဘုရားသခင်အပေါ်မှာ အကြည်ညိုလျော့နည်းလာစေတဲ့ ဓမ္မန္တရာယ်ကောင် အဖြစ်မြင်လာကြတာပေါ့။ ဒီတော့မှပဲ အလယ်ခေတ် ခရစ်ယာန်ကျောင်းတော်ကြီးတွေမှာ ကမ္ဘာကြီးလုံးတယ် လို့ပြောရင် စုန်းယိုး မီးရှို့ပြီး သတ်ကြတာ ဘာကြောင့်လဲဆိုတာ နားလည်သဘောပေါက်လာပါတယ်။ ကိုယ်တို့လည်းလေယာဉ်ပျံကြီးနဲ့ တိမ်တွေအပေါ်ထိ ပျံသန်းခဲ့ဖူးပါတယ်။ နတ်ပြည်တော့ မတွေ့ခဲ့မိပါဘူး။ ရေတွင်းဆယ်တုန်းက အောက်ခြေမှာ အုတ်သားတွေပေါ်လာတာ တွေ့သားပဲ။ ငရဲပြည်တော့ မမြင်မိပါဘူး။ အဝီစိတွင်းဆိုတာ ရေတွေကို ဖွေးနေတာ။ ဘယ်မှာလဲ ငရဲမီး။ ဒါနဲ့ပဲ ငရဲမရှိ နတ်ပြည်မရှိ ကိုယ်ထင်ရာထင်တစ်လုံးနဲ့ နောင်ဘဝမရှိ၊ သံသရာမကြည့်၊ မျက်ကန်းတစ္ဆေမကြောက် ဖြစ်ကုန်တော့ ဘယ့်နှယ်လုပ်ကြမတုန်း။

          လောကကြီးမှာ လူတွေရဲ့ မံသစက္ခုလို့ခေါ်တဲ့ အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့ မျက်လုံးနဲ့မြင်နိုင်တဲ့အရာတွေဟာ အရောင်ကလေးမှ ခုနှစ်မျိုးတည်းရယ်ပါ။ ခရမ်းကို လွန်သွားတဲ့အခါ၊ အနီရဲ့အောက်ကိုရောက်သွားတဲ့အခါ၊ မမြင်ရတော့ဘူး။ လူတွေမှာရှိတဲ့ အာရုံခံအင်္ဂါကလည်း ငါးပါးထက်မပိုဘူး။ အဲဒီငါးခုက ပိုလာတဲ့ မနောဒွါရ လို့ခေါ်တဲ့ စိတ်အာရုံမှာ ထင်လာတာတွေကျတော့လည်း စိတ်စွမ်းအားတစ်ခုရလာတဲ့အထိ အလေ့အကျင့်ရှိမှ ခံစားနိုင်တာမျိုး။ အာရုံပေးလိုသူရဲ့ ထင်တဲ့နိမိတ်ကလည်း ပြည့်ပြည့်ဝဝရှိမှ အာရုံခံနေသူရဲ့ မနောအကြည်ဓါတ်ကလည်း တည်တည်ငြိမ်ငြိမ်ရှိမှ ကန်ရေပြင်အရိပ်ထင်သလို မြင်ရတွေ့ရသတဲ့။ အဲ့ဒီတော့ ဘာမဆို ကိုယ်တိုင်မြင်မှ ယုံမယ်ဆိုတာလည်း ဥာဏ်နည်းလွန်းရာကျတာပေါ့နော်။ လောလောဆယ်တော့ ကိုယ်ဥာဏ်မမီတဲ့ ကိစ္စမှာ နေမိမင်းကြီးနဲ့ အတူတူလိုက်ပြီး ငရဲကြီးရှစ်ထပ်ကိုအလည်အပတ် သွားကြည့်ကြတာပေါ့။

          ကိုယ်တို့ဗုဒ္ဓဘာသာအယူဝါဒမှာတော့ ငရဲပြည်ဆိုတာ ရှစ်ထပ်ရှိပါတယ်။ သိဉ္ဇိုဝ်း၊ ကာလသုတ်၊ သံဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ အဝီစိ တဲ့။ အဲသည်ငရဲကြီးတစ်ထပ် တစ်ထပ်စီမှာ နောက်ထပ် အရံငရဲ ၁၆ ခုစီ ရှိတော့ ငရဲပြည်ဆိုတာ အားလုံးပေါင်း ၁၂၈ခုတောင် ရှိသတဲ့။ ငရဲခံရတဲ့ ကာလအပိုင်းအခြားကျပြန်တော့လည်း ကိုယ်တို့လူ့ပြည်သက်တမ်းနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရအောင် ရှည်ကြာလှပါသတဲ့။ ကလေးတွေနားလည်အောင် အလွယ်တကူ ဥပမာပေးရရင် လူ့ပြည်က နှစ်ပေါင်းကိုးသန်းဆိုတာ သိဉ္ဇိုဝ်းငရဲပြည်မှာ တစ်ရက်တာပဲ ရှိပြီး အဲသည်ရက်မျိုးနဲ့တွက်လို့ အနှစ်ကိုးသန်းတိုင်အောင် သက်တမ်းရှည်ကြာ ခံရမှာဖြစ်ပါသတဲ့။ အဲ့ဒါ ငရဲပြည်မှာ အတိုဆုံးသက်တမ်းပဲ။ သူ့အောက်ကိုဆင်းသွားတဲ့ ငရဲပြည်တွေမှာ သူ့ထက် အဆပေါင်းများစွာ ရှည်ကြာတယ်။  ဒါကြောင့် ရှေးရှေးကမ္ဘေကမ္ဘာက ဘုရားရှင်တွေလက်ထက်တော်ကတည်းက ငရဲသားတွေဟာ ဂေါတမဘုရားရှင် လက်ထက်တော်တိုင်အောင် အမည်နာမ အမှုတွဲအတိအကျနဲ့ ရှိနေသေးတာပေါ့။ ဥပမာ ဒု သ န သော လို့ အော်တဲ့ သူဌေးသားလေးယောက်။ အဲ့လိုမှန်းသိရင် လူ့ပြည်မှာ နောက်ငါးနှစ်သက်တမ်းကလေးအတွက် ငရဲကျမယ့် အမှုတစ်ခုခုများ ပြုမိသည်ရှိသော် ကာလအပိုင်းအခြားချင်း ဘယ်လိုမှ မနှိုင်းယှဉ်သာအောင်ဆင်းရဲဒုက္ခခံစားရမှာ သတိထားရမယ်နော်။

          ဘယ်လိုအကုသိုလ်အမှုတွေပြုရင် ဘယ်လိုဆင်းရဲဒုက္ခတွေ ခံစားရသလဲ ဆက်ကြည့်လိုက်ကြပါစို့။ သံရေပူတွေတသွင်သွင်စီးနေတဲ့ ချောင်းကလေးပေါ်မှာ သင်တုန်းဓါးလို အသွားထက်လှတဲ့ သံကြာရွက်တွေအုပ်ထားသတဲ့။ သူ့အပေါ်မှာ သံဆူးကြိမ်နွယ်တွေ ခြုံထူထူထပ်ရှိသေးတာ။ ချောင်းစပ်ကိုရောက်လာတဲ့ ငရဲသားတွေကို ငရဲထိန်းကြီးတွေက အမျိုးအမည်တပ်၍ရသော လက်နက်မှန်သမျှနဲ့ ရိုက်ပုတ်ကန်ကျောက်နှိပ်စက်ပြီး ချောင်းထဲကို ကန်ချတဲ့အခါ ဆူးခြုံထဲကျ၊ သံကြာရွက်တွေနဲ့ အပိုင်းပိုင်းပြတ်ပြီးမှ အလွန်တရာ ပူလောင်ခါးစပ်သော ချောင်းရေပြင်ထဲရောက်ရသတဲ့။ သူတို့လူ့ပြည်မှာ ရှိစဉ်အခါတုန်းက ဗလအားကိုးနဲ့ အားနည်းသူတွေအပေါ် အနိုင်ကျင့်လို့ အဲသည်ငရဲခံရတာပါတဲ့။ ဒါဆို ဗလမောင်ကြီးတွေ အဲသည်ငရဲမှာ ခံရတာပေါ့နော် လို့ မထင်နဲ့။ ဗလအားကိုးဆိုတာ ကာယဗလတစ်ခုတည်း ရှိတာမဟုတ်ဘူး။ သရီရဗလ၊ ဘောဂဗလ၊ အာဏာဗလဆိုတာတွေလည်း ရှိသေးသတဲ့။ ဥစ္စာပစ္စည်းအားကိုး၊ လုပ်ပိုင်ခွင့်အာဏာအားကိုး ၊အတတ်ပညာအားကိုးနဲ့ ကိုယ့်ထက်အားနည်းသောသူတွေအပေါ်မှာ အနိုင်အထက် နှိပ်စက်ကလူပြုခဲ့ရင် အဲသည်ငရဲရောက်မှာဆိုပဲ။ လယ်သိမ်းမြေသိမ်း တောသိမ်းတောင်သိမ်းအလုပ်ခံရလို့ မျက်ရည်ချောင်းစီးနေရှာသူတွေကို အားပေးချင်လိုက်တာ။ အရီးတို့ခံရ သည်တစ်ဘဝပေါ့။ တောင့်ထားလိုက်စမ်းပါ။ သူတို့ခံရမယ့်အကုသိုလ်တွေ မြင်ပလား။ ဘယ်လောက်သနားဖို့ကောင်းသလဲ။ သူများကို လက်ညှိုးထိုးနေရင်းနဲ့ကိုယ့်ဘက်ကို လှည့်လာတာလည်း မှတ်မှတ်သားသား ထားလိုက်ရပါတယ်။ အဲသည်ငရဲမှာ ပညာတတ်တွေ၊ အရာရှိကြီးတွေလည်း အများကြီးရှိတယ်ဆိုပဲ။ ကိုယ်တတ်တဲ့ အတတ်ပညာကို ကောင်းရာကောင်းကျိုးမသုံးပဲ ပညာကိုအသုံးချလို့ အများသူငါ ဆင်းရဲဒုက္ခရောက်အောင် ပြုရင်၊ ကိုယ့်ရာထူးလုပ်ပိုင်ခွင့်ကိုသုံးပြီး လက်အောက်ငယ်သားနဲ့ အများပြည်သူတွေအပေါ်မှာ အနိုင်အထက်ပြုရင်လည်း ရှင် ငရဲကြီးလိမ့်မယ်အဲ့ဟယ် အဲ့ဟယ် တဲ့။ တော်ပြီအေ။ ငရဲကနည်းနည်း ငါတို့စောင်းချင်တာကများများ လို့ ထင်နေပါ့မယ်။ ဒေါ့ကျူးမန့်သက်သေ ရှိပါတယ်။ နေမိဇာတ်တော်ပါ။ သားသားရေးတာ ဟုတ်ပါဘူး။ မင်းပူးဦးသြဘာသဆိုတဲ့ ဆရာတော်ဘုရားကြီး ရေးသွားတာပါ။ သိပ်ကြောက်သွားသလား မမြဝင်း။ ဒါအစပဲ ရှိသေးတာပါ။ ညှင်းညှင်း ညှင်း။

         နောက်တစ်ခန်းက ခွေးကျားကြီးငရဲတဲ့။ အလျှံတညီးညီးတောက်လောင်နေတဲ့ သံမြေပြင်ပေါ်မှာ ငရဲခွေးကြီးတွေက ထက်လှစွာသောအစွယ် လက်သည်းများနဲ့ ကုတ်ဆွဲကိုက်ဝါး စားသောက်နေကြတာတဲ့။ ဒါမျိုးကို သူတို့အနောက်နိုင်ငံကလူတွေလည်း ယုံကြတယ်။ Hell Hound လို့ခေါ်တယ် မဟုတ်လား။ ဘာဖြစ်လို့ အဲသလိုခံရသလဲဆိုတော့ အကျင့်သီလပြည့်စုံတဲ့ ရဟန်းသံဃာ၊ ပညာရှိ သူတော်ကောင်းတို့ကိုဆဲရေးပုတ်ခတ်၊ မနာလိုဝန်တိုစိတ်နဲ့ မဟုတ်တမ်းတရား အမှုဆင် သိက္ခာချ၊ အများသူငှါက ကြည်ညိုနေတဲ့ သဒ္ဓါတရားကို ပျက်အောင် ဖျက်တဲ့သူတွေ အဲသည်ငရဲမှာ ခံရပါတယ်တဲ့။ ဖျား ဖျား။ သည်အသရေဖျက်မှုကြီးက ကြီးကျယ်ရန်ကော့။ မုံရွာက သတင်းထောက်ကလေးကို သတိပေးဦးမှပါလေ။ မောင်ရင် အဲ့သလိုမျိုး ကိုယ့်ဘိုးကိုယ့်ဘတွေကို မေတ္တာပျက်အောင် အကြည်ညိုပျက်အောင် လျှောက်လျှောက်လုပ်နေတာ မတော်လို့များ၊ အဟုတ်ကို မတော်လို့များ သူတော်ကောင်းကြီးတွေကို စော်ကားသလိုများဖြစ်နေရင် ခွေးတွေဝိုင်းဆွဲတာ ခံရလိမ့်မယ် သိလား။ နောက်ငရဲတစ်ခန်းက မီးလောင်ပြင်ပေါ်ပြေးရင်းလွှားရင်း လှံတံနဲ့အထိုးခံရတဲ့ငရဲ။ ရဟန်းသံဃာတွေကို ဆဲရေးလို့တဲ့။ ကလေးတို့ရေ။ ဝီဝီဆြာတော်ကလေးကို မဆဲကြနဲ့ ငရဲကြီးလိမ့်မယ်။ မီးကျီးတွင်းထဲမှာ လက်နက်မျိုးစုံနဲ့ ခုတ်ထစ်ပိုင်းဖြတ် အမဲဖျက်ခံရတဲ့ ငရဲကတော့ ဘာဘီကျူးငရဲပါတဲ့။ ဘယ်သူတွေခံရမှာပါလိမ့်ဆိုတော့မှ မျက်စိထဲတန်းကနဲမြင်မိတာ NGO တွေထိပ်ဆုံးက ပါနေသလိုဖြစ်နေတယ်။ အဆွေအမျိုး မိတ်သင်္ဂဟတွေစုပြီး သည်လူသည်လူတွေကဖြင့် ဒုက္ခပင်လယ်ဝေလို့ သနားစရာပါအေ လို့ အလှူခံကောက်၊ ရလာတော့ ကိုယ်ကျိုးစီးပွားအတွက် အားပါးတရသုံး၊ စတိမျှလောက်ပမာဏကို ရော့သည်မှာ လှူလိုက်ပြီနော်။ ကြည့်ကြကြည့်ကြ လူလုံးပြ၊ စာအုပ်ထဲပါတဲ့အတိုင်းပြောရရင် စဉ်းလဲသော အလှူခံပုဂ္ဂိုလ်များ ခံရာငရဲပေါ့။ သူများလှူထားတဲ့ ပစ္စည်းတွေကို ဒုက္ခသည်တွေဆီမပေးပဲ တီဗီရိုက်ပြီး ပြန်သိမ်းသွားတဲ့သူတွေလည်း ပါမှာပေါ့နော်။

         သံရည်ပူငရဲအိုးကြီးထဲမှာဖောက်ထိုးပြောင်းပြန် မြုတ်ချည်ပေါ်ချည်နဲ့ခံရတာကတော့ အကျင့်သီလပြည့်စုံသော ရဟန်းပုဏ္ဏားတို့ကိုဆဲရေးရိုက်ပုတ် ချုပ်နှောင်နှိပ်စက်သူတွေ ခံရတာ ဖြစ်ပါသတဲ့။ အခုလောက်ဆိုရင်တော့ အခန်းဘွတ်ကင်တင်လို့ရမယ်မထင်တော့ပါဘူး။ ၂၀၀၇ တစ်သုတ်နဲ့တင် အိုးကြပ်နေလောက်ပြီ။ ငရဲအိုးထဲကို အတွဲလိုက် အတွဲလိုက် တုပ်နှောင်ချည်တဲပြီးမှ ဆင်းရသူတွေက လူ့ဘဝတုန်းက ကြက်တွေဝက်တွေကို ချည်တုပ်ချုပ်တည်းပြီးအသားပေါ်တဲ့သူတွေ ခံရတာတဲ့။ အဲ့ဒါပြီးတော့ နောက်ငရဲတစ်ခုက မြင်လိုက်ရတာ သာသာယာယာလေး။ သောင်ပြင်ဖွေးဖွေး မြစ်ရေကြည်ကြည်ကလေးတွေ့ရသတဲ့။ ဒါပေသိ သောင်ပြင်က နင်းလိုက်ရင် ခြေဖဝါးကိုကျွမ်းနေအောင်လောင်ပြီး ပူလွန်းလို့ မြစ်ထဲဆင်းကာမှ မြစ်ရေကြိုက်ကြိုက်ဆူက ပါးစပ်ကဝင်ရင် ဖင်ကလောင်ပြီး ပြန်ထွက်လာသတဲ့။ အဲ့ဒါ ဝိသမလောဘသမား ကုန်သည်ကြီးတွေ ခံရတဲ့ငရဲတဲ့။ ပြတော့တစ်မျိုးး ရောင်းတော့တစ်မျိုး၊ အလေးတင်းတောင်း မမှန်မကန်နဲ့ ဝယ်သူကို ကောက်ကျစ်စွာ လှည့်စားတတ်သူတွေမို့ပါတဲ့။ လက်သိပ်ထိုး တင်ဒါအောင်အောင်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦးလုပ်တဲ့ ဆရာဝန်တွေလည်း ပါမယ်ထင်တယ်နော်။ ဟိုဘဘကြီးကြားရင် ဆီးသီးတောင်းငရဲလို့ ခေါ်မလားမသိဘူး။

          လူအရှင်လတ်လတ်ကို ခုတ်ထစ်ဖြတ်တောက် ဆစ်ပိုင်းနေတဲ့ငရဲကတော့ ခိုးသူတွေကို နှိပ်စက်တာပါတဲ့။ ခိုးခြင်းဆိုတဲ့နေရာမှာ သူတပါးဥစ္စာ သက်ရှိသက်မဲ့တို့ကို အိမ်တွင်းဝင်ရောက် ယူငင်တာတင်မကဘူး။ မတရားသဖြင့် တရားတဘောင်တိုက်ပြီး ခိုးယူတာ (ဥပဒေကို အလွဲသုံးစားလုပ်တာ)၊ စဉ်းလဲစဉ်းစား လှည့်ဖြားခိုးယူတာ၊ အနိုင်အထက် လုယက်ခိုးယူတာ အကုန်ပါသတဲ့။ လူ့ဘဝတုန်းက တံငါ၊ သားထိုး၊ မုဆိုး အဖြစ် အသက်မွေးဝမ်းကျောင်းပြုသူတွေဟာလည်း  ငရဲရောက်တဲ့အခါ တိရစ္ဆာန်တွေအပေါ် သူတို့ပြုခဲ့ဖူးတဲ့ အလားတူအတိုင်း ကြိမ်ဖန်ဆတိုး အမျိုးမျိုးသောဒုက္ခတွေ ခံရသတဲ့။ အနံ့တလှောင်းလှောင်းလှိုင် အိုင်လုံးပြည့်မျှသော ကျင်ငယ်ကျင်ကြီးတွေကို ငတ်ငတ်ငမ်းငမ်း မြည်တမ်းလုယက်စားသောက်နေရတဲ့ ငရဲကတော့ မင်းမှုထမ်းတွေကျတဲ့ငရဲတဲ့။ အပြစ်မရှိသူတွေကို အမှုဆင်၊ ငယ်တဲ့အမှုကြီးအောင် ကြီးတဲ့အမှုလေးအောင် ယိုးစွပ်ယုတ်မာ အပြစ်ရှာခြင်းကြောင့်တဲ့။ မောင်ယက်တောလည်း နိုင်ငံခြားသားမို့ လွတ်မယ် မထင်နဲ့ကွယ်။ မင်းလည်း အမှုတွဲပါတယ်။ လာခံချေဦး။သွေးပုပ်ပြည်ပုပ် စက်ဆုပ်စဖွယ်တွေကို တွေ့ရာမရွေး၊ အလွေးအလုပ်၊ နှုတ်မဆံအောင် မျိုဝါးစားသောက်နေရတဲ့ ငရဲကတော့ အတိတ်ဘဝက ပဉ္စာနန္တိယကံကြီးထိုက်သူတွေ ခံရတာတဲ့။ အဖေသတ်တဲ့ကံ၊ အမေသတ်တဲ့ကံ၊ ရဟန္တာသတ်တဲ့ကံ၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြုတဲ့ကံ၊ သံဃာသင်းခွဲတဲ့ကံတွေဟာ သက်တော်ထင်ရှားဘုရားရှင်နဲ့ တွေ့လို့တောင် ကျွတ်ခွင့်မကြုံတော့တဲ့ ကံကြီးငါးပါးဖြစ်သတဲ့။ အဇာတသတ်မင်းဟာ ဘုရားသာသနာတော်မှာ သူ့လောက် ဘုရားရှင်အပေါ် ကြည်ညိုတဲ့ ဥပသကာမရှိဘူးရယ်လို့ ဧတဒဂ်ရတယ်။ ဒါပေမယ့်လည်း အခု ငရဲပြည်မှာလေ။ ပီတုဃာတကကံထိုက်နေလို့ သောတာပန်တောင် မတည်နိုင်ခဲ့ဘူး။ အဲသည်ကံငါးပါးထဲမှာ အခုခေတ်လူသားတွေ တော်တော်သတိထားသင့်တာက သံဃာသင်းခွဲတဲ့ကံဆိုတာပဲ။ သံဃာဆိုတာ ဘုရားနဲ့ တစ်ဂိုဏ်းတည်းပဲ။ ၉၆၉ သံဃာ၊ ပြည်ခိုင်ဖြိုးသံဃာ၊ ဒီမိုသံဃာ၊ စစ်တပ်သံဃာတွေကွဲအောင် အရောင်ဆိုးမိရင် ကံကြီးထိုက်တတ်တယ်။ အဲသည်အထဲကိုယ်မပါစေနဲ့။ ဘုရားနဲ့တွေ့လို့တောင် မကျွတ်ပဲနေလိမ့်မယ်။

           တရားနှင့်အညီ မစီရင်သော ရှေ့နေ၊ တရားသူကြီး၊ ရာဖြတ်၊ ပွဲစားများ (သူတို့ခေတ်က ပွဲစားဆိုတာ အကျိုးဆောင်ကိုပြောတာ မဟုတ်။ ရောင်းရေးဝယ်တာမှ သမာသမတ်ဖြစ်အောင် ဆုံးဖြတ်ပေးရတဲ့သူကို ပြောတာ) ကျင်လည်ရာငရဲကတော့ သည်လိုပါတဲ့။ လူတစ်ကိုယ်လုံး အရေဆုတ်၊ အရိုးထုတ်၊ ငါးမြားချိတ်မှာသီ၊ အာစောက်လျှာရင်းက ဖောက်ထွင်းထိုးချိတ်လို့ထားသတဲ့။ သူတို့ဝဇီဒုစရိုက်ကြောင့် လူတဘက်သား အများသူငါ ဆင်းရဲဒုက္ခရောက်ရရှာတာကိုး။ ခါးလည်တိုင်မြုတ်နေတဲ့ သံမြေပြင်ပေါ်မှာ သံဆူးလုံးကြီးတွေနဲ့ ဖိဖိပြီး အကြိတ်ခံနေတာကတော့ သူများအိမ်ယာကို ဖောက်ပြားတတ်သူ၊ ကိုယ့်မှာ ကာမပိုင်ရှိလျက်သားနဲ့ တပါးသောယောင်္ကျားနဲ့ မှောက်မှားတတ်သူ မိန်းမပျိုတွေ ခံရတာတဲ့။ ကိုရီးယားကားထဲက မင်းသမီးလေးတွေ ရောက်ကုန်လိမ့်မယ်ထင်ရဲ့။ သနားပါတယ်နော်။ ယောင်္ကျားတွေကျတော့ရော လွတ်မယ် ထင်လို့လား။ ငရဲအိုးထဲ ဇောက်ထိုးကျတယ်ဆိုတာကတော့ မချစ်ရင် မနေနိုင်တာကလွဲလို့ဆိုတဲ့ ကိုကိုတွေ သီးသန့်ခံရတဲ့ ငရဲပါ။ ငရဲပြည်မှာ ဆက်ဖောက်ပြန်နေမှာစိုးလို့ သူတို့ချင်းကို ငရဲအိုးထဲမှာတောင် တူတူမထားတော့ဘူး။

           ဒါတော့မဖြစ်သင့်ပါဘူးလေ။ လင်ရောမယားရော တူတူကျတဲ့ ငရဲလည်း ရှိချင်သေးတာပေါ့။ တစ်ကိုင်းတည်းနားတဲ့ ငှက်ကလေးတွေ သိပ်ပျော်မှာပဲလေ ဆို။ ရှိတာပေါ့။ လက်ပံငရဲတဲ့။ ပြေတီဦး နဲ့ ဖွေးဖွေးခံရတာ။ အဲလေ ဟုတ်ပေါင်။ မိန်းမလုပ်တဲ့သူက လက်ပံပင်ကြီးပေါ်မှာ နေရသတဲ့။ ယောင်္ကျားလုပ်တဲ့သူက လက်ပံပင်အောက်က မျှော်ရတာ။ ဆူးအချောင်းချောင်းပေါက်ပြီး အသွားထက်စွာသော လက်ပံပွင့်ကြီးတွေရှိရာ သစ်ပင်ပေါ်ကို တက်တဲ့သူကတက်၊ ဆင်းတဲ့သူကဆင်း၊ ငရဲသားတွေက ရိုက်မောင်းပုတ်မောင်း လုပ်သော်လည်းပဲ အဖန်ဖန်ပြုတ်ကျလို့ သေပွဲဝင်ရတာ ဘာကြောင့်လဲဆိုတော့ အတိတ်ဘဝက လင်ရောမယားရော ဘုရားတရားမကြည်ညို၊ နတ်ပြည်ငရဲပြည်မသိ၊ ကံ ကံ၏အကျိုးလည်း မယုံကြည်၊ ငါလုပ်သမျှ အကုန်တရားတယ်။ ငါ့အသက် ငါ့မယားငါ့လင်သား စီးပွားကလွဲရင် သံသရာကိုတောင် မယုံကြည်တဲ့ စိတ်တူကိုယ်တူ ဇနီးမောင်နှံတွေရောက်ကြတာတဲ့။ ဟိတ် သတိပေးထားတယ်နော်။ စာအုပ်ထဲပါတာပြောတာ။ ဟိုလူ့မြင်ယောင် သည်လူ့မြင်ယောင် လျှောက်အသရေမဖျက်နဲ့။ ငြဲကြီးတတ်တယ်။

            အောင်မယ်မင်း။ ငရဲပြည်အကြောင်း ပြောရတာလည်း သူများတွေတော့ မသိဘူး။ ကိုယ်တောင် တော်တော် ငရဲတွေ ကြီးနေပြီ။ လူကြီးစော်ကား ငရဲလားသတဲ့။ လွန်တာရှိရင် ဝန္တာမိပါနော်။ ကိုယ်မပြောနဲ့ ဘုရားအလောင်းတော်နေမိမင်းကြီးတောင် အာရုံတွေမူးနောက်ပြီး မခံစားနိုင်လွန်းလို့ အင်မတန်ကို ပင်ပန်းနွမ်းနယ်တော်မူသွားသတဲ့။ သုဓမ္မာနတ်သဘင်က မျှော်နေသူ သိကြားမင်းကြီးက ဖလိုက်ဒီလေးဖြစ်နေတာ ဘာကြောင့်ပါလိမ့်လို့ ဇဝနနတ်သားကို စုံစမ်းရေးကော်မရှင်ဖွဲ့လွှတ်လိုက်တဲ့အခါ ဘလက်ဘောက်ခ်စ်က ဂျီပီအက်စ်မှာ အန်ဒါဂရောင်းရောက်နေတာ ပြသတဲ့။ အမောင်နတ်သား လိုက်ခေါ်ချေပါတော့။ ဟိုခမျာ မျော့မျော့ပဲကျန်တော့တယ်လို့ ခြေမြန်ဆက်သားစေရတယ်။ ငရဲတစ်ထပ်တောင် မကုန်သေးဘူး။ အဲသလောက်ဖြစ်နေရင် ငရဲကြီးရှစ်ထပ်စလုံးကို ဘယ်လိုမှ ဆက်ကြည့်နိုင်မြင်နိုင်တော့မှာလည်း မဟုတ်ဘူးလေ။ အားလုံးကို မြင်သာအောင်သာ ခြုံကြည့်လိုက်ပါတော့ ငရဲခန်းဆိုတာ အဲသဟာပါပဲလို့ ဆယ်မာရိုက်ဇ်လုပ်ပလိုက်ရတယ်။

           ကိုယ်တို့၃၁ ဘုံသားတွေနယ်မှာ ငရဲကြီးရှစ်ထပ် ငရဲငယ် ၁၂၈ ခန်းဟာ အပါယ်လေးဘုံမှာ တစ်ဘုံမျှသာ ဖြစ်တယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုတဲ့ ဒုဂတိဘုံဘဝတွေ ကျန်သေးတယ်။ လူသားသတ္တဝါတွေထက် မရေမတွက်နိုင်အောင် အဆများစွာပေါများသော တိရစ္ဆာန်သတ္တဝါတွေ သည်ကမ္ဘာကြီးအတွင်း မှီတင်းနေထိုင်ကြတယ်။ ပုရွက်ဆိတ်အုံတောင်ပို့အတွင်းမှာ ပုရွက်ဆိတ် ဘယ်နှစ်ကောင် ရှိတယ်ထင်သလဲ။ သူတို့သက်တမ်းဘယ်လောက်ကြာတယ် ထင်သလဲ။ သီတင်းကျွတ်ရင် မီးချောင်းမှာ လာအုံတဲ့ ဖလံကောင် ပလူကောင်ကလေးတွေ နောက်တစ်နေ့ကျ တံမျက်စည်းနဲ့ လှဲထုတ်ယူဖူးသလား။ ကိုယ်တစ်ယောက်တည်းစားတဲ့ ငါးသလောက်ဥတစ်တစ်မှာ  ရေထဲထိတောင် မရောက်လိုက်ရတဲ့ ငါးသားလောင်းကောင်ရေ ဘယ်လောက်လောက် ပါမလဲ။ ဖားတွေငါးတွေ တစ်ခါအုရင် ဥဘယ်နှစ်သိန်းအုသလဲ။ အဲသည်အထဲကမှ ဘယ်နှစ်ကောင် အရွယ်ရောက်သလဲ။ Discovery Channel မှာ သတ်ဖြတ်စားသောက် အသက်ရှင်ရင်းက ကိုယ်တိုင်လည်း သူများက သတ်ဖြတ်စားသောက်ခံရတာတွေ မြင်ဖူးမှာပါ။ လူတွေနဲ့ လူ့ဘုံမှာ အတူနေထိုင်ရင်း လူတွေမျက်စိနဲ့ မြင်နိုင်စွမ်းမရှိတဲ့  ပြိတ္တာတွေ အသူရကာယ်တွေလည်း ရှိသေးတယ်။ တချို့ငရဲတွေမှာ ငရဲထိန်း၊ ငရဲကြပ် မရှိပေမယ့် တချို့ငရဲတွေမှာကျ ရှိတယ်။ အဲ့ဒါ နတ်ပြိတ္တာတွေ ဖြစ်သတဲ့။ အတိတ်ဘဝက အကုသိုလ်မစင်ကြယ်ပဲ ကုသိုလ်ပြုခဲ့တာ၊ သူတပါး ဆင်းရဲဒုက္ခရောက်နေတာကို ပျော်မြူးဝမ်းသာစွာ ကြည့်ခဲ့ဖူးတာတွေဟာ နောင်ဘဝမှာ ငရဲထိန်းပြိတ္တာဖြစ်စေသတဲ့။ သူတို့လည်း ငရဲမီးအပူဒဏ် ခံစားရတာပဲ။ ထောင်မှူးထောင်ပိုင် ထောင်ဝါဒါနဲ့ ထောက်လှမ်းရေး၊ စစ်ကြောရေးကလူတွေကိုရည်ရွယ်ပုံရတယ်။

          ဖတ်ရင်းဖတ်ရင်းနဲ့ကို စိတ်နှလုံးမသာယာ စက်ဆုပ်ကြောက်ရွံ့ဖွယ် အပါယ်လေးဘုံဆိုတာ တကယ့်လက်တွေ့မှာတော့ သတ္တဝါတွေ နေရင်းရပ်ရွာပမာ မခွဲမခွာ ပြန်ကာလှန်ကာ ကျင်လည်နေရတဲ့ အထုံအမွေ့ အကျွမ်းတဝင်ရှိလှတဲ့ချည်တိုင်ပမာ ဖြစ်ပါသတဲ့။ ဟိုလူ့ ငရဲကြီးတော့မယ် သည်လူ့ ငရဲကြီးတော့မယ် တွေးမနေနဲ့။ ကိုယ်ကိုယ်တိုင်ပဲ ဆင်းရဲ နဲ့ ငရဲမကင်းနိုင်လို့ သူတို့နဲ့အတူ လူလာဖြစ်တယ် မဟုတ်ဘူးလား။ သောတာပန်အဆင့်တိုင်အောင် တစ်မဂ်တစ်ဖိုလ် မရသေးသရွေ့ အပါယ်တံခါးက ဘယ်သူ့အတွက်မှ မပိတ်သေးဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ငရဲမကြီးအောင် ကံသုံးပါးစလုံးနဲ့ စောင့်ထိန်းဖို့ လိုပါမယ်။ ရေစက်ဆိုတာ နတ်ပြည်မှာချည့်ပဲ မဟုတ်ဘူး။ အပယ်ဘုံသားတွေမှာလည်း အတူတူ ရှိကြတယ်။ ပဋာစာရီထေရီလောင်းဟာ သူ့မျက်စိအောက်တင် လင်မြွေကိုက်၊ သားတွေ စွန်ချီ ရေနစ်၊ မိဘမောင်ဘွားတွေ အိမ်ပြိုပြီး အတုံးအရုံးသေဆုံးကုန်တဲ့အခါ ခါးတောင် အဝတ်မကပ်ပဲ သွက်သွက်လည်အောင် ရူးသွားတယ် မဟုတ်လား။ အဲသည်သူတွေအားလုံး ဟိုးယခင် အတိတ်ဘဝက သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့ဖူးလို့ အသေဆိုးနဲ့သေတာ သူကိုယ်တိုင် မြင်ပါရစေ လို့ ဆုတောင်းခဲ့တာ သူမမှတ်မိလို့ပါတဲ့။ အခု နောက်ဆုံးဘဝကျတော့မှ အတိတ်ဝဋ်ကြွေးတွေ ကုန်အောင် လာဆပ်ကြတော့ သူ့မှာ မခံစားနိုင်တော့ဘူး။ ကျေင်းသားလေးတွေအပစ်ခံရတော့ မဆိုင်သလို။ လယ်သူမကြီးတွေ အပစ်ခံရတော့ မသိသလို။ ဘုန်းဘုန်းတို့တွေ သင်္ကန်းမီးလောင်တော့မယုံသလို။ လောက်ကိုင်မှာ ကိုယ့်သွေးကိုယ့်သားထိမှ ပဋာမြေလူးဖြစ်ကြတဲ့သူတွေ ရှိတယ် မဟုတ်လား။ တကယ်တော့ သံသရာမှာ ဆွေမျိုးမတော်စပ်ဖူးတဲ့သူဆိုတာ မရှိဘူးတဲ့။ ကိုယ့်ဆွေမျိုးထိတော့ နာတတ်ရင် သူများသားသမီးကျရင်လည်း စာနာတတ်ရတယ်။ သားလည်း တစ်ခုသောဘွမှာ ဘပြောင်တို့၊ ဘအောင်တို့၊ ဘမန်းတို့၊ ဘသန်းတို့နဲ့ ဆွေမျိုးအရင်းကြီး တော်ချင်တော်ခဲ့ဖူးမှာပေါ့။ မမှတ်မိလို့သာ။ ပြောမှားဆိုမှားရှိရင် မလိမ်မိုးမလိမ်မာလေးမို့ ခွင့်လွှတ်နော်။ သိလား။ နားဦးမယ်။ နောက်တစ်ပုဒ်မှ နတ်ပြည်တက်ကြရအောင်။













No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...