Monday, March 9, 2015

''ရွှေချိုးဖြူဖြူကူပါ့လေး''


ဦးသန့်နဲ့မှိုင်းရာပြည့်အရေးအခင်းအပြီး ဗညားဆောင်အတွင်းရေးမှူးလုပ်ခဲ့တဲ့ကျွန်တော် မော်လမြိုင်ကောလိပ်က ကျောင်းအထုတ်ခံခဲ့ရပါသည်။ ရှစ်လေးလုံးအရေးအခင်းအပြီး မြို့နယ်ကျောင်းသားအဖွဲ့ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ကျွန်တော် ပင်လောင်းအချုပ်ထဲ၂၃ ရက်ရောက်ခဲ့ရပြန်ပါ၏။ ညီတော်မောင်အရင်းခေါက်ခေါက် ကျောင်းသားတပ်ဖွဲ့ဖြင့်တောထဲဝင်သွားသည်မှာ အဖေနှင့်အမေ ကွယ်လွန်သည်ကိုပင် အသိမပေးနိုင်ခဲ့။
ဤမျှသည်ပင် ကျွန်တော်၏ခံစားချက်နှင့် စိတ်ဓာတ် ရုပ်လုံးပေါ်လောက် ပြီဖြစ်ပါသည်။ ညောင်လေးပင်သားချင်း ကယ်လိုက်သဖြင့် ကျောင်းဆရာအလုပ်မပြုတ် ခဲ့ရသောကျွန်တော် လောက်ကိုင်အရေးအခင်းဖြစ်မည်၂၀၀၉ ဇွန်လအတွင်း ကိုးကန့်ဒေသ အထက ကုန်းကြမ်းသို့ ရာထူးတိုးမြင့်ရောက်ရှိခဲ့ရပါ၏။

ပစ်ကြခတ်ကြတိုက်ခိုက်ကြပြီဆိုတော့ ကျောင်းပိတ် ပြေးစရာနေရာမရှိ။ လုံခြုံမှုမရှိသောကျောင်းဝင်းအတွင်းမှာ နယ်မြေခံတပ်ရင်းနှင့် ရဲစခန်းတွင် စုဝေးပုန်းအောင်းကြရသည်။
ဆရာမအများစုမှာ တပ်ရင်းမိသားစုများဖြစ်ကြပြီး ဝတ်စုံပြည့်လက်နက်ပြည့်ဖြစ်ပါ၏။ မှတ်မှတ်ရရ လယ်ပြဆရာမ ဒေါ်မြသန်းဌေး၏ အမေမှာ အသက်၈၀ကျော်ပြီး ဗဟိုကင်းရှိရာတောင်ကုန်းကို မတက်နိုင် သဖြင့် ရဲဘော်များ တစ်ယောက်တစ်လှည့်ကျောပိုး၍ ရောက်အောင်ပို့ပေးခဲ့ကြခြင်းဖြစ်ပါ၏။
ဆရာ ဆရာမ ဝန်ထမ်းငယ်များကစ ကျောင်းအုပ်ကြီးမကျန် သေနပ် ကိုယ်စီကိုင်ကြရသည်။ ဘောင်းဘီဝတ် ကင်းပတ်ဖိနပ်စီး အနွေးထည်ထူ ထူထပ် M22 လွယ်ရင်း ညလုံးပေါက် ငုတ်တုတ်ထိုင်ခဲ့ကြရပါ၏။
သေနပ်အမျိုအစားမသိသော်လည်း ခါးပတ်ပုံစံ ကျည်တောင့်အတွဲလိုက်ပါသော သေနတ်အလေးစားများကား အမျိုးသားဆရာငယ်များ ကိုင်ထားကြရပါသည်။
တပ်အချင်းချင်းပို့သောသတင်းအရ သောင်းကျန်းသူအင်အား နှစ်ထောင်ခန့်ကုန်းကြမ်းဘက်ဆီ ဦးတည် ထွက်ခွာနေကြသည်ဆိုသဖြင့် ကြောက်လိုက်ကြသည်မှာ ဆိုဖွယ်ရာမရှိ။ လက်နက်နှင့်ကျည်ရှိသလောက်ပစ်မည် နောက်ပိုင်းကိစ္စ ကံတရားဟု စိတ်ဒုံးဒုံးချ၍ မိုးအလင်းစောင့်ကြရပါ၏။

ညဖက်မြောက်ပိုင်းမှတက်လာသော ကားမီးရောင်တန်းများကား ကျောစိမ့်သွေးပျက်ဖွယ်မြင်ကွင်းများ ဖြစ်ခဲ့ ရပါ၏။ တပ်မတော်သားများကား အတွေ့အကြုံစုံပြီးသားမို့ထူးခြားဟန်မတွေ့ရသော်လည်း အရပ်သား ဝန်ထမ်းများအတွက်မှာမူ အစိမ်းသက်သက်မို့ သွေးပျက်မည်ဆိုကလည်း အပြစ်တင်စရာမရှိ။

မွေပေါက်သေရာပါလောက်ဖြစ်ခဲ့ရကြောင်းကြုံဖူးမှ ကိုယ်ချင်းစာနိုင်ကြမည်ဖြစ်ပါသည်။ အနိုင်အရှုံးနောက်ပိုင်းဖြစ်စဉ်များ ဆက်မတွေးရဲ။ အိမ်ပြေးပြန်ဘို့ကလည်းဖြစ်နိုင်ဘွယ်မရှိ။
မြို့နယ်ပညာရေးမှူးဆရာကြီးမှာ လောက်ကိုင်တွင်ပိတ်မိသောင်တင် နေသဖြင့် မြို့နယ်ပညာရေးမှူး တာဝန်ကိုပါ ပူးတွဲယူထားရချိန်မို့မြို့နယ် အစွန်အဖျားမှဆရာဆရာမများကိုလည်း စုစည်းထားရပါသည်။ စားသောက်နေထိုင်ရေးကို တပ်မိသားစုများက ဝိုင်းစောင့ှ်ရှောက်ပေးသဖြင့် မပူရသော်လည်း၂၀၀၀ သော အင်အားနှင့်ဆယ်ဂဏန်းသာရှိသည့် အင်အားကွာဟမှုအပေါ် စိတ်မသက်မသာဖြစ်ရကြောင်း ရိုးသားစွာ ဝန်ခံရမည်ဖြစ်ပါ၏။ ယခုအချိန် သက်တောင့်သက်သာပြန်ပြောနိုင်သောဖြစ်စဉ်များမှာ ထိုစဉ်က ငယ်ထိတ်မွေ ပေါက် သေရာပါလောက်ဖြစ်ခဲ့ရကြောင်းကြုံဖူးမှ ကိုယ်ချင်းစာနိုင်ကြ မည်ဖြစ်ပါ၏။
ကျွန်တော်အပါအဝင်ဆရာဆရာမများ အခြားဝန်ထမ်းများရှိရှိသမျှ လူသားအပေါင်း ထိုစဉ်က အတန်းတဆုံးအရာမှာ မည်သည်ဟုထင်ကြပါသနည်း။ ရွှေ ငွေရာထူး အာဏာ၊ တိုက်၊ ကား ဘာမှမဟုတ်ရပါ။
မှားချင်မှား မှန်ချင်မှမှန်ပါလိမ့်မည်။ သေဘေးနှင့်လက်တစ်ကမ်းတွင် မလုံမလဲ ဖက်စုတ်ကလေးနှင့် ထုပ်ထားရသော အသက်ပိုင်ရှင်များအားလုံးတူညီသော တမ်းတမျှော်လင့်ချက်ကား အင်အားဖြည့် အင်အားပြည့် စစ်ကူများသာဖြစ်ခဲ့ရပါ၏။ လက်နက်ကြီးပစ်ခတ်သံများ အဝေးဆီမှကြားရပြီးနောက်တစ်နေ့နံနက် မြူနှင်းများ ပန်းပိတ်နေသည့်ကြား ကုန်းကြမ်းမြို့တောင်ဘက်မှ မီးထိုး၍ တရွေ့ရွေ့မောင်းနှင်ချီတက်လာသော ကားတန်းရှည်များကိုတွေ့လိုက်ရပါသည်။ တပ်မ ၃၃ မှ တပ်မတော်စစ်ကြောင်းများဟု သိလိုက်ကြရအပြီး ဝမ်းမြောက်ပျော်ရွှင်ကြရသည့်ပရတ်သတ်တို့ ရင်တွင်းခံစားချက်ကား မျက်လုံးအိမ်အသီးသီးမှ စိမ့်ယိုသွယ်တန်းစီးဆင်းလာသည့် ပီတိမျက်ရည်စီးကြောင်းများက ဖော်ပြနေကြပါကုန်၏။ ''ဒို့ မသေနိုင်တော့''
ယင်းဖြစ်စဉ်တစ်လျောက် ဆရာဆရာမဝန်ထမ်းအရပ်သားတစ်ဦးတစ်ယောက်မျှ အဖိတ်အစဉ်မရှိ ဖြတ်သန်းလွန်မြောက်ခဲ့ကြရပါသည်။
တာရွှေတန်မှာ ကုန်းကြမ်းနှင့်လောက်ကိုင်ကြား အလယ်လောက်ကျသည့်ရွာကြီးတစ်ရွာ ဖြစ်ပါသည်။ တပ်ရင်းတစ်ရင်း၊ အထက်တန်းကျောင်းတစ်ကျောင်း တိုက်တာအဆောက်အဦကောင်း ဈေးဆိုင်စုံစုံလင်လင်နှင့် ကုန်းကြမ်းထက်ပင်စည်ကားပါသေး၏။ မိုင် ၄၀ ကျော်ခရီးကို ကားခကျပ် တစ်သောင်းခန့်ပေးရသော လိုင်းကားများ နားနေစားသောက်ကြသော ရပ်နားစခန်းလည်းဖြစ်ပါသည်။ကျောင်းအုပ်ကြီးမှာလည်း သူငယ်ချင်း မိတ်ဆွေမို့မကြာမကြာဆိုသလိုရောက်ပါ၏။ မှတ်မှတ်ရရ တာရွှေတန်တပ်ရင်းမှ ကားလမ်းဂိတ်တာဝန်ကျများနှင့်ကိုးကန့်များအပြန်အလှန် ပစ်ခတ်မှုဖြစ်စဉ်မတိုင်မီ တစ်နာရီခန့်က ယင်းဂိတ်ကိုဆိုင်ကယ်ဖြင့်ဖြတ်သန်းလာခဲ့ရသည်ကို တွေးမိရင်းကျက်သီးထမိပါသေး၏။ တာရွှေတန်ကျောင်းအုပ်ကြီး ဦးတင်ရွှေကား ရာထူးတိုးပြောင်းရွှေ့ ပြီးဖြစ်ပါသည်။ နောက်ပိုင်း လမ်းတတားအဆောက်အဦများ တိုးချဲ့ပြုပြင်ဆောက်လုပ် နေသောမြင်ကွင်းများ စစ်ကြောင်းများ ဝင်ထွက် သွားလာလှုပ်ရှားမှုများကြား၂ နှစ်ကျော်ဖြတ်သန်းလျက်ကျွန်တော်ကိုးကန့်မြေကို နှုတ်ဆက်ခဲ့ရပါ၏။
ယခု ၅ နှစ်ကျော်ကာလ တိုက်ပွဲများဖြစ်စဉ်များ အကျအဆုံး အထိအခိုက်များ အပျက်အစီး ဒုက္ခဆင်းရဲခြင်း သတင်းများ ကိုးကန့်နယ်မြေတွင် မထိတ်သာမလန့်သာ ကြားနေရပါသည်။ နှစ်ဖက်အကျအဆုံးကလည်း နဲနဲမဟုတ်။ ထိခိုက်ဒါဏ်ရာရခြင်းများကလည်း ရာဂဏန်းနီးပါး။ အာရုံမျက်မြင်မဟုတ်ညား ခံစား၍ရပါ၏။ စာသင်ခန်းတစ်ခန်းဝင်ဆန့်သော ကျောင်းသားဦးရေ ၅၀ ဖြင့် ချိန်ထိုးခန့်မှန်းကြည့်ပါသည်။ လူဦရေ ၁၅၀ မှာစာသင်ခန်း ၃ ခန်းစာဖြစ်ပါလေ၏။ ကျန်ရစ်သူသမီးသားဇနီးမယားမိသားစုများအတွက်ကား ဆိုဖွယ်မရှိ။ အဝေးမှခံစားရသူကျွန်တော်ထက် အဆအရာအထောင် ပိုမည်မုချဖြစ်ပါ၏။ ကြောက်အားလန့်အားမောင်းပြေးသောကားဖြင့် ဂျောက်ခထဲကျ အသက်ဆုံးရသည်ဆိုသော တာရွှေတန်ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမငယ်နှစ်ဦတို့သတင်းကား ရင်နင့်ဖွယ်ဖြစ်ပါသည်။
အသက်ဘေးလွတ်ရာ တစ်ဘက်နိုင်ငံသို့အလုအယက်ထွက်ပြေးရှာရသူတို့ကိုလည်း စာနာမိပါ၏။ မည်သို့နေထိုင်စားသောက်ကြရရှာပါလိမ့်။ စာသင်ကျောင်း စာသင်ခန်းနှင့်ဝေရာတွင် ရေနည်းငါး ဖြစ်နေရှာကြမည့် သားငယ်သမီးငယ်ကလေးတို့အတွက် စိတ်မကောင်းဖြစ်ရပါ၏။ သူတို့တတွေမည်သို့သောဆန္ဒဖြင့် မည်သည့်ဆုမျိုများတောင်းနေကြ ပါလိမ့်။ လွန်ခဲ့သော၅ နှစ်ကျော်က ကျွန်တော်တောင်းခဲ့သောဆုမျိုးကိုကား အမှန်မတောင်းစေချင်တော့ပါ။ ခေတ္တခဏ အချိန်အတိုင်းအတာ တစ်ခုအထိသာ ချမ်းသာကြမည့်ဆုထက် ကမ္ဘာတည်သ၍ ချမ်းသာနိုင်မည့်ဆုမျိုးသာ တောင်းစေချင်၊ ပြည့်စေချင်လှပါတော့သည်။
ရိ အော် ရိ ''ဘယ် ညာ ဘယ်'' ဟူသော တိုင်ပင်သံပေးလျက် စောစီးစွာအားကစားလှုပ်ရှား၍ မောလာတိုင်း ''ရွှေပီးရို'' ''ရေမရှိ'' ဟုပြောရင်း ကျောင်းအုပ်ကြီးအိမ်တွင်ရေလာတောင်းသောက်လေ့ရှိသော ကိုးကန့်တိုင်းရင်းသား သားငယ်သမီးငယ်လေးများ၊ ကော်ဖီရောင်တောင်ကျရေအတွက် အနေအစား ခက်နေသော ကျောင်းအုပ်ကြီးမိသားစုအတွက်လျှိုထဲဆင်းလျက် လက်ဆင့်ကမ်းရေသယ်ပေးကြရှာသော ကျောင်းသားကျောင်းသူကလေးများ၊ နိုင်ငံတော်သမတ ယခင်ဝန်ကြီးချုပ်ရောက်လာစဉ်က နိုင်ငံတော် သီချင်းကို ဟန်ကျပန်ကျ အစမှအဆုံးတိုင်ပီသမှန်ကန်စွာသီဆိုပြသနိုင်ခဲ့ကြသော ကလေးငယ်များ အားလုံးအားလုံးတို့အတွက် ကျွန်တော့်ရင်တွင်းမှ လှိုက်လှဲနက်ရှိုင်း လှသော ဆုတောင်း ဆန္ဒပွင့်ပေါက် ကျလာခဲ့ ရပါ၏။

 ''ရွှေချိုးဖြူဖြူကူပါ့လေး''
ခေါင်းအုံးကြီး ခေါင်းအုံးကြီး
 မြင်းပျံလုပ်လို့စီး
 ခေါင်းအုံးကြီးကမိုးပေါ်ပျံ
 မိုးကခြင်ထောင်ခံ
 ခြင်ထောင်ခံလို့မြေမှာပြေး
သားသားအိပ်ပါလေး
မီးမီးမယ့်ရင်သွေး မေမေ့တေးသံနွေး။ ။

အိပ်ပုတ်ကြီး အိပ်ပုတ်ကြီး
သားသားအိပ်ပုတ်ကြီး
 အိပ်ပုတ်ကြီးတဲ့မီးမီးရေ
 ကျောင်းသွားရမယ်လေ
 ပန်းတွေသီလို့မေမေပြုံး
သားသားပွေ့ပိုက်ကြုံး
မီးမီးအချစ်ဆုံး ဖေဖေပီတိဖုံး။ ။

ချိုးဖျြူလေး ချိုးဖြူလေး
 ဖြူစဉ်ပုလုကွေး
 ချိုးဖြူလေးကဟိုအဝေးပျံ
မွကျဲအမြောက်ဆံ
သေနပ်သံဆူညံဝုန်း
မေမေ့အသက်ဆုံး
ဘေးလွတ်ရာရှောင်ပုန်း
ပန်းခင်းလေးဆိတ်သုန်း။ ။

ခေါင်းအုံးယူခဲ့ညီမလေးရယ်
စီးပြီးပြန်ချင်တယ်
ချိုးဖြူငယ်ငယ်ဘယ်မှာမှန်း
မွေးမေမေကိုလွမ်း
မျက်ရေတွေတွေစမ်း
 ကျောင်းခန်းလေးကိုလွမ်း။ ။

 ချိုးဖြူငယ်ငယ်ကူပါတော့
သားသားမျှော်လှပေါ့
ချိုးဖြူငယ်ငယ်ကူပါတော့
မီးမီးမျှော်လှပေါ့။

ပေါ်ထွန်းမြိုင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...