Friday, March 20, 2015

ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်း


စကော့လူမျိုးနိုင်ငံရေး ဘောဂဗေဒပညာရှင် အဒမ်စမစ် (Adam Smith 1723-90) ၏ လပ်ဇီဖဲယား (Laissez Faire) ဟု ခေါ်သည့် ပုဂ္ဂလိကလွတ်လပ်စွာကုန်သွယ်မှုဝါဒကို စိမ်ခေါ်၍ ဂျာမန်နိုင်ငံရေး ဘောဂဗေဒပညာရှင် ကားမတ်စ် (Karl Marx 1818-83) ၏ ကွန်မြူနစ်ဇင် (communism) ခေါ် ကွန်မြူနစ်ဝါဒ ပေါ်ပေါက်လာခဲ့သည်။ ကွန်မြူနစ် အတွေးအခေါ် (communist Ideology) သည် စက်မှုအရင်းရှင်ကြီးများအား တုန်လှုပ်ချောက်ခြား သွားစေခဲ့သည်။ ကိုယ်ကျိုးအမြတ်ရဖို့ သက်သက်ကိုသာ ကြည့်နေသော အရင်းရှင်ကြီးများ၏ လုပ်ရပ်များကို ပညာတတ်များ၊ အလုပ်သမားများ၊ လယ်သမားများက ဆန့်ကျင်လာခဲ့ကြသည်။ ကမ္ဘာတွင် လူများစုဖြစ်သည့် လယ်သမားများ၊ အလုပ်သမားများနှင့် ဆင်းရဲသားများအတွက် ကြွေးကြော်၍ ကွန်မြူနစ်များက လူထုကို စည်းရုံးခဲ့ကြသည်။

လီနင်ဦးဆောင်မှုဖြင့် ရုရှားနိုင်ငံ၌ ၁၉၁၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဇာဘုရင်ကို ဖြုတ်ချပြီး ပထမဦးဆုံး ကွန်မြူနစ်နိုင်ငံအဖြစ် ဘော်လရှီဗစ် (Bolshevik) များက အာဏာရရှိလာသည်။
အရင်းရှင်စနစ်ကို ဆန့်ကျင်သူများတွင် ကွန်မြူနစ်များအပြင် ကိုလိုနီပြုခံထားရသောနိုင်ငံများမှ မျိုးချစ်တော်လှန်ရေးသမားများလည်း ပါဝင်သည်။ ၂၀ ရာစုအတွင်း အရင်းရှင်စနစ်ကို ဆန့်ကျင်သော ကွန်မြူနစ်များ၏ သမိုင်းဆိုင်ရာ ရုပ်ကြမ်းဝါဒ (Historical Materialism) နှင့် အနုပဋိလောမရုပ်ဝါဒ (Dialectical Materialism) တို့သည် ကိုလိုနီစနစ်ကို တော်လှန်နေသော မျိုးချစ်လူငယ်များကို ဆွဲဆောင်နိုင်ခဲ့ပြီး အမြင်သစ်ကို ရရှိစေခဲ့သည်။

ထို့ကြောင့် ကွန်မြူနစ်များနှင့်ကိုလိုနီစနစ်ကို ဆန့်ကျင်သောမျိုးချစ်လူငယ်များ ပေါင်းစပ်မိသွားကြသည်။ အရင်းရှင်စနစ်နှင့် ကိုလိုနီစနစ်သည်လည်း ထိုအချိန်က ပေါင်းစပ်လျက် ရှိနေခဲ့သည်။ တစ်ခုခြားနားသည်မှာ မျိုးချစ် တော်လှန်ရေး သမားများသည် မိမိနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ရည်မှန်းကြပြီး တော်လှန်ရေး အောင်မြင်သွားသည့်အခါ လွတ်လပ်မှုရှိသောစနစ်ကို လိုလားကြသည်။ မိမိတို့နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တင်ပေးခြင်ကြသည်။ (သာဓကအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်သောဒီမိုကရေစီစနစ်သည်သာ မြန်မာပြည်နှင့် ကိုက်ညီသည်ဟု ပြောခဲ့ခြင်း)

ကွန်မြူနစ်များမှာမူ ပစ္စည်းမဲ့အာဏာရှင်စနစ် (Proletariat Dictatorship) ကို ထူထောင်ပြီး အကြွမ်းမဲ့အာဏာကို ပြိုင်ဖက်မရှိ ကွန်မြူနစ်ပါတီကသာ လက်ဝါးကြီးအုပ်စိုးမိုးလိုကြသည်။ ထို့ကြောင့် ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းတွင် ကိုလိုနီနိုင်ငံများအဖြစ်မှ လွတ်မြောက်လာသော နိုင်ငံများတွင် ဒီမိုကရေစီလိုလားသော မျိုးချစ်ဒီမိုကရက်များနှင့် ကွန်မြူနစ်များအကြား အားပြိုင်မှုဖြစ်ပေါ်လာပြီး မိမိတို့လူမျိုးအချင်းချင်း သတ်ဖြတ်ကြသော ပြည်တွင်းစစ်မီးများ တောက်လောင်လာခဲ့ရသည်။ သာဓကအားဖြင့် တရုတ်ပြည်တွင် ချန်ကေရှိတ်မျိုးချစ်တပ်များနှင့် မော်စီတုံး၏ ကွန်မြူနစ်တပ်များ တိုက်ခိုက်ခြင်း၊ မြန်မာနိုင်ငံတွင် ဦးနုဖဆပလအစိုးရနှင့် သခင်သန်းထွန်း သခင်စိုးတို့၏ ရဲဘော်ဖြူနှင့် အလံနီကွန်မြူနစ်များ တိုက်ခိုက်ကြခြင်း၊ အလားတူ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ အင်နိုနီးရှားတို့တွင် မျိုးချစ်ဝါဒီများနှင့် ကွန်မြူနစ်များ အားပြိုင်တိုက်ခိုက်ခဲ့ကြသည်။

၁၉၁၇ ခုနှစ်မှ ၁၉၈၀ ခုနှစ်အတွင်း ကွန်မြူနစ်များ ကမ္ဘာပေါ်တွင် တစ်နိုင်ငံပြီး တစ်နိုင်ငံ တော်လှန်ရေး ဆင်နွှဲ၍ အောင်ပွဲရလာခဲ့ကာ ကွန်မြူနစ်စနစ်ကို ထူထောင်ကြပြီး အုပ်ချုပ်သူအစိုးရများ ဖြစ်လာခဲ့ကြသည်။ ပစ္စည်းမဲ့ ကွန်မြူနစ်ဝါဒအောက်တွင် သာတူညီမျှခံစားခွင့်၊ လူမွဲများ၏ထွက်ရပ်လမ်းဖြစ်သည့် ကွန်မြူနစ်နိဗ္ဗာန် (Utopia) ရောက်သည့်အခါ လူတိုင်းသည် ဘာမျှလိုလေသေးမရှိ မိမိလိုတာရရှိကြမည်စသည့် ကြွေးကြော်သံများ အောက်တွင် တောင်သူလယ်သမားများ၊ အလုပ်သမားများအတွက် အားကိုးစရာ စနစ်ကြီးအဖြစ် ကွန်မြူနစ်ကေဒါများက စည်းရုံးနိုင်ခဲ့ကြသည်။ ကွန်မြူနစ်စနစ်သည် လူတိုင်း သူ့တွင်ရှိသော အရည်အချင်းအရ သူ့လိုအပ်ချက်ကို သူရရှိခံစားခွင့်ရှိပြီး အများပိုင်ဆိုင်သည့် ကုန်ထုတ်လုပ်မှုကို အခြေခံ၍ နိုင်ငံဟူ၍ မရှိသော ဆိုရှယ်လစ်လူ့ဘောင်ကို ပစ္စည်းမဲ့များ၊ လူတန်းစားမဲ့များ၊ ငွေမရှိသောသူများ၊ တော်လှန်ရေးသမားများက တည်ဆောက်ခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ရုရှတပ်နီတော်က အရှေ့ဥရောပကို သိမ်းပိုက်လိုက်ပြီး ဝါဆောစစ်စာချုပ်ကိုဆို၍ ရုရှား၏သံကွန်ခြာအောက်တွင် ထားရှိခဲ့သည်။ ထိုစာချုပ်အရ ရုရှားနိုင်ငံမှ စာချုပ်အဖွဲ့ဝင်နိုင်ငံများကို အချိန်မရွေး ထိုနိုင်ငံများရှိ အစိုးရများ၏ ဖိတ်ခေါ်ချက်အရဆိုသည့်စကားဖြင့် စစ်ရေးအရ ဝင်ရောက် သိမ်းပိုက်နိုင်ခွင့်ကို ရယူထားခဲ့သည်။ ဝါဆောစာချုပ်အဖွဲ့တွင် လက်တန်နှစ်ခုရှိသည် ပထမလက်တန်ဖြစ်သော နိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ (Political Consultative Committee) သည် နိုင်ငံရေးကိစ္စများကို ဖြေရှင်းသည်။ နောက်လက်တန်တစ်ခုမှာ စာချုပ်ဝင်နိုင်ငံများ၏ စုပေါင်းစစ်ဌာနချုပ်ဖြစ်သည်။ ထိုစစ်ဌာနချုပ်သည် ပိုလန်နိုင်ငံ ဝါဆောတွင်ရှိပြီး တပ်ပေါင်းစုများကို ထိန်းချုပ်ကွပ်ကဲသည်။ ထိုဝါဆောစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်း စစ်ဌာနချုပ်၏ စစ်ဦးစီးချုပ်မှာ ရုရှားနိုင်ငံမှ ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်သည်။ ထို့ပြင် စုပေါင်းစစ်ဌာနချုပ်၏ လက်ထောက်စစ်ဦးစီးချုပ် မှာလည်း ရုရှားနိုင်ငံမှ လက်ထောက်စစ်ဦးစီးချုပ် ဖြစ်နေပြန်သည်။ ထို့ကြောင့် ဝါဆောစာချုပ် အဖွဲ့သည် ရုရှား၏ လွှမ်းမိုးထိန်းချုပ်မှုအောက်တွင် ကျရောက်လျက်ရှိသည်။

အရှေ့ဥရောပတွင်ရှိ ပြုပြင်ပြောင်းလဲလိုသော ဝါဆောစာချုပ်အဖွဲ့ဝင်နိုင်ငံများကို ဆိုဗီယက်တပ်နီတော်က စစ်အင်အားသုံးဖိနှိပ်ထားသောကြောင့် ပိုလန်၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗက်ကီးယား၊ အရှေ့ဂျာမဏီနိုင်ငံတို့တွင် ဒီမိုကရေစီရေးတောင်းဆိုမှုများမှာ တခါတရံသာပေါက်ထွက်လာတတ်ပြီး အင်အားသုံးအကြမ်းဖက်ဖိနှိပ်မှုများကြောင့် ပြန်လည်ငြိမ်သက်သွားကြရသည်။ သို့ရာတွင် အာရှရှိ နိုင်ငံများတွင်မူ ကိုလိုနီစနစ်ကိုတိုက်ရင်း ကွန်မြူနစ်များနှင့် နယ်ချဲ့ဆန့်ကျင်ရေး မျိုးချစ်များ ပေါင်းစည်းမိကြသည်။ ထိုမှတဖန် မျိုးချစ်များကိုတိုက်၍ ကွန်မြူနစ်များ အာဏာ ရလာခဲ့ကြသည်။ အာရှတွင်ပြည်သူများ ကွန်မြူနစ်စနစ်၏ အရသာကို မြီးစမ်းခွင့်မရသေးသည့်အတွက် ကွန်မြူနစ် ဝါဒကို လက်ခံခဲ့ကြသည်။ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ ကွန်မြူနစ်လက်ထဲသို့ ကျရောက်သွားခဲ့ပြီး ထိုနိုင်ငံများတွင် ကွန်မြူနစ်အစိုးရများ တက်လာခဲ့သည်။ ဒိုမီနိုသီအိုရီ (Domino Theory) မှန်ကန်ကြောင်း ကွန်မြူနစ်တို့က ကြွေးကြော်ခဲ့ကြသည်။ အင်ဒိုချိုင်းနားဒေသတစ်ခုလုံး ကွန်မြူနစ်နိုင်ငံများအဖြစ် ပြောင်းလဲတော့မည် လောဟု ဟောကိန်းမျာပေါ်ထွက်လာခဲ့သည်။ “အရင်းရှင်စနစ် ရှင်သန်နိုင်ပါတော့မလား” ဆိုသည့် မေးခွန်းများ ထုတ်လာခဲ့ကြသည်။

ဒိုမီနိုသီအိုရီမှာ ၁၉၅၀ ခုနှစ်မှ ၁၉၈၀ ခုနှစ်များအတွင်း နယ်မြေတစ်ခုသည် ကွန်မြူနစ်သြဇာလွှမ်းမိုးမှုရှိလာခဲ့လျှင် ထိုအနီးအနားနိုင်ငံများတွင်လည်း ဒိုမီနိုရိုက်ခတ်မှုခံစားရမည်ဟုဖြစ်သည်။ ဒိုမီနိုသီအိုရီကို စစ်အေးကာလအတွင်း အမေရိကန်အစိုးရအဆက်ဆက်မှ ကမ္ဘာတွင်ကွန်မြူနစ်ဝါဒ မလွှမ်းမိုးလာစေရေးအတွက် ဝင်ရောက်စွက်ဖက်ရန် ကျင့်သုံးခဲ့သည့် သဘောတရားဖြစ်သည်။ ဒိုမီနိုအပြားလေးများ ကပ်၍ထောင်ထားပါက တစ်ပြားလဲကျသွားလျှင် အနီးရှိအပြားကိုထိပြီး ဆင့်ကဲ ဆင့်ကဲ လဲကျသွားသည့် သဘောဖြစ်သည်။



ပုံတွင် တရုတ်နိုင်ငံကွန်မြူနစ် လက်ကျပြီးနောက် ကိုရီးယားကျသည်။ ထို့နောက် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ကျသွားပြီး နောင်တွင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနှင့် အိန္ဒိယ ကျမည်ဟု ဟောကိန်းဖြစ်သည်။ ထိုဟောကိန်းသည် ကမ္ဘောဒီးယားတွင် ရပ်တန့်သွားခဲ့သည် ရှေ့ဆက်မတိုးတော့ချေ။ ထိုသို့ဖြစ်ရသည်မှာ အာရှနိုင်ငံများ ကွန်မြူနစ်စနစ်ကို မြီးစမ်းခွင့်ရလာသည့်အခါ နောက်တွန့်သွားခဲ့ကြ၍ဖြစ်သည်။ တရုတ်နိုင်ငံမှ တိဗက်နိုင်ငံကို သိမ်းပိုက်လိုက်ခြင်း၊ အရှေ့ဂျာမဏီ၊ ပိုလန်၊ ချက်ကိုစလိုဗက်ကီးယား၊ ဟန်ဂေရီနိုင်ငံတို့တွင် ရုရှားနိုင်ငံမှ စစ်တပ်များ ချထားပြီး ဖိနှိပ်ထားခြင်း၊ အာဖဂန်နစ္စတန်ကို ရုရှားတပ်များ ဝင်ရောက်သိမ်းပိုက်ခြင်းတို့သည် ကမ္ဘာ့အလယ်၌ နယ်ချဲ့ခြင်းသည် မည်သည့်စနစ်မဆို လက်ဝဲလက်ယာမရွေး အင်အားကြီးလာလျှင် ဖြစ်တတ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။

အမေရိကန်နိုင်ငံ ဗီယက်နမ်ကို ကျူးကျော်ဝင်ရောက်ခြင်းကို လက်ဝဲနိုင်ငံများနှင့်တကွ ကမ္ဘာ့ပြည်သူများက ကန့်ကွက်ခဲ့ကြသည်။ လက်ဝဲနိုင်ငံများက အမေရိကန် နယ်ချဲ့ခြင်းဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ ထိုကန့်ကွက်မှုတွင် အမေရိကန်ပြည်သူများနှင့် စာနယ်ဇင်းသမားများလည်း ပါဝင်ခဲ့သည်။ အမေရိကန်ပြည်သူများက သူတို့အစိုးရလုပ်ရပ်ကို ဆန့်ကျင်ကြောင်း သမ္မတအိမ်တော်ရှေ့တွင် ထောင်သောင်းမက ချီတက်ဆန္ဒပြခဲ့ကြသည်။ အမေရိကန်အစိုးရသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ခွင့်ပြုခဲ့သည်။ အမေရိကန် ရုပ်ရှင်များတွင်လည်း စစ်ဆန့်ကျင်ရေး ဇါတ်ကားများကို ပြသခဲ့သလို၊ ဝတ္တု၊ စာပေ၊ သတင်းစာများတွင်လည်း စစ်ဆန့်ကျင်ရေးဆောင်းပါးများကို ဆက်တိုက်ရေးသားပြီး စစ်ကိုဆန့်ကျင်ခဲ့ ကြသည်။

အလားတူအဖြစ်အပျက်မျိုးကို ဆိုဗီယက်ရုရှားနိုင်ငံမှ အာဖဂန်နစ္စတန်နိုင်ငံ အစိုးရဖက်မှနေ၍ သူပုန်များကို ဝင်ရောက် တိုက်ခိုက်ပေးခဲ့သည်။ အမေရိကန်ကို ဆန့်ကျင်ခဲ့သည့်နည်းတူ ကမ္ဘာ့နိုင်ငံများက ထိုကျူးကျော်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ရုရှားပြည်သူများကလည်း စစ်ပွဲကို မနှစ်မြို့ကြချေ။ တစ်ခုထူးခြားသည်မှာ ရုရှားပြည်သူများသည် အမေရိကန် ပြည်သူများကဲ့သို့ စုဝေးဆန္ဒပြခြင်း၊ ရုပ်ရှင်၊ ဝတ္တု၊ ဆောင်းပါးများ ရေးသားကန့်ကွက်ခြင်း ပြုလုပ်ခွင့်မရကြချေ။ ဤသည်မှာ အစိုးရလုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကန့်ကွက်ပိုင်ခွင့် မရှိသည့် တစ်ပါတီစနစ်ဆိုး၏ ဥာဉ်တစ်ရပ်ပင် ဖြစ်သည်။

ရပ်တည်နိုင်ရန်အတွက် အပြောင်းအလဲ လုပ်လာခြင်း
အရင်းရှင်နိုင်ငံကြီးများသည် ကွန်မြူနစ်စနစ်ကိုကာကွယ်ရန်အတွက် အစိုးရနှင့်အရင်းရှင်ကြီးများသည် မိမိတို့၏ အားနည်းချက်များကို ပြုပြင်လာခဲ့ကြသည်။ အလုပ်လက်မဲ့များအတွက် လူမှုဖူလုံရေးစနစ် (Social Welfare System) များ ထားရှိပေးလာခဲ့သည်။ အလုပ်လက်မဲ့များကို ငွေကြေးအပြင် စားကုန်ထောက်ပံ့မှုများ (Food Stamps) အခမဲ့ ဆေးကုသခွင့် (Medicare) များ ပေးလာခဲ့သည်။ ပုဂ္ဂလိကအလုပ်သမားဖြစ်စေ၊ အစိုးရဝန်ထမ်းဖြစ်စေ ခံစားခွင့် ရှိပြီး အသက် ၆၀ ကျော်လူကြီးများပါ အကျုံးဝင်သည့် လူမှုရေးကာကွယ်မှုစနစ် (Social Security System) များ ရှိလာခဲ့သည်။ ထိုပြောင်းလဲလာမှုသည် ကွန်မြူနစ်စနစ် ပေါ်ပေါက်လာမှုကြောင့် အရင်းရှင်ကမ္ဘာတွင် ပြောင်းလဲမှု ပြုလာရခြင်းဖြစ်သည် ဆိုက မမှားချေ။ ကွန်မြူနစ်စနစ်၏ ချိမ်းချောက်မှုကြောင့် အရင်းရှင်စနစ်သည် ကွန်မြူနစ်များထက်သာသောစနစ်ကို တီထွင်ပြောင်းလဲလာခဲ့သည်။ ခေတ်သစ်အရင်းရှင်စနစ်သည် လူမှုရေးလွတ်လပ်မှုရှိပြီး ဆင်းရဲသား၊ အလုပ်သမား၊ လယ်သမားများကို အမြတ်ရဖို့သက်သက်အတွက် ခိုင်းစေသည့်ပုံစံမှ ထိုသူတို့၏ လူမှုဖူလှုံရေးနှင့် လုံခြုံရေးကိုပါ ကူညီစောင့်ရှောက်ပေးသော ဆိုရှယ်ဒီမိုကရက်တစ်လမ်းကြောင်းပေါ်သို့ ရွေ့လျားရောက်ရှိလာခဲ့ရသည်။

မဝရေစာစားသောက်နေရပြီး ပင်ပန်းကြီးစွာ အလုပ်လုပ်နေရသော အလုပ်သမားများကို ဂုတ်သွေးစုပ်ပြီး မိမိအတ္တ အကျိုးသက်သက်ကိုသာ ကြည့်သောအရင်းရှင်ကြီးများကို ကမ္ဘာ့ပြည်သူများက လက်မခံကြတော့ချေ။ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားသမဂ္ဂများ၊ အလုပ်ရှင်အလုပ်သမား ပူးတွဲအုပ်ချုပ်ရေးစနစ်များက အလုပ်သမားတို့၏ ရပိုင်ခွင့်များနှင့် ခံစားခွင့်များကို ရရှိအောင် လုပ်ဆောင်လာနိုင်ခဲ့ကြသည်။
တဖန် ကွန်မြူနစ်နိုင်ငံများကို ပြန်ကြည့်လျှင် ဗဟိုဦးစီးစနစ်ကြောင့် စီးပွါးရေးအရ အနောက်နိုင်ငံများထက်များစွာ နိမ့်ကျနေပြီး မူလကြွေးကြော်ခဲ့သည့် အလုပ်သမား၊ လယ်သမားလူတန်းစားများ ကောင်းစားရေးအတွက် ဖြစ်မလာဘဲ အာဏာဆုပ်ကိုင်ထားသော ကွန်မြူနစ်ပါတီဝင် ခေါင်းဆောင်များကသာ လူတန်းစားသစ်တရပ်အနေနှင့်ပေါ်ထွက် လာခဲ့ကြသည်။ ယင်းလူတန်းစားသစ်နှင့် ကျန်ပြည်သူလူထုအလွှာအသီးသီးတို့၏ လူတန်းစားတိုက်ပွဲ (Class Struggle) ကိုသာ ရှေ့ရှုစေခဲ့သည်။ ပြည်သူလူထု၏ ဘဝတိုးတက်မှုတို့ ဖြစ်မလာဘဲ နေရာတကာတွင် ဟန့်တားပိတ်ပင်မှု၊ ခြိမ်းခြောက်မှု၊ ဖမ်းဆီးနှိပ်စက်မှုတို့ကိုသာ ပြည်သူတို့ ကြုံတွေ့ခဲ့ကြရသည့်အပြင် ကုန်ပစ္စည်းရှားပါးမှု ရိက္ခာချို့တဲ့မှု တို့ကြောင့် တန်းစီစနစ်ကြီးက ပြည်သူတို့ကို လက်ပန်းကျစေခဲ့သည်။ ပညာတတ်များ၊ အလုပ်သမားလယ်သမားတို့၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ထုတ်ဝေခွင့်၊ ဆန္ဒပြခွင့်များဖြစ်သည့် အခြေခံလူ့အခွင့်အရေးတို့သည် ဘုံစနစ် (Commune system) အောက်တွင် စတေးခံခဲ့ကြရသည်။ ရုရှားကွန်မြူနစ်အာဏာရှင် စတာလင် လက်ထက်တွင် လယ်သမားများအား အတင်းအဓမ္မ အာဏာသုံး၍ ဘုံလယ်ယာစနစ်ကို ပြောင်းလဲစေခဲ့ပြီး ထိုစနစ်ကို လက်မခံဆန့်ကျင်သူ လယ်သမား ဆယ်သန်းခန့်ကို အလွန်အေးမြသော ဆိုက်ဗေးရီးယားဒေသသို့ပို့၍ အပြစ်ဒဏ်ပေး သတ်ဖြတ်ပစ်ခဲ့သည်။ ဆိုဗီယက်သမ္မတ လီယိုနစ်ဘရက်ဇညက် သေဆုံးပြီးနောက် ဘုံလယ်ယာမြေစနစ်မှ ပုဂ္ဂလိကလယ်ယာမြေစနစ်သို့ ပြန်ပြောင်းပေးခဲ့ရသည်။ ဘုံလယ်ယာမြေစနစ်ကျင့်သုံးစဉ်က ပြည်တွင်းစားသုံးမှု မလုံလောက်သဖြင့် ပြည်ပမှ ဂျုံကို နှစ်စဉ်တန်ချိန်သိန်းနှင့် ချီတင်သွင်းရသော်လည်း ပုဂ္ဂလိက လယ်ယာမြေစနစ်တွင် ပြည်တွင်းပိုလျှံရုံမက ပြည်ပပါ တင်ပို့နိုင်ခဲ့သည်။ ထွက်ဆနှစ်ဆ တိုးလာခဲ့သည့်အတွက် ဖြစ်သည်။ ဤသည်မှာ ကိုယ်ကျိုးစီးပွါး (Self Interest) ရှိမှသာ လူတို့သည် အလုပ်လုပ်ရာတွင် စိတ်ပါဝင်စားမှုရှိကြောင်း သက်သေပြချက်ပင် ဖြစ်သည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှု တိုးတက်လာရေးမှာ ကိုယ်ကျိုးစီးပွားနှင့် တိုက်ရိုက်အချိုးကျလေသည်။ ကိုယ်ကျိုးအမြတ်ရှိလျှင် လူတို့သည် ကုန်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ပြီး၊ မည်မျှကြိုးစားလုပ်လုပ် တန်းတူသာခံစားခွင့်ရှိသော ဘုံစနစ်အောက်တွင်မူ ကိုယ်ကျိုးအမြတ် ပိုမရနိုင်သည့် အတွက် အပေါ်ယံမျှသာ အလုပ်လုပ်ကြကြောင်း ကွန်မြူနစ်နိုင်ငံများမှ သင်ခန်းစာ ရရှိခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအတွက်မူ ဆိုရှယ်လစ်ခေတ်က ပြည်သူများကို ကောင်းကောင်း သင်ခန်းစာပေးခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ကိုယ်ကျိုးစီးပွား ရှာဖွေခွင့်ရှိပြီး လူ့လွတ်လပ်ခွင့်ရှိသော အမေရိကန်နှင့် အနောက်ဥရောပ နိုင်ငံများ၏ စီးပွါးရေးတိုးတက်မှုနှုန်းသည် အရှေ့ဥရောပနိုင်ငံများအတွက် သွားရည်ကျစရာများ ဖြစ်ခဲ့ရသည်။

တစ်ပါတီအာဏာရှင်စနစ်များ၏ ဆိုးဝါးရက်စက်ကြမ်းကြုတ်မှုကို ကမ္ဘာပြည်သူများ ယနေ့သဘောပေါက်နားလည်နေပြီ ဖြစ်သည်။ နာဇီအာဏာရှင်ဟစ်တလာ၏ ဂျူး ခြောက်သန်း သတ်ဖြတ်မှု၊ ကွန်မြူနစ်အာဏာရှင်စတာလင်၏ မိမိ ပြည်သူ လယ်သမား ဆယ်သန်းခန့်ကို သတ်ဖြတ်မှု၊ ရုရှားလျှို့ဝှက်ပုလိပ်အဖွဲ့ကေဂျီဘီ (KGB) မတိုင်ခင် ပထမဦး ဆုံးဖွဲ့စည်းခဲ့သည့် Narodnyy Komissariat Vnutrennikh Del) (NKVD) အင်္ဂလိပ်ဘာသာဖြင့် The People's Commissariat for Internal Affairs (ပြည်သူ့ပြည်တွင်းအုပ်ချုပ်ရေးအဖွဲ့) သည် ပိုလန်အရာရှိ ၁၅၁၃၁ (တစ်သောင်းငါးထောင်တစ်ရာသုံးဆယ့်တစ်) ယောက်ကို ပိုလန်နိုင်ငံ၊ ကရာ့ (Katyh) သစ်တောတွင်းတွင် ၁၉၄၀ ခုနှစ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြစ်ခဲ့မှု၊ အရှေ့ဂျာမဏီတွင် ဂျာမန်စစ်သားများကို ရုရှားများက အလားတူ သတ်ဖြတ်ခဲ့မှု၊ ကမ္ဘောဒီးယားတွင် ကွန်မြူနစ် ခမာနီများက ပြည်သူနှစ်သန်းကျော်ကို သတ်ဖြတ်ခဲ့မှုနှင့် တရုတ်ပြည်တွင် မော်စီတုံး၏ ယဉ်ကျေးမှုတော်လှန်ရေးတွင် ပြည်သူနှင့် ပါတီဝင် အများအပြားတို့ကို သန်းချီသတ်ဖြတ်မှုတို့သည် ကမ္ဘာ့ပြည်သူများအတွက် ကြက်သီးထစရာ မယုံနိုင်စရာ လုပ်ရပ်များအဖြစ် မြင်တွေ့ခဲ့ကြရသည်။ ယနေ့ ဝါဆောစာချုပ်ဝင်နိုင်ငံများ ရုရှား သံကွန်ခြာအောက်မှ လွတ်မြောက်ထွက်သွားကြပြီဖြစ်သည်။ ဘောလတစ်ဒေသနိုင်ငံများအဖြစ် အက်တိုနီးယမ်း (Estonian)၊ လတ်ဗီးယား (Latvian)၊ လစ်သူနီးယမ်း (Lithuanian) တို့သည်လည်း ဆိုဗီယက်ရုရှားနိုင်ငံကြီးမှ ခွဲထွက်သွားကြပြီဖြစ်သည်။

အနောက်ဥရောပနိုင်ငံများတွင် အီတလီကွန်မြူနစ်ပါတီသည် သူ့နိုင်ငံတွင်းတွင် အင်အားရှိသော ပါတီတစ်ခု ဖြစ်သည်။ တစ်ပါတီစနစ်၏ ဆိုးကျိုးကို လူများက သိလာသည့်အလျောက် အီတလီကွန်မြူနစ်ပါတီသည် လူများနှစ်သက် သဘောကျသော ပါတီစုံစနစ်ကို လက်ခံသော ယူရိုကွန်မြူနစ်ဇင်း (Eurocommunism) ကို ကျင့်သုံးလာခဲ့သည်။ ပါတီ၏ အလံတွင် တူတံဇင်တံဆိပ်ကို ဖြုတ်ပစ်ရန် ပါတီကွန်ဂရက်၌ အများသဘောတူ ဆုံးဖြတ်ပြီး ကွန်မြူနစ်ပါတီအမည်ကို အခြားအမည်တခုနှင့် အစားထိုးပြောင်းလဲရန်လည်း သဘောတူဆုံးဖြတ်လိုက်သည်။

ယူရိုကွန်မြူနစ်ဇင်မှာ ၁၉၇၀ နှင့် ၁၉၈၀ နှစ်များအတွင်း အနောက်ဥရောပနိုင်ငံများရှိ ကွန်မြူနစ်ပါတီများ၏ လူထု ထောက်ခံမှု ရရှိလာစေရန် နိုင်ငံရေးသီအိုရီလမ်းကြောင်း ပြောင်းလဲမှု တစ်ခုပင်ဖြစ်သည်။ ထိုလမ်းကြောင်းသည် ဆိုဗီယက်ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုမှ ဖယ်ထွက်လာပြီး အနောက်ဥရောပ နိုင်ငံများနှင့် သဟဇာတ ပိုမိုဖြစ်စေသည့် ပြောင်းလဲမှုဆိုက မမှားချေ။ ယူရိုကွန်မြူနစ်ဇင်ကို နီရိုကွန်မြူနစ်ဇင် (Neocomminism) ဟုလည်း ခေါ်ဆိုကြသည်။

ယနေ့ကွန်မြူနစ်ခေါင်းဆောင်များကိုယ်တိုင် လွတ်လပ်စွာစီးပွါးရှာဖွေခွင့်သည်တိုင်းပြည်ကို လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုး လာစေသည်ကို သဘောပေါက်နေကြပြီးဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးသည့် လူ့အခွင့်အရေး စံချိန်သည် လည်းကောင်း၊ စီးပွါးရေးလွတ်လပ်မှုသည်လည်းကောင်း ကွန်မြူနစ်နိုင်ငံများထက် သာလွန်သည့်အတွက် လူများသည် မိမိဝါသနာပါရာ၊ ကျွမ်းကျင်ရာကို စိတ်တိုင်းကျ ကြံစည်တွေးတော လုပ်ဆောင်နိုင်ခွင့်ရရှိပြီး အကျိုးကျေးဇူးလည်း တိုက်ရိုက် ခံစားခွင့်ရသည့်အတွက် ပိုမို၍ ကြိုးစားလုပ်ဆောင်ကြသည်။ လွတ်လပ်မှုရှိသဖြင့် ဖန်တီးစွမ်းအင် (Creation Power) သည်လည်း ပို၍မြင့်မားကြပြီး ခေတ်မီအတတ်ပညာများ၊ စက်ကိရိယာများ၊ ဆေးဝါးများကို တီထွင်ထုတ်လုပ် လာနိုင်ကြသဖြင့် ထိုနိုင်ငံများသည် စီးပွါးရေးအရ များစွာ တိုးတက်လာပြီး ချမ်းသာကြွယ်ဝလာခဲ့ကြသည်။ သို့ရာတွင် အရင်းရှင် ဒီမိုကရေစီစနစ်တွင် အပြစ်အနာအဆာ များစွာရှိနေသေးသည်။ အချို့အရင်းရှင်နိုင်ငံများတွင် လူမှုရေး အခမဲ့ဆေးခန်းများ၊ ကလေးများအတွက် အခမဲ့ပညာသင်ကြားရေးများ ပြုလုပ်ပေးခြင်း အလွန်နည်းနေသေးသည်။

နိဂုံးအားဖြင့် အရင်းရှင်ကိုလိုနီစနစ်ပေါ်လာသည့်အတွက် ထိုစနစ်၏ဆိုးဝါးမှုကို တိုက်ဖျက်ရန် ကွန်မြူနစ်စနစ် ပေါ်လာခဲ့သည်။ ကွန်မြူနစ်စနစ်ကို ကာကွယ်ရန် အရင်းရှင်နိုင်ငံများက လူသားချင်းစာနာမှုများ လူမှုထောက်ပံ့ရေးများကို စဉ်းစားလာရသည် ပေးလာရသည်။ အရင်းရှင်စနစ်မှနေ၍ တဖြည်းဖြည်း ဆိုရှယ်ဒီမိုကရက်နိုင်ငံများအဖြစ် ပြောင်းလဲလာကြသည်။ သာဓကအားဖြင့် စကင်နေးဗီးယင်းနိုင်ငံများ ဖြစ်ကြသည်။ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်နိုင်ငံတို့သည် လူမှုဖူလှုံရေးအပြည့်အဝရှိသည့် ဆိုရှယ်ဒီမိုကရက်နိုင်ငံများ ဖြစ်လာခဲ့သည်။  ထို့အတူ ကွန်မြူနစ်နိုင်ငံများသည်လည်း ဘုံစနစ်အစား လွတ်လပ်စွာ စီးပွားရေးလုပ်ပိုင်ခွင့်ကို ပေးလာရသည်။ သာဓကအားဖြင့် ဗီယက်နမ်နှင့် တရုတ်စသည်တို့ ဖြစ်သည်။  လူမှုလွတ်လပ်ခွင့်များကို ပိုပေးလာရသည်။ ထိုအခါ ယင်းနိုင်ငံတို့သည်လည်း တဖြည်းဖြည်း ဆိုရှယ်ဒီမိုကရက် လမ်းကြောင်းထဲသို့ ဝင်လာနေကြောင်း တွေ့ရမည်ဖြစ်သည်။ အနာဂါတ်နိုင်ငံရေးရေစီးကြောင်းသည် လူ့အခွင့်အရေး အပြည့်အဝရှိသော လူမှုဝန်းကျင်နှင့် လွတ်လပ်စွာ စီးပွားရှာဖွေမှုတို့အပြင် လူမှုဖူလှုံရေး အပြည့်အဝရှိသော ဆိုရှယ် ဒီမိုကရက်စနစ်ဆီသို့ ဦးတည်နေပြီး၊ လူမှုဖူလုံရေး မရှိ၊ အလုပ်သမားနှင့် လယ်သမား အခွင့်အရေး မရှိသော အရင်းရှင်စနစ်နှင့် အလုပ်သမား၊ လယ်သမား လူတန်းစားများကို လူ့အခွင့်အရေး မပေးဘဲ တင်းကြပ်စွာ ချုပ်ချယ်ထားသော တစ်ပါတီအာဏာရှင်စနစ်တို့ကို လက်ခံတော့မည် မဟုတ်ချေ။

လူများစုအတွက် လူတစ်ဦးချင်း၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးခံနိုင်ရမည်ဟူသည့် အတွေးအခေါ်သည် မှားယွင်းသည့် အတွေးအခေါ် ဖြစ်သည်။ ယင်းအတွေးအခေါ်ကြောင့် လူတစ်ဦးချင်း၏ လွတ်လပ်ခွင့်ဆုံးရှုံးသွားခြင်း မဟုတ်ဘဲ လူအများစု၏ လွတ်လပ်ခွင့်များ ဆုံးရှုံးသွားရပြီး ယင်းအတွေးအခေါ်ကို ရိုက်သွင်းပေးသည့် လက်တစ်ဆုတ်စာ လူနည်းစုကာ လွတ်လပ်ခွင့်ကို ခံစားနေရပြီး ပြည်သူတစ်ရပ်လုံးက လွတ်လပ်ခွင့် ဆုံးရှုံးသွားရခြင်းကို ကွန်မြူနစ် နိုင်ငံများတွင် တွေ့နိုင်သည်။ ယင်းစနစ်ဆိုးကြောင့် ထိုနိုင်ငံများတွင် အဖိနှိပ်ခံလူတန်းစားနှင့် ဖိနှိပ်သူလူတန်းစားဟူ၍ လူတန်းစားနှစ်ရပ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံတိုင်းတွင် သာယာဝပြောသောလူ့ဘောင် တည်ဆောက်နိုင်ရေး အတွက် လူတစ်ဦးချင်း၏ လွတ်လပ်ခွင့်ကို လေးစာတန်ဖိုးထားခြင်းနှင့် အစိုးရက အာဏာသုံးစွဲ၍ လူထုကို တင်းကျပ်စွာ ချုပ်ကိုင်မှုကိုကာကွယ်ပေးနိုင်သော စနစ်ရှိဖို့လိုပေသည်။

မြန်မာနိုင်ငံ သာယာဝပြောရေးကို ရှေ့ရှုလျက်

အားလုံးကိုလေးစားလျက်
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၃ ရက် တနင်္ဂနွေနေ့ထုတ် ဒီမိုကရေစီတူဒေးပါ့ ဆောင်းပါး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...