Saturday, March 14, 2015

ရှင်ဘုရင်မဆပ်၊ ပြည်သူကသာဆပ်ရမည် နိုင်ငံတော်ကြွေးမြီများနှင့်ကျွန်ုပ် ။ (မင်းဒင်)

'၁၄။၀၃။၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။ ။

ရှင်ဘုရင်မဆပ်၊ပြည်သူကသာဆပ်ရမည့်နိုင်ငံတော်ကြွေးမြီများနှင့်ကျွန်ုပ် ။
(မင်းဒင်)

(တစ်)
ကျဲကျဲတောက်  ပူပြင်းနေ သော ဖူးခက်နေသည် စတီးလင်ပန်းကို မီးမောင်းတို့စုပြုံထိုးထားသည်နှင့်သာတူတော့၏။ အစဉ်သဖြင့် နွေမပီ၊ ဆောင်းပျောက်၊ ကွက်ကျားမိုးသာ တစ်နှစ်ပတ်လုံး တောက်လျှောက်ရွာလေ့ရှိသော ဖူးခက်တွင် သည်တစ်နှစ်တော့ ဖြင့် နွေသည် လူတွင်ကျယ်လုပ် လျက်ရှိ၏။ ပူပြင်းလွန်းလှသည် ကြောင့် ဝယ်သူပါးနေသည့် ဈေး ဆိုင်ငယ်အတွင်း၌ ငုတ်တုတ်ထိုင် နေသော ကျွန်ုပ်သည်ပင် ချွေးဒီး ဒီးကျလျက် နံပြားဖိုထဲတွင် ဝင်ထိုင်နေရဘိသကဲ့သို့ ခံစားရချေသည်။

 အပူဒဏ်ကိုခံစားနေရင်း ကျွန်ုပ်ကွန်ပျူတာအင်တာနက် ဖေ့စ်ဘွတ်ခ်ဖြင့် အလုပ်ရှုပ်နေချိန် ၌ တပည့်ကျော်သုံးဦးသည် သမံ တလင်းပေါ်တွင် ကျောခင်းလျက် ဖုန်းကိုယ်စီပွတ်ရင်း အပူဒဏ်ကို ရင်ဆိုင်ကျော်လွှားနေကြလေ၏။ ထိုစဉ် ထိုင်းခွေးဝဲစားတစ်ကောင် သည်လည်း ဆိုင်ရှေ့အမိုးစွန်း အောက်တွင် ခိုဝင်မှေးစက်ရင်း သူ့နည်းသူ့ဟန်ဖြင့် အပူဒဏ်မှ လွတ်အောင် တိမ်းရှောင်လျက်ရှိ လေသည်။

သို့ရှိကြစဉ် ဆိုင်အနီးရှိ တစ် ခုသောကော်ဆန်းဆိုက် (ပန်းရန် လုပ်ငန်းခွင်)မှ ဖြစ်ဟန်တူသည့် မိန်းမပျိုတစ်ဦး ဆိုင်တွင်းသို့ ဝင် လာလေရာ သူ့ပုံပန်းကိုကြည့်ခြင်း ဖြင့် ကျွန်ုပ်ကဲ့သို့ပင် အညာမျိုး အညာဆက်ဖြစ်ဟန်ရှိ၏။  ‘‘ဦးလေးဦးချိန်တီရှိလားတော့’’ သေချာပေ ပြီ။ တစ်နယ်တည်းသားရိုးရိုးအအ တောသူတောင်သားများမို့ ကြုံ တုန်းသတိပေးရပေဦးတော့မည်။ ‘‘ဦးလေးဦးချိန်တီတော့မရှိဘူး ဟေ့ ဦးကြီးဒင်ပဲရှိတယ်။ ရော့.. ရော့ ဦးချိန်တီ ဒါနဲ့ ညည်းတို့လည်း အကြွေးကိစ္စမေ့မနေကြနဲ့ဦးနော်’’

‘‘ဟောတော့.. ကျုပ်ဦးကြီးဆိုင်မှာ ကြွေးမယူတတ်ပါဘူး တော်။ ဦးကြီးလူမှားနေပြီထင် တယ်’’ ‘‘မမှားပါဘူးဟ။ ကျုပ်ဆိုင်ကိုပေးရမယ့် အကြွေးလို့လည်း မဆိုလိုပါဘူး။ ကဲပါလေ။ ဒီညစားသောက်ပြီးကြရင် နီးစပ်ရာလူတွေခေါ်ပြီး အိမ်ဘက်လျှောက် ခဲ့ကြဦး။ အကြွေးကိစ္စလေးတိုင် ပင်ကြရအောင်’’။ ထူးခြားလှသည့်ကျွန်ုပ်၏အမှာစကားကြောင့် ဖုန်းပွတ်နေသော ကပ္ပလီတစ်ယောက် ကျွန်ုပ်အားပေစောင်းပေ စောင်းနှင့် ကြည့်လျက်ရှိလေ၏။

(နှစ်)
ထိုင်းစစ်တပ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုး ကြောင့် ထိုင်းတစ်နိုင်ငံလုံးစီးပွားရေးကာလနာတိုက်လျက်ရှိရုံမျှ မက ဖူးခက်မြို့မရှိ ကျွန်ုပ်၏ ဈေးဆိုင်ငယ်ကလေးပါကျီးနှင့် ဖုတ်ဖုတ်ဖြစ်လျက်ရှိ၏။ ဈေးဝယ်သူဟူ၍ တစ်နာရီကြား တစ်ယောက် ခန့်သာပေါ်လာတတ်လေသည်။ သည်တစ်ကြိမ်တွင် ရွှေပန်းငေါက် တောက်နှင့် ၂ နှစ်သားကလေး ငယ်ကိုခါးထစ်ခွင်ကာ ပါးတွင် သနပ်ခါးဘဲကျားဖြင့် ဝင်လာသူ မှာ မွန်မကလေးမိဟံသာဖြစ်လေ သည်။

‘‘အစ်ကိုကြီး သူငယ်နာပေါင်း ချုပ်ရှိလားရှင့်’’ ကျွန်ုပ်လည်း မိဟံ သာအလိုရှိရာကိုထုတ်ပေးရင်း တိုင်းပြည်နှင့် လူမျိုးအကျိုးအလို့ ငှာ သတိပေးစကားဆိုရပြန်သည်။

 ‘‘ဟဲ့.. မိဟံသာ၊ ညည်း ကလေးတစ်တုံးတစ်ခဲကြီးတယ်ချစ်စရာကောင်းသကိုး။ သူလည်း အကြွေးဆပ်ရမယ့်သူစာရင်းမှာ ပါနေတယ်နော်။ ဒီကလေးဟာ မြန်မာငွေငါးသိန်းအကြွေးဆပ်ရ မှာကွဲ့’’ ‘‘ကျွန်မယူတဲ့အကြွေး ကျွန်မပဲဆပ်ရမှာပေါ့ အစ်ကိုကြီး ရယ်။ ကျွန်မသားလေးကိုဆွဲ မထည့်ပါနဲ့။ အကြွေးမရောင်းဘူး ဆိုရင်လည်း နေပါစေတော့’’

‘‘အာ.. ညည်းနှယ် နားဝေး ချက်။ ငါ့ဆိုင်အကြွေးကိုပြောနေ တာမဟုတ်ဘူးလေကွယ်။ ညည်း တို့တစ်မိသားစုတည်းဆပ်ရမယ့် အကြွေးလည်းမဟုတ်ပါဘူးလေ။ ကဲ.. ကဲ.. ဒီည ညည်းယောကျာ်း တင်ထွန်းနဲ့ ကျုပ်အိမ်သာကြွခဲ့ပေ တော့။ တစ်ယောက်ချင်းရှင်းပြနေ ဖို့ အချိန်မရှိဘူးကွဲ့’’ မိဟံသာတစ် ယောက် ခါးထစ်ခွင်မှ အတန်ငယ်လျှောကျနေသော သားတော်မောင်ကို ခါးအထက်ပိုင်းသို့ ဇောင့်ခနဲ မြှင့်တင်လိုက်ရင်း ဆိုင်တွင်းမှ ခြေလှမ်းခပ်ကျဲကျဲဖြင့် ပြန်လည်ထွက်ခွာသွားချိန်တွင် ခပ်လှမ်းလှမ်း၌ဖုန်းပွတ်နေသော ဖေကြည်ငယ်သည် ကျွန်ုပ်အားမျက်စောင်းခဲကြီး   ထိုးလျက်ရှိကြောင်း  ကျွန်ုပ်ကောင်းစွာရိပ်မိသိရှိ၏။

(သုံး)
နောက်ထပ်တစ်နာရီခွဲမျှ အကြာတွင် စံပလော (သုံးဘီး ဆိုင်ကယ်)နှင့် ချွေးသံရွှဲလျက် ဆိုင်တွင်းသို့ဝင်လာသူကား ဖူး ခက်မြို့မဈေးအနီးမှ လက်ဖက် ရည်ဆိုင်ပိုင်ရှင်ကလေးညီညီနိုင် ဖြစ်ချေသည်။ သူကား ကျွန်ုပ်၏ ဆိုင်မှ မြန်မာပစ္စည်းများကို လက် ကားဝယ်ယူကာ ၎င်း၏ လက်ဖက် ရည်ဆိုင်တွင် လက်လီပြန်လည် ရောင်းချနေသူတည်း။ 

‘‘ဒီမယ်။ မောင်ညီနိုင်လေးရဲ့ အကြွေးဆို တာ သံသရာအထိပါသွားရင် မကောင်းဘူးနော်’’ 

စိတ်ဆတ်ဟန် ရှိသာ မောင်ညီနိုင်သည် ဆတ်ခနဲ တွန့်သွားကာ ချက်ချင်းဆိုသလို ခွန်းတုံ့ပြန်၏။ 

‘‘ခင်ဗျားစွပ်စွပ်စွဲစွဲ မပြောနဲ့ဗျာ။ အကြွေးစာရင်းစာ အုပ်သေချာလှန်ကြည့်လိုက်လေ’’
ဒီမျက်နှာက သောက်ကြွေး ယူစားတဲ့မျက်နှာလားဗျာ။ ခင် ဗျားကျုပ်အကြောင်းသိတယ် နော်။ ညီနိုင်တဲ့ တစ်နိုင်တည်းရှိ တယ်’’ 

‘‘ဟိုး.. ဟိုး.. ဟိုး.. ဒေါသ မကြီးပါနဲ့မောင်ရယ်။ ကျုပ်ပြော တဲ့အကြွေးဆိုတာ မောင်ရင်နဲ့ ကျုပ်အကြားကအကြွေးကို မဆို လိုဘူးကွဲ့။ မြန်မာတစ်ပြည်လုံးနဲ့ ဆိုင်တဲ့ အကြွေးဆိုပါတော့။ ကဲ ပါ.. ကဲပါ.. မောင်ရင့်ဆိုင်လာ သမျှ မြန်မာတိုင်းကိုသာ မောင်း ခတ်လိုက်ပေတော့။ ဒီညကျုပ် အိမ်မှာ မြန်မာ့အကြွေးဆိုင်ရာရှင်း လင်းပွဲရှိလေရဲ့’’ 

ညီညီနိုင်တစ် ယောက် သူအလိုရှိရာပစ္စည်းကို စင်အသီးသီးပေါ်မှာဆောင့်ကြီး အောင့်ကြီးဆွဲချကာ စံပလောပေါ် ပစ်တင်ရင်း ဝူးခနဲနေအောင်ပြန် မောင်းထွက်သွားချိန်တွင်မူ တပည့်ကျော်လေမင်းသားထံမှ အသံထွက်လာခဲ့လေသည်။

‘‘ဘယ့်နှယ် မြင်မြင်သမျှလူ အကြွေးလျှောက်တောင်းနေကြ သတုံးဆြာ။ ညီညီနိုင်က လူမိုက် နော်။  ကြည့်လည်းလုပ်နော်။ တော်ကြာ လက်သီးစာမိပြီး
 ကျော်မကောင်းကြားမကောင်းဖြစ်ကုန် ပါ့မယ်ဗျာ’’

‘‘အေး.. မင်းတို့မလည်း ဖေ့စ် ဘွတ်ခ်ပေါ်မှာ ဗဟုသုတဖြစ်မယ့် သတင်းမျိုးကျတော့ ဆုံးအောင် ဖတ်မယ် စိတ်မကူးဘူး။ အားအား ရှိ ဇွန်သဉ္ဇာ့ဥစ္စာကိုပဲ ထပ်ချည်းတလဲလဲပွတ်နေကြ’’

ဆြာ့ဘာသာ ဇာတ်ရှုပ်နေတာ။ တပည့်တွေကို ဘလိုင်းကြီးလာမရမ်းပါနဲ့လေ။ အခုပွတ်နေတာ ဇွန်သဉ္ဇာမဟုတ်ဘူး။ ထက်ထက်ဝင့်ဆြာရဲ့’’

‘‘အေးပါ။ ဟုတ်ပါပြီ။ နင်တို့ ဘာသာ ဘယ်သူပွတ်ပွတ်၊ ဆပ်ရ မယ့်အကြွေးကတော့တစ်ယော က်ကို   မြန်မာငွေငါးသိန်းပဲမောင် ရေ့။ နင်တို့လည်း လမ်းသလား မယ်မကြံနဲ့။ ဒီညဆြာ့အိမ်မှာ အကြွေးသတင်းရှင်းလင်းပွဲရှိ တယ်။ အခုကတည်းက ရေသန့် ဘူးတွေပြေးဝယ်ပြီး ဧည့်ခံကြိုဆို ရေးအတွက် ပြင်ဆင်ကြတော့လ ဟဲ့’’

 တပည့်ကျော်သုံးဦးပါးစပ် အဟောင်းသား၊ ပြူးကျယ်သော မျက်လုံးဝိုင်းများဖြင့် ယောင်နန ဖြစ်နေကြချိန်တွင် ကျွန်ုပ်သည် ကား ယနေ့ညရှင်းလင်းရမည့် အကြွေးကိစ္စနှင့်ပတ်သက်၍ စေ့ စပ်သေချာစွာတင်ပြနိုင်ရန် အွန် လိုင်းဂျာနယ်အသီးသီးမှ နောက် ဆုံးရသတင်းအဖုံဖုံကို အာဂုံနှုတ် တက်ဆောင်နေရချေသည်တမုံ့။

(လေး)
အိုက်စပ်စပ်ညချမ်းပင်ဖြစ် သော်ငြား ကျွန်ုပ်၏အိမ်တွင် လူစုံ နေခဲ့ပြီ။
 စက်ဘီး၊ ဆိုင်ကယ်၊ ခြေ လျင်နည်းလမ်းအသွယ်သွယ်ဖြင့်
 စိတ်ဝင်တစားအားတက်သရော လာရောက်ကြသည်ဖြစ်ရာ 
အစုံ လွန်၍ ဧည့်ခန်းပင်မဆံ့။ ထို့ နောက်တွင်ကား တစ်ခြံလုံးလူ ပြည့်၏။ နောက်ထပ်ရောက်လာ သောဧည့်ပရိသတ်ကို လမ်းထိပ်မှ ဆီး၍ နှင်မထုတ်လျှင် ဖူးခက်လူ ကုန်သိန်းဂဏန်းချီ၍ တက်ရောက် ကြပေလိမ့်မည်။ ဤမျှများပြားလှ သော လူအုပ်ကြီးကို ထိုင်းပုလိပ် နှင့် စစ်တပ်၊ အထင်လွဲမှား၍ လာ မဝိုင်းမီ မြန်မာ့ကြွေးမြီအကြောင်း ဖူးခက်ရောက်မြန်မာရွှေ့ပြောင်း လုပ်သားတို့အား တိုတိုနှင့်လိုရင်း ရောက်အောင် ကျွန်ုပ်ရှင်းပြရချေ သည်။

‘‘ဒီလိုကွဲ့.. မောင်တို့ရဲ့။ ဒီနေ့ ရနောက်ဆုံးသတင်းမှာ မြန်မာ နိုင်ငံရဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ယာယီစာရင်းတွေအရ ပြည်ပကြွေးမြီတိုးရင်းပေါင်းဟာ အမေရိကန်ဒေါ်လာသန်းပေါင်းတစ် သောင်းခွဲကျော် ပြည်တွင်းကြွေး မြီစုစုပေါင်းဟာ မြန်မာကျပ်ငွေသန်းပေါင်းသန်းတစ်ရာနီးပါးရှိ နေသတဲ့။ အဲဒီပြည်တွင်း၊ ပြည်ပကြွေးမြီတွေကိုစုပေါင်းပြီး ကျုပ်တို့နိုင်ငံလူဦးရေသန်းငါးဆယ်ကျော် နဲ့ သင်္ချာနည်းအတိုင်းစားကြည့် လိုက်ရင် မြန်မာနိုင်ငံသားတစ်ဦး ချင်းစီအနေနဲ့ ပြန်ဆပ်ဖို့တာဝန် ရှိတဲ့ အကြွေးဟာ မြန်မာငွေကျပ် ငါးသိန်းနီးပါးရှိနေလေရဲ့။ ဖူးခက်ရောက် တို့မြန်မာတွေလည်း မြန်မာနိုင်ငံသားတွေပဲမို့ တိုင်း ပြည်ရဲ့အကြွေးကို ဝိုင်းဆပ်နိုင် အောင် ကြိုတင်ပြင်ဆင်ထားသင့် တာပေါ့။ နောက်ပြီး..

 ‘‘တော်တော့ဗျာ။ တော်တော့။ နောက်ပြီး မလုပ်နဲ့။ ဆြာဒင့်စကားကို အခုပဲ ရပ်လိုက်ဗျ။ ဘယ့်နှယ်ဗျာ ရွာမှာရှိတဲ့ ယာပေါင်၊ လမ်းစရိတ်လုပ်ပြီး ဖူးခက်မှာ ကျွန်လာခံပါတယ်ဆိုမှ ခပ်ရိုင်းရိုင်းပြောရရင် ကန်တော့ပါရဲ့။ တစ်တိုင်းပြည်လုံးပြည်ပထွက်ပြီး ဖာခံရမယ့်ကိန်းဆိုက်နေပြီဗျ’’

  မဟုတ်မခံ ညီညီနိုင်၏ မကျေမချမ်းသံနောက်တွင်ကား တက်ရောက်လာကြသူများ၏ ဒေါသအိုး  ပေါက်ကွဲသံတို့မှာ ကုလားသိုက်ကျားဝင်ကိုက်သလို တစ်ခြံလုံးပွက်လောရိုက်ကုန်လေ တော့သည်။

(ငါး)
‘‘ဒီအစိုးရဇာတ်ရှုပ်ချက်က တော့ကွာ။ ကျုပ်တို့အိမ်မှာ မိသားစုငါးယောက်ဆိုတော့ သိန်း အစိတ်တောင်ဆပ်ရမယ်ပေါ့’’

‘‘ကျုပ်တို့က ထိုင်းကိုရောက် နေတာလေဗျာ။ တစ်ပြားတစ်ချပ် သုံးရဖို့နေနေသာသာ မမြင်ဖူး၊ မကြားဖူးလိုက်တဲ့ အကြွေးကို ဘယ့်နှယ်လုပ်ဆပ်ရမှာတုံး။ အံ့ဩပါရဲ့ဗျာ။ 

‘‘အီသီယိုးပီးယား ဆိုလား၊ အငတ်ဘေးဆိုက်ခဲ့ဖူးတဲ့ နိုင်ငံထက်တောင် ကျုပ်တို့နိုင်ငံ က ဆင်းရဲသေးသတဲ့၊‘ဟော.. အခု လူကြားမကောင်းသူကြား မကောင်းကြွေးစာရင်းတက်လာ ပြန်ပြီ။ တော်တော်သောက်ရှက် နည်းတဲ့အစိုးရကွာ’’ 

‘‘ဖြစ်မှဖြစ်ရ လေ။ ဖူးခက်မှာ ပန်းရန်လာလုပ် ရင်း ကိုယ့်တဲထဲကိုယ်နေတာ တောင် အလိုလိုနေရင်း အကြွေး လာတင်သတဲ့။ ဒီလောက်တောင် သုံးစားမရတဲ့ အစိုးရကို ပြုတ်ကျ အောင်မဖြုတ်နိုင်ကြတော့ဘူး လားကွာ’’

 ‘‘ဒင်းတို့အစဉ်အဆက် ခိုးဝှက်ထားသမျှ ကျုပ်တို့သန်း ခြောက်ဆယ်ငထွားတွေက ခါးနာ ရမယ့်ကိန်းပေါ့။ သေချင်းဆိုးမယ့် ကောင်တွေ’’ 

‘‘ဒီကောင်တွေ ဆင်း ပေးမယ်သာပြောဗျာ။ အက်ဒမန် ပင်လယ်ထဲမှာ ဓားပြတိုက်ပြီး ကြွေးဆပ်မယ်’’ 

‘‘တစ်ပြည်လုံးက သယံဇာတတွေပြောင်အောင်။ ထုတ်ရောင်းထားတဲ့ငွေတွေဘယ် ရောက်ကုန်ပြီတုံး’’ 

ဖူးခက်ရောက် မြန်မာလုပ်သားတို့၏ ပေါက်ကွဲ သံစဉ်ကို ပြည့်စုံစွာဖော်ပြရလျှင် ဘုတ်အုပ်ထူကြီးတစ်အုပ်ဖြစ် လောက်လေ၏။ ပြင်းထန်လှ သော ဒေါသတကြီးကြုံးဝါးသံတို့ ကြောင့် ဘေးခြံများမှ သတင်းပို့ လေသလောမဆိုနိုင်။ အဝေးဆီမှ အဆက်မပြတ်ခပ်သဲ့သဲ့ကြား လာရသည့် ထိုင်းရဲကား ဥဩသံ ကြောင့် ကျွန်ုပ်၏ ခြံတွင်းရှိ လူ အုပ်ကြီးမှာ အလျှိုအလျှိုကိုယ် ပျောက်ကုန်ကြချိန်တွင် တပည့် ကျော်ကပ္ပလီသည် ကျွန်ုပ်အပါး သို့ ကပ်လာကာ စပ်စုပြန်၏။

 ‘‘ဒါနဲ့ ဒီနိုင်ငံတော်ရဲ့ ကြွေးမြီအပေါ်မှာ ဆြာ့အနေနဲ့ ဘာများမှတ်ချက် ပေးချင်ပါလိမ့်ဆြာ’’

(ခြောက်)
စင်စစ် ကျွန်ုပ်အနေဖြင့် ယင်းကြွေးမြီကိစ္စနှင့်စပ်လျဉ်း၍ ဖွင့်ဟ ပြောဆိုလိုသည့်    အကြောင်း အချက်များစွာရှိပါ၏။ သို့သော်.. ပြောစရာ စကားရှာမတွေ့တော့ သည်ဖြစ်၍ တပည့်ကျော်အား ရွှေပြည်အေးတရားတစ်ခွန်းကို သာ ဟောလိုက်ရပေသည်။

‘‘ကိုယ့်တိုင်းကိုယ့်ပြည်ကို တကယ်ချစ်တယ်ဆိုရင်ဖြင့် ဝိုင်း ဆပ်ကြရုံပေါ့မောင်တို့ရာ။ ခက် နေတာ တိုင်းပြည်ကို ချစ်လှပါ ချည်ရဲ့ဆိုတဲ့ မောင်တို့ဟာ ကြွေး ဝိုင်းဆပ်ရမယ်ဆိုတာလည်းကြား ရော တီကောင်ကိုဆားနဲ့တို့သလို ပါပဲလေ’’

ကျွန်ုပ်၏စကားကိုအတည် ဟု မှတ်ယူလေသလောမဆိုနိုင်။ ကပ္ပလီငယ်၏ မီးဝင်းဝင်းတောက် မတတ်ရှိသော မျက်လုံးအစုံမှ ထိုးလိုက်သည့်မျက်စောင်းသည် နဂါးသာဆိုလျှင်ဖြင့် ထိုနေရာ တွင်ပင် ကျွန်ုပ်ချက်ချင်းပြာကျ လောက်ချေသည်တကား။    ။'

(တစ်)
ကျဲကျဲတောက် ပူပြင်းနေ သော ဖူးခက်နေသည် စတီးလင်ပန်းကို မီးမောင်းတို့စုပြုံ ထိုးထားသည်နှင့်သာတူတော့၏။ အစဉ်သဖြင့် နွေမပီ၊ ဆောင်းပျောက်၊ ကွက်ကျားမိုးသာ တစ်နှစ်ပတ်လုံး တောက်လျှောက်ရွာလေ့ရှိသော ဖူးခက်တွင် သည်တစ်နှစ်တော့ ဖြင့် နွေသည် လူတွင်ကျယ်လုပ် လျက်ရှိ၏။ ပူပြင်းလွန်းလှသည် ကြောင့် ဝယ်သူပါးနေသည့် ဈေး ဆိုင်ငယ်အတွင်း၌ ငုတ်တုတ်ထိုင် နေသော ကျွန်ုပ်သည်ပင် ချွေးဒီး ဒီးကျလျက် နံပြားဖိုထဲတွင် ဝင်ထိုင်နေရဘိသကဲ့သို့ ခံစားရချေသည်။

ကျွန်ုပ်၏စကားကိုအတည် ဟု မှတ်ယူလေသလောမဆိုနိုင်။ ကပ္ပလီငယ်၏ မီးဝင်းဝင်းတောက် မတတ်ရှိသော မျက်လုံးအစုံမှ ထိုးလိုက်သည့်မျက်စောင်းသည် နဂါးသာဆိုလျှင်ဖြင့် ထိုနေရာ တွင်ပင် ကျွန်ုပ်ချက်ချင်းပြာကျ လောက်ချေသည်တကား။ ။

၁၄။၀၃။၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။ ။
မင်းဒင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...