Tuesday, March 3, 2015

သူခိုးက ဘုရင်ဖြစ်သောအခါ

'သူခိုးက ဘုရင်ဖြစ်သောအခါ

“ရာဇပလ္လင်ထက်သို့ ရောက်လာကြသူတိုင်းသည် ထိုက်တန်စွာ ရောက်လာကြသူများ မဟုတ်။ သူခိုးကလည်း နိုင်ငံ့အခြေအနေအရ ဘုရင်ဖြစ်နိုင်သေးသည်။ သို့သော် ထိုဘုရင်သည် သန္ဓေမမှန်သောဘုရင်ဖြစ်သဖြင့် ….”
----- ----- ----- -----
၁၉၈၀ ပြည့်နှစ်က ကမ္ဘာကျော်ဂျပန်ရုပ်ရှင်ဒါရိုက်တာကြီး အာကီရာ ကူရိုဆာဝါ (Akira Kurosawa)ရိုက်ကူးသော ကာကီမူရှာ (Kakemusha )ဆိုသည့် ရုပ်ရှင်ကားတကားသည် ကမ္ဘာကျော်ခဲ့ပါ၏။ ဇာတ်လမ်းအကျဉ်းမှာ ၁၆ ရာစုနောက်ခံ ဂျပန်နန်းတွင်းဇာတ်လမ်းတပုဒ် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် မြေရှင်ပဒေသရာဇ်များ သူတလူငါတမင်းနှင့် ထကြွသောင်းကျန်းသဖြင့် ပြည်တွင်းစစ်ဖြစ်နေသောအချိန်တွင် နိုင်ငံအုပ် ချုပ်သောဘုရင်ကြီး Shingen Yakeda နတ်ရွာစံသွားပါသည်။ ထိုအချိန်တွင် သူခိုးတယောက်သည် သူ၏ရာဇ၀တ်မှုအတွက် ကြိုးပေးသတ်ခံရလုဆဲဆဲ ဖြစ်သည်။ ဖြစ်ချင်တော့ ထိုသူခိုးမှာ မျက်နှာရော ခန္ဓာကိုယ်အချိုးအစားပါ ကွယ်လွန်သူဘုရင်ကြီးနှင့် ချွတ်စွပ်တူနေပါသည်။ သူခိုးအမည်မှာ ကာကီမူရှာဖြစ်ပါသည်။ ထို့ကြောင့် မှူးကြီးမတ်ကြီးများသည် သူခိုးကို မသတ်တော့ဘဲ နန်းတော်ထဲသို့လျှို့ဝှက်ခေါ်ဆောင်လာကာ ဘုရင်ကြီး မသေသေးသယောင် အယောင်ဆောင်ဟန်ပြဘုရင်အဖြစ်နေစေ၍ တိုက်လက်စစစ်ပွဲကိုဆက်တိုက်ပါသည်။ 

ဘုရင်ကိုလည်းဟန်ပြအဖြစ်သာထားပြီး တခါတရံမှသာ လူတွေ့ခံပါသည်။ ထိုလျှို့ဝှက်ချက်ကို မှူးကြီးမတ်ရာ အချို့သာသိပါသည်။ နန်းတွင်းမှလူများပင် သူခိုးကာကီမူရှာကို ဘုရင်ကြီး အစစ်မှတ်နေပါသည်။ သို့သော် ဘုရင်ကြီး၏ မြေးတော် ကလေးလေးက ကလေးသဘာဝအရ ဤသူသည်သူ့ဘကြီးတော်ဘုရင်ကြီးမဟုတ်ဘူး ဆိုတာသိပါသည်။ ဘုရင်ကြီး၏ စီးတော်မြင်းကိုလည်းညာလို့မရပါ။ သူ့သခင်မဟုတ်တာကို သိသဖြင့် အစီးမခံဘဲ ကျောပေါ်မှပေါက်ချပါသည်။ သို့သော် မြင်းနှင့်ကလေးသာသိသဖြင့် ပြဿနာမရှိပါ။ ဤသို့နေလာရင်း ဘုရင်အတုသည် သူ့ကိုယ်သူဘုရင်အစစ်ထင်လာပါသည်။ ဘုရင်အစစ် သဖွယ်ပြုမူလာပါသည်။ နန်းတင်ခဲ့သောအမတ်ကြီးများကို ပမာမခန့်လုပ် လာပါသည်။ တိုင်းပြည်အရေးအရာများကို အလွဲလွဲအမှားမှား ဆုံးဖြတ်လုပ် ကိုင်လာပါသည်။ သူခိုးဇာတိပြလာပါသည်။ သူဘုရင်ဖြစ်တာလည်း သုံးနှစ် ကြာသွားပါသည်။ ထိုအချိန်တွင် တိုက်လက်စ စစ်ပွဲတွေလည်းပြီးသွားပါသည်။ ဘုရင်ကြီးရှိသေးသည်ဟု ထင်သဖြင့် ရန်သူတို့ကိုရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ရာ ရန်သူများရှုံးသွားပြီး သူခိုးဘုရင်ကြီးတို့ဘက်က စစ်နိုင်လိုက်ပါသည်။ ထိုအခါအမတ်များသည် အချိန်မဆိုင်းဘဲ ဤဘုရင်ကြီးမှာ အတုဖြစ်ကြောင်း၊ ဘုရင်အစစ်မှာ နတ်ရွာစံတော်မူသည်မှာ ကြာပြီဖြစ်ကြောင်း တိုင်းပြည်သို့ကြေညာလိုက်ရာ တိုင်းသူပြည်သားများက ဘုရင်အတုကို ခဲများဖြင့်ပစ်ပေါက်နှင်ထုတ်ကြပါသည်။ ထိုအခါမှ လူတွေလေးစားသည်မှာ သူ့ကိုမဟုတ်ပါလား။ ကွယ်လွန်သွားသော ခေါင်းဆောင်ကြီးကိုပါလားဟု သိလာသော ကာကီမူရှာသည်နိုင်ငံအတွက် တခုခုလုပ်ပေးရန်ရည်ရွယ်ချက်ဖြင့် ရှေ့တန်းစစ်မျက်နှာတွင်တိုက်ပွဲဝင်မည့် တပ်သားများနှင့်လိုက်သွားကာ စစ်မြေပြင်တွင်ဝင်ရောက်တိုက်ခိုက်ရာမှ မထင်မရှား ကျဆုံးသွားပါသည်။ သူ၏ခန္ဓာကိုယ်သည် မြင်းပေါ်မှပြုတ်ကျကာ စမ်းချောင်း ကလေးတခုထဲတွင် မျောပါရင်းမထင်မရှား ဘ၀နိဂုံးချုပ်ရပုံနှင့် ဇာတ်သိမ်း ထားပါသည်။

ဤဇာတ်လမ်း၌တွေးမိသည်မှာ ရာဇပလ္လင်ထက်သို့ရောက်လာကြ သူတိုင်းသည် ထိုက်တန်စွာရောက်လာကြသူများမဟုတ်။ သူခိုးကလည်း နိုင်ငံ့အခြေအနေအရဘုရင်ဖြစ်နိုင်သေးသည်။ သို့သော် ထိုဘုရင်သည် သန္ဓေမမှန်သောဘုရင်ဖြစ်သဖြင့် တိုင်းသူပြည်သားများ၏ မေတ္တာအစစ်ကို မရနိုင်ဆိုသော ဒဿနပင်ဖြစ်သည်။ ကွယ်လွန်သွားရှာပြီဖြစ်သော ခေါင်း ဆောင်ကြီးကား တိုင်းသူပြည်သားများကိုရင်ဝယ်သားကဲ့သို့ သနားကြင်နာသောဘုရင်တပါးဖြစ်သောကြောင့် လူထုကချစ်ခင်ကြပေသည်။ သူတို့ချစ် သောဘုရင်ကြီးမဟုတ်ဘဲ ပလ္လင်ပေါ်တက်ထိုင်နေသောအခါ လူထုက အင်မတန်အော့နှလုံးနာကာ ရွံရှာမုန်းတီးကြလေသည်။  

ကူရိုဆာဝါသည် မြန်မာနိုင်ငံကိုကြည့်ပြီးတော့များ ဤဇာတ်လမ်း ကို ရုပ်ရှင်ရိုက်ခဲ့သလားဟု ထင်ယောင်မိပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံ သည် ပြည်သူချစ်သော ဘုရင်အစစ်နှင့်တူသော လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရှိပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် တယောက်ပြီးတယောက်နန်းပလ္လင်ပေါ်သို့တက်လာကြရာ ဦးနုစသော ထိုက်တန်သည့်သူ အနည်းငယ်ပါဝင်သော်လည်း ၁၉၆၂ မှစကာ မဆီမဆိုင်သူများက ရာဇပလ္လင်ပေါ်သို့  ကာကီမူရှာဇာတ်ခင်းကာ တယောက်ပြီး တယောက်ဝင်ရောက် ကပြအသုံးတော်ခံခဲ့ပါသည်။ ကြွယ်ဝချမ်းသာသော မြန်မာနိုင်ငံသည် ကာကီမူရှာများကြောင့် တဖြည်းဖြည်းဖွတ်ကျောပြာစုကာ ဆင်းရဲမွဲတေခဲ့ရပါသည်။    

မြန်မာ့ရာဇ၀င်တွင် အင်းဝသူတိုးမင်းဖျားလက်ထက်က သူခိုးကြီး ငတက်ပြားမှာ နာမည်ကျော်သည်။ ထိုသူခိုးကြီးသည် အင်းဝမြို့တော်အတွင်း သောင်းကျန်းနေသော်လည်း မည်သို့မျှဖမ်း၍မမိသဖြင့် ဘုရင်မင်းတရားကြီးကိုယ်တိုင် သူခိုးအယောင်ဆောင်၍ ဖမ်းသည်တွင်မှ လက်ရဖမ်းမိသည်။ ထိုအခါ သတိုးမင်းဖျားသည် ဓား၊ လှံ၊ ပေါက်ဆိန်၊ တံကျင် စသော လက်နက်အမျိုးမျိုးကိုပြကာ “သူခိုးငတက်ပြား သင်သည် ယခုပြထားသော လက်နက်အမျိုးမျိုးထဲမှ ဘယ်လက်နက်ဖြင့် သေချင် သနည်း၊ အလိုရှိရာကိုပြောလော့”ဟု သေလမ်းကိုရွေးစေ၏။ ငတက်ပြားလည်း သေမထူးနေမထူးပြီဖြစ်၍ “အရှင်မင်းတရားကြီး သေရမည် အမှန်ဖြစ်၍ သင်နှစ်သက်ရာလက်နက်နှင့်စီရင်ပါ၊ လိုချင်တာအမှန်ကို ပြောရလျှင် သင့်မိဖုရားကြီးစောဥမ္မာကို လိုချင်ပါသည်”ဟု ရဲဝံ့စွာ လျှောက်ထားလိုက်လေသည်။ ခိုးသည်ကိုမကြိုက်သော်လည်း သေမှာကို မကြောက်မရွံ့ ပမာမခန့်ပြန်ပြောဝံ့သော သူရဲကောင်းသတ္တိစိတ်ဓာတ်ကို သဘောကျသောကြောင့် မသတ်တော့ဘဲ ရွှေတိုက်စိုးရာထူးပေးပြီး ဘဏ္ဍာ တော်များကိုမပျောက်မရှအောင် စောင့်ရှောက်စေသည်ဟူ၏။ ဤအဖြစ် အပျက်ကြောင့် သူခိုးကိုရွှေတိုက်စိုးခန့်သည်ဟူသော စကားပုံပေါ်ပေါက် လာခြင်းဖြစ်သည်။ ငတက်ပြားသည် သူခိုးဖြစ်သော်လည်း သူ၏တာဝန်ကို ကျေသည်။ ရွှေတိုက်မှ ဘုရင့်ဘဏ္ဍာတော်များကို မပျောက်မရှရအောင် ကာကွယ်ပေးနိုင်သည်။ သူ၏သူခိုးဇာတိကိုလည်းစွန့်နိုင်သူဖြစ်သည်။ ငတက်ပြားလိုသူခိုးမျိုးကတော့ ရှားပါသည်။ 

ယနေ့ခေတ်အခါသမယတွင် တိုင်းပြည်သည် သခွပ်ပင်က မီးတကျည်ကျည် ဖြစ်နေ၏။ အစိုးရမှာပြဿနာပေါင်းစုံဖြင့် အရူးမီးဝိုင်း ဖြစ်နေသည်။ ရုပ်သေးရုပ်ကြိုးရှုပ်သလို ကိုယ်စခဲ့သော ဇာတ်ရှုပ်များကို ကိုယ်မရှင်းနိုင်သလိုဖြစ်နေပေ၏။ ပထမဆုံးအဖြစ် လွှတ်တော်ကတရားဝင် ဆုံးဖြတ်ထားသော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ယခုထက်တိုင် အကောင်အထည် မဖော်နိုင်ဘဲဖြစ်နေသည်။ လာချင်လျှင်အနီးကလေး၊ မလာချင်လျှင်ခရီးဝေးဆိုသကဲ့သို့ ဆန္ဒရှိလျှင် တမနက်အတွင်းစီစဉ်၍ တွေ့ဆုံညှိနှိုင်းပွဲဖြစ်လောက်အောင် လူခြောက်ယောက်သည် နေပြည်တော် တမြို့တည်းမှာရှိနေကြပါလျက် ဆန္ဒနှင့်စေတနာမရှိသောအခါ ဟိုလူပါမှ သည်လူပါမှ ဟု အချိန်အမျိုးမျိုးဆွဲနေလျက် အချိန်များအလဟဿ ပြုန်းတီးရလေသည်။ ဒုတိယအရှုပ်တော်ပုံမှာ ၀ှိုက်ကတ်ခေါ်ယာယီသက် သေခံလက်မှတ်ဖြင့် နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့်ပြုခဲ့သောကိ္စ ဖြစ်သည်။ သာမန်စဉ်းစားဉာဏ်ဖြင့်စဉ်းစာလျှင်ပင် နိုင်ငံတနိုင်ငံတွင် မဲပေးခြင်းစသော နိုင်ငံတော်၏ အမြင့်ဆုံးသောအရေးအရာကိစ္စများတွင် နိုင်ငံသားမဟုတ်သူများဝင်၍ မဲပေးခွင့်မပြုသင့်ကြောင်း၊ ပြည်တွင်းပြည်ပ ဘယ်နိုင်ငံကိုပဲကြည့်ကြည့် အလွယ်တကူသိနိုင်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာလည်း ရှင်းရှင်းလင်းလင်း ရေးထားပြီးဖြစ်သည်။ ထိုသို့ရှင်းနေသည်ကို လွှတ်တော်က မဲပေးခွင့်မပြုဟု ဆုံးဖြတ်သည်။ သမ္မတကြီးက မဲပေးခွင့်ပြုလိုက်ပါဟု သ၀ဏ်လွှာပြန်ပို့သည်။ နဂိုက ၀ှိုက်ကတ်ကိုင် ဆောင်သူတွေမဲပေးခွင့်မပြုဆိုသော လွှတ်တော်သည် ရက်ပိုင်းအတွင်း စိတ်ပြောင်းသွားကာ မဲပေးခွင့်ပြုသည်ဖြစ်ပြန်သည်။ 

နောက်တော့ တတိုင်းတပြည်လုံးက အုံးအုံးကျက်ကျက် ကန့်ကွက်ဆန္ဒပြကာ မျိုးချစ်လွှတ်တော်အမတ်အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတင်ကာ ခုံရုံးက ဤသို့မဲပေးခွင့်ပြုခြင်းမှာ အခြေခံဥပဒေနှင့်မညီဟု ဆုံးဖြတ်လိုက်သောအခါမှ   သမ္မတကြီးသည် ၀ှိုက်ကတ်များသက်တမ်းကို မတ်လကုန်လျှင်ဖျက်သိမ်းတယ်ဟု ပြောလာပြန်သည်။ အရာရာသည် တောင်ရောက်မြောက်ရောက် ထင်သလိုလုပ် နေခြင်းဖြစ်သည်။ ကျီးကန်းသည် မည်းပါသည်ဆိုခြင်းကို ဖြူပါသည်ဟု သ၀ဏ်လွှာပို့ ၀ိုင်းဝန်းဆုံးဖြတ်ကြပြီးမှ ခုံရုံးက ကျီးကန်းသည်အမည်းကြီးဟုပြောသဖြင့် အမည်းဟုပြင်ဆင်သတ်မှတ်လိုက် ကြောင်း၊ ကျီးကန်းသည်အဖြူပါဟု ကြေညာချက်သည် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်မည်ဖြစ်ကြောင်း ကြေညာသလို ဖြစ်နေပါသည်။ နဂိုထဲက အဖြူအမဲရှင်းနေသောကိစ္စကို မရှုပ်ရှုပ်အောင်လုပ်ကြခြင်းမှာ သဘောရိုးမှဟုတ်ပါလေစဟု တွေးမိပါသည်။ 

ဉာဏ်ကြီးရှင်တို့ ဦးနှောက်မှာ ရွှေချထားချင်စရာပင် ကောင်းသေး၏။ ဤကိစ္စမတိုင်မီက မရှုပ်မရှင်း ကိစ္စတခုကိုလွှတ်တော်က ဖန်တီးခဲ့သေး၏။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို မူလကျင်းပနေသောစနစ်မှ အချိုးကျကိုယ်စားပြုစနစ်သို့ ပြောင်းမည်ဟု လွှတ်တော်တွင်အဆိုတင်သူကတင်၊ ထောက်ခံသူက ထောက်ခံဖြင့် လက်ဝါးချင်းရိုက်ကာ ဆောင်ရွက်ခဲ့ကြ၏။ နောက်ဆုံးတွင် ထုံးစံအတိုင်း အခြေခံဥပဒေခုံရုံးသို့ရောက်၏။ အခြေခံဥပဒေခုံရုံးက PR ခေါ် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်သည် အခြေခံဥပဒေနှင့်မညီဟု ဆုံးဖြတ်လိုက်မှကိစ္စပြတ်တော့၏။ ကျွန်တော်တို့နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များသည် ခုံရုံးကမပြောမချင်း အဖြူအမည်း မခွဲတတ်ကြောင်း ပြဆိုနေသလိုရှိပေ၏။ ယခုလည်း လာပြန်ပေသည် အမျိုးသား လွှတ်တော်အတွက် ကျင်းပမည့်ရွေးကောက်ပွဲစနစ်သည် ယခင်  FPTP စနစ်ပဲလား၊ ကြံ့ခိုင်ရေးနှင့်  NDF ပါတီဝင်အမတ်များလိုလား တောင့်တ နေသော PR စနစ်ဖြင့်ပဲသွားမှာလား ဆိုတာမသဲကွဲသေးပေ။ ထုံးစံအတိုင်း ကိုယ့်ဉာဏ်နှင့်မဆုံးဖြတ်တတ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရောက်မှ ကိစ္စပြတ်ကြဦးမည်။ 

 နောက်ထပ် မပြတ်မသားကိစ္စတခုမှာ ယနေ့အချိန်အထိ အလုပ်သမားတို့၏ အနိမ့်ဆုံးလုပ်ခလစာကို အပြီးသတ် သတ်မှတ်နိုင်ခြင်းမရှိသေးမှု ဖြစ်သည်။ ထို့ကြောင့်လုပ်ခလစာနှင့် ခံစားခွင့်အလွန်နည်းသော အလုပ်သမားများ၏ဆန္ဒပြပွဲများ၊ လစာတိုးပေးရေးတောင်းဆိုမှုများ အတောမသတ်အောင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အစိုးရနှင့်လွှတ်တော်သည် အချို့နေရာများတွင် မြန်မြန်ဆန်ဆန်လုပ်ရမည့် အလုပ်များကို ပြီးစီးအောင်မလုပ်ဘဲ အချိန်ဆွဲနေသလိုရှိသဖြင့် ပြဿနာများရှည်ကြာကာ တိုင်းပြည်နစ်နာရသည်။ အမျိုးသားပညာရေးဥပဒေကြောင့် ကျောင်းသားများ သပိတ်မှောက်စစ်ကြောင်းများ ချီတက်ကြခြင်းမှာ နဂိုတည်းက မရှုပ်မရှင်းနှင့် ကျောင်းသားများစကားကို အလေးမထားခဲ့ကြသောကြောင့် ဖြစ်သည်။ ယခုလည်း ကျောင်းသားတို့တောင်းဆိုချက် (၁၁) ချက်ကို ရိုးရိုးသားသားညှိနှိုင်းလိုက်လျောရမည့်အစား မဘသဖြင့် ကျောင်းသားကို လှည့်တိုက်နေတာလဲ အစိုးရ၏မရိုးသားသည့်လုပ်ရပ် ဖြစ်သည်။ မဘသ သည်အစိုးရဆင်သောအကွက်ထဲသို့ မ၀င်သင့်ပေ။ အစိုးရ၏လက်ကိုင် တုတ်အဖြစ်မခံသင့်ပေ။ ကျောင်းသားများသည်တမျိုးသားလုံးပညာရည် တိုးတက်ရေးကို ဆောင်ရွက်နေခြင်းဖြစ်သဖြင့် သွေးမကွဲသင့်ပေ။  လက်ပံတောင်းစီမံကိန်းသည်လည်း ဒေါ်အောင်ဆန်းစုကြည်တို့တင်ပြသော လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်ရေး ကော်မတီက လျစ်လျူရှုကာ ထင်ရာစိုင်းသောကြောင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အရူးမီးဝိုင်းဖြစ်ရမှုတွင် ယခု လတ်တလောဖြစ်ရသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲ ဖြစ်ရခြင်းလည်း ပါဝင်သည်။ 

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၃၇ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အာဆီယံနိုင်ငံများအကြား ဆင်းရဲမှုနှုန်းအမြင့်မားဆုံးနိုင်ငံတနိုင်ငံဖြစ် သည်ဟု ကမ်္ဘာ့ဘဏ်အစီရင်ခံစာတွင်ထည့်သွင်းဖော်ပြခံရပါသည်။၎င်းအပြင် မြန်မာနိုင်ငံသည် မွေးကင်းစကလေးနှင့် ကလေးသူငယ်သေဆုံးမှု ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်သည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံဆင်းရဲရသည့်အကြောင်းများထဲတွင် လုပ်သားများ၏ ထုတ်လုပ်မှုနိမ့်ကျခြင်း၊ ကျေးလက်ဒေသအနှံ့အပြားတွင် လယ်ယာကဏ္ဍမှ ထုတ်လုပ်နိုင်မှုနိမ့်ကျနေခြင်း၊ မြေယာမပိုင်ဆိုင်မှု၊ အခြေခံအဆောက်အအုံ အားနည်းခြင်း၊ ပဋိပက္ခ၊ လူမျိုးရေးပြဿနာများ၊ အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်အချို့ကြောင့် ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြနေပေသည်။ ကျွန်တော့်အမြင်ပြောရလျှင် မူဝါဒပိုင်း အားနည်းမှုမှာ အကျင့်ပျက်ခြစားမှုကို လျစ်လျူရှုနေခြင်းနှင့် ကိုယ်ကျိုး အတွက်လုပ်လွန်းခြင်းဖြစ်ပါသည်။ အကောင်းအဆိုး မခွဲတတ်ခြင်းသည်လည်း စီမံခန့်ခွဲမှုအလွဲထဲတွင် ပါဝင်ပါသည်။ 

ကျွန်တော် ထားဝယ်ခရိုင် ကံပေါက်ဒေသသို့ စာပေဟောပြောပွဲသွားရောက်ခဲ့စဉ်က ဒေသခံများက ပြောကြသည်မှာ သူတို့ရွာ သူတို့ဒေသအနီးမှ သဘာဝဓာတ်ငွေ့ပိုက် လိုင်းကြီးသွယ်တန်းပြီး သဘာဝဓာတ်ငွေ့များ ထိုင်းနိုင်ငံသို့တင်ပို့နေသည်မှာ ဆယ့်ကိုးနှစ်ရှိခဲ့ပြီဖြစ်ကြောင်း၊ သို့သော် သူတို့ဒေသတွင် ယနေ့ အချိန်အထိ လျှပ်စစ်မီးမရကြောင်း၊ ပြင်ပပုဂ္ဂလိက မီးပေးသူထံမှ လျှပ်စစ် တယူနစ်လျှင် ၃၅၀ ကျပ်ပေးပြီး ၀ယ်သုံးရကြောင်း၊ ဈေးကြီးပေးပြီး သုံးရသော်လည်း ညဆယ်နာခွဲကျော်လျှင် မီးမရတော့ကြောင်း၊ သူတို့ဒေသ တွင်  GSM၊ အော်ရီဒူး၊ တယ်လီနော မည်သည့်တယ်လီဖုန်းလိုင်းမှ မမိကြောင်း၊ အင်တာနက်ဆိုတာချိုနဲ့လားဟု မေးရမှာဖြစ်သဖြင့် သူတို့ ဒေသမှ သတင်းများကို သတင်းဌာနများ၊ ဂျာနယ်များသို့ပို့ရန်ပင် မလွယ်ကြောင်း၊ အင်တာနက်သတင်းများကိုလည်း သူတို့ဘာမှမသိကြောင်း၊ လောကကြီးနှင့် အဆက်ပြတ်နေပါကြောင်း ပြောကြပါသည်။ အံ့သြကုန် နိုင်ဖွယ်ပင်။ 

ထိုဒေသတွင်  Total/PTTEP စသော ကမ္ဘာကျော်ရေနံ ကုမ္ပဏီကြီးများ စာချုပ်ချုပ်ဆိုလုပ်ကိုင်နေသော်လည်း ဒေသခံတို့ ခုထိ လျှပ်စစ်မီးမရသေးခြင်းမှာ ညံ့ဖျင်းလှသောစီမံခန့်ခွဲမှု ဖြစ်သည်။ စီမံကိန်း တခုရောက်လာလျှင် စီမံကိန်းခွင့်ပြုချက် လက်မှတ်ထိုးပေးသော ပုဂ်္ဂိုလ်ကြီးများသည် ငါ့အိတ်ထဲဘယ်လောက်ထည့်မည်ဆိုသည်ထက် တိုင်းပြည်အတွက်၊ ဒေသအကျိုးအတွက် စဉ်းစားပေးခဲ့ကြပါက မြန်မာနိုင်ငံ ပြည်သူများ၏ လူနေမှုအဆင့်သည် ဤမျှအောက်ကျမည်မထင်ပေ။ ယခုအခါတွင်လည်း မြန်မာ့ရေပိုင်နက်အတွင်း သဘာဝဓာတ်ငွေ့တူးဖော်နေသည့် ထိုင်းနိုင်ငံ PTTE ကုမ္ပဏီသည် မြန်မာအလုပ်သမားနှင့် ထိုင်း အလုပ်သမားများကို ခွဲခြားဆက်ဆံခြင်း၊ မြန်မာ့ပင်လယ်ပြင်အတွင်းသို့ ဓာတ်ငွေ့တူးဖော်ရာမှ ထွက်လာသောစွန့်ပစ်ပစ္စည်းများကို တိုက်ရိုက်စွန့်ပစ်ခြင်းကြောင့် ပင်လယ်ပြင်ညစ်ညမ်းခြင်းတို့ကြောင့် မြန်မာဝန်ထမ်းများ ဆန္ဒပြ ကန့်ကွက်နေကြပါ၏။ ခွင့်ပြုမိန့်ပေးခဲ့သော ပုဂ္ဂုလ်ကြီးများသည် ထုံးစံအတိုင်း မသိချင်ယောင်ဆောင်ကာ ကိုယ့်မြန်မာအလုပ်သမားတွေကိုပဲ အရေးယူမလားဆိုတာ စောင့်ကြည့်ရပေမည်။ 

ရွှေပြည်သာတွင်လည်း ငြိမ်းချမ်းစွာဆန္ဒပြနေသောအလုပ်သမားများကို ရဲတပ်ဖွဲ့မှ အင်အားသုံးကာ ဖြေရှင်းခဲ့၏။ လုပ်နည်းလုပ်ဟန်မှာ ယခင်ကအတိုင်းပင်။  အာဏာပိုင် အဆက်ဆက်လုပ်ခဲ့တာကတော့ ကိုယ့်အတွက် ရသလောက်ယူမည်။ တိုင်းပြည်နှင့်လူမျိုး ဘာဖြစ်ဖြစ်ဝါဒဖြစ်သည်။ ဤသို့ဖြင့် တောတွေ ကုန်သည်။ တောင်တွေ ကုန်သည်။ သဘာဝသယံဇာတတွေ ကုန်သည်။တောရိုင်းတိရစ္ဆာန်တွေ ကုန်သည်။ ရေသယံဇာတတွေ ငါးတွေ၊ ပုစွန်တွေ ကုန်သည်။ မြစ်ချောင်းတွေ ပင်လယ်တွေညစ်ညမ်း ကုန်သည်။ လေထုထဲသို့ ကျောက်မီးသွေးအမှုန်တွေနှင့် ကာဗွန်ဓာတ်ငွေ့တွေပြန့် ကုန်မည်။ ပြီးတော့ ကဲ့ယူထားသော ဒေါ်လာများဖြင့် စင်ကာပူ၊ ဟောင်ကောင်၊ ဖူးခက်ကမ်းခြေများမှာ သွားရောက်အပန်းဖြေမည်။ ဒူဘိုင်းမှာ အိမ်ဝယ်မည်။ ဆွစ်ဇာလန်မှာ ဘဏ်စာရင်းဖွင့်မည်။ တိုင်းသူပြည်သားတွေပဲ အမှိုက်တွေထဲမှာ ကျန်ခဲ့ကြမည်။ ကင်ဆာရောဂါတွေရကြမည်။ မြန်မာနိုင်ငံတွင် ကျေးရွာ ခြောက်သောင်းခွဲခန့်ရှိသည်။ ထိုကျေးရွာ အများစုမှာ လျှပ်စစ်မီးမရသေး။ ကျန်းမာရေးဆေးပေးခန်းဟူသည် မရှိ။ 

မြန်မာကလေး အများစုသည် အာဟာရမပြည့်ဝမှုနှင့် ရင်ဆိုင်နေရသည်။ ကလေးတွေမှာ ကစားစရာ အားကစားကွင်း မရှိကြ။ မူလတန်းကျောင်းပင် မရှိသောရွာ များရှိနေသေးသည်။ တိုင်းပြည်ဘဏ္ဍာများသည် ဘယ်ကိုရောက်ကုန် သနည်း။ တောမှာလည်း မရှိ။ မြို့မှာလည်း မရှိပါ။ ထိုအချိန်တွင် ဗိုလ်ရှုခံအဆောက်အဦဆောက်လုပ်ရေးအတွက် အကုန်ခံလိုက်သောငွေမှာ ကြောက်ဖွယ်လိလိ။ ဆီးသီးဗန်းသည်မှောက်ရုံသာ မဟုတ်တော့ ဆီးသီးတင်လာသောကားကြီးများ တစီးပြီးတစီး နောက်ဖုံးဖွင့်ပြီး သူတို့ ဂိုဒေါင်ထဲသို့ သွန်ချသည့်သဖွယ် ဖြစ်နေပေသည်။ ကြောက်ရမည့်သူလည်း မရှိတော့။ မီဒီယာ၏ ပါးစပ်အား ဥပဒေများ၊ အမိန့်များ၊ ပုဒ်ထီးပုဒ်မများဖြင့် ပိတ်ခဲ့ပြီ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကား စက္ကူကျားတကောင် ဖြစ်ခဲ့ပြီ။
  
ဂျပန်နိုင်ငံ၏ ကာကီမူရှာ ရုပ်ရှင်ထဲတွင်တော့ စစ်မက်ဖြစ်နေသော ကာလဖြစ်သဖြင့် သူခိုးကိုဘုရင်ယောင်ဆောင်ခိုင်းသောဖြစ်ရပ်ပေါ် ပေါက်ခဲ့ဖူးပါသည်။ သို့သော် ထိုသူခိုးမှာ ကြာသော်ဘုရင်စိတ်ဝင်ကာ သူ့ကိုယ်သူ တကယ့်ဘုရင်ဟု ထင်မှတ်လာသဖြင့် စစ်ကြီးပြီးသည်နှင့် ရာထူးမှ အလျင်အမြန်ဖယ်ရှားခဲ့ရဖူးပါသည်။ ထိုဖြစ်ရပ်မှာ ရုပ်ရှင်ထဲမှာ ဖြစ်သဖြင့် အပြင်မှာတကယ်ရှိချင်မှရှိပေလိမ့်မည်။ စိတ်ကူးယဉ် ဇာတ်လမ်းဆင်ကာ ရိုက်ထားခြင်းဖြစ်ပေလိမ့်မည်။
 
သို့မဟုတ် လူတယောက်၏စိတ်ကိုအာဏာက ပြောင်းလဲသွားစေနိုင် ပုံကိုဖော်ကျူးထားခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော် ကာကီမူရှာသည် သူခိုးဘ၀မှ ဘုရင်ဖြစ်လာနိုင်ခြင်းသည် သူတို့ဆီတွင် ပြည်တွင်းစစ်ဖြစ်နေ၍ စစ်နိုင်စေရန် အမတ်ကြီးအချို့က အောင့်အည်းတင်မြှောက်ခဲ့ခြင်း ဖြစ်ပါသည်။ အဓိကမှာ စစ်ပွဲဖြစ်သည်။ စစ်ဆိုတာသာမရှိခဲ့လျှင် သူခိုးတယောက်သည် ဘယ်လိုမှဘုရင်ဖြစ်လာမည် မဟုတ်ပေ။ သူခိုးကဘုရင် ဖြစ်လာတော့ တိုင်းပြည်နာသည်ဆိုခြင်းမှာ ရုပ်ရှင်ထဲမှာတော့အမှန်ဖြစ် လေသည်။ 

သရ၀ဏ်(ပြည်)'
“ရာဇပလ္လင်ထက်သို့ ရောက်လာကြသူတိုင်းသည် ထိုက်တန်စွာ ရောက်လာကြသူများ မဟုတ်။ သူခိုးကလည်း နိုင်ငံ့အခြေအနေအရ ဘုရင်ဖြစ်နိုင်သေးသည်။ သို့သော် ထိုဘုရင်သည် သန္ဓေမမှန်သောဘုရင်ဖြစ်သဖြင့် ….”
----- ----- ----- -----
၁၉၈၀ ပြည့်နှစ်က ကမ္ဘာကျော်ဂျပန်ရုပ်ရှင်ဒါရိုက်တာကြီး အာကီရာ ကူရိုဆာဝါ (Akira Kurosawa)ရိုက်ကူးသော ကာကီမူရှာ (Kakemusha )ဆိုသည့် ရုပ်ရှင်ကားတကားသည် ကမ္ဘာကျော်ခဲ့ပါ၏။
ဇာတ်လမ်းအကျဉ်းမှာ ၁၆ ရာစုနောက်ခံ ဂျပန်နန်းတွင်းဇာတ်လမ်းတပုဒ် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် မြေရှင်ပဒေသရာဇ်များ သူတလူငါတမင်းနှင့် ထကြွသောင်းကျန်းသဖြင့် ပြည်တွင်းစစ်ဖြစ်နေသောအချိန်တွင် နိုင်ငံအုပ် ချုပ်သောဘုရင်ကြီး Shingen Yakeda နတ်ရွာစံသွားပါသည်။ ထိုအချိန်တွင် သူခိုးတယောက်သည် သူ၏ရာဇ၀တ်မှုအတွက် ကြိုးပေးသတ်ခံရလုဆဲဆဲ ဖြစ်သည်။ ဖြစ်ချင်တော့ ထိုသူခိုးမှာ မျက်နှာရော ခန္ဓာကိုယ်အချိုးအစားပါ ကွယ်လွန်သူဘုရင်ကြီးနှင့် ချွတ်စွပ်တူနေပါသည်။ သူခိုးအမည်မှာ ကာကီမူရှာဖြစ်ပါသည်။ ထို့ကြောင့် မှူးကြီးမတ်ကြီးများသည် သူခိုးကို မသတ်တော့ဘဲ နန်းတော်ထဲသို့လျှို့ဝှက်ခေါ်ဆောင်လာကာ ဘုရင်ကြီး မသေသေးသယောင် အယောင်ဆောင်ဟန်ပြဘုရင်အဖြစ်နေစေ၍ တိုက်လက်စစစ်ပွဲကိုဆက်တိုက်ပါသည်။

သရ၀ဏ်(ပြည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...