Thursday, March 5, 2015

ဇော်ထွန်း (သို့မဟုတ်) ယုံကြည်ချက် ကြယ်စင် (၃)

(၃)

`Main ထဲမှာဇော်ထွန်း တယောက်တော့ တရားတက်ဟောနေပြီဟေ့၊ သူဝတ်ထားတာ က OT Coat (ခွဲစိတ်ခန်း ၀တ်ရုံ) နဲ့ မျက်နှာကို လည်း Mask နဲ့ဖုံး၊ခေါင်းစွပ်လည်း ပါတယ် ဆိုတော့ ဒါဆေးကျောင်းသား တယောက် ပဲ ဆိုတာ ကလွဲလို ဘယ်သူမှ တော့သူမှန်းရိပ်မိမယ်မထင်ဘူး။ ဒါပေမယ့် တို့အချင်းချင်းတော့ ဒါ ဇော်ထွန်း ပဲလို့ သိလိုက်တယ်`

၁၉၈၈ ဇွန်လ တ၀ိုက်ရန်ကုန် တက္ကသိုလ် (ပင်မ) ထဲမှာ ကျောင်းသားတွေ စုကြဝေးကြတဲ့ အချိန်ကာလ၊ ၁၉၈၇ စက်တင်ဘာငွေစက္ကူအရေးအခင်း၊ ၁၉၈၈ မတ်လ ဖုန်းမော်အရေးအခင်း က စလို့ ၊ တံတားနီ အရေးအခင်း တွေနောက်ပိုင်း အစိုးရရဲ့ မတရားမှုတွေ ကို ဆန့်ကျင်ကြမယ့် ကျောင်းသားတွေရဲ့ စိမ်ခေါ် သံတွေစလာတဲ့ကာလ မှာ ဆေးတက္ကသိုလ် (၂) ထဲ ကို ပျံ့လာတဲ့ ဇော်ထွန်း အကြောင်း သတင်းစကားတွေပေါ့။အဲဒီအချိန်က စင်ပေါ်တက် စကားပြောကြတဲ့ တက်ကြွလှုပ်ရှား ကျောင်းသားတွေဟာ အစိုးရ ထောက်လှမ်းရေးတွေ နောက်မှ လိုက်ဖမ်းဆီး တာတွေ ကို ရှောင်ရှားရတာမို့ ကိုယ့်ကိုကိုယ် ပုံဖျက် ဖုံးကွယ်ရင်းစင်ပေါ်တက် တရား ဟောကြ တာပါ။


ဇော်ထွန်း က သြဂုတ်လ၈ ရက်နေ့မတိုင်ခင် ကျောင်းသား လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင် နေခဲ့သူ။ ရှစ်လေးလုံးနေ့နောက်ပိုင်း လူတွေ သိန်းချီပြီး လမ်းမပေါ် ထွက်လာကြတဲ့အချိန် သပိတ် တပ်ပေါင်းစု တွေဖွဲ့စဉ် က တပ်ပေါင်းစုကြီးတခု ဖြစ်တဲ့ General Strike Committee (GSC) မှာ အထွေထွေအတွင်းရေးမှူးတာဝန် ပေးအပ်ခံရသူ တယောက် ဖြစ်လာခဲ့တဲ့သူပါ။ လူထုလှုပ်ရှားမှု အရှိန် တက်နေတဲ့ သြဂုတ်လကုန်ပိုင်း လောက်က စပြီး သူ့ မိခင်သမဂ္ဂဖြစ်တဲ့ ဆေးတက္ကသိုလ် (၂) ကျောင်းသား သမဂ္ဂ တောင်သူသိပ်ခြေဦးမလှည့် နိုင်ခဲ့တော့။ ဆေး (၂) က ကိုဇော်လွင်ထွန်း (လျှောမွေး) အပါအ၀င်ကျောင်းသားတွေ ပြည်သူတွေ ရဟန်း သံဃာတွေ အမြောက်အမြား သွေးချောင်းစီးခဲ့တဲ့ စက်တင်ဘာ(၁၈)ရက် အာဏာသိမ်းတဲ့နောက်မှာတော့ ကျနော်တို့ ၂ ယောက်သား အဆက်အသွယ် က ပြတ်၊ တောခိုကြမယ်လက်နက်ကိုင်တော်လှန်ရေး ဘက်သွားမယ် ဆိုတာကိုလည်း ကိုယ်စီ ကိုယ်စီ ပဲ ဆုံးဖြတ်ခဲ့ကြတော့၊ထိုင်း နယ်စပ်ရောက်မှ ကိုယ်က သူ ရောက်နေပြီိဆိုတာ သိ၊ သူက လည်း ကိုယ်ရောက်နေပြီ ဆိုတာသိ နဲ့။ ဒါပေမယ့် သူ က ကရင် နယ်မြေ မာနယ်ပလော ဘက်ရောက်၊ ကိုယ်က တောင်ဘက် ပိုကျတဲ့ မွန်-ကရင်နယ်မြေ အစပ် ဘုရားသုံးဆူ ခွင် ဘက်ရောက် နဲ့ တကယ် လူချင်းပြန်တွေ့ ကြတာတော့ ကျနော် ရှိရာဘုရားသုံးဆူဘက်မှာ ၁၉၈၉ နှစ်ကုန်လောက်မှ။ သူက ပထမ ရောက်စ ကာလတွေမှာ GSC အဖွဲ့ အနေနဲ့ရပ်တည်ခဲ့ပေမယ့် အခုလို ကျနော်တို့ ပြန်ဆုံပြီးတဲ့ နောက်မှာတော့ ABSDF အနေနဲ့ ပဲ ဆေး (၂)က တောခိုလာတဲ့ ကျောင်းသားတွေ ဖြစ်တဲ့ ကျနော် အပါအ၀င် ကိုအောင်သူငြိမ်းတို့ ကိုမင်းလွင်တို့ နဲ့ အတူ တပ်ရင်း (၁၀၁) စခန်း မှာပဲ အတူ ပါဝင်ခဲ့တယ်။

ဇော်ထွန်းတို့ ရှိရာဝတောင်ပိုင်း ကို လိုက်သွားဖို့ ပြင်ဆင်တဲ့ ကာလ က သိပ်တော့ ရက်တွေ မကြာလိုက်တာ ကိုမှတ်မိတယ်။ ကိုပိန် ကလည်း နေရာသစ်နဲ့ ၀တပ်ရှိရာ ရှမ်းတောင်တန်းတွေ ဘက်သွားရမှာကို တက်တက်ကြွကြွနဲ့ဟေ့ရောင် ငါ့ဆေးမှူး လက်ထောက် လုပ်မယ်ကွာ၊ ငါလည်း လိုက်မယ် ဆိုတော့ ကျနော့်မှာ ၀မ်းသာအားရ၊အားရှိရနဲ့ ။ တခါ သူ ဟိုးအောက် စစ်ကြောင်းကို ပြန်ဆင်းပြီး တာဝန်တွေလွှဲ အကြောင်းကြားတာတွေလုပ်ပြီး ပြန်တက်ဖို့ အလုပ်မှာ စစ်ကြောင်းထဲ က ကျနော် နဲ့ စခန်းတခုတည်းသား ကိုထွန်းခင်(သူ့ကို ကိုမွှေးကြိုင်လို့လည်း အသိများကြတယ်) က သူလည်း ကိုဇော်ထွန်း ရှိရာလိုက်ချင်တယ်ဆိုပြီးပါလာလို့ ကျနော် တို့ ၃ ယောက် မဲဆောက် ကနေ တဆင့် ကရင်အမျိုးသား အစည်းအရုံး(KarenNational Union) ရဲ့ ဌာနချုပ်၊ တပ်ပေါင်းစု ရဲ့ဌာနချုပ်၊ ABSDF ရဲ့ဌာနချုပ် တို့ ဆုံရာမယ်နပလော အောင်မြေ ဆီကို တက်ခဲ့ကြပေါ့။

မယ်နပလော ကနေ ၀သပက အကြိုထောက်လာတဲ့ ကိုညီ့ကား နဲ့ ထိုင်းနယ်စပ်မြို့ မယ်ဆရီးယန်း ဘက်ပြန်တက်၊ အဲဒီ ကနေချင်းမိုင်ရောက်။ ချင်းမိုင်မှာတော့ ကိုညီ ရဲ့ ဘော့စ် ဗိုလ်မှူးစိုင်းပေါက် ကိုတွေ့ရပါတယ်။ကိုညီ ရော ဗိုလ်မှူး ရော ထိုင်းစကား ကို ထိုင်းတယောက် လိုပြောနိုင်ကြ တဲ့သူတွေ။ အသားအရေတွေကလည်း ထိုင်းတွေ လိုမို့ သူတို့ကို မသိရင် ထိုင်းမှာ ပဲ မွေးထိုင်းမှာ ပဲ ကြီးတဲ့ ထိုင်းတွေလို့ ပဲ ထင်မှတ်မိကျမှာပါ။ ကျနော် တို့ ကို ဖော်ရွေရင်းနှီးစွားနဲ့ သူတို့ ၂ ယောက်လုံးချင်းမိုင်ကနေ ဖန်း အထိ လိုက်ပို့၊ ဗိုလ်မှူး ကတော့ ဖန်းမှာ ကျန်ခဲ့၊ ကိုညီက ကျနော်တို့ ကို ဖန်း ကနေ နယ်စပ် ကို ဖြတ်လို့ ၀တောင်ပိုင်း ဌာနချုပ် ရှိရာ ဆမ်လိုရောင်း(၃၁၆) တောင်ကုန်းစခန်း အထိ အရောက် လိုက်ပို့ခဲ့တယ် လို့ မှတ်မိတယ်။

လမ်းတလျှောက် ထူးထူးခြားခြားအမှတ်ရစရာကတော့ ချင်းမိုင် က နေ မြို့ပြင်ဘက် ရောက် ကတည်း က ဗိုလ်မှူး စိုင်းပေါက် က ကားရှေ့ဒက်ရှဘုတ် ပေါ်မှာ ပစ္စတို တလက် ကို သတင်းစာ တစောင်နဲ့ညှပ် အုပ်ပြီး အသင့်တင် ထားတာ ကျနော်တို့ သတိထားမိကြတယ်။
အော်….နယ်မြေလုစစ်က မြန်မာပြည်ဘက်က တောင်တန်းတွေ ကို ကျော်ချလာပြီး ထိုင်းတို့မြေမှာလည်း ရှိသကိုးလို့ကျနော်တို့လည်း ဆင်ခြင်မိရတာပေါ့။ ကိုညီ က ကားမောင်းနေရင်း KNU က မဲဆောက်ကို ပိုင်တယ်ဆိုတာ ကျနော် တို့ ချင်းမိုင် ကို ပိုင် သလောက်မရှိ ပါဘူး။ ကျနော် တို့ ချင်းမိုင်ကို ပိုင်တယ် ဆိုတာ ခွန်ဆာ အိပ်နေ သလောက်ပဲ ရှိပါသတဲ့ လို့ ဖွင့်ပြောသဗျ။

(ဗိုလ်မှူးစိုင်းပေါက်ဟာ နောင် ၁၀နှစ် လောက်အကြာ…၂၀၀၀ ခုနှစ်မှာလား ၂၀၀၁ မှာလား အတိအကျ အချိန် ကျနော် မမှတ်မိတော့၊ချင်းမိုင် က ဟော်တယ် တခု မှာ လုပ်တဲ့ မင်္ဂလာဆောင် ကနေ အပြန် အောက်ထပ် သူ့ ကား ရပ်ထားတဲ့Car Parking မှာပဲ နောက်ကနေ သေနတ်နဲ့ ပစ်လုပ်ကြံလို့ ဆုံးတယ်)

ကျနော် တို့ လာနေပြီတောင်အောက် ကို ရောက်လာပြီ ဆိုတဲ့ သတင်းကိုရ ကတည်း က ဇော်ထွန်းနဲ့ ဆရာပါကျင်တို့ တောင်ပေါ်စခန်းကနေ ဆင်းလို့ လာကြိုနေတော့ ကျနော်တို့ တက်လာတဲ့ တောင်ပေါ် လမ်းတ၀က် လောက်မှပဲ အားလုံးဝမ်းသာအားရ ဆုံကြရပါတော့တယ်။
………………………………..

(အရင် ၁ နဲ့ ၂ ..... https://www.facebook.com/notes/10153118419246085/?pnref=story )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...