Sunday, March 22, 2015

ပြည်ထောင်စုစိတ်ဓာတ်


ပြည်ထောင်စုစိတ်ဓာတ်ဆိုတဲ့ခေါင်းစဉ်နဲ့ပါတ်သတ်ပြီး စာရေးသူကြားဖူးခဲ့တာက "တိုင်းရင်းသားတွေ ညီအစ်ကိုမောင်နှမရင်းချာကဲ့သို့ချစ် ကြည်ရင်းနှီးစွာနေထိုင်ခြင်း"လို့ အဓိပ္ပါယ်ရပါတယ်။ "တိုင်းရင်းသားများချစ်ကြည်ရင်းနှီးစွာနေထိုင်ခြင်း"ဆိုတဲ့အပိုင်းမှာပြဿ နာမရှိပေမယ့် "ညီအစ်ကိုမောင်နှမ ရင်းချာကဲ့သို့" ဆိုတဲ့အပိုင်းမှာမေးစရာရှိလာပါတယ်။ ညီအစ်ကိုမောင်နှမရင်းချာဆိုတာ တစ်မိဘထဲက မွေးဖွားလာကြတဲ့သွေးအရင်းတွေ အဖေ့မျိုးရိုး၅၀ရာခိုင်နှုန်းနဲ့ အမေ့မျိုးရိုး ၅၀ ရာခိုင်နှုန်းဆတူအချိုးက ရောစပ်ပြီးတူညီစွာပါဝင်တယ်ဆိုပြီး ဆေးပညာမှာကြားဖူးခဲ့ပါတယ်။ ဟုတ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းလှူရင်တောင် အဲဒီအနီးဆုံးသွေးချင်းကပဲ လှူ နိုင်တယ်လှူလို့ရတယ်။
အဲဒီလိုသွေးသားတူညီတဲ့ သွေးချင်းတွေရောငါ့သွေးချင်းပါဆိုပြီး အဲလိုစိတ်ဓာတ်တစ်သက်လုံး အမြဲထားနိုင်ပါ့မလား။

ငါ့ရဲ့ညီအစ်ကိုမောင်နှမဒုက္ခရောက်နေလားဆိုတာကို စဉ်းစားပေးတတ်တဲ့ နှလုံးသားအမြဲတမ်းရှိနိုင်ပါ့မလား။ ရှိခဲ့တယ်ဆိုရင်အိမ်ထောင်ရက်သားကျသွားပြီး သူစိမ်းနဲ့ ပေါင်းဖက်သွားပြီး သူစိမ်းရောလာတဲ့အခါကျရင်ရော ဘယ်လိုလဲ။
သူစိမ်းရောလာတဲ့အခါကျတော့ သေလောက်အောင်ချစ်ကြတဲ့ သွေးရင်းတွေဘာဖြစ်သွားကြသလဲ။ ဘာဖြစ်သလဲဆိုရင် ကတောက်ကဆဖြစ်တာ၊ငြူစူတာ၊ အဲဒီကနေတစ်ဆင့်တိုးပဋိပက္ခ၊ ရန်ကြွင်းရန်စ၊ အဲဒီကနေနောက်ဆုံးရန်ငြိုး ဒီလိုဆက်တိုက်ဖြစ်လာကြပါတယ်။ အကြောင်းရင်းတွေကတော့
(၁)လူမှုရေးကြောင့်
(၂)အကျိုးစီးပွားကြောင့်
(၃)အထွေထွေကြောင့်ဆိုပြီးရှိနေတာတွေ့ရတယ်။
ယနေ့လက်ရှိချစ်လှပါရဲ့ဆိုတဲ့ တစ်အူတုံဆင်းတွေကို လက်ကြားဝင်လျှိုတာအဓိကတရားခံကတော့ အကျိုးစီးပွား အလို့ငှာကြောင့်။ အကျိုးစီးပွားဖက်လာပြီး သူစိမ်းယှဉ်လိုက်တဲ့အခါမှာ သွေးရင်းဆိုတာ ဘယ်နားရောက်မှန်းမ သိဖြစ်တတ်ကြပါတယ်။ ပုထုစဉ်ဖြစ်တဲ့အလျောက် လောဘ ဒေါသ မောဟတွေရဲ့စေစားမှုနဲ့အတူ ဘာဖြစ်ရမှ ညာဖြစ်ရမှနဲ့ပေါ့။ ရုပ်ပျက်ဆင်းပျက်အနိုင်ဆုံးလောဘကတော့ မိဘတွေမျက်ကွယ်ပြုချိန်မှာ အဖြစ်ဆုံး အမွေလောဘပါ။ ဘယ်ပရောဂမှမပါဘဲနှင့် အလိုလျောက်ပင် သူ့ထက်ငါ အပြိုင်အဆိုင်ခွဲဝေလိုကြပြီ။ လူ ကြားမကောင်းပေမယ့် ကမ္ဘာနဲ့အဝန်းမှာဖြစ်နေကြတယ်။ အချင်းများ ၊ တရားပြိုင်နဲ့ တစ်ခါတစ်ရံ အသက်ပါ အဆစ်ပါသွားကြလေတယ်။ ဒါသွေးရင်းသားရင်းနော် သူစိမ်းမဟုတ်ဘူး။ ကြာရင်မိဘနေမကောင်းဖြစ်ရုံနဲ့တင် စာချုပ် ပြေးဝယ်သူနဲ့ အချိုးကျခွဲတမ်းတိုင်းတာတဲ့သူနဲ့ အဲလိုအနေအထားအ ထိဖြစ်လာနိုင်ပါတယ်။ ဒါဆိုဒီပြဿ နာကိုဘယ်လိုရှင်းကြမလဲ။ နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားသုံးသပ်ကြည့်ရင် လူရယ်လိုဖြစ်လာပြီး သိတတ်တဲ့ အရွယ်ကတည်းကစလို့ ခွဲတမ်းချရပါလိမ့်မယ်။ ခြံတစ်ခြံရှိရင်တောင် သားသမီးမွေးလာတဲ့အခါ အိမ်ကို သားသမီးအရေအတွက် အတိုင်းအသေးစားလေးတွေ (လူရိုင်းတဲစုသာသာ) ဆောက်ပြီး ပစ္စည်းလည်း အညီအမျှ ခွဲတမ်းချနေ ကြပေါ့။ အဲလိုမဟုတ်ရင် အဲဒီမိဘဘယ်တော့မှ အသေဖြောင့်မှာမဟုတ်ဘူး။ ဥပဒါန်ကြောင့် လားရာမကောင်းနိုင်ဘူး။ အသေဖြောင့်မှာမဟုတ်ဘူး။ ပြီးရင်အိမ်ထောင်ပြုခါနီး ချစ်လားကြိုက်လားမမေးကြဘဲ အမွေကိစ္စ အရင်ဆွေးနွေးကြရပါလိမ့်မယ်။ မမေးမိရင်တော့ ကိုယ်တိုင် လူကြမ်းကြီးလုပ်ပေတော့။ လဲနေသူတက်နင်းပါ၊ အားငယ်သူနိမ့်ချပါဆိုတဲ့စကားပုံကိုတစ်နေ့၃ခေါက်ရွတ်ပေတော့။
တကယ်တော့ ကျွန်တော်တို့ဟာ လူတွေပဲဗျာ တိရစ္ဆာန်တွေမှမဟုတ်တာ။ လူနဲ့တိရစ္ဆာန်ဘာကွာသလဲ။ တိရစ္ဆာန်ဆိုတာ အိပ် စား ကာမ ဆိုတဲ့ အဇ္ဇတ္တသုံးပါးပဲရှိလို့တြိအဇ္ဇ (ဝါ) တိရစ္ဆာန်ဆို ပြီးဖြစ်လာတာလေ။ အဲဒီသုံးပါးအတွက် တိရစ္ဆာန်ဟာအရာရာကို တိုက်ခိုက်ကြတယ်။ ရှက်ဖို့ကောင်းတယ်နော။ ကိုယ့်အတွက် အခွင့်အရေး အများကြီးရှိနေသေးရင် ကိုယ့်ထက်အခွင့်အရေးနည်းသူကို အခိုက်အတန့်တော့ ဦးစားပေးသင့် တာပေါ့။ သူစိမ်းမှမဟုတ်တာ။ ဘယ်သူဘာဖြစ်ဖြစ် ငါ့ဖို့ငါ့အတွက်ဆိုရင်တော့ အဇ္ဇတ္တတစ်ပါးပါး ညိနေတာ သေချာပါပြီ။ မိမိကိုယ်တိုင်သုံးသပ်ဖို့လိုလာပါပြီ။ သုံးသပ်ရာမှာလည်း အသက်အရွယ်ကန့်သတ်ချက်မရှိပါ။ စဉ်းစားတတ်တဲ့အရွယ်ကစလို့ သေခါနီးအထိ သုံးသပ်နိုင်ပါတယ်။ သုံးသပ်လို့အဖြေက ကိုယ်ပဲမှန်နေတယ် ဆိုရင်တော့ တစ်ပါးသူအကြံပြုချက်ရယူပါ။ အကြံပြုသူကလည်း ဦးနှောက်ခေါင်းထဲတွင် ပါဝင်ပါစေ။ တချို့ဦးနှောက်ကို အလကားပေးငှားစားတတ်တဲ့ သူတွေလည်းရှိတတ်ပါတယ် ။ လက်စသတ်လိုက်တော့ 

ဒီလိုပြဿ နာတွေ မဆုံးသရွေ့မကုန်ခမ်းနိုင်သော ရန်ကြွင်းရန်စတွေ မီးပွားလေးတွေ တမြည့်မြည့်အမြစ်တွယ်နေကြဦးမှာပါ။ ဒီတော့သင်္ချာနည်းနဲ့ ဦးနှောက်ပဲအလုပ်မခိုင်းပဲ တခါတလေ ရင်ဘတ်ရဲ့ဘယ်ဘက်ခြမ်းက လှုပ်နေတဲ့အရာလေး ကိုလည်းအလုပ်ပေးကြပါလို့။ ကိုယ်လုပ်တဲ့အရာဟာ သမိုင်းပါ။ သမိုင်းဆိုတာမှန်ရင် ဘယ်တော့မှပျောက်ပျက်ရိုးမရှိပါဘူး။ တစ်ဝမ်းထဲကထွက်တဲ့ လူစိတ်လေးများရှိနိုင်ကြရင်းနဲ့ "ညီနောင်ရင်းချာ" စိတ်လေးတွေရှိကြဖို့၊ အဲဒီစိတ်တွေမရှိသေးခင် ပြည်ထောင်စုစိတ်ဓာတ်အတွက် အခြားဥပမာတစ်ခုခုကို ခေတ္တအငှားနဲ့စွဲယူအသုံးပြုကြဖို့ တိုက်တွန်းရင်းနဲ့ လူ့စိတ်သရုပ်ဖော်ကဏ္ဌကို ဒီနေ့အဖို့ ဒီလောက်နဲ့အဆုံးသတ်လိုက်ရပါတယ်ခင်ဗျား။
 အားပေးမှုကိုလေးစားလျက်
ကိုပေါက် (ဥာဏ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...