Saturday, March 21, 2015

မတ်လကျောင်းသားလှုပ်ရှားမှုအပေါ် သုံးသပ်ကြည့်ခြင်း



၁။ မန္တလေးမြို့ကနေ ကျောင်းသားတွေကို ဦးဆောင်ပြီး ဗကသနဲ့ တကသကျောင်းသားတွေက ချီတက်လာတယ်။ ပြည်သူတွေကလည်း လမ်းတလျှောက် ထောက်ခံကြတယ်။ နောက်မြေလတ်ကျောင်းသားတွေ၊ ထားဝယ် ကျောင်းသားတွေ၊ ဧရာဝတီကျောင်းသားတွေရဲ့ စစ်ကြောင်းတွေ ပေါ်လာပြီး ပူးပေါင်းပါဝင်လာလို့ အင်အားကြီးလာတဲ့အခါ ကျောင်းသားတွေရဲ့တောင်းဆိုမှုတွေကို လျစ်လျူထားတဲ့ အစိုးရခေါင်းမမာနိုင်တော့ဘဲ အပေးအယူ လုပ်လာရတယ်။ ဒီလိုနဲ့ပဲ ကျောင်းသားတွေတောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးမှု ပေါ်လာခဲ့တယ်။
၂။ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေတောင်းဆိုချက် ၁၁ ချက်ကို သဘောတူပြီး မူကြမ်းကို တက်ရောက်သူများ အတူတကွ ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းခဲ့တယ်။ ကျောင်းသားသပိတ်မှာ ပါဝင်တဲ့ ကျောင်းသားတွေနဲ့ အားပေးထောက်ခံသူတွေအားလုံးကို အရေးမယူဘူးဆိုတဲ့ကတိကို အစိုးရဆီကရခဲ့တယ်။


၃။ ကျောင်းသားအုပ်စု၊ NNER၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားသပိတ် စစ်ကြောင်းကို အားပေးထောက်ခံသူတွေနဲ့ တစ်ဖွဲ့စီ ကြားနာမှုတွေလုပ်ပြီး ဆွေးနွေးညှိနှိုင်းမယ်လို့ အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မီတီဥက္ကဋ္ဌက ပြောခဲ့တယ်။
၎။ တစ်ချိန်ထဲမှာပဲ တက္ကသိုလ်တွေကောလိပ်တွေကို ညွှန်ကြားချက်ထုတ်ပြီး ကျောင်းသားတွေကို ဆွေးနွေးပွဲတွေ ဖိတ်ခေါ်ပြီး ပါမောက္ခတွေ၊ ဆရာ၊ ဆရာမတွေက သပိတ်ဆင်နွဲနေတဲ့ကျောင်းသားတွေရဲ့တောင်းဆိုမှုတွေကို မလိုလားကြောင်း မထောက်ခံကြောင်း ကြိုးစားတာကို ကျောင်းသားတွေကလက်မခံဘဲ ပယ်ချခဲ့တဲ့အတွက် အစိုးရရဲ့တန်ပြန်လုပ်ဆောင်ချက်ကို ရပ်တန့်နိုင်ခဲ့ပါတယ်။
၅။ တဖန် လွှတ်တော်မှာ တင်ပြတဲ့ပညာရေးဥပဒေကြမ်းကို NNER နဲ့ကျောင်းသားတွေကသာ ရေးဆွဲတဲ့ ဥပဒေကြမ်းအဖြစ် အစိုးရပိုင်သတင်းစာတွေမှာ ဖေါ်ပြသလို၊ အဲဒီအားလုံးသဘောတူထားတဲ့ ဥပဒေကြမ်းနဲ့ ပညာရေးဌာနက ရေးဆွဲထားတဲ့ ဥပဒေကြမ်းကို ပူးတွဲပြီး လွှတ်တော်ကိုတင်သွင်းလာတာကို ကျောင်းသားတွေနဲ့ NNER က ကန့်ကွက်လို့ ၄ ပွင့်ဆိုင်သဘောတူညီချက် မူကြမ်းကိုပဲ လွှတ်တော်မှာ တင်သွင်းဖို့ ပြန်သဘောတူခဲ့တာ ကျောင်းသားတွေအတွက် အောင်ပွဲတခုဖြစ်ပါတယ်။
၆။ တကသနဲ့ ဧရာဝတီ၊ မြေလတ်၊ ထားဝယ်စစ်ကြောင်းတွေက ကျောင်းသားတောင်းဆိုချက်တွေကို လွှတ်တော်မှာ ကြားနာနေစဉ် သပိတ်ကိုရပ်နားထားမယ်လို့ဆုံးဖြတ်ပြီး ဗကသဦးစီးတဲ့ပင်မစစ်ကြောင်းကဆက်လက်ချီတက် မယ်ဆိုပြီး ကျန်စစ်ကြောင်းတွေနဲ့ သဘောတူညီချက်မရဘဲဖြစ်ခဲ့တာ၊ ကျောင်းသားတွေကြားမှာ အက်ကြောင်း စထင် လာခြင်းလို့ မြင်မိတယ်။ အစိုးရက ဗကသစစ်ကြောင်း တစ်ခုထဲကို ပစ်မှတ်ထားနိုင်ခွင့် ရသွားခဲ့တာ အဲဒီမညီညွတ်ခြင်းရဲ့အကျိုးလို့ ထင်ပါတယ်။ တကယ်လို့ ဗကသက အခြားစစ်ကြောင်းတွေနဲ့ညှိပြီး ချီတက်မှုကို ရပ်နားမယ်။ ကားနဲ့ ရန်ကုန်အရောက်သွားပြီး အောင်ပွဲခံမယ်ဆိုရင် ဒီလို မပြိုကွဲပါဘူး။ ဒီညီညွတ်မှုကို အစိုးရအနေနဲ့လည်း ဖြိုခွဲဖို့ခက်မှာ ဖြစ်တယ်။ ပူပူနွေးနွေးအချိန်မှာ ကားတွေနဲ့ချီတက်မယ်၊ လမ်းမလျှောက် တော့ဘူးဆိုရင် အစိုးရအနေနဲ့ ငြင်းပယ်ဖို့ ခက်ပါတယ်။ ကျောင်းသားတွေအနေနဲ့လဲ မပင်ပန်းဘဲ ကားစီးပြီး လမ်းတလျှောက် မြို့ရွာတွေမှာ မင်းကိုနိုင်တို့ လွတ်တုံးကလို လူထုရဲ့သောင်းသောင်းဖျဖျကြိုဆိုတာ ခံရမဲ့အပြင် လမ်းမှာ တရားဟောပြောခွင့်တွေလည်း အချိန်တိုတိုနဲ့ရပြီး ရန်ကုန်ကို ရောက်လာကြမှာဖြစ်တယ်။ ဒါပေမဲ့ဗကသ ခေါင်းဆောင်တွေက ရန်ကုန်ရောက်ဖို့ထက် လမ်းလျှောက်ပြီး မြို့ရွာတွေမှာ တရားဟောချီတက်ဟောပြောတာကို ဦးစားပေးခဲ့ကြတယ်။ အဓိကရည်မှန်းချက် ပညာရေးဥပဒေပြင်ဆင်ရေးက ရန်ုကုန်အရောက် ချီတက်ရေးအောက်မှာ ပျောက်သွားခဲ့တယ်။
၇။ တချိန်ထဲမှာပဲ ရန်ကုန်မှာဆန္ဒပြနေတဲ့ အလုပ်သမားတွေကို အစိုးရကဖြိုခွဲလိုက်တယ်။ စွမ်းအားရှင်တွေကို တာဝန်လက်ပတ်နီတွေကို အခွင့်အရေးပေးပြီး အလုပ်သမားဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တယ်။ အလုပ်သမားခေါင်းဆောင်တွေကို မလွှတ်ပေးဘဲ တရားမဝင် စီတန်းလှည့်လည်မှုတွေနဲ့ ထိန်းသိမ်းလိုက်တယ်။ ကျောင်းသားနဲ့အလုပ်သမားပူးပေါင်းသွားမှာကို ကြိုတင်ကာကွယ်လိုက်တဲ့ သဘောလို့ ယူဆတယ်။ အလုပ်သမားသပိတ်ကို ဖြိုခွဲခဲ့တာ ကျောင်းသားသပိတ်နဲ့ လုံးဝဆက်စပ်မှုရှိခဲ့တယ်။
၈။ နောက်တနေ့ မတ်လ ၅ ရက်နေ့မှာ မြို့တော်ခမ်းမရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသားတွေကို လက်ပတ်နီဝတ်တွေက အကြမ်းဖက် ဖမ်းဆီးခဲ့ကြတယ်။ ဒီလုပ်ရပ်မှာ ဂျပိုးသူခိုးလူမိုက်တွေကို တာဝန်ပေးခဲ့တဲ့အတွက် အစိုးရကို များစွာဂုဏ်သိက္ခာ ကျဆင်းစေခဲ့တယ်။ ဒီအချက်တွေဟာ ရှေ့လာမယ့် မုန်တိုင်းရဲ့သတိပေးချက်တွေပဲ ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။
၉။ ဗကသစစ်ကြောင်းကိုပိတ်ဆို့ထားတဲ့အတွက် NNER နဲ့ အခြားစစ်ကြောင်းကျောင်းသားခေါင်းဆောင်တွေက လွှတ်တော်ကြားနာပွဲကို မတက်နိုင်ကြောင်းပြောကြားတာဟာ ညီညွတ်ရေးကိုပြလိုက်တာဖြစ်လို့ လွှတ်တော် ဥပဒေကြမ်း ကော်မီတီအတွက် အတော်အကြပ် ရိုက်သွားခဲ့တယ်။ မူလသဘောတူညီချက်မူကြမ်းကနေလွဲချော်နိုင်တဲ့ မရိုးမသားလုပ်မှုတွေကို မလုပ်နိုင်အောင် ဟန့်တားသလို ဖြစ်သွား ခဲ့တယ်။
၁၀။ ဗကသစစ်ကြောင်းကို လက်ပံတန်းမှာရပ်နားပြီး သွေးအေးသွားချိန်မှာ ရဲတွေနဲ့စနစ်တကျ ပိတ်ဆို့ဖို့ အချိန်ကို အစိုးရက ရသွားခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေ မရှုံးသေးပါဘူး။ အေးအေးဆေးဆေး မိမိတို့သွားမယ့်ဆီကို ဆက်လက်တောင်းဆို နေနိုင်ပါတယ်။ ဒါပေမဲ့ဗကသခေါင်းဆောင်ပိုင်းက လမ်းတလျှောက်လုံးလည်း အတား အဆီးတွေကို ဖြတ်ကျော်လာခဲ့နိုင်တာကြောင့် ရန်ုကုန်ကိုရအောင် ဖေါက်ထွက်မယ် ဆိုပြီး မိမိကိုယ်ကို ယုံကြည်ချက်က ရှိသင့်တာထက် ပိုလွန်နေပြီး အစိုးရရဲ့အင်အားနဲ့ လုပ်ပိုင်ခွင့်ကို လျော့တွက်ခဲ့ကြတယ်။ နောက်ဆုံး ရန်ကုန်ရောက်ရေးမှာ တခြားနည်းကို မစဉ်းစားနိုင်ဘဲ ထိပ်တိုက်ရင်ဆိုင်ရေးကို ရွေးချယ်ခဲ့တဲ့အတွက် အစိုးရက လက်ညှိုးထိုးနိုင်တဲ့ အခွင့်အလမ်းကို ရရှိသွားခဲ့တယ်။ တနည်း ထောင်ချောက်ထဲကျသွားခဲ့တယ်။
၁၁။ ကျောင်းသားတွေကို ပြည်ထဲရေးက ၅ယောက်တတွဲစီသွားရမယ်၊အလံမထောင်ရဘူး၊ နဖူးစည်းမတပ်ရဘူး ကားတစီးနဲ့ တစီးခွာပြီး သွားရမယ်ဆိုတဲ့ အချက်တွေဟာလက်မခံနိုင်စရာဖြစ်ပေမယ့် အတင်းထိုးထွက်မယ်လို့ ဆုံးဖြတ်လိုက်တာဟာ သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲကို တည့်တည့်ဝင်သွားတာဘဲ။ ဒီနေရာမှာ-
က) မသွားနိုင်ဘူး။ ဒီအတိုင်း ဆက်နေမယ်ဆိုပြီး နေလိုက်ရင် ဘာမှလုပ်လို့မရဘူး၊ လုပ်ရင်လဲ ထင်ရှားတဲ့ လူ့အခွင့် အရေးချိုးဖေါက်မှုဖြစ်မယ်။ အဲဒီလိုဆက်နေရင် ဆက်ပြီးညှိုနှိုင်းတောင်းဆိုလို့ရတယ်။ ဆွေးနွေးနေလို့ရတယ်။ ဆွေးနွေးနေရင်း ကားတစီးချင်း ခွဲပြီးသွားလို့ရတယ်ဆိုတာ ဖြစ်လာနိုင်တယ်။ ကျောင်းသားတွေ ပင်ပန်းနေသလို အစိုးရအတွက်လည်း ဒီလိုပိတ်ဆို့ထားတာ တာဝန်ရှိတယ်။ ဒါကြောင့် ဆွေးနွေးပွဲကို လမ်းဖွင့်ထားပြီး ကြားခံ NNER အကူအညီနဲ့ ဆက်လက်ညှိနှိုင်းပြီး အတင်းတိုးမထွက်ဘဲနေရမှာကို ထိပ်တိုက်ရင်ဆိုင်မှုကို လုပ်မိခဲ့ကြတယ်။
ခ) ကျောင်းသားလူငယ်တွေကို ခေါင်းဆောင်တဲ့သူက ကျောင်းသားတွေဆီက သဘောထားတောင်းတာထက် ဘာဖြစ်မယ်ဆိုတာ ကြိုတင်တွက်ပြီး ဆုံးဖြတ်ရဲရမယ်၊ မိမိဆုံးဖြတ်ချက်ကိုလည်း တာဝန်ခံရဲရမယ်။ အများ သဘောတူ လိုက်လုပ်တာ ခေါင်းဆောင်အလုပ် မဟုတ်ဘူး။ ခေါင်းဆောင်ဆိုတာ မိမိလူတွေ အထိမနာအောင်နဲ့ မိမိတို့ရဲ့ ရည်မှန်းချက်ကိုရအောင် ဘယ်လိုလုပ်မယ်ဆိုတာ တွက်ထားနိုင်ရမယ်။ ကိုယ့်အောက်က ငယ်သားတွေက အစိုးရဆန့်ကျင်ရေးပဲ သိကြမှာ ဘာလုပ်ရင်ဘာဖြစ်မယ် သိကြတာမဟုတ်ဘူး။ ကိုယ်ကအင်အားကောင်းလို့ ဖေါက်ထွက်တာကကိစ္စမရှိ။ ကိုယ့်မှာခရီးရှည်ချီတက်နေရတဲ့အတွက် လူတွေနာနေကြပြီ။ ပင်ပန်းနွမ်းနယ် နေကြပြီ။ ရဲတွေက ထောင်ကျော် လက်နက်အပြည့် ကိုယ်က လူအင်အား ၂၀၀ လောက်ပဲရှိတာ၊ ဘယ်လိုမှမတိုးနိုင်ဘူး။
ဖြိုခွဲခံရတဲ့အတွက်ရတဲ့ရလာဒ်
ကျောင်းသားလူငယ်တွေ ရက်ရက်စက်စက် အရိုက်အနှက်ခံရတယ်၊ ဦးချိုးခံကြရတယ်။ စိတ်ဓါတ်ရေးရာအရ အများကြီး ထိခိုက်သွားကြတယ်။ အစိုးရကို နာကျဉ်းတာက တပိုင်း မိမိရဲ့စိတ်ကိုက သိမ်ငယ်သွားကြတယ်၊ ထောင်ထဲမှာ ပုံစံထိုင်ခိုင်းတာ လူအများစုက ဝိုင်းရိုက်တာကြောင့် တချို့စိတ်နုနယ်တဲ့ကလေးတွေ တခါတည်း ဦးကျိုးသွားခဲ့ရတယ်။ ဒါတွေဟာ ကိုယ်ဖက်က ပေးလိုက်ရတဲ့ တန်ဖိုးတွေဘဲ။ ဒါ့အပြင် ခံဝန်ထိုးပြီးမှ လွှတ်ပေးတဲ့အတွက် တခါထပ်ပြီး ဦးကျိုးရပြန်တယ်။
အစိုးရနဲ့ လွှတ်တော်မှာစားပွဲဝိုင်းထိုင်ပြီး ပညာရေးဥပဒေနဲ့ပတ်သက်တာတွေကို ချေပဆွေးနွေးနိုင်တဲ့ အပေါ်စီးရထားတဲ့အခွင့်အရေး (Leverage power) ဟန်ချက်ထိန်းနိုင်မှု အင်အားလျော့ကျသွားခဲ့ရတယ်။ ဒါက ကျောင်းသားတွေ ပေးဆပ်လိုက်ရတဲ့အချက်တွေဘဲ။
ဖြိုခွဲခဲ့တဲ့အတွက် ရတဲ့ရလာဒ်
အစိုးရကကော ဘာတွေရပြီးဘာတွေပေးဆပ်လိုက်ရလဲလို့မေးရင် အစိုးရက ကျောင်းသားတွေ ချီတက်ပွဲကို ရပ်ပစ်လိုက် နိုင်တယ်။ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် ပြည်တွင်းပြည်ပက အပြင်းအထန် ဝေဖန်ခံရပြီး ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ အရင်ခေတ်နဲ့ဒီနေ့ခေတ် ဖြတ်သန်းပုံခြင်းမတူတာကို အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ဟောင်းတွေ သတိလစ်သွားပုံရတယ်။ ဒါကဘာလဲဆိုတော့ ယနေ့ခေတ်ဟာ အင်တာနက်ခေတ်ကို ရောက်နေပြီး လူတိုင်း ဖုံးကိုင်နိုင်၊ ကင်မရာကိုင်နိုင်ပြီး၊ အစိုးရဖုံးတင်မက အော်ရီဒူးနဲ့ တယ်လီနောပါ ပြည်တွင်းမှာ သုံးစွဲနေကြပြီ၊ လူငယ်တွေ တကမ္ဘာလုံးနဲ့ဆက်သွယ် သတင်းဖလှယ်နိုင်ပြီ ဖြစ်လို့ သတင်းမှောင်ချမှုဟာ အရင်ကလို ဖြစ်နိုင်ဖို့ ခဲယဉ်းသွားပြီဆိုတာပါဘဲ။ ဒါကြောင့် ၈၈ မှာ ဂျပန်သတင်းထောက်က စစ်သားတွေဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ပစ်သတ်တာ တစ်ခုထဲကိုပဲ ကမ္ဘာကကော ပြည်တွင်းကပါ သိနိုင်ခဲ့တယ်။ ဒါပေမယ့် လက်ပံတန်းအကြမ်းဖက်မှုမှာ ရဲက ဘယ်လောက် ဆိုးဝါးစွာပြုခဲ့တယ်။ လူတင်မက ကားတွေကိုပါ အကြမ်းဖက် ဖျက်စီးခဲ့တယ်ဆိုတာ ကမ္ဘာက မျက်ဝါးထင်ထင်မြင်သွားခဲ့ရပါပြီ။ ဒါဟာ အစိုးရအတွက် အလွန်ဂုဏ်သိက္ခာကျသလို ပြည်သူ့ရဲလို့ အမည်ခံထားတဲ့ ဝန်ထမ်းတွေအတွက်လည်း အမဲစက်ကြီးတစ်ခုအဖြစ် သမိုင်းတင်ကျန်ခဲ့တာပါပဲ။
ခေတ်အဆက်ဆက် အငြိုးကြီးခဲ့တဲ့ကျောင်းသား-စစ်အစိုးရသံသရာကို ပိုမိုနက်ရှိုင်းစေခဲ့တယ်။ ပြည်သူလူထုကြီးက ပြည်သူ့ရဲကို စစ်တပ်ကို ရွံ့မုန်းသလိုရွံ့မုန်းသွားကြတာ အဖတ်တင်တယ်။နောက်ဆုံးလာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာရပါတီ ဘယ်လောက်ပဲ မဲဆွယ်စည်းရုံးပေမယ့် ပြည်သူလူထုကြီးရဲ့ အသဲကြားက မဲတပြားဟာ အလှမ်းဝေးသွားပြီဖြစ်တာကြောင့် လက်ရှိဦးသိန်းစိန် အစိုးရအနေနဲ့ နိုင်ငံရေးအပိုင်းမှာ ကြီးမားတဲ့ ဆုံးရှုံးသွားမှုကြီးလို့ မြင်ပါတယ်။
ဒီလိုဖြစ်ပျက်မှုတွေဟာ အစိုးရိမ်ကြီးမှု၊ ပြုကျင့်နေကြ အပြုအမူဟောင်းဖြစ်တဲ့အရာရာကို အင်အားသုံး အကြမ်းဖက် ဖြေရှင်းလိုမှုတွေ ကြောင့် ဖြစ်တယ်။ အစိုးရအနေနဲ့ ပြည်သူရဲ့ ထောက်ခံမှုရဖို့ လုပ်ဆောင်ရာမှာ သတ္တိရှိရှိ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတုံးကလဲ ဓါးစာခံတွေကို လွှတ်ပေးနေသလို အကုန်လုံး လွှတ်ပေးမဲ့အစား လခြားပြီး နည်းနည်းစီ လွှတ်ပေးပြီး အကျဉ်းသားတွေရော သူတို့မိသားစုတွေကိုပါ စိတ်ဒုက္ခပေးခဲ့တာတွေ၊ စိတ်ဒါဏ်ရာရအောင် တမင်လုပ်နေသလား ဆိုလို့ရ လောက်အောင် လုပ်ခဲ့တာတွေကြောင့် ပြည်သူတွေရဲ့ကျေးဇူးတင်တာ၊ ယုံကြည်တာကို လက်လွှတ်ခဲ့ရပြန်တယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို တပြိုင်တည်းလွှတ်ပေးလိုက်ရင် လူတွေဘယ်လောက်ဝမ်းသာကြမလဲ။ အစိုးရက တကယ်သဘောထားပြောင်းပြီဟေ့လို့ ယုံကြည်လာမှာကို မလုပ်ခဲ့တဲ့အတွက် နောက်ဆုံး အားလုံးနီးပါး လွှတ်သာလွှတ်လိုက်ရတယ် ကျေးဇူးတင်မခံခဲ့ရ၊ ယုံကြည်မှု မရရှိဘဲ ဖြစ်ခဲ့ရတယ်။ အခွင့်အရေးကောင်းတစ်ခု အလဟသ ဆုံးရှုံးသွားခဲ့ရဖူးတယ်။
အခုကျောင်းသားတွေနဲ့ဖြစ်တဲ့ကိစ္စမှာလည်း လွှတ်တော်က ကျောင်းသားတွေတောင်းဆိုထားတဲ့အချက်တွေထဲက စကားလုံး အသုံးအနှုန်းပြင်ဆင်ပြီး သဘာဝကျတဲ့ပြုပြင်မှုတွေကို ပရိယယ်မသုံးဘဲ အမြန်ဆုံး အတည်ပြုပေးနိုင်ဖို့ လိုသလို ကျောင်းသား-အစိုးရထိပ်တိုက်တွေ့မှုကိုပြန်လည်ပေါင်းစည်းရေးမှာ အဓိကကျတဲ့ကျောင်းသားသမဂ္ဂများ တရားဝင်တည်ထောင်ဖွဲ့စည်းခွင့်ကိုလည်း ပိတ်ပင်ထားစီးခြင်းမရှိဘဲ ခွင့်ပြုပေးခြင်းနဲ့ ခေတ်အဆက်ဆက် ကျောင်းသားများ တောင်းဆိုခဲ့ကြတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို အစိုးရ၊ ကျောင်းသား၊ ပြည်သူတို့ ပူးပေါင်းအုတ်မြစ်ချတည်ဆောက်ပေးခြင်းနဲ့ အမျိုးသားပညာရေးကို မြှင့်တင်နိုင်သလို ကျောင်းသားများနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ မြင်မိပါတယ်။
အရေးကြီးဆုံး လတ်တလောပြုသင့်တာကတော့ ဖမ်းဆီးထားသူအားလုံးကို သဘောထားကြီးကြီးနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ပါပဲ။ ဒါဆိုရင် လက်ရှိတင်းမာနေမှုကို ပထမအဆင့်အနေနဲ့ ဖြေလျော့ပေးနိုင်မှာဖြစ်ပါတယ်။
အမျိုးသားရင်ကြားစေ့ရေးကို ရှေ့ရှူလျက်
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

၂၀၁၅ ခုနစ် မတ်လ ၁၉-၂၅ ရက်နေ့ထုတ် အတွဲ ၁၁ အမှတ် ၁၂ ရန်ကုန်တိုင်းဂျာနယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...