Tuesday, March 31, 2015

“သိမ်းတယ်လို့ မှတ်မှာလား”

Soe Min March 30, 2015 at 10:28am

          ကိုယ်တို့ရွှေပြည်ကြီးမှာ သတင်းလွတ်လပ်ခွင့်တွေ ဘယ်လိုပဲရသည်ဖြစ်စေ၊ ကိုယ်တို့သားအဖ ပြောဆိုနှီးနှောလေ့ရှိတဲ့ ဖေဖေ့ရှေးစကားများထဲမှာတော့ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး စာပေစိစစ်ရေးကြီး ရှိတယ် လို့ ပြောရမလား မသိပါဘူး။ ဘာဖြစ်လို့ဆိုတော့ မျက်မှောက်ခေတ်နိုင်ငံရေးနဲ့ ပတ်သက်လာရင် ဘယ်တုန်းကမှ ရိပ်ဖမ်းသံဖမ်းလောက်တောင် စကားထဲ ထည့်မပြောခဲ့ဘူး။ အဲ့ဒီအကြောင်းတွေကို သမီး စိတ်မဝင်စားစေချင်ဘူး။ သိတောင် မသိစေချင်ဘူး။ သိလို့ကောင်းတဲ့အရာတွေ မဟုတ်ဘူးလို့လည်း သဘောထားတယ်။ ဒါတွေသိကုန်ရင် လှပတဲ့သမီးရဲ့ကမ္ဘာငယ်ကလေး ပျက်စီးသွားလိမ့်မယ်။ အရုပ်ဆိုး အကျည်းတန်သွားလိမ့်မယ်။ ကိုယ့်သမီးနဲ့ သက်တူရွယ်တူကလေးတွေ နိုင်ငံရေးကိုသဘောပေါက်ကုန်လို့ မတရားမှုတွေ၊ မမျှတမှုတွေကို လက်မခံနိုင်လို့ အရွယ်နဲ့မမျှအောင် တိုက်ပွဲဝင်နေကြတာ မြင်ရတဲ့အခါ ရင်နာလွန်းလို့၊ ငါ့သမီးလေးများ အဲသလို လူအနိုင်ကျင့်ခံရလို့ရှိရင် ဆိုတာမျိုးကို တွေးတောင်မတွေးဝံ့ဘူး။
တကိုယ်ကောင်းဆန်တယ်ပြောပြော ကလေးရှေ့မှာ တိုင်းရေးပြည်ရေးနဲ့ ပတ်သက်လာရင် လေသံတောင် မသလပ်ပဲ ရယ်စရာမောစရာ သိစရာမှတ်စရာကလေးတွေကိုပဲ ရွေးချယ်ပြီး သူ့ကမ္ဘာသစ်ကလေးကို ကိုယ့်ကမ္ဘာဟောင်းကလေးနဲ့ ဆက်စပ်ရင်းနှီးစေခဲ့ပါတယ်။

           မိုင်ပေါင်းများစွာဝေးတဲ့ ခရီးကြမ်းကြီးကို ခြေဖဝါးကလေးတွေ သွေးခြေဥကုန်အောင် လမ်းလျှောက်လာကြတဲ့ သမီးနဲ့ရွယ်တူ ကျောင်းသားကျောင်းသူကလေးတွေဟာ တချို့လူတွေ သပ်သျှိုသွေးခွဲထားသလို ပညာမသင်ချင်လို့၊ သမီးတို့ပညာရေးကို အနှောက်အယှက်ပေးနေတယ်လို့ လုံးဝ မယူဆစေချင်တာတော့ အမှန်ပဲ။ သည်ကလေးတွေရှေ့မှာ သရော်မော်ကား “ငါ့သမီး စာကျက်နေတယ်” ဆိုတဲ့ စာနာစိတ်ကင်းမဲ့သော စကားမျိုးလည်း ပြောဖို့နေနေသာသာ နားထဲမှာ သေလုအောင် ခါးတယ်။ လူချင်းများ လက်လှမ်းမှီရင် နားရင်းတောင် ပိတ်တီးလိုက်ချင်ရဲ့။ ဒါပေမယ့်လည်း နောက်ဆုံးတော့ ကိုယ်က မိဘနေရာကလူဖြစ်တဲ့အတွက် မိဘပီသစွာနဲ့ပဲ တကိုယ်ကောင်းဆန်တယ်ဆိုဆို ကိုယ့်သမီး မျက်စိအောက်နားအောက်ကို နိုင်ငံရေးတွေ ရောက်မလာအောင် ကိုယ့်ဘာသာ ဆင်ဆာဖြတ်ထားခဲ့မိပါတယ်။ ကိုယ်ကလွဲရင် အပြင်လောကနဲ့ အဆက်အစပ်မရှိပါဘူးဆိုပြီး လုံအောင်ဝှက်ထားနိုင်မယ် ထင်ခဲ့တာကိုး။ ဒါပေမယ့် သမီးဟာ အိမ်မှာ ဘယ်သူမှ မပြောပဲ အဲ့ဒါတွေကို သူ့ဘာသာ ဘယ်နည်းဘယ်ပုံ သိနေတယ် မပြောတတ်ပါဘူး။ ကိုယ်သိတဲ့အချက်အလက်တွေကို သူလည်း သိနေနှင့်ပြီးသားပဲ။ အတွေးအမြင်ချင်းသာမတူတာ။

           ရုပ်ရှင်လိုက်ပြဖို့ ဇာတ်ကားတွေရွေးတဲ့အခါ “မြန်မာကားတစ်ကား ရုံတင်တယ်။ သမီးကြည့်မလား” လို့ မေးတော့ သူက“မကြည့်ချင်ဘူး။ အဲ့ဒါ နိုင်ငံရေးကားကြီး။” လို့ ပြောပါတယ်။ ကိုယ့်မှာ သူပြောလို့သာသိရတယ်။ အဲ့ဒါကြီးကို ဒရာမာထင်နေတာ။ မျက်ရည်တွေ နှပ်ချေးတွေ ထွက်အောင် ငိုနေတဲ့ မင်းသားမင်းသမီးပုံတွေ တွေ့တာကိုး။ “ဟုတ်ရဲ့လား သမီးရယ်” လို့ သေချာအောင် မေးတော့ သူကလည်းသေချာအောင်ကို ပြန်ဖြေပါတယ်။ “လယ်သိမ်း မြေသိမ်း အကုန်သိမ်းတဲ့ ဦးသိမ်းစိန်ကား” တဲ့။ သည်စကားကြားမိတော့ ကိုယ့်မှာ ခေါင်းနားပန်းကို ကြီးသွားတာပဲ။ သူ့ကို လာဖမ်းမှာစိုးလို့ကြီးတာ မဟုတ်ပါဘူး။ သူထင်နေတာတွေ အကုန်လုံး အမှန်မဟုတ်ဘူးဆိုတာ နားလည်အောင် ရှင်းပြရဦးမှာမို့ပါ။ သည်အကြောင်းတွေ သူ ဘယ်နေရာကများ ကြားမိဖတ်မိပါလိမ့်။ ကိုယ်ရေးတဲ့စာထဲကတော့ မဟုတ်တာသေချာတယ်။“သမီးရေ  သည်မှာ သမီးအကြောင်း ရေးထားတယ်” လို့သူ့လက်ထဲ ပေးမဖတ်ရင် သူက ဘယ်တော့မှ ဖေ့စ်ဘုတ်ထဲ ဝင်ကြည့်တာ မဟုတ်ဘူး။ အလုပ်အကြောင်း၊ နိုင်ငံရေးအကြောင်းပါတဲ့စာဆို သူက ဆုံးအောင်တောင် ဆက်မဖတ်ဘူး။ ပျင်းလို့တဲ့။ ကြည့်ရတာသူက ပြူးပြူးပြဲပြဲ စာလုံးမည်းကြီးတွေနဲ့ လှုပ်အောင်လှန့်အောင်တင်ထားတဲ့ ဂျာနယ်မျက်နှာဖုံးတွေမှာ အမှတ်တမဲ့ ဖတ်မိပုံရပါတယ်။ နားမလည်သေးတဲ့ ကလေးသူငယ်တွေ အမှတ်မထင် ဖတ်မိတဲ့ အချက်အလက်တွေဟာ မစဉ်းမစားနဲ့ အမှန်လို့ ယုံကြည်သွားမိရင် နောင်ကျ ဖျောက်ရဖျက်ရ ခက်တယ်လေ။

           အဲ့ဒါနဲ့သူ့ကို ဂျာနယ်တွေမှာ ထိပ်စည်းစာလုံးမည်းကြီးနဲ့ ထင်းကနဲဖော်ပြထားတိုင်းလည်း အမှန်လို့ မယုံအပ်တဲ့အကြောင်းကို အရင်ရှင်းပြရပါတယ်။ ဒါဆိုရင် ကြေးမုံ မြန်မာ့အလင်းကမှ မှန်တာလားမမေးနဲ့။ သူတို့က သာဆိုးသေး။ ဘယ်ဘက်က သတင်းပဲဖြစ်ဖြစ် အချက်အလက် အဖြစ်အပျက် သက်သက်ကို ကိုယ်ပိုင်ဥာဏ်နဲ့ သုံးသပ်တတ်မှ ဘယ်ဟာအမှန် ဘယ်ဟာအမှား ကိုယ့်ဘာသာ ကွဲပြားလာမယ်။ အမှန်တွေလည်းပါလိမ့်မယ်။ အဲသည်အမှန်တွေကြားမှာ သူတို့လိုချင်တဲ့ အတွေးတစ်ခုခု စာဖတ်သူတွေ ခေါင်းထဲဝင်သွားဖို့အတွက် မမှန်ကန်တဲ့ အချက်အလက်တွေလည်း ရောနှောထားတယ်။ ဘာဖြစ်လို့ဆိုတော့ သူတို့က သတင်းသက်သက်ကို ထုတ်ပြန်ချင်တာ မဟုတ်ဘူး။ သတင်းကို အကြောင်းပြုပြီး ဝါဒတစ်ခုခုကို ဖြန့်ဝေချင်နေတာ။  ပြည်တွင်းမီဒီယာတွေ မဆိုထားနဲ့ ပြည်ပမီဒီယာတွေလည်း အဲသည်သဘောအတိုင်းပဲ ရှိကြတယ်။

           သတင်းမီဒီယာလုပ်ငန်းကြီးတွေမှာ သူတို့ကို ဘယ်သူက ပိုက်ဆံပေးနေသလဲဆိုတဲ့ အုံနာကြီးတွေ ရှိကြတယ်။ သူတို့သတင်းဌာနကြီးတစ်ခုလုံးရဲ့အာဘော်ဟာ အဲသည် အုံနာကြီးတွေအပေါ်မှာ မူတည်တယ်။ သူကဖြူဆိုဖြူရတယ်။ သူက မည်းဆို မည်းရတယ်။ သိသာအောင် ဥပမာပေးရရင် တလောတုန်းက ဝန်မင်းတစ်ပါး ထိန်းချုပ်ခံရတဲ့အခါ သူ့သားပိုင်တဲ့ဂျာနယ်က အပတ်စဉ်ထွက်သမျှ စာစောင်တွေမှာ ဝန်မင်းဖျား ဘယ်လိုဖြူစင်တဲ့အကြောင်း၊ အပြစ်မရှိတဲ့အကြောင်း၊ သနားစရာကောင်းတဲ့အကြောင်းတွေ ထွက်သမျှ စာစဉ်တိုင်းမှာ ရှေ့ရောနောက်ပါ ဝေဝေဆာဆာ ပါတယ်။ ရက်တွေလတွေကြာလို့ တခြားဂျာနယ်တွေက သတင်းဟောင်းသတင်းသိုးဆိုပြီး ဘာလေသံမှ မထွက်တော့ပေမယ့်လည်း သူ့ဂျာနယ်မှာတော့ သစ္စာရှိစွာ ယနေ့တိုင် ကျန်းမာရေးမကောင်းရှာတဲ့ သနားစရာ အဘိုးအိုတစ်ဦးကို လွတ်ငြိမ်းချမ်းသာပေးသင့်ကြောင်း တောင်းဆိုနေဆဲပဲ။

           ဟုတ်ပါတယ်။သူတို့မှာ အပြစ်မရှိပါဘူး။ သူပိုင်တဲ့ဂျာနယ်၊ သူ့ပိုက်ဆံနဲ့ထုတ်တဲ့ဂျာနယ်၊ သူရေးချင်ရာရေးမယ်လေ။ မဖတ်ချင် မဝယ်နဲ့။ မဖတ်နဲ့ပေါ့။ မီဒီယာဟာ အုံနာကို မလွန်ဆန်နိုင်ဘူး ဆိုတာ သိအောင်ပြောတာပါ။ မြန်မာပြည်မီဒီယာလောကဟာ သတင်းလွတ်လပ်ခွင့်ရဖို့ အိပ်မက်မက်နေတဲ့အခိုက် သူတို့ရဲ့တိုက်ပိုင်ရှင်ကြီးများဟာ အသီးသီးသော ဘဘဗိုလ်ချုပ်ကြီးများရဲ့ လောင်းရိပ်အောက်မှာ ခါးပိုက်ဆောင်ထဲမှာ ရှိနေဆဲပဲဆိုတာ သူတို့ကိုယ်တိုင် မေ့နေကြဟန် တူပါရဲ့ကွယ်။ သည့်ထက်ပိုပြီး ထင်ရှားတဲ့သက်သေ လိုချင်ရင်တော့ ကြေးမုံသတင်းစာတိုက်မှာ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။” ဆိုပြီး နောက်ကြောဖုံးပြည့် ကြော်ငြာထည့်ပေးဖို့ ပိုက်ဆံသွားသွင်းကြည့်လေ။ အရူးထောင်က ဆေးလက်မှတ်ကလေးတော့ လိုရမယ်ရဆောင်သွားဦး။

           ဆီးသီး၊ လိုင်ချီးသီး၊ စပျစ်သီးကလေးတွေ စားတဲ့အခါမှာ အသားချိုချိုကလေးတွေကို အရသာခံပြီး အစေ့တွေကို ထွေးထုတ်ရသလိုမျိုးပဲ၊ သတင်းဂျာနယ်တွေကို ဖတ်တဲ့အခါမှာလည်း အချက်အလက်မှန်၊ အထောက်အထား ခိုင်ခိုင်မာမာကလေးတွေကို ဖတ်ရှုမှတ်သားပြီး မဟုတ်မဟတ် လုပ်ဇာတ်ဖန်တီးထားတဲ့ဟာတွေကိုတော့ အာရုံထဲကနေ ထွေးထုတ်ပစ်တတ်ဖို့ လိုတယ်။ သမီးတို့လို ငယ်လွန်းသေးတဲ့အရွယ်တွေကျတော့ မဝေခွဲတတ်သေးရင် သူများရေးတာပြောတာကို ရမ်းသမ်းပြီး မယုံလိုက်ဖို့ သတိထားရမှာပေါ့။ ဒွိဟဖြစ်လို့ သိချင်တာရှိရင် အိမ်ကလူကြီးတွေကို ဖွင့်မေးတာ အကောင်းဆုံးပဲ။ ဘာဖြစ်လို့ဆိုတော့ မယုံရတဲ့လောကကြီးမှာ သတင်းဂျာနယ်တွေမှ မဟုတ်ဘူး။ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်ရတာတွေကလည်း ယုံလို့မရဘူးလို့လောကကြီးရဲ့ မျက်လှည့်နဲ့ မာယာတွေကို ဆက်သင်ရဦးမှာပေါ့။ ဆိုကြပါစို့။ အခုလောလောဆယ် သမီးသိချင်နေတဲ့ “ဘဘကြီး ဦးသိမ်းစိန် လယ်တွေမြေတွေ သိမ်းတယ်။” ဆိုတဲ့အကြောင်း။

            အဲ့လိုကိစ္စမျိုးရှိလာရင် သမီးက ပဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်ကို ခွဲပြီး မြင်အောင် ကြည့်ပလိုက်ရတယ်။ ဥပမာ စစ်တပ်က မြေတွေသိမ်းတယ် လို့ ပြောလာရင် သိမ်းတဲ့စစ်တပ်နဲ့ အသိမ်းခံရတဲ့တောင်သူကို ခွဲမြင်ပလိုက်။ ပြီးရင် တစ်ဘက်စီမှာ ရှိနေတဲ့အကြောင်းရင်းတွေကို ထပ်ပြီး မြင်အောင်ကြည့်ရတယ်။ တဘက်တည်း ကြည့်ရမှာတော့ မဟုတ်ဘူး။ နှစ်ဘက်စလုံးကနေ မှန်မှန်ကန်ကန် ကြည့်ရမှာ။ ပြီးရင် ကိုယ်က နှစ်ဘက်စလုံးကနေ လွတ်အောင် ဘေးကို ထွက်ပလိုက်ပြီး ဘေးလူအမြင်နဲ့ တခါထပ်ကြည့်ရတယ်။ ဘာသာရပ်ဆိုင်ရာ အငြင်းပွားမှုတွေဆိုရင် အဲသည်ဘာသာရပ်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူရဲ့ အမြင်ကို ထပ်သိဖို့လိုတယ်။ အမြင်တွေအားလုံးကို မောဟမဖုံးပဲ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်နိုင်မှ အဖြေရှာတဲ့အခါလည်း တိကျမှန်ကန်တဲ့ အဖြေတစ်ခု ထွက်လာလိမ့်မယ်။ ဆိုကြပါစို့။ ကုလားနဲ့ရခိုင်နဲ့ ဖြစ်တဲ့ အဓိကရုဏ်းကို ကုလားတွေချည့်ပဲ ကော်မရှင်ဖွဲ့ဖွဲ့၊ ရခိုင်တွေချည့်ပဲ ကော်မရှင်ဖွဲ့ဖွဲ့၊ ဘယ်လိုမှ အဖြေမှန် တွေ့မှာ မဟုတ်ဘူး။ ကရွတ်ကင်းလျှောက်ပြီး ထွက်ပေါက်ပိတ်နေလိမ့်မယ်။ သူတို့နှစ်ဘက်စလုံး မပါပဲ ဗမာတွေက ဝင်ရှင်းပေးလည်း ဘယ်ဘက်ကမှ ကျေနပ်မှာ မဟုတ်ဘူး။ ဝမ်းပျဉ်းသားကို မြေခွေးယူသွားပြီပဲ ပြောကြမှာ။ မတရားမှုဖြစ်တယ်ဆိုကတည်းက တဘက်ဘက်ကတော့ မတရားတာ လုပ်ခဲ့ပြီးပြီ။ အပြန်အလှန်တုန့်ပြန်မိရင် နှစ်ဘက်စလုံးမှာ အမှားတွေပါကုန်ပြီ။ အဲသည်နောက်တော့ ကိုယ်ကမှန်ပြီး တဘက်လူမှားတဲ့အကြောင်း သက်သေထူကြရတော့မယ်လေ။ လက်ပလာနဲ့ကလေးတွေကို ဒိုင်းနဲ့ကာ တုတ်နဲ့ရိုက်ပြီးရင်တောင် သူတို့ကရိုက်လို့ ပြန်ရိုက်ရပါတယ်တို့ ဘာတို့ ပါးစပ်ထဲရှိတာ ဆက်ပြောကြတာ မဟုတ်လား။ အဲ့ဒါကြောင့် အချက်အလက်မှန်ကို သိချင်တဲ့သူဟာ ဘယ်ဘက်ကမှ မနေရဘူး။ အမှန်ကို သိပြီးတော့မှ မှန်တဲ့ဘက်က ဝင်ပါတာက တစ်ပိုင်း။

           တောသူတောင်သား လယ်သမားကြီးတွေခမျာ နေစရာအိမ်မရှိ၊ လုပ်ကိုင်စားစရာ လယ်ယာမြေမရှိ၊ အသက်ကြီး ခုနှစ်ဆယ်ရှစ်ဆယ်ကျမှ အသိမ်းလည်းခံ၊ လူလည်း ထောင်ကျရတယ်ဆိုတဲ့ အဖြစ်အပျက်တွေဟာ မှန်ချင်လည်းမှန်မယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဒါပေမယ့် အခါခပ်သိမ်း အစဉ်သဖြင့် သူတို့ပြောသလို အမှန်ချည့်ပဲလို့တော့ တွက်လို့မရဘူး။ အင်မတန်ဇာတ်နာတဲ့ ဒရာမာကြီးတွေမှာ လုပ်ဇာတ်တွေလည်း ပါတတ်တယ်။ ဥပမာ တစ်ခုပြမယ်။ ကိုယ်တို့လမ်းထဲမှာ ညဘက်ကျရင် ကားတွေကို အိပ်စောင့်ပေးတဲ့ လူကြီးတစ်ယောက် ရှိတယ်ဆိုပါစို့။ သူက ညဘက်ကျရင် လမ်းထဲက ကားတွေ သူများလာမခိုးအောင် လခယူပြီး မအိပ်မနေ စောင့်ပေးတဲ့အခါ
ကျောလေးဘာလေးဆန့်ဖို့ ခေါက်ကုတင်ကလေးတစ်လုံးနဲ့ နေရတာပေါ့။ ခြင်တွေကလည်း ကိုက်တော့ ခြင်ထောင်တစ်လုံး ထောင်ရပြန်တယ်။ သနားပါတယ်။ မိုးရွာလာရင် အကာအရံမရှိဘူး။ တာလပတ်ကလေးတစ်မိုးတော့ ကာရမှာပေါ့။ မိုးအေးအေးနဲ့ ရေနွေးကြမ်းကလေး ဘာလေး သောက်ချင်မယ်လေ။ မီးသွေးမီးဖိုကလေး။ ည ဆာရင်စားလို့ရအောင် အိုးခွက်ပန်းကန်ကလေး။ အဖိုးကြီးက အသက်ကြီးပြီလေ။ နေမကောင်းထိုင်မကောင်းရှိတော့ စိတ်မချပါဘူး။ အရေးအကြောင်းဆို ပြုစုဖို့ ဆွေနီးမျိုးစပ်ကလေး အဖော်အလှော်ရှိတော့ ကောင်းတာပေါ့။ နေတဲ့အတူတူတော့ မထူးပါဘူး။ ညဘက်ဆာတဲ့သူတွေ စားလို့ရအောင် အလင်းဆိုင်ကလေး ဖွင့်တော့ကောင်းသားပဲ။ ပလပ်စတစ်ခုံကလေးတွေ ခေါက်စားပွဲကလေးတွေ ခင်းလိုက် ရပါတယ်။ ဆိုင်လေးက ရောင်းကောင်းလာတော့ တစ်ယောက်တည်း မနိုင်တော့ဘူး။ လူငှားလေး ဘာလေး ရှိမှ။ ဆိုင်ခုံတွေက တွန်းလှည်းကြီးတစ်စီးစာ ဖြစ်လာတယ်။ ချက်ပြုတ်ကျော်လှော်ဖို့ မီးဖိုချောင် တစ်နေရာစာ လိုလာတယ်။ မိုးတွင်းကျခေါက်လို့ရတဲ့ အမိုးနဲ့မှ ဖြစ်မှာ။ သည်နေရာ ကားလာမရပ်နဲ့လေ။ သူများတကာ ဆိုင်ခင်းမလို့။

           အဲသလိုနဲ့ လမ်းထိပ်တိုင်း လမ်းထောင့်တိုင်းမှာ မိသားစုကလေးတွေ အခြေကျလာကြပါတယ်။ လမ်းဘေးပျံကျ ဈေးသည်ကလေးတိုင်းဟာ ညကြီးမိုးချုပ်မှ အဝေးကြီးအိမ်ပြန်ပြီး မနက်ဖြန် စောစောထလာရမယ့် အတူတူတော့ ဆိုင်နားမှာပဲ ပစ္စည်းလေးတွေစောင့်ရင်း ဖြစ်သလို အိပ်လိုက်တာ ကောင်းပါတယ်။ သူတို့လေးတွေ အမြစ်တွယ်သွားတဲ့အခါ နောင်ကျလို့ မလွှဲသာမရှောင်သာ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ရမယ့်အချိန်ရောက်လာခဲ့ရင်တောင် သူတို့ခင်းတဲ့ဆိုင်နေရာ လမ်းဘေးပလက်ဖောင်းကလေးက အဖိုးသားနား တနင့်တပိုးပေးဝယ်ရတဲ့ ဆိုင်ဈေးကန္နားဈေးတွေ ဖြစ်ကုန်ပါတယ်။ မြို့လယ်ခေါင် အိမ်ခန်းတစ်ခန်းဝယ်ဖို့ မဖြစ်နိုင်တဲ့သူတွေအတွက် ကားဂိုဒေါင်ကလေးတွေကိုဝယ်ပြီး မိသားစုလိုက် ဝင်နေလိုက်ကြတာ ဂိုဒေါင်တစ်လုံး သိန်းလေးငါးဆယ် ပေါက်ကုန်ပါရော။ တကယ်တော့ တိုက်နံရံမှာ ပေါက်လာတဲ့ ညောင်ပင်ကလေးများလိုပဲ အမြစ်တွယ်ပြီး ပွားများ မလာခင်ကတည်းက စည်းကမ်းတကျ မဟုတ်သော နေမှုထိုင်မှုကလေးတွေကို ခွင့်မပြုခဲ့ရင် နောင်ကျတော့ ရဲတွေလာတာတောင် တုတ်ဆွဲဓါးဆွဲ ခုခံမယ့် သေမထူးနေမထူးတွေဘဝကို ရောက်လာမှာ မဟုတ်ပါဘူး။ လယ်သိမ်းမြေသိမ်း အသိမ်းခံရတဲ့သူတွေမှာ မိရိုးဖလာ တောင်သူလယ်လုပ် ဓါးမခုတ်တွေ ပါသလို အခုပြောတဲ့ ကျူးကျော်ပျံကျတွေလည်း အများကြီး ပါနေပါတယ်။ တကယ့်တောသူတောင်သား လယ်သမားအစစ်တွေဟာ အစိုးရ ရုံးပြင်ကန္နားနဲ့ပတ်သက်လာရင် ကျားမြီးသာ ဆွဲကြမယ့် အစားတွေပါ။ အင်မတန် ကြောက်တတ်ပါတယ်။ လွှတ်တော်ထဲမှာ စကားပြောမယ်ဆိုတဲ့ ရဲရဲတောက် အာဇာနည်ကြီးတွေဟာ တကယ့်တောသား ဟုတ်မဟုတ် သံသယရှိစရာကြီး။ သူတို့ဘယ်သူတွေလဲ ဘယ်ကလာသလဲ ဆိုတာ အစိုးရမင်းများက ပိုသိကြပါလိမ့်မယ်။

           သို့သော်လည်း အဲသည်ဘက်က ဟိုလူတွေကို ဘယ်လိုမှ ပြန်မဥပဒ်ရဲတာလည်း သူတို့အကြောင်းနဲ့သူတို့ ရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ သူတို့ဘက်ကလည်း အခါခပ်သိမ်း မမှန်ပါဘူး။ ကိုယ်ကမမှန်တဲ့အခါ သူများကိုလည်း လက်ညှိုးထိုးလို့ မရပါဘူး။ နယ်ဘက်ဒေသအသီးသီးမှာ စစ်တပ်တွေ အသစ်တိုးချဲ့တဲ့အခါ တပ်ပိုင်မြေတွေ အသစ်အသစ် သတ်မှတ်ရပါတယ်။ သူတို့တပ်ပိုင်မြေထဲမှာ နဂိုမူလနေနေ လုပ်ကိုင်စားသောက်နေတဲ့သူတွေကို တခြားမှာ မြေနေရာ အစားပြန်ပေးပြီး သူတို့တပ်ပိုင်မြေထဲကိုတော့ အပြင်လူ ကျူးကျော်ဝင်ရောက်ခွင့်မပြုပါဘူး။ သီးပင်စားပင် ရေကန်အသင့်ကြာအသင့်နဲ့  ဥယျာဉ်ခြံမြေတွေကို သိမ်းပြီး ဖုန်းဆိုးမြေတွေ မြေလွတ်မြေရိုင်းတွေကို ပြန်အစားပေးတာလည်း ကိုယ်တွေ့မျက်မြင်တွေ့ခဲ့ပြီးလို့ ရေးခဲ့ဖူးပါတယ်။ ဒါကတော့ သူတို့လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေနဲ့အညီ ဆောင်ရွက်တာ လို့ ဆိုကြပါစို့။ သို့သော်လည်း အခါခပ်သိမ်း ဥပဒေနဲ့ ညီလို့လား ဆိုတာကြီးက မေးစရာ ရှိလာပါတယ်။ ကိုယ်တွေ့ ကြုံဖူးတာတစ်ခု ပြောပြပါ့မယ်။ (သူတို့ခမျာလည်း ကံဆိုးရှာပါတယ်။ ကိုယ်နဲ့ချည့် လာလာတွေ့ရတာ)

           ဆေးရုံရှေ့ဥပစာက စည်ပင်သာယာပိုင်နက်မြေဟာ လူသွားလူလာများတဲ့ ဈေးပိုင်းကျတာမို့ လက်တွန်းလှည်းနဲ့ ဈေးသယ်တွေ လာလာရောင်းလေ့ရှိပါတယ်။ ဖရဲသီးပေါ်ချိန်ကျတော့ ဖရဲသီးသယ်တွေက လာရောင်း ကျွဲကောသီးပေါ်ချိန်ကျ ကျွဲကောသီးတွေလာရောင်း၊ ကိုယ်လည်း တစ်လုံးမှ စားရတာ မဟုတ်ပေမယ့် အစည်းအဝေးကျတဲ့အခါ လက်ညှိုးငေါက်ငေါက်ထိုးပြီး နှစ်ပြားမတန်အောင် အပြောခံရပါတယ်။ “ဘယ်သူ့အမိန့်နဲ့ ခွင့်ပြုတာလဲ။ မနက်ဖြန် မမြင်ချင်ဘူး။ အကုန်ရှင်းပေး။” ဆိုလို့ ကိုယ်ခွင့်ပြုထားတာ မဟုတ်ပဲ သူ့ဘာသူရောင်းနေတဲ့ဆိုင်တွေကို နှင်ရပါတယ်။ စောစောကပြောသလို ညောင်စေ့လေးတွေ အမြစ်တွယ်မှာစိုးလို့ နေမှာပေါ့နော်။ ဒါပေမယ့် ညောင်စေ့လေးတွေ ကုန်အောင်ရှင်းပြီးတဲ့အခါ သူကိုယ်တိုင် ညောင်ပင်ကြီး အပင်လိုက်ရွှေ့ပြီး လာစိုက်ပါတယ်။ ပလက်ဖောင်း မြေနေရာပေါ်မှာ ဆိုင်ခန်းလေးတွေ အကွက်ရိုက်ပြီး သူရောင်းသလိုငါရောင်းသလိုနဲ့ ရောင်းစားသွားတာပါ။ ဝယ်တဲ့သူပြန်ပြောမှ သိရတဲ့ သူ့အကွက်ကို ဘာမှ မပြောလိုပေမယ့် ကိုယ်မလုပ်ထားတဲ့အလုပ်ကို လူပုံအလယ်မှာ နင်ပဲငဆပြောဆိုထားတဲ့ သူ့လေသံကို ကိုယ့်တစ်သက်မမေ့နိုင်ပါဘူး။ ဘယ်ဌာနေ ဘယ်နေရာရောက်ရောက် ရောက်လေရာအရပ်မှာ မြေကွက်ကလေးများ ချပေးနိုင်မလား၊ ပါမစ်ကလေးများ ချပေးနိုင်မလား။ မျှော်ကိုးခြင်း ကုဋေကုဋာနဲ့သူတွေ မြင်ဖူးပေါင်းများလို့ ဘယ်လိုမှ မအံ့သြနိင်တော့ဘူး။ မသိမတတ်တဲ့ အောက်ခြေလူတန်းစား ပညာမဲ့တွေက မှားရင် အစိုးရဘက်က အမှန်နဲ့ စည်းကမ်းနဲ့ တည့်မတ်ပေးလို့ရပါတယ်။ အစိုးရကိုယ်တိုင်က မလိုက်နာတဲ့ဥပဒေ စည်းကမ်းကို တိုင်းသူပြည်သားကလည်း အလေးထားပါ့မလား။ နှစ်မှားပေါင်းတော့ တစ်မှန် ပြန်မဖြစ်ပဲ ဆက်ကာဆက်ကာ မှားကြပြန်ပါတယ်။

            အခုကိစ္စက ခြံစည်းရိုးပေါ်ခွထိုင်ပြီး သိမ်းတဲ့သူရော အသိမ်းခံရတဲ့သူကိုရော သိမ်းကြုံးဆော်နေတာမဟုတ်ပါဘူး။ ဘယ်ဘက်ကိုမှ တဘက်သတ် မယုံဖို့ ကိုယ့်ကလေးကိုယ် သွန်သင်တာပါ။ နှစ်ဘက်စလုံးမှာ မမှန်တဲ့သူတွေ ရှိတာ သေချာပါတယ်။ အဲသည် မမှန်တဲ့သူတွေအတွက် တကယ် အစစ်အမှန် နစ်နာခံစားရတဲ့သူတွေမှာ နူရာဝဲစွဲ လဲရာသူခိုးထောင်း ခံရပါတယ်။ ဘာဖြစ်လို့ဆိုတော့ နှစ်ဦးနှစ်ဘက် ထိပ်တိုက်တွေ့တဲ့ပဋိပက္ခထဲကို ကြားဝင်ခလောက်ဆန်သူတွေ ပါလာလို့ပါ။ ကျူးကျော်မယ့်သူတွေအတွက် ဝါးလုံး ကားအစည်းလိုက်၊ ဓနိ၊ ထရံ၊ တူရော သံပါ စပွန်ဆာပေးတဲ့ စေတနာရှင်ကြီးများ ရှိလို့ပါ။ ပြီးရင် လူကိုယ်တိုင်အင်တာဗျူးမယ့် သတင်းဌာနကြီးတွေလည်း အဆင်သင့်ပါ။ သတင်းအချက်အလက်တွေအပေါ်မှာ နိုင်ငံရေးအမြတ်ထုတ်သလိုပဲ ပြည်တွင်းပြည်ပ ပဋိပက္ခတွေအပေါ်မှာလည်း ကိုယ်လိုချင်တဲ့ နိုင်ငံရေးအကျိုးအမြတ်တစ်ခု အဖြေထုတ်ယူလိုသူတွေ ဝင်ကစားကြတာကိုး။ မာယာတွေ ဇာတ်ရှိန်မြင့်လာတော့ အစိုးရကိုဆော်ရင် အတိုက်အခံက၊ အတိုက်အခံကို နှိပ်ကွပ်ရင် အစိုးရက လို့တောင် တရားသေ မတွက်နိုင်တော့ပါဘူး။ ကိုယ်တွေမှ နှစ်ဘက်စလုံးကို မယုံတော့တာ မဟုတ်ဘူး။ သူတို့လည်း ကိုယ့်လူကိုယ် မယုံကြတော့ဘူး။

            သည်အခါမျိုးမှာ လုပ်ထားတဲ့လုပ်နေတဲ့အလုပ်တွေ အကုန်မေ့ပြီး ဘယ်သူ့ကို ငါ့နောက်ကျောမှာ ထားရင် စိတ်ချရသလဲဆိုတာက အသက်တမျှ အရေးကြီးလာပါတယ်။ လူအရွေးမှားရင် ကိုယ့်အသက် ပါလိမ့်မယ် လို့ သဘောပေါက်ကုန်တယ်လေ။ အဲသည်တော့ ကိုယ့်ဘက်က စိတ်ချထားတဲ့ ကိုယ့်လူကိုယ့်ဘက်သားဆိုရင် သူဘာလုပ်လုပ် မျက်စိမှိတ်ပြီး ခွင့်လွှတ်ပေးလိုက်ဖို့ပဲ စဉ်းစားပါတော့တယ်။ သူမရှိလို့ နောက်လူရှာရင် သူ့လို စိတ်ချရဖို့မသေချာဘူး ထင်တာကိုး။ ဒါကြောင့်လည်း ထိပ်သီးခေါင်းဆောင်များဟာ စွမ်းဆောင်ရည်တွေ၊ ဦးဆောင်မှုတွေ၊ စီမံခန့်ခွဲအုပ်ချုပ်မှုတွေထက် ကိုယ်ခြေကုပ်ယူထားတဲ့ ကျောထောက်နောက်ခံ ခိုင်မာဖို့ကိုပဲ အဓိကထားပါတော့တယ်။ သမိုင်းဆိုတာ နန်းတက်တဲ့ဘုရင်က ရေးစမြဲမို့ ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ ကိုယ်အာဏာရတဲ့အထဲပါရင် ကိုယ်ရေးချင်သလိုရေးလို့ရပြီ လို့ သဘောထားကြပါတယ်။ အဲ့ဒါကြောင့် သူတို့ဟာ ပါတီစွဲ၊ ဝါဒစွဲတောင် မထားတော့ပါဘူး။ ငါစွဲတစ်ခုပဲ ထားကြတော့တယ်။ အခုပါတီက မနိုင်ဘူးသေချာရင် ဟိုဘက်ပါတီက ဝင်ပြိုင်ဖို့ အဆင်သင့်ပဲ။ သည်လှေနစ်ရင် ဟိုလှေကူးဖို့ ဝန်မလေး။ သူတို့အချင်းချင်း အဆင်းအတက် အခင်းအကွက်တွေ ကစားဖို့အတွက် မီဒီယာတွေ၊ လူထုပဋိပက္ခတွေက ထိုးကျွေးစရာ ပွန်းကလေးတွေ ဖြစ်ကုန်တာပါပဲ။

            ကမ္ဘာပေါ်မှာဖြင့် ကိုယ်တို့ မြန်မာပြည်နိုင်ငံရေးလောကလောက် ကောက်ကျစ်သော၊ လှည့်ဖြားတတ်သော၊ မယုံကြည်အပ်သောသူများ ခြေချင်းလိမ်နေတာ ဘယ်မှာမှ ရိုးစွဲရှာရနိုင်မယ် မထင်ပေါင်။ အဲ့ဒါကြောင့် နိုင်ငံရေးနဲ့ပတ်သက်လာရင် ကိုယ့်သမီးကို ဘာမှ ပေးမသိပဲထားတာ အကောင်းဆုံးလို့ တွေးမိတာပါ။ အခု သူ့ဘာသူ သိချင်တာတွေ သိနှင့်ပြီးပြီမို့ အယူလွဲအမှတ်လွဲ မဖြစ်ရလေအောင် စဉ်းစားပုံ တွေးတောနည်းကလေး သင်ပေးရတာလေ။ သူများပြောတိုင်းရေးတိုင်း အလွယ်တကူ ယုံမိမှာစိုးလို့။ ယုံချင်ယုံ မယုံချင်နေ။ လိမ်တယ်ညာတယ် ဖုံးကွယ်တယ်ဆိုတာ ခဏတဖြုတ်ပဲရတယ်။ အချိန်တစ်ခုလွန်သွားတော့ အဖြေက သူ့ဟာသူ ထွက်လာတာပါပဲ။ ဒီပဲယင်းမှာ မခံမရပ်နိုင်သောမိဘပြည်သူများရဲ့ လုပ်ရပ် ဆိုတာကြီးဟာ အခုချိန်မှာ အဲဒီတုန်းက အတွင်းရေးမှူး(၁) တာဝန်ယူထားသူကိုယ်တိုင်က နိုင်ငံတော်က ခိုင်းတာပါ လို့ ထုတ်ဖော်ရေးသား ဝန်ခံထားပါပြီ။ (မပူနဲ့။ နောင်ကျတော့ ဒေါသထွက်နေသောလူအုပ်ကြီး ဘယ်သူခိုင်းပါတယ်ဆိုတာလည်း ပေါ်လာလိမ့်မယ်။) ဒိဋ္ဌိများ အစွဲမကျွတ်ရင် သံသရာပါတယ်ဆိုတာ သူနဲ့မှ ယုံပါတော့တယ်။ သူပြောတဲ့ နိုင်ငံတော်ဆိုတာ ဘယ်သူများပါလိမ့်။ သူတို့ဟာသူတို့ လုပ်ချင်တာတွေ တရားမဲ့လုပ်ချင်တိုင်းလုပ်ပြီး အဲဒီလုပ်ရပ်ဟာ နိုင်ငံတော်ကို ကိုယ်စားပြုတယ်လို့ ဆိုချင်တာလား။ သူတို့ကိုယ်သူတို့ နိုင်ငံတော်အဖြစ် ခံယူထားတာကိုး။ ဖြစ်မှဖြစ်ရလေ။ တစ်နိုင်ငံလုံး သူပိုင်ပါတယ် ထင်နေတဲ့သူတွေကို ဟိုနားသည်နားက မြေကွက်ကလေး၊ အစိုးရရုံးအဆောက်အဦကလေး သူလုပ်ချင်သလိုလုပ်တာ ဘာတွေလာပြောစရာရှိလို့လဲ။ “သဘောမတူရင် ခေါင်းထားခဲ့။ ကိုယ်ချည့်ပြန်။”ဆိုလည်း ပြန်ရမယ့်ဟာ။

            အခု သမီးသိသွားပြီဖြစ်တဲ့ လယ်သိမ်းမြေသိမ်း၊ တောင်ယာသိမ်းပြသနာဟာ အစိုးရကချည့်ပဲ မဟုတ်မတရား အနိုင်ကျင့်တဲ့ကိစ္စမို့လို့ ၂၀၁၅ ကျရင် သည်ဦးသိမ်းစိန်အစိုးရကို ဖြုတ်ချနိုင်ရင် အလိုလို ပြေလည်သွားလိမ့်မယ် မထင်နဲ့။ ပြည်သူလူထုဘက်ကလည်း စည်းကမ်းမရှိ၊ ဥပဒေကို မလေးစားတာတွေ ပါတဲ့အတွက် နောက်ထပ် ဘယ်အစိုးရတက်တက် သူတို့နဲ့ ဆက်ဖြစ်နေရဦးမှာ။ အဲဒီအခါကျလည်း အတိုက်အခံဖြစ်သွားတဲ့ဘက်က အဆင်းဘီးတပ်ပြီး ဘေးတီးပေးဦးမှာ။ မီးလောင်ရာ လေပင့်ကြဦးမှာ။ ဘယ်တော့မှ ဆုံးမှာ မဟုတ်ဘူး။ မပတ်သက်တာ မသိတာပဲ ကောင်းတယ်။ ရင့်ကျက်တဲ့ဦးနှောက်ရှိလာတဲ့တစ်နေ့မှ ပြန်ရှာဖတ်ကြည့်။ တရုတ်သိုင်းကားထဲကလို ပြောရရင်တော့ အဆင့်မြင့်သိုင်းကွက်တွေ တတ်ချင်ရင် အခြေခံ အတွင်းအား နဲ့ ကိုယ်ဖော့ပညာကို အရင်လေ့ကျင့်ထားနှင့်ဦး။ လောလောဆယ်တော့ သူများကသိမ်းရင် သိမ်းတယ်လို့ပဲ မှတ်ထားနော်။ ပညတ်သွားရာ ဓါတ်သက်ပါသတဲ့။ သိမ်းပါတဲ့သူမို့ သိမ်းတတ်တယ်ထင်ရင် အောင်ပါတဲ့သူကျ အောင်ရမယ် လို့ မှတ်။ အဟတ် အဟတ်။ အမယ်ကြီးအိုအောင်စိန်ကို မဲပေးကြပါစို့။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...