Sunday, March 29, 2015

ဆီကျူလာ ၊ ဆီကျူလာရိုက်ဇေးရှင်း ၊ ဆီကျူလာရစ်ဇင်


ဆီကျူလာရစ်ဇင် ( Secularism) ၀ါ လောကီဆန်မှုအမြင်နဲ့ပတ်သတ်လာရင် အဓိကကျတဲ့စကားလုံး သုံးလုံးရှိတယ် ၁။သူနဲ့ဆက်နွယ်နေတဲ့ စကားလုံးသုံးလုံးပါပဲ။ တစ်လုံးနဲ့ တစ်လုံး အခြေခံအားဖြင့်မတူပဲ ဆက်နွယ်နေ တယ်။ ဆီကျူလာရစ်ဇင်ဆိုတဲ့ အမြင်ကိုလည်း အထောက်အပံ့ပေးကြတာတွေ့ရမယ်။ ယေဘုယျအားဖြင့်တော့ ဆီကျူလာ( secular )၂ ဆိုတာ ခေတ်သစ် သိမှုဆိုင်ရာ အမျိုးအစားခွဲ တစ်ရပ် ၊ ဆီကျူလာရိုက်ဇေးရှင်း ( Secularization) ဆိုတာကတော့ ခေတ်သစ် ကမ္ဘာလောကရဲ့သမိုင်းဆိုင်ရာ ဖြစ်စဉ်ကို အယူအဆရေးရာ အားဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိတဲ့အရာ ၊ ဆီကျူးလာရစ်ဇင်ကတော့ရှင်းပါတယ် ၊ လောကီဆန်တဲ့ ကမ္ဘာလောကကြီးရဲ့ အိုင်ဒီယိုလိုဂျီ ။ ဘာသာရေးမစွက် လောကီဆန်တဲ့ အတွေးအမြင် ၊ အိုင်ဒီယိုလိုဂျီတစ်ခုပဲ။ ဆီကျူးလာက ခေတ်သစ် သိမှု ဆိုင်ရာ အမျိုးအစားမှာ အဓိကကျတဲ့ အယူတစ်ရပ်ပဲ ။ သူ့ကို သီအိုလိုဂျီ- ဒဿနပညာ အတွဲ ၊ ဥပဒေ- နိုင်ငံရေးဆိုင်ရာ အတွဲ နဲ့ ယဉ်ကျေးမှုနဲ့ မနုသဗေဒဆိုင်ရာအတွဲတွေမှာတွေ့ရမယ်။ ဘာသာရေးကနေ ကွဲလွဲဖို့ အနက်အဓိပ္ပာယ်ဖွင့် ဆိုတာ ၊ တည်ဆောက်တာ ၊ တစ်ခုခုကို ဆုပ်ကိုင်မိအောင်လုပ်တာ၊ တွေ့ကြုံခံစားမိအောင်လုပ်တာတွေဟာ ဆီကျူလာ တွေပဲ။
ခေတ်သစ်အဆက်အစပ်မှာ ဆီကျူလာဖြစ်မှုတွေကို အဓိပ္ပာယ်ဖွင့်တာ ၊ အင်စတီကျူးရှင်းဘောင် အတွင်းသွတ်သွင်း တာ၊ တွေ့ကြုံခံစားနိုင်အောင် လုပ်တာ တွေကနေ လေ့လာစူးစမ်းကြည့်နိုင်တယ်။ ဆီကျူးလာရိုက်ဇေးရှင်းကတော့ ဘာသာရေးကနေ ဆီကျူလာဖြစ်မှု ဆီကို ဘယ်လို ပုံသဏ္ဌာန်ပြောင်းလဲ သွားသလဲ ဆိုတာကို ခွဲခြမ်းစိတ်ဖြားတဲ့ အပိုင်းပဲ။ နောက် ခေတ်သစ် ၀ါ မော်ဒန်အသွင်ကို ဘယ်လောက်ပြောင်း လဲခဲ့ပြီလဲဆိုတာကို နိုင်ငံတစ်နိုင်ငံက ဘယ်လောက် ဆီကျူလာဖြစ်ပေါ် ပြောင်းလဲခဲ့သလဲ ဆို တဲ့ ဆီကျူးလာရိုက်ဇေးရှင်း ကိုကြည့်ခြင်းအားဖြင့် တိုင်းတာနိုင်တယ်။ ဆီကျူးလာရစ်ဇင်ကတော့ မော်ဒန် ၀ါ ခေတ်သစ် ဖြစ်မှု ရဲ့လက္ခဏာတစ်ခုဖြစ်သလို ၊ သိမှုဆိုင်ရာ အနေအထားတစ်ခုဖြစ်တယ်။ လောကီဆန်တဲ့ နိုင်ငံတော်နဲ့ ဘာသာရေး ကွဲပြားမှု အတွက် အဓိက လောကအမြင်တစ်ခုပဲ ။
ဆီကျူလာဖြစ်မှု
ဆီကျူးလာဆိုတာ အလွယ်ပြောရရင်တော့ ဘာသာရေးကနေ လုံးဝကင်းဝေးတဲ့ အခြေအနေ တစ်ရပ်ဖြစ် တယ်။၃ ဘာသာရေးကို ရှောင်းရှားထားတဲ့ အလယ်အလတ် အရှိတရားတစ်ခုပဲ။ ဆီကျူလာဖြစ်အောင်လုပ်တယ်ဆိုတာ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်၊ ဘာသာရေးဆိုင်ရာ အကြောင်းအရာကို လောကီဆန်လာအောင်လုပ်တာဖြစ်တယ်။ သမိုင်တစ်လျောက်မှာတော့ ဆီကျူးလာရိုက်ဇေးရှင်းဆိုတာ ဒီလို ဘာသာရေးကနေ ဆီကျူးလာဖြစ်တဲ့ သမိုင်းဖြစ်ပြီး ဥရောပမှာ အဓိကအားဖြင့် အလယ်ခေတ်ခရစ်ယန်သဘောရဲ့ နှစ်ခုတွဲသဘာဝကနေ ကျော်လွန်အောင် ကြိုးစားခဲ့တဲ့ ဖြစ်စဉ်းကို ဆိုလိုတယ်။ အလယ်ခေတ် ခရစ်ယန်လူ့အဖွဲ့အစည်းမှာ တစ်ဖက်ကဘာသာရေး ရှိပြီး ကျန်တစ်ဖက်မှာ လောကီဆန်တဲ့ အရာတွေရှိတယ်။ ဒီနှစ်ခုတွဲကလူ့အဖွဲ့အစည်းအတွင်း လည်ပတ်အလုပ်လုပ်နေတာ။ ဆီကျူးလာ ရိုက်ဇေးရှင်းဖြစ်အောင်လုပ်တယ် ၀ါ ဆီကျူလာဖြစ်အောင်လုပ်တယ်ဆိုတာ အဲဒီနှစ်ခုတွဲ စည်းမျဉ်းကို ဖျက်ပစ်တာ၊ အထူးသဖြင့်နှစ်ခုတွဲ စည်းမျဉ်းမှာမှ ဘာသာရေးကို လောကီဆန်မှုကို ချေမှုန်းပစ်တာ ၊ ကျော်လွန်သွားနိုင်အောင် လုပ်ပ်စလိုက်တာမျိုးပဲ ။ လောကီဆန်မှုတစ်ခုတည်းသာလျင် အသားစီရအောင် လည်ပတ်ပြောင်းလဲနေတဲ့ သမိုင်းကို ဆီကျူးလာရိုက်ဇေးရှင်းရယ်လို့ခေါ်တယ်။ အနောက်တိုင်းလူ့အဖွဲ့အစည်းမှာ ဆီကျူးလာရိုက်ဇေးရှင်းဖြစ်ပေါ်ခဲ့တဲ့ အခြေအနေက ဒိုင်းနမစ်ဆန်တယ်။ ပုံသဏ္ဌာန်နှစ်မျိုးရှိတယ်။ ပထမ ပုံသဏ္ဌာန်က ဘာသာရေးကို ဆီကျူလာဖြစ်အောင်လုပ်လိုက်တယ်။ ဥပမာ ဘုန်းတော်ကြီးတွေဟာ လောကီဆန်လာပြီး လောကီ ဆန်တဲ့ ခရစ်ယန်ဘုန်းတော်ကြီးတွေဖြစ်လာတယ်။ လောကီဆန်မှုတွေကိုလည်း ဘာသာရေးနဲ့ ရောယှက်လိုက်တယ် ။ အဲဒီအခါမှာ ဘာသာရေးနဲ့ လောကီဆန်မှု သက်သက်ဆီရှိနေတဲ့ ဘောင်အောင်ပြိုက်ပျက်ရောယှက်သွားပြီး ဘာသာရေးဆန်တဲ့ လောကီဆန်မှု နဲ့ လောကီဆန်တဲ့ ဘာသာရေး ဆိုပြီး ဖြစ်သွားတယ်။ ဒီသဘောကနေ တစ်ဆင့် လောကီဆန်မှု ၀ါ ဆီကျူးလာရိုက်ဇေးရှင်းဖြစ်လာတယ်။ ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးဟာ ( ဘုန်းတော်ကြီး တွေ အိမ်ထောင်ပြုခွင့် အပါအ၀င် တခြားတော်တော်များများမှာ ) ဒီသဘောနဲ့ ဆီကျူးလာရိုက်ဇေးရှင်းဖြစ်လာတာကို တွေ့ရမယ်။ အမေရိကန်ရဲ့ အင်္ဂလို ဆက်ဆွန် ကယ်လဲဗင်နစ် ယဉ်ကျေးမှုဆိုင်ရာဧရိယာတွေထဲမှာလည်း ဒီလို ပြောင်းလဲမှုမျိုးကိုတွေ့ရမယ်။ နောက်ထပ် ဆီကျူလာပြောင်းလဲမှုပုံစံကတော့ ဒီလိုရောယှက်ပြစ်ခြင်းသဘောနဲ့ ဆန့်ကျင်ဘက်ပဲ။ သူက လောကီဆန်တဲ့ ၀ါ ဆီကျူးလာနယ်ပယ်မှန်သမျှကို ဘာသာရေး ထိန်းချုပ်မှုကနေ လွတ်ကင်းအောင်လုပ်တဲ့ ပုံစံ ပဲ။ ဒါကြောင့်ေ၇ာယှက်မှုပုံစံထဲ လောကီဆန်မှုနဲ့ ဘာသာရေးဆန့်ကျင်ဘက်အတွဲ တစ်စုံထွက်လာတယ်။ ယခင်ကလို လောကီဆန်မှုနဲ့ဘာသာရေးနှစ်ခုရှိနေတဲ့ ပုံစံမျိုးမဟုတ်ဘဲ လောကီဆန်မှုနဲ့ ဘာသာရေးဆန့်ကျင်ဘက် အတွဲတစ်ခု အနေနဲ့ ဒိုင်းနမစ်ဆန်ဆန်ဖြစ်ထွန်းလာတာ။ ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးပုံသဏ္ဌာန်နဲ့မတူဘူး။ သူက လောကီ ဆန်မှုနဲ့ ဘာသာရေးနှစ်ခု ဆန့်ကျင်ပြီး တင်းတင်းကြပ်ကြပ် ပုံစံတစ်ရပ်အနေနဲ့ ထိန်းသိမ်းထားတာ။ ပြီးရင် အဲဒီ နယ်နမိတ်တွေကို ဘေးစည်းမျဉ်းထဲကို တွန်းထုတ်လိုက်ပြီး ဘာသာရေးပါအရာမှန်သမျှကို ပုဂ္ဂိုလိကပုံစံ သွတ်သွင်းမှု ၊ ဘေးဖယ်ထုတ်မှုတွေလုပ်တယ်။ လောကီဆန်တဲ့ လူထုပိုင်နယ်မြေ ၀ါ အများပြည်သူဆိုင်ရာနယ်ပယ်တွေထဲမှာ မမြင်နိုင်အောင်လုပ်ဖယ်ထုတ်လိုက်တယ်။ ကတ်သလစ်နိုင်ငံတွေမှာ ဘုန်ကြီးကျောင်းတွေကို ဒီလို ဆီကျူလာရိုက် ဇေးရှင်းပုံစံအဖြစ်ပြောင်းလဲခဲ့ကြတယ်။ ပြင်သစ်တော်လှန်ရေးကာလနဲ့ နောက်ပိုင်လစ်ဘရယ်တော်လှန်ရေးကာလ တွေအတွင်းမှာပဲ ။ အဲဒီလို လုပ်တဲ့အခါ ပရိုတက်စတင့် ပြုပြင်ပြောင်းလဲမှုလို မဟုတ်တော့ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ ကတ်သလစ်ဘုန်းတော်ကြီးကျောင်းနံရံတွေကို ဖြိုချပြစ်တာလုပ်တယ်။ ဘာသာရေးရဲ့ ပြည့်ဝမှုတွေကို ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးလို လောကီဆန်မှုထဲ ရောယှက်ယူဆောင်လာတာမျိုးမဟုတ်တော့ဘူး ။ ဘာသာရေးနေရာတွေ နဲ့ ဘာသာရေးအတွင်းသားအကြောင်းအရာတွေကို ဗလာဖြစ်နေအောင် လုပ်တာပဲ။ ဘုန်းတော်ကြီးနဲ့ မယ်သီလရှင်တွေ ကို ကမ္ဘာလောကထဲကို မောင်းထုတ်လိုက်ပြီး ကမ္ဘာလောကထဲမှာ ဘာသာရေးဆန်တဲ့ အကြောင်းအရာတွေကို ကင်းလွတ် နေအောင်လုပ်လိုက်ကြတဲ့ ပုံစံမျိုးပဲ ။ တနည်းအားဖြင်ဘာသာရေးသင်္ကေတနဲ့ဘာသာရေးထိန်းချုပ်မှုတွေကနေ ကင်းလွတ်နေတဲ့ လူမှုရေးနဲ့ နိုင်ငံရေး နယ်ပယ်တစ်ရပ်ပေါ်ပေါက်လာအောင် ကြိုးပမ်းခဲ့ကြတာမျိုးဖြစ်တယ်။ မော်ဒန် လူ့အဖွဲ့အစည်းကို ဆီကျူလာ လူ့အဖွဲ့အစည်းလို့သတ်မှတ်တယ်။ လူ့အဖွဲ့အစည်းတစ်ခုဟာပိုပြီး မော်ဒန်ဖြစ်လေ ၊ ခေတ်သစ်ကို ပိုပြီးပြောင်းလဲလာလေ ( modernization) ဖြစ်လေ ပိုပြီ ဆီကျူလာ ဖြစ်လေလို့ ဆိုနိုင်တယ်။သူတို့အတွက်က ဘာသာရေးယုံကြည်မှုတွေ လုံးဝရှောင်ရှားခြင်းဟာ လူ့အဖွဲ့အစည်းအတွင်း သာမန် အခြေအနေတစ်ရပ်ကို ရရှိမယ်။ တနည်းအားဖြင့် ကြောင်းကျိုးဆင်ခြင်မှုကင်းမဲ့တဲ့ ယုံကြည်မှုတွေကို ရှောင်ရှားခြင်းပဲ လို့ တောင်မှ မြင်တယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ နိုင်ငံတော်နဲ့ဘာသာရေးကင်းကွာတာကို ဆီကျူလာ ဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် ဆီကျူလာဖြစ်ပုံမှာ ကွဲပြားခြားနားတဲ့ ပုံစံသုံးမျိုးရှိတယ်လို့လည်း သတ်မှတ်ကြတယ်။ (က) ပထမပုံစံက ဆီကျူလာ ဖြစ်ရုံ သက်သက်ဖြစ်နေတာ ။ Mere Secularity လို့ဆိုတယ်။ လူသားဟာ ဆီကျူလာဖြစ်နေတဲ့ သွင်းပြင်လက္ခဏာနဲ့ တွေ့ကြုံ ခံစားမှုတွေရှိနေတဲ့ ကမ္ဘာလောကကြီးထဲမှာ နေထိုင်တယ်။ ဆီကျူလာ ခေတ်ထဲရောက်နေတယ်။ ဒါပေမယ့် ဘာသာရေး ကတော့ ဖြင့်သာမန် လိုရှိရှိနေတယ်။ ဘာသာရေးက သာမန်ကိစ္စလိုရှိနေသေးတဲ့ ဆီကျူလာဖြစ်ခြင်းပုံစံတစ်ရပ် ။ (ခ) ဒုတိယပုံစံကတော့ ဘာသာရေးဟာ သဘာဝဆိုင်ရာပုံစံမျိုးတစ်ဝက်ဖြစ်ကျန်နေသေးတယ် ။သာမန်ကိစ္စအဖြစ် ကျန်နေ သေးတဲ့ ဆီကျူလာဖြစ်မှုပဲ။ ဒီပုံစံမှာ ဘာသာရေးတစ်စိတ်တစ်ပိုင်းရှိနေပေမယ့် လူတွေက ဘာသာရေးကို ဘယ်လိုနေရာမျိုး မှာထားရမယ်ဆိုတာကို အကျေအလည်နားလည်ထားပြီးကြပြီ။ ဘာသာရေး ရှိနေပေမယ့် ၀င်ရောက်စွက်ဖက်နိုင်တဲ့ အခြေအနေမျိုး မဟုတ်တော့ဘူး။ (ဂ) တတိယပုံစံကတော့ ဘာသာရေးနဲ့ လုံးဝကင်းပြတ်သွားပြီ လူသားဟာ ကိုယ့်ကိုယ် ကိုယ် အကြွင်းမဲ့ပိုင်းစိုးမှုရှိလာတဲ့ အခြေအနေနဲ့ ဆီကျူလာဖြစ်နေခြင်းပဲ။
ဆီကျူလာရိုက်ဇေးရှင်း
ဆီကျူလာရိုက်ဇေးရှင်း ၀ါ လောကီဆန်သောလောကဆီသို့ပြောင်းလဲခြင်းပုံစံ ပါဝင်နေတဲ့ အစိတ်အပိုင်းတွေ ရှိတယ်။ ပထမတစ်ခုက အင်စတီကျူးရှင်းတွေကို ခွဲခြားပြစ်ခြင်းပဲ ။ နိုင်ငံတော် ၊ စီးပွားရေး ၊ သိပ္ပံ ပညာ စတဲ့ ဆီကျူ လာဖြစ်ရမယ့် အင်စတီကျူးရှင်းနယ်ပယ်တွေကို ဘာသာရေးအင်စတီကျူးရှင်းတွေကနေ ခွဲခြားပြစ်ခြင်းဟာ ဆီကျူး လာ ရိုက်ဇေးရှင်းမှာ မဖြစ်မနေလိုအပ်တဲ့ အစိတ်အပိုင်းတစ်ရပ်ပဲ ။ သမိုင်းဖြစ်စဉ်တစ်ခုအနေနဲ့လည်း အနောက်လူ့အဖွဲ့အ စည်းအတွင်းမှာ ဖြစ်ပေါ်သွားတာကိုတွေ့ နိုင်တယ်။ ဒုတိယအစိတ်အပိုင်းကတော့ မော်ဒန်ပြောင်းလဲမှုဖြစ်စဉ်ပဲ။ ခေတ်မှီ တိုးတက်မှုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဘာသာရေးယုံကြည်မှုနဲ့ အလေ့အကျင့်တွေ တဖြည်းဖြည်းတိုးတက်ကျဆင်း လာတဲ့ အစိတ်အပိုင်းတစ်ရပ်ဟာလည်း ဆီကျူလာရိုက်ဇေးရှင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ပဲ ။ ခေတ်မှီတိုးတက်လာလေ ဘာသာရေး ကျဆင်းလေ ဆိုတာမျိုးကိုလည်း သမိုင်းဖြစ်စဉ်အနေနဲ့ တွေ့နိုင်တယ်။ တတိယပုံစံကတော့ ခေတ်သစ် ဆီကျူလာဖြစ်ဖို့နဲ့ ဒီမိုကရက်တစ်နိုင်ငံရေးဖြစ်ပေါ်ဖို့ မရှိမဖြစ် ကြိုတင်တည်ရှိနေရာမယ့် အနေနဲ့ ဘာသာရေးကို ပုဂ္ဂလိက အသွင်းပြောင်းလဲခြင်းလုပ် လိုက်တဲ့ ပုံစံမျိုးကိုလည်း ဆီကျူးလာရိုက်ဇေးရှင်းရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ တွေ့ ရမှာဖြစ်တယ်။ ဒီသုံးခုဟာ ဆီကျူလာရိုက်ဇေးရှင်းအတွက် သီးခြားစီဖြစ်တည်နေတာမဟုတ်ဘူး ။ တစ်ခုနဲ့ တစ်ခု ရောယှက်နေကြတာမျိုးပါပဲ။ ၄ မြောက်အမေရိကတိုက်နဲ့ ဥရောပရဲ့ ဆီကျူလာရိုက်ဇေးရှင်း သမိုင်းကြောင်းထဲမှာ ဒီအစိတ် အပိုင်းသုံးခုကို တွေ့ရမှာဖြစ်တယ်။ ၅
ဆီကျူလာရစ်ဇင်
ဆီကျူလာရစ်ဇင်ဆိုတာ ခေတ်သစ်မော်ဒန်ကမ္ဘာကြီးရဲ့ ဘာသာရေး ယုံကြည်မှုနဲ့ ကြောင်းကျိုးဆင်ခြင်မှု ကင်းမဲ့ခြင်းတွေ မပါဝင်တော့တဲ့ လောကအမြင် ၊ အိုင်ဒီယိုလိုဂျီတစ်ခုပဲ။ ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းကနေ ဘာသာရေးနဲ့ နိုင်ငံတော်ကင်းပြတ်အောင်လုပ်ထားတဲ့ အတွေးအခေါ်တစ်ရပ်ကိုလည်း ဆီကျူလာရစ်ဇင်လို့ ခေါ် နိုင်တယ်။ နောက် ကျင့်ဝတ် ၊ ကိုယ်ကျင့်တရားနဲ့ ဥပဒေတို့မှာ ဘာသာရေးက ချမှတ်ထားတဲ့ကျင့်ဝတ် နဲ့ ကိုယ်ကျင့် တရားတွေ အပေါ် အခြေမခံတော့ဘဲ ခေတ်သစ် ဒီမိုကရေစီစည်းမျဉ်းနိယာမတွေနဲ့ အညီချမှတ်ထားတဲ့ ကျင့် ၀တ် ၊ ကိုယ်ကျင့်တရားနဲ့ ဥပဒေတို့ဖြစ်ပေါ်နေရမယ့် အတွေးအခေါ်ပုံစံတစ်ခုကိုလည်း ဆီကျူလာရစ်ဇင်လို့ ဆိုနိုင်တာပါပဲ။ ဆီကျူလာရစ်ဇင်မှာ နိုင်ငံတော်က ပုံဖော်ယူဆောင်တဲ့အရာ နဲ့ အိုင်ဒီယိုလိုဂျီ ဆိုပြီးတော့လည်း ခွဲခြားနိုင်တယ်။ နိုင်ငံတော်က ပုံဖော်ယူဆောင်လာတဲ့ ဆီကျူလာရစ်ဇင်ကတော့ ဘာသာရေးကနေ နိုင်ငံတော်နဲ့ နိုင်ငံတော် ကိရိယာတွေကိုလုံးဝကင်းပြတ်ရေးပဲ။ ဘာသာရေးမှာ အပြုသဘောဆောင်လုပ်ပေးတဲ့အရာတွေရော ၊ အဖျက်သဘော ဆောင်လုပ်တဲ့အရာတွေပါ တစ်ခုကိုမှ မယူတော့ပဲ လုံးလုံး ကင်းပြတ်အောင်ဖော်ဆောင်ထားတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးအာဏာပိုင်တွေကြားခွဲခြားထားလိုက်တယ်။ နိုင်ငံတော်က ဘာသာရေးဘက်မလိုက်တော့တဲ့ အရောင်မရှိတဲ့ အရာ တစ်ခုဖြစ်သွားပြီ ။ ရည်ရွယ်ချက်ကတော့တစ်သီးပုဂ္ဂလလူသားတွေရဲ့ လွတ်လပ်တဲ့ သိစိတ်အပေါ်ကိုသာလျင် ပိုတန်ဖိုးထားချင်တဲ့အတွက်ပဲ။ ဒီမိုကရေစီဖြစ်စဉ်ထဲမှာ ဘာသာရေးရှိသူရော ၊ ဘာသာမရှိသူပါ အားလုံးပါဝင်ဆောင် ရွက်နိုင်ဖို့ ၊ နိုင်ငံသားအားလုံး ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်စဉ်မှာ ညီတူညီမျှပါဝင်နိုင်ဖို့အတွက် ဆီကျူလာရစ်ဇင်ဟာ မရှိမဖြစ်ဖော်ဆောင်ရမယ့်အရာလို့ ယူထားတဲ့ အပိုင်းပဲ။ ဒီကနေမှာ ဘာသာရေးထဲက ကောင်းတာတွေကို ဒီမိုကရေစီ ဖြစ်စဉ်အကျိုဖြစ်ထွန်းဖို့ရာ ထည့်ဝင်ဖို့ကြိုးစားလာရင်တော့ဒါဟာ ဆီကျူလာရစ်ဇ်ကို လက်တွေ့ကျကျ နိုင်ငံတော်က ဖော်ဆောင်ဖို့ထက် အိုင်ဒီယိုလိုဂျီတစ်ခုဖြစ်ဖို့ ကြိုးစားလာတဲ့သဘောပဲ။ ဒါပေမယ့် ယနေ့မှာ ဆီကျူလာရစ်ဇင်ကို အိုင်ဒီယို လိုဂျီအဖြစ်ယူမယ့်ဘက်အခြမ်းမှာတောင်မှ ဘာသာရေးဆိုတာ ကြောင်းကျိုးဆင်ခြင်မှုကင်းမဲ့တဲ့ ယုံကြည်မှုပဲ၊ ကြောင်းကျိုးဆင်ခြင်မှု မဟုတ်တဲ့ ရေးသားပို့ချမှုပုံစံတစ်ရပ်ဖြစ်တယ်၊ ဒါကြောင့် ဒီမိုကရက်တစ်ဖြစ်တဲ့ အများပြည်သူ ဆိုင်ရာ နယ်ပယ် ၀ါ လူထုပိုင်နယ်ပယ်တွေကနေ တားမြစ်ပိတ်ပင်သင့်တယ်လို့ ယူကြတယ်။
ဆီကျူလာ နိုင်ငံတော်
လောကီဆန်တဲ့ နိုင်ငံတော် သဘောကို အနှစ်ချုပ်ပြီးပြောရမယ်ဆိုရင်တော့ဘာသာရေးဟာ အများပြည်သူဆိုင်ရာ နယ်ပယ် ( public sphere) ထဲမှာဘယ်တော့မှ ရှိမနေရဘူးဆိုတာကတော့ အရေးအကြီးဆုံးပဲ။၆ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုတစ်ခုအနေနဲ့ ပုဂ္ဂလိက လူသားဘ၀ထဲမှာတော့ ရှိချင်ရှိနေနိုင်တယ်။ ဒါပေမယ့် လူ့အဖွဲ့ အစည်းတစ်ရပ်ဟာ ဆီကျူလာ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ဖို့ ဆိုတာကတော့ ဘာသာရေးဟာ အများပြည်သူဆိုင်ရာ နယ် ပယ် လွှမ်းမိုးသက်ရောက်ခြင်း မရှိနေရရုံမကဘူး၊ တစ်သီးပုဂ္ဂလလူသားရဲ့ လွတ်လပ်တဲ့ သိမှုကို အပေါ်ကို ၀င်ရောက်စွက် ဖက်ခြင်းမရှိရဘူး။ တစ်သီးပုဂ္ဂလလူသားရဲ့ လွတ်လပ်စွာတွေးခေါ်မြော်မြင်မှုထဲမှာ ကြောင်းကျိုးဆင်ခြင်မှုကင်းမဲ့ တဲ့ ရေးသားပို့ချမှုပုံစံတွေ ရှိမနေရဘူး။ ဒီလို ဆီကျူလာနိုင်ငံတော် ၊ ဒါမှမဟုတ် ဆီကျူလာဖြစ်နေတဲ့ လူ့အဖွဲ့အစည်းက သာလျင် ခေတ်မှီဖွံ့ဖြိုးမှုကို အထောက်အကူပြုသလို ၊ ဒီမိုကရေစီဖြစ်စဉ်မှာ နိုင်ငံသားတိုင်းပါဝင်ဆောင်ရွက်နိုင်ဖို့ ၊ ဒီမိုကရေစီကူးပြောင်းခြင်းမှာ ဘာသာရေးပဋိပက္ခကင်းကင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းကူးပြောင်းနိုင်ဖို့ အထောက်အကူ ပြု မှာ ဖြစ်တယ်။ ဆီကျူလာ နိုင်ငံတော်( Secular State)ဆိုတာ ဘာသာရေးအခြေခံ အမျိုးသားရေးဝါဒ ( Regelious Nationalism) နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ ။ဘာသာရေးအခြေခံ အမျိုးသားရေးဝါဒ အမြင်တွေကြီးစိုးနေသရွေ့ လူ့အဖွဲ့အစည်းဟာ ဆီကျူလာဖြစ်ဖို့ အတော်ကလေး ရုန်းကန် ကြိုးပမ်းနေရဦးမှာဖြစ်သလို ၊ ဒီမိုကရေစီဖြစ်ထွန်းဖို့ ဆိုတာ အလှမ်းဝေးနေဦးမှာ ဖြစ်တယ်။ ယနေ့ မြန်မာပြည်ရဲ့ အခြေအနေဟာ ဘာသာရေးအခြေခံ အမျိုးသားရေးဝါဒ အမြင်တွေ အမြစ်တွယ်နေတဲ့ကာလဖြစ်တယ်။ တစ်ဖက်မှာ ဒီမိုကရေစီ ကူးပြောင်းနေပေမယ့် စစ်တပ်လွှမ်းမိုးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲသာလျင်ရှိပြီး ဆီကျူလာဖြစ်ဖို့ ခေတ်မှီကူးပြောင်းဖို့ဆိုတာ အလှမ်းဝေးနေဆဲ ပဲ။ သမိုင်းကြောင်းတစ်လျောက် ခေတ်မှီဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီအခြေခံအုတ်မြစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေထဲ က တစ်ခုဖြစ်တဲ ဆီကျူလာဖြစ်မှုဟာ လူ့အဖွဲ့အစည်းနဲ့ အလှမ်းဝေးနေဆဲ အိုင်ဒီယိုလိုဂျီတစ်ခုဆိုတာကိုလည်းတွေ့ရမယ်။
ရန်နိုင်ဝင်း
မှတ်စုများ
၁။José Casanova, “TheSecular and Secularisms,” Social Research 76, no. 4 (Winter 2009): 1049–1066 . ပါ ရှင်းလင်း ချက် အတိုင်းရှင်းပြတယ်။ ဂျိုဆေ ကတ်ဆာနိုဗာက သူ့ရဲ့ ဆောင်းပါမှာ ဒီအယူအဆသုံးခုဟာ အပြန်အလှန်ယှက်နွယ် နေပေမယ့် အတိုင်းတစ်ခုအထိကွာခြားတယ်။ တစ်ခု မရှိဘဲနဲ့ ကျန်တစ်ခု မရပ်တည်နိုင်ဘူးလို့ ဆိုတယ်။
၂။ လက်တင်ဘာသာစကား saeculum ကနေ လာတယ်။
၃။ ဒဿနပညာရှင် ချားလ်တေလာကတော့ ဆီကျူလာဖြစ်ဖို့ ဆိုတာ ကော့စမော့ ( cosmos )၊ လူမှုရေးဆိုင်ရာ ၊ ကိုယ်ကျင့်တရားဆိုင်ရာ အစီအစဉ်သုံးရပ်ထဲမှာ ဘုရားသခင်ဆိုတာလုံးဝမတည်ရှိနေရဘူးလို့ ဆိုတယ်။ Charles Taylor, A Secular Age (Cambridge, Mass.: Harvard University Press,2007) .
၎။ ကြည့်José Casanova, “Public Religions Revisited,” in Hent de Vries, ed., Religion: Beyond a Concept (New York: Fordham University Press, 2008), 101–119 .
၅။ ကြည့် Talal Asad, Formations of the Secular: Christianity, Islam, Modernity (Stanford,Calif.: Stanford University Press, 2003)
၆။ ဟားဘားမတ်စ်ကို ဆက်လက်လေ့လာသင့်တယ်။ အထူးသဖြင့်Jürgen Habermas, Religion, and the Public Sphere (Bergen: Holberg Prize, 2005) . နောက် Eduardo Mendieta and Jonathan VanAntwerpen, eds., The Power of Religion in the Public Sphere (New York:Columbia University Press, 2011) ဟာလည်း ဒီအမြင်နဲ့ ပတ်သတ်ပြီး ဆက်လက်ဖွံ့ဖြိုးအောင် လုပ်ပေး နိုင်တဲ့ကျမ်းတစ်ခုပဲ ။ Habermas and Relegion ( Cambridge , Polity ) ထုတ်ဟာလည်း အများပြည်သူဆိုင်ရာနယ်ပယ်နဲ့ဘာသာရေး တို့ ကြားထဲ ဟားဘားမတ် ကိုင်တွယ်မယ့် အမြင်တွေကို ကောင်းကောင်းဖော်ပြနိုင်စွမ်းရှိတဲ့ စာအုပ်ဖြစ်တယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...