Friday, March 13, 2015

လက်ပံတန်း မှသည်... (ရှင်ဒေဝီ)



ကျမ ရှင်ဒေဝီ ပါ။ အသက်မွေးဝမ်းကြောင်းက documentary filmmaker (မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ) ဖြစ် ပါတယ်။ ၁၀ ရက်နေ့ လက်ပံတန်းအကြမ်းဖက်မှုအတွက် မျက်မြင်သက်သေ တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ တိတိကျကျပြောရရင် လက်ပံတန်းမှာ ကင်မရာနဲ့ရောက်ရှိနေခဲ့တာဟာ သတင်းဌာနတစ်ခုခုအတွက် အလုပ် လုပ်တဲ့ media သမားအဖြစ် မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေကို မှတ်တမ်းတင်စုဆောင်းနေတဲ့ image collector အဖြစ် ရောက်ခဲ့တာပါ။
ဒါကြောင့်မို့ ကျမဟာ တခြားသော media သမားတွေလို ကျင့်ဝတ် စောင့်ထိမ်းစရာမလိုဘဲ ကျောင်းသား ကျောင်းသူတွေကို ဝန်းရံနိုင်သူအဖြစ် ကျမကိုယ် ကျမ ခံယူပါတယ်။

အစကပြောရမယ်ဆိုရင် ပညာရေးပြောင်းလဲဖို့ အမှန်တကယ်လိုအပ်လို့ ကျောင်းသားစစ်ကြောင်းကို ထောက်ခံပါတယ်။ သူတို့ စထွက်လာကတည်းက လုံးဝ သဘောတူ ထောက်ခံပါတယ်။ အခုမှမစရင် ကျမတို့ ဘယ်လောက် ထပ်စောင့်ရဦးမတုန်း။ တဘဝလုံး စောင့်ခဲ့ရတာ။

ကျနော့်သမီး စာကျက်နေတယ်လို့။ အေးချမ်းစွာပညာသင်ကြားရေးကို ထိခိုက်စေသော ဆူပူမှုဆိုတဲ့ခံယူချက်တွေကို ကြားသိရတဲ့အခါ ကျမငယ်စဉ်က တစိတ်တပိုင်းကိုပဲ မျှဝေချင်ပါတယ်။ ကျမရဲ အုပ်ထိန်းသူက ပြည်သူပိုင် မသိမ်းခင် နန်ယန်ကျောင်း (အခု ထ ၂ ဗဟန်းမှာ ၁၀ တန်းထိသာ ပညာသင်ကြားခဲ့သူပါ။ ဘွဲ့ မရပါဘူး။ဒါပေမယ့် ကျမကို မူလတန်းကနေ အလယ်တန်းအထိ အိမ်မှာ စာပြပေးနိုင်ပါတယ်။ ကျမတို့ခေတ်ကာလကလည်း ကျူရှင်တွေ ဒီလောက် ခေတ်မစားသေးပါဘူး။ အဓိကပြောချင်တာက ကျမ အုပ်ထိမ်းသူ ကျမ အမေရဲ့ စာသင်ကြားဟန်ပါ။ သမိုင်း၊ မြန်မာစာ စတာတွေကို ပုံပြောသလို ပြောပြပါတယ်။ စာကို ဝါကျအလိုက် မကျက်ခိုင်းဘူး။ နားလည်ပြီဆိုရင် ကိုယ့်ဘာသာ ပြန်ရေးခိုင်းပါတယ်။ ဆရာမပေးတဲ့ မှတ်စုနဲ့ နည်းနည်းကွာဟပေမယ့် အချက်အလက်ကတော့ အတူတူပါပဲ။ အိမ်ကသင်ကြားပေးတဲ့ မူဟန်နဲ့ပဲ မူလတန်းကနေ အလယ်တန်း (သူငယ်တန်းကနေ ၈ တန်းအထိ) ကျမ နှစ်စဉ်ထူးချွန်ကျောင်းသူ ဖြစ်ခွင့်ရခဲ့ပါတယ်။ နောက် ၉ တန်းရောက်တဲ့အခါ ကျမတို့သားအမိ အခက်တွေ့ရပါတော့တယ်။ ကျမ အမေက ဇီဝဗေဒ၊ ဓာတုဗေဒ စတဲ့ သင်ခန်းစာတွေနဲ့ မရင်းနှီးပါဘူး။ ဗြုန်းခနဲပြောင်းသွားတဲ့ အင်္ဂလိပ်လို သင်ရိုးတွေကို အမေက မသင်ပြနိုင်တော့ပါဘူး။ အဲဒီမှာ ကျမလည်း အလွတ်ကျက်ရတဲ့အဖြစ် ရောက်ခဲ့ရပါတော့တယ်။ ဒီအခါကစပြီး ကျမရဲ့ပညာရေး ရွှေရောင်နေ့ရက်တွေ ပြီးဆုံးခဲ့ရပါတယ်။ ပညာရေးရွှေရောင်တွေ အညိုရောင် ပြောင်းလာသလို မြန်မာနိုင်ငံရဲ့ အမှောင်ထုကြီးထဲ စုန်းစုန်းမြုပ်တဲ့ ၁၉၈၈ ကိုလည်း ကျမ နဝမတန်း ကျောင်းသူဘဝမှာ ကြုံခဲ့ရတော့တာပါပဲ။

ဒီလိုနဲ့ အမှောင်ခေတ်ထဲက အလင်းရောင်တွေရလာနိုး တိုက်ပွဲဝင်ရင်း ၁၀ တန်းစာမေးပွဲဖြေရမယ့်အချိန်မှာ ထောင်ထဲရောက်နေတာမျိုး၊ နောက်နှစ် စာမေးပွဲမဖြေခင် လပေါင်းများစွာ ဖမ်းထားခဲ့ပြီး စာမေးပွဲနီးမှ ကပ်ပြီးလွတ်တာမျိုးနဲ့ ကြုံခဲ့ရပါတယ်။ ၁၀ တန်းမအောင်ရင် တက္ကသိုလ်ဆိုတာ မရောက်ရမှာမို့ အလွတ်ကျက်တန် ကျက်၊ ကူးချတန် ကူးချနဲ့ ဒီလိုနဲ့ ၁၀ တန်းကို ၁၉၉၃မှာ အောင်ခဲ့ပါတယ်။ ဆယ်တန်းအောင်ပြီးတဲ့အခါ ကျမ အမှတ်နဲ့ ရွေးစရာကက ရူပဗေဒ၊ သင်္ချာ၊သတ္တဗေဒ၊ ရုက္ခဗေဒဆိုတာတွေ ရွေးနိုင်ပါသတဲ့။ ကျမဖြစ်ချင်ခဲ့တာ ရှေ့နေ။ ကျမ ဥပဒေကိုတက်ခွင့်မရပါဘူး။ အဲဒီတော့ ကျမ က မြန်မာစာကို တက်ချင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကျမက သိပ္ပံတွဲနဲ့ ၁၀ တန်းအောင်တာမို့ ဝိဇ္ဇာတွဲပြောင်းဖို့ ခက်ပြန်ပါသတဲ့။ ဒီလိုနဲ့ ကျမနဲ့ ဘယ်လိုမှ စိတ်မဝင်စားတဲ့ သတ္တဗေဒဘာသာကိုပဲ ဘွဲ့တခုရနိုင်ဖို့ သင်ကြားခဲ့ရတယ်ပေါ့။ ပညာရေးအတွက် ကျမတို့ အချိန်တွေပေးခဲ့ရတယ်။ ငွေတွေပေးခဲ့ရတယ်။ ကျမတို့ ဘွဲ့လက်မှတ်ကလွဲရင် ဘာတွေရခဲ့သလဲ။ ဘာမှမရတာတော့ မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးနယ်ပယ်တခုတော့ စာသင်ကြားရင်း ရခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေနဲ့တော့ လုံလောက်ကျေနပ်နေဖို့ မဖြစ်နိုင်ပါဘူး။ မတတ်သာလို့ ခေါင်းငုံ့ အံကြိတ်နေခဲ့ရပြီး အခုတော့ ခေတ်ကျောင်းသားတွေ တစခန်းထ ဦးဆောင်လို့ ပညာရေးစနစ်ပြောင်း တောင်းဆိုဆန္ဒပြနေတာကို တွေ့မြင်ရတဲ့အခါ ကျမနေနဲ့ ထောက်ခံဝန်းရံမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနေရာမှာ ပြောစရာရှိလာပြန်ပါတယ်။ ကျောင်းသားတွေကြားထဲ အသက်အရွယ်ကြီးတဲ့သူတွေ ဝန်းရံပေးနေတာ မြင်ရတဲ့အခါ ဒါလား ကျောင်းသားလားလို့ ပြစ်တင်သံ၊ ပျက်ရယ်ပြုသံတွေ ကြားနေရပါတယ်။ ဒီလိုအသံကို သာမန်ဝေဖန်သူတွေဆီကသာမက ပြန်/ကြား ဝန် ဆီကပါ ကြားရတော့ ပြောပြရဖို့ ဖြစ်လာရပါတယ်။ တခြားလိုက်ပါတဲ့ သက်ကြီးပိုင်းတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ခံယူချက်နဲ့ အကြောင်းပြချက် ကိုယ်စီရှိနိုင်ပါတယ်။ ဘာကြောင့် ကျောင်းသား သပိတ်စစ်ကြောင်းမှာ ပါနေရသလဲဆိုတဲ့ မေးခွန်းအတွက်ပါ။ ကျမ အသက် ၄၀ ပါ။ သက်ကြီးပိုင်းလို့ ဆိုပါစို့။ ဘာကြောင့် ပညာရေးပြောင်းလဲတာဟာ ကျမ အတွက် အရေးကြီးနေရသေးတာပါလဲ။ မျိုးဆက်သစ်အတွက် အနာဂတ် နိုင်ငံတော်အတွက် ဒီလို စကားလုံးအကြီးကြီးတွေကို အမြင်ကတ်နေသူတွေအတွက် ရိုးရိုးလေးပြောချင်ပါတယ်။ အသက်အရွယ်မရွေး ပညာသင်ကြားနိုင်ခွင့်ရှိနိုင်တဲ့ အခွင့်အရေးက ကျမ အတွက် တော်တော် အရေးပါပါတယ်။ တချိန်ချိန်မှာ ဥပဒေပညာသင်ခွင့်ရပြီး ရှေ့နေတယောက်ဖြစ်ချင်ပါသေးတယ်။ နောက် နှစ်နည်းနည်း ကြာဦးမယ်ဆိုရင်လည်း ကျမ ကျောင်းသားတယောက်ပြန်ဖြစ်နိုင်ပါသေးတယ်။ ကျောင်းသားဆိုတာ ဘယ်အရွယ်သာ ဖြစ်သင့်တယ်ဆိုတဲ့ အတွေးမျိုးတွေဟာကျမတို့ အနာဂတ်ကို ပိုပြီးမှောင်ပိန်းနေစေဦးတော့မှာပါပဲ။ ဒါကြောင့် ဒီအရွယ်ကြီး ကျောင်းသားလားလို့ဆိုနေသူတွေကို ပညာလို အိုသည်မရှိလို့ပဲ တသီးပုဂ္ဂလအမြင်နဲ့ရိုးရိုးလေး ဆိုချင်ပါတယ်။ ဉာဏ်ပညာနဲ့ ချစ်ချင်းတရားကသာ တိုင်းပြည်ကို ဦးဆောင်နိုင်ပါလိမ့်မယ်။

နောက်တချက်ကတော့ ကျောင်းသားဆိုတာ ပြည်သူတွေရဲ့ သားသမီးပါ။ ဒီတော့ သပိတ်စစ်ကြောင်းမှာ ဝန်းရံသူ ပြည်သူတွေပါဝင်နေတာက ဝေဖန်ပြစ်တင်နေရမယ့် ကိစ္စဆိုးမဟုတ်ဘူးလို့ မြင်ပါတယ်။ အထက်က အကြောင်းအရာတွေဟာ ကျမဘာကြောင့် ကျောင်းသားသပိတ်ကို အကဲဆတ်နေရသလဲဆိုတဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။

အခုဆက်ပြီး လက်ပံတန်းအကြမ်းဖက်မှုဆီကို သွားပါမယ်။

၁၀ ရက် ၁၀ နာရီ စိန်ခေါ်မှုအတွက် ၉ ရက်နေ့ညမှာ လက်ပံတန်းသပိတ်စခန်းမှာ သွားအိပ်ခဲ့ပါတယ်။ အဲဒီညမှာ ဖြိုးဖြိုးအောင်ကိုတွေ့ရတာ ကျန်းမာရေး အားနည်းနေတယ်။ ဒါပေမယ့် မနက်ဖြန်မှာ ကြီးမားတဲ့ ရင်ဆိုင်မှုတွေကို ကြုံရမယ်ဆိုတာ စိတ်ပိုင်းဖြတ်ထားပြီးသားဆိုတာ သိသာတယ်။ အတားအဆီးတွေကို အကြမ်းမဖက် တိုးဝင်ဖောက်ထွက်မယ်။ ဒါဟာ ဖမ်းဆီးခံရနိုင်တယ်ဆိုတာလည်း သူက သိနေတယ်။ အားလုံးဆုံးဖြတ်ချက်အတိုင်း ရဲရင့်ကြဖို့ အသင့်အနေအထားနဲ့ တည်ငြိမ်နေတယ်။ အဲဒီမှာ ဖြိုးဖြိုးပြောတဲ့ စကားတခွန်းကို ကျမ မှတ်မိနေတယ်။ အတားအဆီးတွေကို ကျော်ဖြတ်တဲ့အခါ၊ သံဆူးကြိုးတပ်ထားတဲ့ ဂိတ်တွေကို ရင်ဆိုင်တိုးတဲ့အခါ ကျောင်းသား ရဲဘော်တွေ ထိခိုက်ဒဏ်ရာရမှာကိုပဲ တဲ့။ ကျမတို့အားလုံး ၁၀ ရက် ၁၀ နာရီမတိုင်ခင် အစိုးရဘက်က အလျော့ပေးဖို့ မျှော်လင့်မိခဲ့ကြပါတယ်။ ကျောင်းသားတွေဟာ ရန်ကုန်မှာ သပိတ်ကိုဆက်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ရန်ကုန်မှာပျော်ရွှင်စွာ လူထုနဲ့တွေ့ဆုံ၊ ရန်ကုန်တက္ကသိုလ် ဒါမှမဟုတ် ရွှေတိဂုံ စနေထောင့်မှာလူစုခွဲပေးဖို့ပါ။ ဒါပြီးရင် လွှတ်တော်က ဆွေးနွေးမှုကို စောင့်ကြည့် ပါဝင်ဆွေးနွေးကြဖို့ပါ။ ကျမတို့ မရဲတရဲနဲ့ မျှော်လင့်ခဲ့ပါတယ်။ စာနာမှုလေး နည်းနည်းကိုပါ။ အဲဒီညမှာ ကျောင်းသားတွေ သီချင်းဆိုကြတယ်။ ဝိုင်းဝိုင်း နဲ့ ထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်းလေးတွေ ပါတယ်။ ကြည့်ရတာ သူတို့ ပျော်နေကြပုံပဲ။ ဒါပေမယ့် သူတို့အနားသွားရင် ကြားရတဲ့စကားလေးတွေ ရှိပါတယ်။ မနက်ဖြန် ရန်ကုန် ရောက်မလား၊ ထောင်ကို ရောက်မလား မသိဘူးတဲ့။ ဒီနေ့ ပျော်ထားကြတဲ့။ တယောက်က ပြောတယ်။ ရဲတွေ ဝင်ဖမ်းရင်ခေါင်းကို အရိုက်မခံရအောင် သတိထားဖို့ အချင်းချင်း အကြံပေးနေကြပါသေးတယ်။ အပေါ်ယံမြင်ရရင်တော့ ပျော်နေကြတယ်ပေါ့။ စဉ်းစားကြည့်စမ်းပါ။ ကျမတို့လူမျိုး အယူသည်းပုံက အိပ်မက်မကောင်းရင်၊ မျက်ခုံးလှုပ်ရင်တောင် ပူပန်တတ်တာမျိုးလေ။ အခုဟာက မနက်ဖြန် ဘာဖြစ်နိုင်လဲဆိုတာ သေသေချာချာ သိနိုင်နေနိုင်တဲ့ညမျိုးမှာ သူတို့ ရဲရင့်ခဲ့ကြတယ်။ လရောင်သိပ်မဖြာတဲ့ညမှာ သူတို့တွေဟာ ကြယ်ပွင့်တွေနဲ့အပြိုင် ကျမ ရင်ထဲတောက်ပနေခဲ့တယ်။

နောက်တနေ့ မိုးလင်းတော့ သပိတ်စခန်းဟာ ပုံမှန်လေးပါပဲ။မီဒီယာသမားတွေ တဖွဲဖွဲဝင်လာတယ်။ မီဒီယာသမားတချို့က ရဲမှူးတဦးက တခုခုဆို ကြည့်ရှောင်ပေါ့လို့အကြံပေးလိုက်တာလည်း ကြားတယ်။ ဒါပေမယ့် ကျောင်းသားတွေကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့်အချင်းချင်း နောက်ပြောင်သံ ကြားရတယ်။ ဘောင်းဘီဝတ်တဲ့သူတွေက ပြေးမယ့်သူတွေလား ဟေ့၊တက်လမ်း ရှာရမယ်။ သံဆူးတပ် အကာအရံတွေကို တက်ရမှာလေ။ အဲဒီလို ပြောင်နေကြတယ်။ ရယ်နေကြတယ်။ကျမက ကျောင်းသူတချို့ကို တိုးတိုးမေးတယ်။ အခြေအနေတခုမှာ သမီးတို့ ထမီကျွတ်နိုင်တယ်။သူတို့ ပြုံးပြီး ပြောတယ်။ အောက်မှာ ဘောင်းဘီရှည်ပါတယ် တဲ့။ ဒီလိုပါပဲ။ ဘာမှ မရှုပ်ထွေးသေးတဲ့မနက်ခင်း ၉ နာရီလောက်မှာ စစ်ကြောင်းပုံစံ ၄ ယောက်တွဲ ထိုင်လိုက်ကြတယ်။ သီချင်းဆိုကြွေးကျော်သံတိုင်နဲ့ သပိတ်စစ်ကြောင်းရဲ့ ပုံမှန်အတိုင်းပါပဲ။ ဒါပေမယ့် အားလုံးက၁၀ နာရီ ၁၀ မိနစ်အတွက် စိတ်တွေကို ရွက်လွှင့်လိုက်ကြပြီ။

၁၀ နာရီမထိုးခင် ညှိနှိုင်းဖို့ သတင်းစကားဝင်လာတယ်။ အဲဒီအချိန်မှာ NNER က ဦးသိန်းလွင်နဲ့ ဒေါ်ညိုညိုသင်းပါ ရှိနေတယ်။ သူတို့နဲ့အတူ ကျောင်းသားခေါင်းဆောင်တွေ ညှိကြတယ်။ မကြာခင် သတင်းစကားရောက်လာတယ်။ လက်ပံတန်း တာဆုံကိုလမ်းလျှောက် ထွက်ခွင့်ပြုမယ်။ ရန်ကုန်ကို ကားနဲ့ သွားခွင့်ပြုမယ်။ ဒါပေမယ့် စစ်ကြောင်းတကြောင်းလုံး အစုလိုက် အပြုံလိုက် မသွားရဘူး တဲ့။ ဘယ်လိုဖြစ်ဖြစ် သတင်းကတော့ အားတက်စရာလေ။ ဖွင့်ပေးမယ်ဆိုတော့ အားလုံး ပျော်လိုက်ကြတာ။ သီချင်းတွေဆိုလိုက်ကြတာ။ အားလုံးလည်း ခုန်ပေါက်လို့။ ကျမ အဲဒီအချိန်မှာ တွေးလိုက်တာက သြော် အစိုးရက ငါတို့ကို နည်းနည်းညစ်ပြီးမှ ပေးတာပေါ့လေ။ ရန်ကုန် စွမ်းအားရှင်လက်ပတ်နီကိစ္စမှာ အတော်အရုပ်ဆိုးထားတော့ ဒီနေ့တော့ ခြေလွန်လက်လွန် မလုပ်လောက်ဘူးလို့ပေါ့။ ကျမ အစိုးရရဲ့ ယုတ်မာမှုကို လျော့တွက်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ ဘဘ ဦးဝင်တင်ရဲ့သဘောထား သတိပေးစကားကို ခဏ မေ့သွားပါတယ်။

အဲဒီအချိန်မှာ ပတ်ထားတဲ့ သံဆူးကြိုးဘောင်တွေကို ဖယ်ပေးလိုက်ပါတယ်။ ဒီအထိတော့ ရင်ခုန်စရာကောင်းနေတုန်းပါပဲ။ ရန်ကုန်သွားခွင့် ရတော့မယ်ပေါ့။ စစ်ကြောင်းကသူတွေ ပျော်လိုက်ကြတာ။ ကျမလည်း ပျော်ပြီး ခုန်လို့ ရိုက်တဲ့ အရုပ်တွေတောင် ခုန်ကုန်တယ်လေ။ ဒါပေမယ့် အဲဒီအချိန်မှာ လက်ပံတန်း ရပ်မိရပ်ဖတွေရဲ့ သဘောထားဆိုတာကို လော်စပီကာနဲ့ လာဖွင့်တယ်။ သပိတ်စစ်ကြောင်းကို မြို့ခံတွေက မလိုလားလို့ အမြန်ဆုံး ထွက်သွားဖို့။ အဲဒါက ပျော်နေတဲ့ စစ်ကြောင်းကို တွေဝေသွားစေတဲ့အပြင် ဒေါသဆွပေးလိုက်သလိုပါပဲ။ ဒါ လက်ပံတန်းပြည်သူအစစ်တွေ မဟုတ်မှန်း သိနေကြသားပဲ။ လှည့်ကွက်တွေ လာနေပြီ။ သွားခွင့်ပေးမယ်ဆိုတာ တခုခုမှားနေလို ခံစားလာရတယ်။ ကျောင်းသားအများစုတွေက မူလအစီအစဉ်အတိုင်း တိုးချင်နေကြပြီ။ ညှိနှိုင်းမှုက အကြိမ်ကြိမ် အမျိုးမျိုးပြောင်း။ ရဲတွေဘက်က လူစုခွဲဖို့၊ လူစုမခွဲရင် အရေးယူမယ်ဆိုတာ ထပ်တလဲလဲ ဖွင့်နေတဲ့အသံက ကျယ်သထက် ကျယ်လာပြီ။ အဲဒီအချိန်မှာ ကျောင်းသားတွေဘက်က ကြေညာတယ်။ ကျနော်တို့ တိုးဝင်မယ်။ ဖမ်းမယ်ဆိုရင် ဖမ်းပါ။ ဒါပေမယ် ပြည်သူတွေကို မဖမ်းပါနဲ့။ ကျနော်တို့ရဲ့ ကျောင်းသားသူတွေကို နာကျင်အောင် မလုပ်ပါနဲ့။ တကယ်လို့ ဖမ်းဆီးမှုတွေဖြစ်လာရင် ကျနော်တို့ရဲ့ အလံတော်ကို မလေးမစား မလုပ်ပါနဲ့လို့ တောက်လျှောက် ကြေညာနေတယ်။ မင်းသွေးသစ် ဖြစ်မယ်လို့ ထင်ပါတယ်။

နောက်တော့ ခေါင်းဆောင်တယောက်က ကြေညာပါတယ်။ နောက်ဆုံးညှိနှိုင်းမှုက လမ်းလျှောက် မထွက်တော့ဘူး။ သပိတ်စခန်းမှာ ကား လာခေါ်မယ်။ အဲဒီကပဲ ကားပေါ် တန်းတက်ပြီး ရန်ကုန်သွားမယ်။ ရဲကားတွေ နောက်ကလိုက်လို့ ရတယ်။ ဒါ ကျောင်းသားဘက်က တောင်းဆိုတာ။ နယ်လုံဝန်ကြီးက လမ်းတလျှောက် အလံ မထောင်၊ ခွပ်ဒေါင်း ခေါင်းစည်း မစည်းဖို့ တောင်းဆိုတယ်။ နောက်ဆုံးမှာ စစ်ကြောင်းပါ ကျောင်းသားထုရဲ့သဘောထားကို တောင်းခံတယ်။ ကျောင်းသားထုက ဆုံးဖြတ်တယ်၊ သပိတ်စစ်ကြောင်းရဲ့ပုံရိပ် အလံတော်ကို မထားခဲ့နိုင်ကြောင်း။ အဲဒီမှာ နယ်လုံဝန်ကြီးက သူတို့သဘောထားနဲ့မပြီးလို့ တင်ပြဦးမယ်လို့ ဆိုခဲ့ပါတယ်။ ကျောင်းသားတွေဘက်က ၁၀ နာရီ ၁၀ မိနစ်ကို အချိန်ကြာမြင့်စွာ စောင့်စားနေရတာကြောင့် ၁၁ နာရီ ၄၅ မိနစ်မှ အကြောင်းမပြန်ရင် မူလအစီအစဉ်အတိုင်းပဲ တိုးဝင်တော့မယ်လို့ အကြောင်းပြန်ပါတယ်။ အဲဒီလိုပြောလိုက်ချိန်က ၁၁ နာရီ ၁၅ မိနစ်ပါ။

ဘာဖြစ်တော့မယ်ဆိုတာ ကျမ ခန့်မှန်းမိပါပြီ။ ကျမတယောက်ထဲ ကျိတ်ပြီး ဆဲဆိုနေမိပါပြီ။ ယုံမိတဲ့ ကိုယ့်ကိုကိုယ် အရင် ဆဲပါတယ်။ နောက် မရိုးနိုင်အောင် ပက်စက်လွန်းတဲ့ အစိုးရကို ဆဲပါတယ်။ ဒါပေမယ့် စစ်ကြောင်းကို စိတ်အနှောက်ယှက်ဖြစ်မှာစိုးလို့ အသံတိတ်ပဲ ဆဲခဲ့ရတာပါ။ နယ်လုံဘက်က အကြောင်းမပြန်တော့ပါဘူး။

၁၁ နာရီ ၄၅ မှာ စတိုးပါတယ်။ ရုန်းရင်းဆန်ခတ် လုံးဝ မဖြစ်သေးပါဘူး။ စနစ်တကျ တိုးဝင်ဖို့ ကြိုးစားတယ်ဆို ပိုပြီး မှန်ပါလိမ့်မယ်။ အလံကိုင်တဲ့သူတွေက နေရာက မရွေ့ပါဘူး။ ကျောင်းသားတွေက လူ ၃ တန်းရပ်နေတဲ့ ရဲတွေကို လူအားနဲ့ တွန်းကြတာပါ။ တဖက် တဖက် တောင့်ခံရကြရတာပေါ့။ ဒါပေမယ့် ရဲတွေရဲ့ လူတံတိုင်းက ၃ ထပ်ပါ။ ဒီတော့ ဘယ်လိုမှ မဖောက်နိုင်ကြပါဘူး။ တနာရီနီးပါး တွန်းကြ ထိုးကြအော်ကြနဲ့။ အားကုန်လို့ မူးလဲသူတွေကို ဆွဲထုတ်ကြနဲ့။ ကျောင်းသားစစ်ကြောင်းဘက်ကစနစ်ကျဖို့ အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။ ဆဲဆိုသူ၊ သွေးဆူသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ရဲတွေကို မဆဲဖို့၊ နစ်နစ်နာနာ မပြောဖို့ အချင်းချင်း ဖြောင့်ဖြနေကြပါတယ်။ တိုးပြီး ၄၅ မိနစ်လောက်မှာတော့ ရဲတံတိုင်းကို မကျော်နိုင်တာ သေချာသလောက် ရှိနေရပါပြီ။ မခံမရပ်နိုင်ဖြစ်ပြီး ကျောင်းသူတချို့ ငိုတာ မူးလဲတာတွေ ဖြစ်ကုန်ပါတယ်။

ကျမ မြင်တွေ့ရတာကတော့ ကျောင်းသူတွေ ငိုကြတယ်။ အဲဒါ ကြောက်လို့ မဟုတ်ပါဘူး။ သူတို့ရဲ့တောင်းဆိုချက်ဟာ နိုင်ငံဖျက်မယ့် တောင်းဆိုချက် မဟုတ်ပါဘူး။ မိုင် ၅၀၀ ကျော် လမ်းလျှောက်လာခဲ့ရတဲ့ သူတို့ရဲ့ ဆုလာဒ်အဖြစ် ပြည်သူတွေနဲ့ တွေ့ချင်ပါတယ်။ မြန်မာနိုင်ငံ ပထမ ကျောင်းသားသပိတ် ကျောက်တိုင်အောက်မှာ ကျောင်းသားသွေးတွေရဲ့ ဘိုးဘေးတွေကို တိုင်တည်ချင်တာပါ။ သူတို့ စုံစုံညီညီနဲ့ ပြည်တော်ဝင်ချင်တာပါ။ သူတို့ မချိတင်ကဲ ဖြစ်ထိုက်ပါတယ်။ ရင်ကွဲထိုက်ပါတယ်။ ရက်စက်လိုက်တဲ့ တုံ့ပြန်မိန့်ကို ပြည်သူကို ကူညီပါရစေဆိုတဲ့ ပြည်သူ့ရဲတွေက ထပ်တူကျကျ ဆောင်ရွက်နေလိုက်ရပုံက ရင်ကျိုးထိုက်ပါတယ်။ ကျမ ကင်မရာ record ကို နှိပ်ရင်း တိုးထား မောင်တို့မယ်တို့။ တောင့်ထားကြ။ ခွပ်ဒေါင်းသွေးကို ပြကြနဲ့ ရင်ထဲက ထွက်ခွာခွင့်မရတဲ့ စကားလုံးတွေ။ ခွပ်ဒေါင်းအိုက ခွပ်ဒေါင်းပျိုတွေကို အသံတိတ်ပဲ အားပေးနေရတော့တယ်။

ကြားကြရတယ်။ ပိတ်ထားတာနဲ့ မနီးမဝေးမှာ လူထုရောက်နေပြီ တဲ့။ သူတို့လည်း အပိတ်ခံထားရတယ် တဲ့။ စစ်ကြောင်းက နှစ်ခုဆုံဖို့ ကြိုးစားတယ်။ ဒါပေမယ့် အားချင်းမမျှ။ မနက်စာ ထမင်း မစားရသေး။ ရဲ တံတိုင်းကို တွန်းနေဆဲ။ ကျမ တခုသတိထားမိတယ်။ လူချင်းတိုးတိုက်နေစဉ်မှာ ပေါက်ကွဲမှုတွေက မပြင်းထန်သေးပါဘူး။ တချို့ရဲတွေဆို အပျော်လိုတောင် ပြုံးနေသေးတယ်။ သိပ်ရန်လိုပုံ မရဘူး။ ကျမဆိုရင် သူတို့တားထားတဲ့ အကာအရံပေါ် တက်ရိုက်တာ။ အမ ပြုတ်ကျရင် ရှမယ်လို့ သတိပေးသေးတယ်။ ဒါတောင် ကျမက သတင်းထောက်မဟုတ်ဘဲ ကျောင်းသားတွေဘက် တဖက်သတ်ပါနေမှန်း သူတို့ သိတယ်။ ဒါပေမယ့် ကျမတို့ ရိပ်မိနေပြီ။ တခုခု ဖြစ်ခါနီးပြီ။ စစ်ကြောင်းနောက်ပေါက်ကို အပြင်လူတွေ ရောက်ရောက်လာတာကို စိစစ်နေရတယ်။ အပြင်လူတွေထည့် ရှုပ်ထွေးအောင် ဖန်တီးပြီးရင် ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်မယ်ဆိုတာ သိနေပြီးသား။ ဒါမျိုးတွေဖြစ်ခဲ့တာပဲ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီရော။ ၁ နာရီ ကျော်လာတော့ ခွန်အားတွေ ကုန်လာသလို ထမ်းထုတ်ရသူတွေ ပိုများလာတယ်။ နောက်တန်း လုံခြုံရေးစိုးရိမ်နေရပြီ။ မူးလဲသူကိုတင်သွားတဲ့ လူနာတင်ကား ထွက်ဖို့ ဖွင့်ပေးဖို့ အချိန်အတော်ကြာတယ်။

ဒီလိုနဲ့ ၁ နာရီခွဲ ၂ နာရီနီးထိ နှစ်ဖက် ထမင်းမစားရသေးဘူး။ ကျောင်းသားတွေအတွက် ထမင်း၊ ဟင်းတွေတော့ ရောက်လာပြီ။ ဘယ်သူမှ မစားရသေးဘူး။ မနက်ထဲက ထွက်ခွင့်ပေးမယ်လို့ကြားပြီး အပျော်လွန် စိတ်စောပြီး မနက်စာလည်း ဘာမှမစားဖြစ်ခဲ့ကြဘူး။ အခုတော့ မူးလဲသူတွေ၊ တောက်ခေါက်သူတွေ၊ မချိတင်ကဲ ငိုယိုသူတွေ၊ ပေါက်ကွဲလုနီးနီး ဗုံးတလုံးလို။

၁ နာရီခွဲ ရေသန့်ဗူးတစ်လုံး ပျံဝဲသွားတယ်။ တလုံးထဲနော်။ ကျောင်းသားအုပ်စုထဲက ပေါက်ကွဲလိုက်တာလို့ ယူဆရပါတယ်။ တချိန်ထဲ ကျောင်းသားဘက်ကို နံပတ်တုတ်တခု ပျံဝဲလာ။ ကျောင်းသားက မှတ်တမ်းတင်ဖို့ ကောက်ယူပြေး။ ရဲက ပြန်လု၊ ရုန်းရင်းဆန်ခတ်။ အဲဒီအချိန်မှာ အချင်း ၄ လက်မလောက်ရှိတဲ့ ခဲတွေ ရဲတွေဘက်ကနေ သပိတ်အုပ်စုဘက် ရောက်လာ။ အရမ်းမြန်တယ်။ စပြီ။ ဒီမှာ ကမ္ဘာပျက်ပြီ။ အရိုက်အဖွဲ့ ပြေးဝင်ရိုက်ပြီ။ သူတို့က တွန်းနေတဲ့ ရဲ တံတိုင်း မဟုတ်တော့ဘူး ။ လည်ပတ်နီတွေနဲ့။ တပ်မ ၁၁ တဲ့။ စစ်ဦး ဘီလူး။

ကျမ မှတ်တမ်းတင်ဖို့ ကြိုးစားဖို့ မီဒီယာ ကော်နာကိုကြည့်လိုက်တော့ အားလုံး ပြေးကြပြီ။ ခဲတွေက အဆက်မပြတ်။ နောက်က လည်စည်းနီနဲ့ တုတ်တွေနဲ့ဝင်လာပြီး တလကြမ်း ရိုက်တော့တာပါပဲ။ ကျမတို့ နီးရာအိမ်ထဲ ဝင်ပြေး။ တံခါးတွေ ဂျက်ထိုးပြီး အိမ်ထဲကနေ ချောင်းကြည့်ရုံသာ တတ်နိုင်ပါတယ်။ ကင်မရာ Lens ဆန့်တဲ့အပေါက် မရှိ။ အိမ်ထဲမှာ ကိုယ်နဲ့အတူ ရောက်နေသူတွေက ၂၀ နီးပါး။ ကိုယ့်ကင်မရာကြောင့် အိမ်အဖွင့်ခံရရင် လူ ၂၀ ကျော်။ ကျောင်းသား ကျောင်းသူတွေလည်း ပါတယ်။ ရဲရဲတောက်တွေပါ။ သူတို့ရဲဘော်တွေ အရိုက်ခံနေရလို့ သွားပါရစေတဲ့။ ရဲရင့်လိုက်တဲ့ ကလေးတွေ။ တိုက်ပွဲဆိုတာ တကြိမ်ထဲမဟုတ်ကြောင်း ချော့မော့ရင်း အိမ်ထဲကနေ ရင်ဖိ၊ ကြေကွဲ၊ နာကျည်း၊ အပြင်က ၅ ပေအကွာမှာ ကမ္ဘာပျက်နေ။ ကျမ ဘာမှ မကူညီနိုင်ခဲ့ဘူး။ ဘာမှ မကူညီနိုင်ဘူး။ ဒါပေမယ့် အမှန်တရားတွေကို မြင်ခဲ့တယ်။

အမှန်ကို ပြောမယ်။ကျောင်းသားတွေကို ကာကွယ်ပေးချင်တဲ့ ရဲတွေ အမှန်ရှိခဲ့တယ်။ ရဲအချင်းချင်း ပြဿနာ တကယ်တတ်ခဲ့တယ်။လူနာတင်ကားကို ရိုက်တဲ့ကိစ္စမှာ ရဲမှူး တားပေးခဲ့တယ်။ ကဗျာဆရာ သော်ဇင်အုန်းတို့ကိုလည်းလူစိတ်ရှိတဲ့ နယ်မြေခံရဲက ကူညီခဲ့တယ်လို့ ကြားခဲ့ရတယ်။

ယုတ်မာတာထက် ဆိုးရွားတဲ့ အကြမ်းဖက် ရဲဝတ်တွေရှိခဲ့တယ်။ ရိုက်တယ်။ ရိုက်တယ်။ ဒေါသတကြီး၊ အငြိုးတကြီး၊ မရပ်မနား၊ မြင်မြင်ရာ အဲဒီလိုရိုက်ခဲ့တယ်။ ကျောင်းသားတွေ ဝင်နေတဲ့အိမ်တွေကို ဖွင့်ခိုင်းပြီး အားလုံးကို ရိုက်တယ်။ ဖျက်ဆီးတယ်။ အသေးစိတ်ကတော့ ရဲရင့်တဲ့ သတင်းသမားတွေ အသက်နဲ့ရင်းပြီး ရိုက်ခဲ့တဲ့မှတ်တမ်းတွေမှာ မြင်နိုင်ပါတယ်။ ကျမ ရသလောက် အိမ်ထဲကနေ ရိုက်တယ်။ တချိန်ထဲမှာအိမ်ပွင့်သွားပြီး အဖမ်းခံရရင် ဘယ်လို ရင်ဆိုင်ရမလဲလို့ တွေးထားတယ်။ ကျမနဲ့အတူ မိတ်ဆွေ မသိန္ဒီဦး ပါရှိနေတယ်။ ပြန်လွတ်နိုင်ပေမယ့် အခုချိန် ဖမ်းခဲ့ရရင် အရိုက်ခံရနိုင်တယ်လို့ တွေးထားကြတယ်။ နောက်ဖေးပေါက်ဖွင့်ပြီး ပြေးဖို့မစဉ်းစားနိုင်ကြသေး။ အဲဒီလိုထွက်တဲ့အချိန် ရိုက်တဲ့သူတွေနဲ့တွေ့ရင် အသေအကျေဖြစ်မှာ။ ကျမရဲ့စိတ်ပူမှုက ရယ်စရာပါ။ အရိုက်ခံရင် ကျမ ခေါင်း မထိရင်ပြီးရောလို့ တွေးထားနိုင်ပေမယ့် ကျမ ချွေးနဲစာနဲ့ဝယ်ထားရတဲ့ ကင်မရာ ဖျက်ဆီးခံရမှာ သေမလောက် စိုးရိမ်နေမိတယ်။ ကျမ အရိုက်ခံရလို့ လဲသွားရင်ကင်မရာတွေကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလေ။

မကြာခဏ အိမ်ကိုဖွင့်ပေးဖို့ လာကန်ကျောက်ကြတယ်။ ဒီလိုနဲ့တော့ မဖြစ်တော့ဘူးဆိုပြီး အိမ်နောက်ကထွက် ပြောင်းခင်းတွေကိုဖြတ် ကျွန်ကလေးချောင်းကိုဖြတ်ကျော်ပြီး ပြည်လမ်းမပေါ်ကို ကျမတို့ ရောက်ရှိလွတ်မြောက်ခဲ့ရပါတယ်။

ဒါပေမယ့် လက်ပံတန်းထဲမှာ ကမ္ဘာပျက်နေတဲ့ နေရာတခုကို ကျမတို့ စွန့်ခွာခဲ့ရတယ်။ တကယ်တော့ ကျမတို့ ချိန်ထားခဲ့ရတာ ကျမတို့ရဲ့အနာဂတ် ကျမတို့ရဲ့နိုင်ငံတော် အားလုံးကို စွန့်ခဲ့ရတာ။ ကျောင်းသား ရဲဘော် ရဲမေတို့၊ ဝန်းရံသူ ပြည်သူတို့ မင်းတို့ကို ချန်ထားခဲ့ရတဲ့အတွက် ခွင့်လွှတ်ပါ။

ဒီအကြမ်းဖက်မှုပုံရိပ်တွေကိုတော့ အားလုံး မြင်တွေ့ခွင့်ရှိခဲ့ပြီးပါပြီ။ ရင်ကွဲနာကျခဲ့ရပြီးပါပြီ။ မတူညီသော အမြင်မျိုးစုံလည်း ရှိခဲ့ပါတယ်။ ကျမ နောက်ဆုံးပြောလိုတာက ကျောင်းသားတွေ ရန်ကုန် လာချင်တာ မှားတယ်။ မလာစေချင်တဲ့ အစိုးရမှားတယ်ဆိုတာထက် အစိုးရဟာ ညာခဲ့တယ်၊ ကောက်ကျစ်ခဲ့တယ်၊ သူတို့နဲ့ ရင်ဆိုင်ခဲ့ကြသူတိုင်းရဲ့ ပုံရိပ်တွေကို အမြဲတမ်း ညစ်နွမ်းစေချင်တယ်။ အဲဒီဖြစ်ရပ်တွေကြောင့် ကျမတို့ပြည်သူတွေပဲ နာကျင်ခဲ့ရတယ်။ ကျောင်းသား၊ ပြည်သူ၊ နောက် ပြည်သူထဲက အပါအဝင်ဖြစ်တဲ့ ပြည်သူ့ရဲ (အကြမ်းဖက် လူ့တိရစ္ဆာန်တွေကို ပြည်သူ့ရဲ လို့ မသတ်မှတ်ပါ။ အားလုံး နာကျင်ခံစားခဲ့ကြရတာပဲ။

အဓိကကတော့ တိုင်းပြည်ကောင်းအောင် လုပ်ချင်တဲ့နေရာမှာစေတနာထားတတ်တဲ့သူတွေ ကျမတို့တိုင်းပြည်မှာ များလာစေချင်တာပါ။ နောက် စေတနာအမြင်ထားတတ်သူတွေ၊ လူသားဆန်သူတွေ များလာစေချင်တာပါ။

အချုပ်ဆိုရရင်တော့ ဒီနိုင်ငံမှာသပိတ်မှောက်ရင် အစိုးရသဘောထားကို ဆန့်ကျင်ရင် အဖမ်းခံရနိုင်တာ သိပြီးသားပါ။ ဖမ်းရင် အရိုက်ခံရမယ်ဆိုတာလည်း သိပြီးသားပါ။ ဒါပေမယ့် မနေ့က မှတ်တမ်းတွေအရ နည်းနည်းလေးများ လွန်သွားပါတယ်လို့ ပြုရက်သူ လူကြီးမင်းများက မတွေးမိကြဘူးလားဟင်။
အာဏာပြန်သိမ်းမယ်နဲ့ လာမခြောက်နဲ့၊ အာဏာပြန်သိမ်းခံရရင် ဘယ်လိုလုပ်မလဲ မလန့်ကြနဲ့။

အခု အာဏာကို ဘယ်သူ ပိုင်နေတာလဲ။တွေးကြည့်။

ရှင်တို့၊ ကျမတို့အားလုံး ယုံကြည်သင့်တဲ့အရာတခုရှိတယ်။ ကျမတို့ အနာဂတ်အတွက် အများကြီး မလိုဘူး။ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားနဲ့လူသားဆန်မှု။ ဒါပဲ လိုတယ်။

ရှင်ဒေဝီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...