Monday, March 9, 2015

မြောက်ပိုင်းပြန်

မန္တလေးမြို့က သတင်းစာရှင်းလင်းပွဲတွေတော်တော်များများကို အဲဒီဆိုင်မှာလုပ်ဖူးတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ဥပဒေရေးရာထိခိုက်နစ်မှု စတဲ့အကြောင်းအရာမျိုးစုံကို 88 Café လို့ နာမည်ပေးထားတဲ့ အဲဒီဆိုင်လေးမှာ လုပ်ကြတယ်။ ဆိုင်ရဲ့ပိုင်ရှင်ကတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် မန္တလေးမှာလူသိများတဲ့ ဦးညီညီကျော်ပါ။


၃၅ လမ်းနဲ့ ၃၆ လမ်းကြား၊ ၇၅ လမ်းထဲမှာဖွင့်ထားတဲ့ 88 Café ဆိုင်လေးရဲ့ပတ်ဝန်းကျင်မှာနေထိုင်ကြသူတွေက အစ္စလာမ်ဘာသာဝင်တွေများတယ်။ ဆိုင်ထဲကိုဝင်လိုက်ရင်လည်း အများအားဖြင့် အစ္စလာမ်ဘာသာဝင်တွေကိုပဲ တွေ့ရတာများတယ်။ လက်ဖက်ရည်သောက်နေကြသူတွေ၊ ဖုန်းကိုယ်စီကိုင်ပြီး အင်တာနက်သုံးနေကြသူတွေ၊ သတင်းစာ၊ဂျာနယ်ဖတ်နေကြသူတွေ၊ ဘယ်နေရာကြည့်ကြည့် အများစုဟာ အစ္စလာမ်ဘာသာဝင်တွေချည်းပါ။ ဆိုင်ပိုင်ရှင် ဦးညီညီကျော်ကိုယ်တိုင်က အစ္စလာမ်ဘာသာဝင်တစ်ဦးပါပဲ။

၏“ တော်ရုံလူက ကျွန်တော့်လက်ဖက်ရည်ဆိုင်မလာရဲဘူးဗျ။ ကြောက်တာ။ ကျွန်တော်သတင်းစာရှင်းလင်းပွဲတွေလုပ်ကြည့်တယ်။ သတင်းထောက်တိုင်းလည်း လာရဲတယ်မထင်နဲ့။ မလာချင်တဲ့သူလည်းရှိတာပဲ။ အခြေအနေကို ပြောင်းလဲအောင်လုပ်ယူရတာပေါ့နော်။ အဲလိုပဲ တစ်ဖက်ကလည်း ဒီရပ်ကွက်က မွတ်စလင်များတယ်။ သူတို့ကိုလည်းပြောင်းလဲအောင်လုပ်ယူရတယ်။ ဒီမိုကရေစီကိုသွားတဲ့အခါမှာ လူ့အဖွဲ့အစည်းတစ်ခုက ပြုတ်ကျကျန်နေရစ်ရင် အန္တရာယ်သိပ်များတယ်။ အဲဒါက အန္တရာယ်ဖြစ်လာတာပဲ” လို့ ဆိုင်ပိုင်ရှင် ဦးညီညီကျော်ကပြောတယ်။

သူ့ကို ABSDF(မြောက်ပိုင်း) ပြန် ကျောင်းသားတစ်ယောက်အဖြစ်သိထားခဲ့တော့ သူနဲ့စကားပြောဖြစ်တဲ့အခါ ကိုယ်တွေကြုံတွေ့ခဲ့ရတဲ့ ပါဂျောင်ဒေသသတ်ဖြတ်မှုတွေအကြောင်းကို စာအုပ်အဖြစ်ထုတ်ဖို့အစီစဉ်ရှိမရှိ အရင်ဆုံးမေးမိတယ်။

“ အဲဒီအဖြစ်အပျက်ကိုတည်ပြီး ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးကျော်ကြားမှုမလုပ်ချင်ဘူး။ အဲလိုပဲ ကျဆုံးသွားတဲ့ကျာင်းသားတွေရဲ့ မိဘတွေက အသက်အရွယ်အရ အိုမင်းလာတဲ့အခါ ဒီအဖြစ်အပျက်နဲ့ ထပ်ပြီးမနှိပ်စက်မိတာမဖြစ်ချင်ဘူး။ အဓိကအကြောင်းကတော့ သမိုင်းအမှန်ဆိုတာ ပြောသင့်တဲ့အချိန်မှ ပြောရမယ်လို့ကျွန်တော်နားလည်တယ်။ နှစ် ၂၀ လုံးအောင့်ခဲ့ရတဲ့ကာလတွေရှိခဲ့တာပဲလေ။ သိပ်လိုအပ်လာရင်တော့ပြောမယ်။ ဒီအဖြစ်အပျက်က ရိုးရှင်းတဲ့အဖြစ်အပျက်တော့မဟုတ်ဘူး။ အမှန်ကိုပြောရင်ရောလက်ခံနိုင်ကြမှာလား။ အများထင်သလို နေရာလုကြတာတို့၊ အုပ်စုကွဲပြီး တစ်ဖက်နဲ့တစ်ဖက် အာဏာလိုချင်လို့သတ်တာတို့ကတော့ လုံးဝမဟုတ်ဘူး။ ပြောကြပြီဆိုရင် မချွင်းမချန်ပြောပြရလိမ့်မယ်။ အဲလိုကာလတစ်ခုတော့ စောင့်ချင်သေးတယ်။ ဒါကြောင့် မပြောဖြစ်တာ” လို့ သူကဆိုတယ်။

၁၉၉၂ ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ( မြောက်ပိုင်း) ပါဂျောင်ဒေသမှာဖြစ်ပွားခဲ့တဲ့ အဲဒီလူသတ်မှုကြီးမှာ တစ်ပြိုင်တည်းအစုအပြုံလိုက် ခေါင်းဖြတ်အသတ်ခံရသူ(၁၅) ဦးအပါအ၀င် အသက်ပေးခဲ့ရသူ(၃၅) ဦးရှိခဲ့တယ်။ တစ်နှစ်နီးပါးကြာမြင့်ခဲ့တဲ့ ဖမ်းဆီးနှိပ်စက်လူသတ်ပွဲကြီးမှာ လူ(၁၀၀)ကျော်ဟာ ထောက်လှမ်းရေးလို့စွပ်စွဲဖမ်းဆီးခံခဲ့ရပြီး (၅၀)ကျော်ကတော့ နောက်ပိုင်းမှာ ပြန်လည်ထွက်ပြေးလွတ်မြောက်ခဲ့တယ်။

အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီး မြောက်ပိုင်းပြန် ABSDF ကျောင်းသားဟောင်းတွေဖြစ်တဲ့ မောင်မောင်(ရွှေကရ၀ိတ်)ရေးတဲ့ ကျွန်တော်သိသောခေတ်သစ်ဟင်္သကိုးသောင်းပုံပြင်၊ ပန်းချီထိန်လင်းရေးတဲ့ ABSDF မြောက်ပိုင်းကျောင်းသားရေးအခင်း စာအုပ်တွေမှာသူတို့ရဲ့အတွေ့အကြုံတွေကို  ပြန်လည်ပြောပြထားတာတွေ့ရတယ်။

“ ကိုထွန်းအောင်ကျော်နဲ့အတူ ၁၉၉၁ စက်တင်ဘာမှာ အဖမ်းခံရတယ်။ ကိုယ်လွတ်မရုန်းဘဲ ဖြေရှင်းခဲ့တယ်။ ကိုထွန်းအောင်ကျော်ကလည်း ခေါင်းဆောင်ပီပီသသပဲ၊ မရှောင်တိမ်းဘဲရင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ ဒီအဖြစ်အပျက်က ကျွန်တော်တို့ထင်ထားတာထက် အများကြီးကောက်ကျစ်ယုတ်မာရက်စက်ခဲ့တယ်။ ဥပမာ ဖမ်းဆီးပြီးတာနဲ့ လမ်းမလျောက်နိုင်အောင် ခြေထောက်တွေကို ရိုက်နှက်တာမျိုးတွေ၊ မီးဖိုထဲထည့်ပြီး အကြောတွေဆိုင်းအောင်လုပ်တာမျိုးတွေ၊ မီးဖုတ်ထားတဲ့သံချာင်းကို ခြေဖ၀ါးထဲ ရိုက်ထည့်တာမျိုးတွေရှိခဲ့တယ်” ပြောရင်း သူ့အသွင်မှာ ၀မ်းနည်းတဲ့အမူအယာတွေ သိသိသာသာပေါ်လာတယ်။ အဲဒီကာလကို ပြန်ပြီးအမှတ်ရသွားပုံလည်းပေါ်တယ်။

သူက “ မထင်မှတ်ဘဲ အဲဒီအဖြစ်အပျက်ကြီးထဲက ကျွန်တော်လွတ်မြောက်ပါတယ်။ သေချာပေါက်သေရတော့မယ်ဆိုတာကိုသိနေတဲ့လူတွေကို ပိတ်လှောင်ဖမ်းဆီးထားတဲ့အခါမှာ  အားလုံးက တစ်ယောက်နဲ့တစ်ယောက်လွှဲမချဘဲ အံ့သြစရာကောင်းလောက်တဲ့စိတ်ဓာတ်နဲ့ရင်ဆိုင်သွားကြတာ။ ကျွန်တော်လွတ်လာတဲ့အခါ ဒဏ်ရာဒဏ်ချက်တွေကြားက အသိဝင်လာတာက အားလုံးရဲ့ကိုယ်စား ဒီအမှန်တရားကို ပြောခွင့်ရတဲ့သူဖြစ်အောင်လုပ်မယ်ဆိုပြီး ကျွန်တော်အသက်ရှင်နိုင်အောင်ကြိုးစားခဲ့တယ်။ မသေဘဲလွတ်လာသူနေနဲ့ ပိုပြီးတာဝန်ရှိတယ်လို့ မြင်တယ်။ သေတဲ့သူတွေရော၊ ကျန်ခဲ့တဲ့သူတွေရော၊ အားလုံးရဲ့ရည်ရွယ်ချက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပဲ။ ဒီတိုက်ပွဲက မပြီးသေးဘူး။ ဒါကြောင့် မသေဘဲကျန်ခဲ့တဲ့သူတွေက ပိုတာဝန်ကြီးပါတယ်” လို့ ဆိုတယ်။

ဦးညီညီကျော်က  သာမန်ဝန်ထမ်းမိသားစုထဲမှာ ကြီးပြင်းလာခဲ့တယ်။ အသက် (၂၀) မှာ ဘွဲ့ရခဲ့တယ်။ (၂၃) နှစ်မှာ ၈၈ အရေးအခင်းကို ကြုံတွေ့ခဲ့ရတယ်။ အများသူငါလိုပဲ ကျောင်းသားလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တယ်။ နောက်တော့ ABSDF ကျောင်းသားတပ်မတော်ထဲလိုက်ပါခဲ့တယ်။ ထောက်လှမ်းရေးလို့ ဖမ်းဆီးစွပ်စွဲခံခဲ့ရပြီး ပြန်လွတ်မြောက်လာတဲ့အခါ အသက်က (၂၇) နှစ်အရွယ်။  အဲဒီကတည်းက ပါဝင်လာခဲ့တဲ့နိုင်ငံရေးလမ်းကြောင်းပေါ်မှာ အခုအချိန်ထိ ဆက်လက်လျောက်လှမ်းနေဆဲပဲ။

သူ့အတိတ်ကိုပြန်ကြည့်ရင် အထက်တန်းကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘ၀တွေအထိ နိုင်ငံရေးဆိုတာနဲ့ထိတွေ့မှုက သူလိုငါလိုကျောင်းသားတွေအတိုင်း ခပ်ပါးပါးလေးပါ။ ၁၉၈၆ ခုနှစ်မှာ ဘွဲ့ရပြီးတဲ့နောက် သင်္ဘောလိုက်ဖို့ရည်ရွယ်ချက်နဲ့ မိတ္တီလာ GTI တက်တဲ့အထိ ပုံမှန်လူငယ်တစ်ယောက်အတိုင်းဖြတ်သန်းခဲ့တယ်။ ၁၉၈၈ အရေးအခင်းမှာ မန္တလေးတက္ကသိုလ်ကျောင်းသားတွေ လမ်းပေါ်စပြီးထွက်တဲ့အခါမှာလည်း သာမန်ဆန္ဒပြသူတစ်ယောက်အဖြစ်ပဲ ပါဝင်ခဲ့တာပါ။

မန္တလေး စက်မှုလက်မှုသိပ္ပံကျောင်းသားတွေ ဆန္ဒပြဖို့ဖြစ်လာတဲ့အခါမှ နောက်ပိုင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဌဖြစ်လာမယ့် ကိုထွန်းအောင်ကျော်နဲ့တွေ့ပြီး ကျောင်းသားလှုပ်ရှားမှုတွေထဲ ထဲထဲဝင်ဝင်ပါဝင်သွားခဲ့တယ်။ ကိုထွန်းအောင်ကျော်က ဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ စက်မှုလက်မှုသိပ္ပံကျောင်းသားသမဂ္ဂမှာ သူက ဒုတိယဥက္ကဌဖြစ်လာတယ်။ အရေးအခင်းကာလတစ်လျောက် ရေဒီယိုအသံလွှင့်တဲ့ကိစ္စတွေနဲ့ စည်းရုံးရေးကိစ္စတွေ လုပ်ဆောင်ခဲ့တယ်။

တပ်မတော်အာဏာသိမ်းကာလအလွန်မှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(အထက်မြန်မာပြည်) မှာ ဗဟိုကော်မတီဝင်အနေနဲ့ပါဝင်လာပြီး သပိတ်တပ်ပေါင်းစုမှာလည်း အတွင်းရေးမှူးဖြစ်လာတယ်။ ဖိနှိပ်မှုတွေကြားမှာ ကျောင်းသားတွေက သမဂ္ဂ၊ ပါတီ၊ တပ်မတော်အစရှိသဖြင့် ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားဖို့ စီစဉ်လာကြတဲ့အခါ ထောင်ထဲမှာဘ၀ကိုအဆုံးမသတ်ချင်တဲ့ကျောင်းသားတွေက လွတ်မြောက်နယ်မြေတစ်ခုမှာ ကျောင်းသားတပ်မတော်အနေနဲ့ လှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

“ ၁၉၈၉ ဇူလိုင် ၃၀ မှာ ပါဂျောင်ကိုရောက်တယ်။ အခြေခံစစ်ပညာသင်တန်း ၄၅ ရက်တက်ရတယ်။ အပတ်စဉ် ၅ ပေါ့။ ကိုယ်ပိုင်အမှတ်က အဲဒီတုန်းက ၃၀၀ ကျော်ပဲရှိသေးတာ။ နောက်တော့ တဖြည်းဖြည်းနဲ့ ကျောင်းသားတွေစုစည်းမှုများလာပြီး ABSDF(မြောက်ပိုင်း)ဆိုပြီး ထူထောင်ခဲ့တာ” လို့ ဦးညီညီကျော်က ပြန်ပြောင်းပြောဆိုတယ်။

ABSDF (မြောက်ပိုင်း)မှာတော့ ဗဟိုကော်မတီဝင်တစ်ယောက်အနေနဲ့အပြင် တပ်ဖွဲ့ရဲ့ စစ်ရေးနိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း ခရိုင်မှူးအဖြစ် နိုင်ငံရေးကဏ္ဍကပါဝင်လှုပ်ရှားခဲ့တယ်။ အချင်းချင်းစွပ်စွဲသတ်ဖြတ်ခဲ့ကြတဲ့ ဖြစ်ရပ်အပေါ်မှာတော့ သူက အမြင်တစ်မျိုးရှိတာတွေ့ရတယ်။

“ တိုင်းရင်းသားဖြစ်တဲ့ ဒေသခံကျောင်းသားတချို့ရဲ့စိတ်ခံစားမှုနဲ့ သူတို့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းစဉ်ပဲ။ ရှင်းအောင်ပြောရရင် ဒေသခံကျောင်းသားတချို့ရဲ့ မူလမျှော်မှန်းချက်၊ သူတို့ဒေသ၊ သူတို့လူမျိုးအတွက် မျှော်မှန်းချက်ထားတဲ့ဖြစ်စဉ်တွေနဲ့ ကျွန်တော်တို့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းက ဒီမိုကရေစီရေးအတွက် မျှော်မှန်းတဲ့ကျောင်းသားတွေရဲ့မျှော်မှန်းချက် နှစ်ခုက မတိုက်ဆိုင်ဘဲနဲ့ အငြိုးတကြီးနှိပ်စက်ပြီးတော့ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ကျွန်တော်တို့ကိုယ်တိုင် မလိုလားအပ်တဲ့သတ်ဖြတ်မှုတွေဖြစ်ခဲ့တာပဲ” လို့ သူကဆိုတယ်။

မန္တလေးကိုပြန်ရောက်လာခဲ့တဲ့နောက် အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးတာ၊ သားသမီးတွေကို ပြန်လည်တွေ့ဆုံခေါ်ယူနိုင်ရေးအတွက် ပါဂျောင်ဒေသရောက် ကျောင်းသားတွေရဲ့မိဘတွေကို အကြံဥာဏ်ပေးတာတွေပြုလုပ်နိုင်ခဲ့တယ်။ ဒီအဖြစ်အပျက်တွေကို မမေ့ပျောက်အောင် မြောက်ပိုင်းဒေသကျဆုံးကျောင်းသားများအထိမ်းအမှတ် ရုပ်တုနဲ့ ရင်ပြင်ကို တည်ဆောက်နိုင်ဖို့ကြိုးပမ်းခဲ့သလို၂၀၁၂ ခုနှစ်ကစပြီး မန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းတိုက်မှာ ကျဆုံးသူတွေကိုရည်စူးပြီး ဆွမ်းကပ်အမျှဝေတာ၊ အခမ်းအနားကျင်းပတာတွေ ပြုလုပ်နိုင်ခဲ့တယ်။

၂၀၁၁ ခုနှစ်မှာ စိတ်တူကိုယ်တူရှိသူတချို့နဲ့ ပူးပေါင်းပြီး မေတ္တာကမ်ပိန်း အဖွဲ့ကိုထူထောင်တယ်။ မေတ္တာကိုအခြေခံပြီး ငြိမ်းချမ်းတဲ့လူ့ပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့၊ ဒီမိုကရေစီအခြေခံတွေပျံ့နှံ့စေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တယ်။ အခုလာမယ့်၂၀၁၅ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးကွန်ရက်(EON) ထဲမှာ မေတ္တာကမ်ပိန်းအဖွဲ့ကလည်း အဖွဲ့တစ်ခုအနေနဲ့ပါဝင်နေတယ်။

88 Café ကိုဖွင့်ပြီး  မန္တလေးမြို့မှာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့စုရပ်တစ်ခုအဖြစ်သာမက အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေရဲ့ရင်ဖွင့်ရာ၊ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ နေရာတစ်ခုအဖြစ် ဖြစ်လာအောင်ဖန်တီးနိုင်ခဲ့တယ်။

ဦးညီညီကျော်က “ ကျွန်တော်တို့ နိုင်ငံရေးနဲ့ပတ်သက်ပြီးလုပ်ရင် ဘုန်းကြီးကျောင်းမှာပဲ အစည်းအဝေး၊ အခမ်းအနားတွေလုပ်ရတယ်။ နိုင်ငံရေးဖြစ်စဉ်တွေက လူထုနဲ့နီးစပ်တဲ့နေရာတွေမှာရှိစေချင်တယ်။ ကျွန်တော်က လက်ဖက်ရည်လည်း မဖျော်တတ်ဘူး။ မုန့်လည်းမလုပ်တတ်ဘူး။ ဒါပေမဲ့ အခြေခံလူတန်းစာတွေမှီခိုတဲ့ လက်ဖက်ရည်ဆိုင်ဖြစ်စေချင်လို့ ဒီဆိုင်ကို လုပ်ခဲ့တာ။ လယ်သမား၊ အလုပ်သမား၊ ဥပဒေရေးရာမမျှမတလုပ်ခံရသူတွေ အလွယ်တကူချိတ်ဆက်နိုင်တဲ့နေရာတစ်ခုဖြစ်အောင် ဖန်တီးချင်လို့ ဒါကိုလုပ်ခဲ့တာ” လို့ ဆိုတယ်။

အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့  နိုင်ငံရေးလုပ်ဆောင်တဲ့အခါ အနည်းနဲ့ အများတော့ လူမျိုးရေး၊ ဘာသာရေးအရခွဲခြားခံရမှုတွေရှိခဲ့တယ်။ အခက်အခဲတွေရှိခဲ့တယ်။
ဒါကြောင့်လည်း နိုင်ငံရေးမှာလုပ်ဆောင်နေပေမယ့် လွတ်တော်နိုင်ငံရေးလမ်းကြောင်းကိုသွားဖို့တော့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးလို့ ဦးညီညီကျော်ကဆိုတယ်။

သူက “ ယုံကြည်မှုကွဲတဲ့  ဘာသာကွဲအနေနဲ့ တော်တော်လေးကျေနပ်တယ်။ ဒါဟာ ကျွန်တော်ပတ်ဝန်းကျင်ကိုပေးနိုင်ခဲ့တဲ့ ကျွန်တော်ရဲ့ရပ်တည်မှုပဲ။ ပြောချင်တာက ကျွန်တော်ယိမ်းမကချင်ဘူး။ အဲဒီအပေါ်မှာ မျှော်လင့်ချက်မထားသလို ဘာမှလည်းအားငယ်နေစရာအကြောင်းမရှိဘူး။ ကျွန်တော်တို့ဒီမိုကရေစီဟာ လူ့အခွင့်အရေးပေါ်မှာနေတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ မိမိကြမ္မာဖန်တီးခွင့်ကို တိုက်ပွဲဝင်နေတာဖြစ်တယ်” လို့ ဆိုတယ်။

ဘာပဲဖြစ်ဖြစ်သူကတော့ လက်ရှိအခြေအနေကိုအကောင်းဆုံးအဖြစ်လက်ခံပြီး လွှတ်တော်ပြင်ပနိုင်ငံရေးလမ်းကြောင်းကနေပဲ သူလုပ်ချင်တဲ့နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်သွားဖို့ရည်မှန်းထားပုံပေါ်တယ်။

“ကျွန်တော်အတွက်ကတော့ သိပ်ပြသနာမရှိဘူးဗျ။ ကျွန်တော့်ဟာကျွန်တော် ပဋိပက္ခတားဆီးရေးတွေလုပ်နေတယ်။ ဦးဝီရသူကလည်း မပြောဘူး။ အဲဒီလိုပဲ မွတ်ဆလင်ကွန်မြူနတီတွေကလည်း ကျွန်တော့်ကို အသိအမှတ်ပြုပုံမပေါ်ဘူးဗျ” လို့ သူက ရွတ်နောက်နောက်နဲ့ ရယ်မောရင်းဆိုပါတယ်။


 ဇော်နောင်လင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...