Wednesday, April 8, 2015

စစ်တပ်က ဘယ်နည်းကို သုံးမလဲ မိမိတို့ ကြိုမြင်နေရပြီ


၁။ ပထမနည်း
၂၀၁၅ -ခုနှစ်မှာ ဒီချုပ်က ရွေးကောက်ပွဲ မဝင်ခဲ့ရင်၊ တိုင်းရင်းသားတွေ အပစ်ရပ်ကြရင် အခြေအနေက ဘာနဲ့ တူသွားသလဲဆိုရင် ၂၀၁၀ -ခုနှစ် အတုအယောင်ရွေးကောက်ပွဲကာလနဲ့ တူသွားတယ်။ ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်ရဲ့ ဒုတိယ(၅)နှစ်စီမံကိန်းအောက်မှာ ပြည်သူတို့ ပြားပြားဝပ်နေရအုံးမှာပဲ။

၂။ ဒုတိယနည်း
ဒီချုပ်က ၂၀၁၅-ခုနှစ်ကို ဝင်မယ်။ အစိုးရဖွဲ့နိုင်လောက်အောင် ရွေးကောက်ပွဲကိုလည်း အောင်နိုင်မယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံကို ပြင်ဖို့ စစ်တပ်က အကြောက်အကန် ငြင်းဆိုမယ်။ ဒါကြောင့် အစိုးရမဖွဲ့စည်းဘဲ ပါလီမာန်ကို သပိတ်မှောက်မယ်။ ဒီအချိန်မှာ ပြည်ခိုင်ဖြိုးတွေနဲ့ စစ်တပ်က တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးပြီဖြစ်လို့ အတုအယောင် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပရင်းနဲ့ ဒုတိယ (၅)နှစ်အုပ်ချုပ်ရေးကို ဆက်ထိန်းသွားလို့ ရတယ်။ ဒါဟာ ၁၉၉၀-ပြည့်နှစ်ရွေးကောက်ပွဲနောက်ပိုင်းအဖြစ်အပျက်များနဲ့ တစ်ပုံစံထဲ ဖြစ်ပြီး စစ်အာဏာရှင်စနစ်အောက်မှာ အားလုံးက ဘဝပျောက်နေကြအုံးမှာ ဖြစ်တယ်။
၃။ တတိယနည်း
ဒီချုပ်က ၂၀၁၅-ခုနှစ်ကို ဝင်မယ်။ ညွန့်ပေါင်းပဲလုပ်ရလုပ်ရ အစိုးရဖွဲ့စည်းမယ်။ တိုင်းရင်းသားတွေကလည်း အပစ်ကို ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်လာတဲ့ အစိုးရနဲ့ ဆွေးနွေးမယ်။ ပျော့ပျောင်းတဲ့ ဒီချုပ်အစိုးရကို တိုင်းရင်းသားတွေက ဖိအားပေးမှာ ဖြစ်သလို တိုင်းရင်းသားများကို အခွင့်အရေးမပေးလိုလို့ မဘသလို အဖွဲ့အစည်းတွေကလည်း ဖိအားပေးလာမှာမုချပါပဲ။ ကြားမှာ တကယ့်အာဏာရှိတဲ့ စစ်တပ်က သူတို့အာဏာကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်လို့ ရသွားစေတယ်။ စစ်တပ် မရှိရင် မဖြစ်ဘူးဆိုတာ လူတွေ ခံစားမိလာမယ်။ ဒီအချိန်မှာ စစ်တပ်က နောက်ကွယ်ကနေ ဆူပူမှုတွေ၊ အဓိကရုဏ်းတွေကို ဖန်တီးလိုက်ရင် သူခိုးတွေက ကယ်တင်ရှင်ကြီး ဖြစ်လာအုံးမှာပါ။
၎။ စတုတ္ထနည်း
(က) ဒီချုပ်က ဖွဲ့စည်းပုံကို မပြင်ရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်။ လွှတ်တော်ကို အသိအမှတ်မပြုတော့ပါ။ ၈၈ မျိုးဆက်တွေနဲ့ ပူးပေါင်းလိုက်ပါ။ မင်းကိုနိုင်ကို ဆက်ခံသူအဖြစ် သတ်မှတ်ကြည့်ပါ။
(ခ) တိုင်းရင်းသားတွေကလည်း တိုင်းရင်းသားအားလုံး မပါဝင်ပါက တစ်နိုင်ငံလုံးအပစ်ရပ်ရေးကို ဆိုင်းငံ့ထားပြီး လက်ရှိ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို လက်ခံစေမဲ့ တပ်မတော်မူ(၆)ချက်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ(၆)ချက်ကို ပစ်ပယ်ရပါ့မယ်။
(ဂ) ဒါဟာ ဘာကို ပြနေသလဲဆိုခဲ့ရင် ၂၀၁၂ ခုနှစ်တုန်းက သမ္မတသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံကို လက်ခံစေခဲ့သလို အခု မင်းအောင်လှိုင်ကလည်း တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ (၆)ချက်ကို လက်ခံစေခြင်းနဲ့အတူ ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံကို သွယ်ဝိုက်ပြီး လက်ခံစေတာ ဖြစ်တယ်။
ဒါကြောင့် အတိုက်အခံတွေရော တိုင်းရင်းသားလူမျိုးများပါ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ခုနှစ်နာဂစ်ဖွဲ့စည်းပုံကို သပိတ်မှောက်ကြခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒီနိုင်ငံရေးရေစီးကြောင်းအတိုင်း NLD, UNA, UNFC တို့က သွားကြပြီး စစ်တပ်၊ USDP, NBF နဲ့ အခြားဒီမိုကရေစီအမည်ခံပါတီငယ်များက ဒုတိယ(၅)နှစ်ပါလီမာန်ကို ဦးဆောင်သွားကြပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာရဲ့ အသိအမှတ်ပြုခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကိုတော့ များများစားစား ရရှိနိုင်မယ်မထင်လို့ သူတို့ပြဿနာ သူတို့ဖန်တီးပြီး စစ်တပ်လက်ထဲကို လုံးလုံးလျားလျား အာဏာရောက်စေမှာ ဖြစ်ပါတယ်။ ဒါဟာ ဟို ၁၉၆၂ -ခုနှစ်ကအတိုင်းပဲ ဖြစ်တယ်။
၅။ ပဉ္စမနည်း
သိန်းစိန်အစိုးရဲ့ ပြုပြင်ပြောင်းလဲရေးဟာ မစစ်မှန်ကြောင်း နိုင်ငံတကာက သတိထားမိလာပြီဖြစ်တယ်။ အထွေထွေသပိတ်ကို ဆင်နွှဲပြီး ဖိအားပေးကြမယ်။ ဖွဲ့စည်းပုံကိုပဲ ပစ်မှတ်ထားပြီး သပိတ်မှောက်ကြမယ်။ ၂၀၀၄ ခုနှစ်မှာ ကုလသမဂ္ဂအဆိုပြုတဲ့ သုံးပွင့်ဆိုင်နိုင်ငံရေးဆွေးနွေးပွဲကို အသက်ပြန်သွင်းမယ်။ ဒီလိုဆိုရင် ကုလသမဂ္ဂက ကြားဝင်ဖြန်ဖြေပေးရပါလိမ့်မယ်။ တိုင်းရင်းသားတွေက ဖက်ဒရယ်တပ်မတော်ကို ဖွဲ့စည်းပြီး အသင့်အနေအထား ရှိနေရမယ်။ ဒီအနေအထားမှာ သိန်းစိန်က (၂)ခုပဲ လုပ်မှာ ဖြစ်တယ်။ ရွေးကောက်ပွဲကို ရွှေဆိုင်းပြီး တိုင်းပြည်အာဏာကို ဆက်ကိုင်သွားမယ်၊ ဒါမှမဟုတ် မင်းအောင်လှိုင်က သူ့လက်ထဲ အာဏာရောက်လာအောင် ဖွဲ့စည်းပုံပါအတိုင်း သူ့ကို အာဏာလွှဲစေမယ်။ ပြည်ခိုင်ဖြိုးနဲ့တပ်က ဘယ်နည်းကိုပဲသုံးသုံး လက်ရှိအစိုးရဟာ တရားဝင်တော့မှာ မဟုတ်ပါ။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဘွဲ့ကို စွန့်လွှတ်ရမှာဖြစ်သလို တစ်မတ်သားဒီမိုကရေစီနဲ့ တစ်မတ်သားပြည်ထောင်စုဖြစ်ကြောင်းကိုလည်း နိုင်ငံတကာက သိရှိသွားကြမှာ ဖြစ်တယ်။ ဘက်နှစ်ဖက်စလုံး အထိနာစေမဲ့နည်းပါပဲ။
အထက်ဖော်ပြပါနည်းလမ်းတွေက ဘာကို ပြနေသလဲဆိုရင် အတိုက်အခံတွေနဲ့ တိုင်းရင်းသားတို့က ဘယ်လိုနည်းနဲ့ပဲ လှည့်လှည့်ပါ။ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးအစိုးရတို့က ချုပ်ကိုင်ထားပြီသားဖြစ်ကြောင်း တွေ့ရမှာ ဖြစ်တယ်။ အရှုံးမရှိအောင် ထိန်းထားပြီး ရန်သူကို အနိုင်ယူမဲ့နည်းပါပဲ။ ဒါဖြင့်ရင် စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးတို့ကော ဘာအကွက်တွေ နင်းဖို့ စဉ်းစားနေပြီလဲ။
၁။ ပထမနည်း
အချိန်ဆွဲနည်းပါပဲ။ အမှန်မတော့ ၂၀၁၄-ခုနှစ်၊ စက်တင်ဘာလတုန်းက NCA ရလုနီးပါးအချိန်မှာ စစ်တပ်က နောက်ပြန်လှည့်သွားခြင်းမှာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အရေးကြောင့်သက်သက်မဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အတိုက်အခံပါတီတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ အလွန်အကျွံရင်းနှီးမိလို့ ဖြစ်ပါတယ်။ စစ်တပ်နဲ့အစိုးရက နိုင်ငံရေးဆွေးနွေးပွဲကို ရှောင်လွှဲလိုတဲ့အနေနဲ့ (၁) အပစ်ရပ်ကို ပျက်ပြားအောင် လုပ်ပြီး တစ်နိုင်ငံလုံးအပစ်ရပ်ကို သမ္မတသိန်းစိန်သက်တမ်းကုန်ဆုံးတဲ့အထိ အချိန်ဆွဲဆွေးနွေးနိုင်ခဲ့တယ်။ ဒါဟာ စစ်တပ်ရဲ့ နည်းဟောင်းပါပဲ။
၂။ ဒုတိယနည်း
တစ်ဖွဲ့ချင်းကို ဖြိုတဲ့နည်းပါပဲ။ အရင်တုန်းက KNU ကို ဖြိုတယ်။ အခု KIA ကို ဖြိုတယ်။ နောက်ပိုင်းမှာ MNDAA, UWSA, NDAA တို့ ဖြစ်လာဖွယ်ရှိတယ်။ UWSA က ဒါကို ရိပ်မိလို့လည်း NCCT နားကို ကပ်ပြီး အခု တစ်နိုင်ငံလုံးအပစ်ရပ်ရေးအတွက် ပန်းဆန်းမှာ ကျင်းပဖို့ သဘောတူညီခဲ့ခြင်းပါ။ အစည်းအဝေးတွေ တက်ဖို့ အကြောင်းပြချက်အမျိုးမျိုး ပြခဲ့တဲ့ ဝတွေဟာ အစိုးရသဘောထားကို တဖြည်းဖြည်း ရိပ်မိလာပြီဖြစ်တယ်လို့ ပြောရမှာ ဖြစ်တယ်။ အစိုးရအနေနဲ့လည်း ကိုးကန့်နဲ့ ရခိုင်ကို ပစ်ပယ်ထားခြင်းမှာ လက်ရှိအပစ်ရပ်ရေးရဲ့ မူမမှန်တဲ့ ပြယုဂ်တစ်ခု ဖြစ်တယ်။ တစ်ချိန်မှာ တစ်ဖွဲ့ကိုပဲ ဖြိုမယ်ဆိုတဲ့ နည်းစနစ်ကို ဆက်သုံးချင်လို့ ဖြစ်မယ်။
၃။ တတိယနည်း
နိုင်ငံရေးမုဒိမ်းကျင့်တဲ့နည်းပါ။ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ၊ လက်ရှိနာဂစ်ဖွဲ့စည်းပုံ၊ ရှေ့လာမဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးမုဒိမ်းကျင့်မှုတွေ အများကြီး ဖြစ်အုံးမှာ သေချာတယ်။ ဒီလိုပြောကြည့်မယ်။ နိုင်ငံရေးဆွေးနွေးပွဲကို လွှတ်တော်၊ အစိုးရ၊ စစ်တပ် (၃)ဖွဲ့ ခွဲတက်ပြီး တိုင်းရင်းသားတွေကို တစ်ဖွဲ့ထဲ တက်ခိုင်းရင် ဒါဟာ နိုင်ငံရေးမုဒိမ်းကျင့်မှုပါပဲ။ အခု တပ်မတော်က ငြိမ်းချမ်းရေးမှာ ပြည်သူတစ်ရပ်လုံး ပါဝင်ကြဖို့ အဆိုတင်သွင်းခဲ့တယ်။ အပေါ်ယံအရ ဒါ လှပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲကို အမျိုးသားညီလာခံကျင်းပခဲ့သလိုမျိုး သူတို့လူတွေ များများတက်နိုင်အောင် စီမံခဲ့ရင် ဖက်ဒရယ်ပြည်ထောင်စု မပြောနဲ့၊ အသက်ကို ဖက်နဲ့ထုပ်ပြီး ပြန်လာရမှာ သေချာပါတယ်။
၎။ စတုတ္ထနည်း
ငါးကြင်ဆီနဲ့ ငါးကြင်ကြော်တဲ့နည်းပါ။ အပစ်ရပ်ပြီးဆိုရင် အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ရောထွေးယှက်တင်နေကြရပါတယ်။ အဲဒီအချိန်ကျရင် အစိုးရဲ့ သွေးခွဲလုပ်ငန်း စတင်ပါပြီ။ မြန်မာနိုင်ငံမှာ ကွန်မြူနစ်ကနေ ခွဲထွက်ပြီး ပထမဆုံးအပစ်ရပ်ခဲ့တဲး ကိုးကန့်တွေရဲ့ အဖြစ်လိုမျိုးပေါ့။ နောက်ပြီး အပစ်မရပ်ဖြစ်ပေမဲ့ အပစ်ရပ်လိုသူတွေက ခွဲထွက်သွားတဲ့ KNU လိုမျိုးပေါ့။ နောက်ပြီး NLD ကနေ NDF ထွက်လာသလိုမျိုးပေါ့။ ဒီနည်းနဲ့လည်း အာဏာကို ဆုပ်ကိုင်ထားလို့ ရပါတယ်။
၅။ ပဉ္စမနည်း
တည်ဆဲဥပဒေနဲ့ ကိုင်ပေါက်တဲ့နည်း ဖြစ်တယ်။ တပ်မတော်မူ(၆)ချက်တို့၊ ငြိမ်းချမ်းရေးမူ(၆)ချက်တို့ဟာ တည်ဆဲဥပဒေကို လိုက်နာစေလိုတဲ့ မူများ ဖြစ်တယ်။ တရားဥပဒေစိုးမိုးရေးအကြောင်းပြချက်နဲ့ ဥပဒေကို လိုသလို လက်တလုံးခြား အလွဲသုံးစားလုပ်ပြီး ဆန့်ကျင်သူများကို ဖိနှိပ်ခြင်းဖြစ်တယ်။ ဒီလိုအရေးယူမှုမျိုးကို ဘယ်ခေါင်းဆောင်ကမှ ဝင်ပြောလို့ မရပါဘူး။ ဥပမာ-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ အစိုးရတပ်သားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို မုဒိမ်းကျင့်ရင် ဝင်ပြောလို့မရပါဘူး။ အစိုးရအုပ်ချုပ်ရေးယန္တရားကို ဝင်ရှုပ်လို့ မရဘူးလို့ ပြောထားပြီသားဖြစ်တယ်။ မွန်အမျိုးသားအလံကို ရဲက ဆုတ်ဖြဲပစ်တော့ သည်းမခံနိုင်တဲ့ မွန်လူငယ်တွေက ရဲကို ဝင်လုံးတော့ မွန်လူငယ်တွေကပဲ အချုပ်ခန်းရောက်ရပြီး ရဲက ရာထူးကနေ ပြုတ်သွားခြင်းမရှိပါ။ မွန်ပြည်သစ်ပါတီကလည်း ထိထိရောက်ရောက် အကူအညီ မပေးရဲပါ။ အခု ကိုပါကြီးအမှု၊ ဒေါ်ခင်းဝင်းအမှု၊ လက်ပံတောင်းနဲ့လက်ပံတန်းအမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ဝင်ပြောလို့ မရတော့ပါဘူး။ စစ်တပ်က လူ့အခွင့်အရေးဘယ်လောက်ပဲ ချိုးဖောက်ပါစေ ပြောရဲတော့မှာမဟုတ်ဘူး။ ပြောမိရင် စစ်တပ်ကို မုန်းတီးသူတစ်ယောက်အဖြစ် နာမည်ဖျက်ပြီး သမ္မတလုပ်ဖို့ အရည်အချင်းရှိသူမဟုတ်ကြောင်း အမဲဖျက်ကြမှာ မြင်ယောင်သေးတယ်။ ပြောရဲရင်လည်း ကျမ်းကျိန်ထားတဲ့ နာဂစ်ဖွဲ့စည်းပုံနဲ့ ငြိတော့မှာပဲ။ ဒါကြောင့် လွှတ်တော်ထဲ ဝင်မိတာနဲ့ နိုင်ငံရေးသေရသလို အပစ်ရပ်ပြီးသွားတာနဲ့ ငြိမ်းချမ်းရေးက ဂိတ်ဆုံးသွားနိုင်ပါတယ်။
ဒီတော့
၁။အပစ်ရပ်လည်း ပစ်လို့ ရအောင် ကိုးကန့်နဲ့ ရခိုင်ကို ချန်ထားချင်တယ်။ အချိန်မရွေး ပြဿနာ ရှာလို့ ရအောင်လို့။
၂။ ဖွဲ့စည်းပုံကို မပြင်လည်း ရွေးကောက်ပွဲကို လုပ်လို့ ရတယ်။ ရွေးကောက်ပွဲကို မလုပ်ဖြစ်ရင်လည်း ပိုတောင် လုံခြုံသေးလို့ ဝမ်းနည်းစရာ မရှိဘူး။
၃။ အတိုက်အခံတွေနဲ့ တိုင်းရင်းသားတို့ရဲ့ အားနာတတ်မှု၊ အစွဲကြီးမှု၊ ဥပဒေလေးစားမှုတို့ကို အသုံးချပြီး ရက်စက်ပြီး စည်းကမ်းမရှိတဲ့ တပ်က စုစုစည်းစည်းနဲ့ သူတို့ကို ဖြိုခွဲပါအုံးမယ်။
နိုင်ငံရေးအမှတ်မရှိလို့၊ နိုင်ငံရေးအသိညာဏ်မကြွယ်လို့၊ (အချို့က အာဏာကို မက်မောလို့) ဒီမိုကရေစီကို ပဲလှော်နဲ့ လဲစားရတော့မဲ့ဘဝ ရောက်နေပြီ။ ဖက်ဒရယ်ကို တစ်မတ်သားနဲ့ အရောင်းအဝယ် လုပ်ကြတော့မဲ့ ဘဝ ရောက်နေပြီ။ ဒီလိုအခြေအနေမျိုးကို မမြင်ဘဲ ....
၁။ ကျောင်းသားတွေက ပညာရေးဥပဒေကို ပြင်ဖို့ ကြိုးစားတော့ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ တွန်းအားကို ထိခိုက်စေတယ်လို့ ဖောက်ဖောက်ပြန်ပြန် မြင်တယ်။ (အမှန်မတော့ နာဂစ်ဖွဲ့စည်းပုံထဲက မကောင်းတဲ့ပုဒ်မတွေကို ဘာပဲပြင်ပြင် အကောင်းပဲလို့ မြင်ရမယ်။ လွှတ်တော်မှာ မပြင်နိုင်လို့ အပြင်မှာ လှုပ်ရှားကြတာ ဖြစ်တယ်။ ကျောင်းသားတွေက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဒီလိုဆန္ဒပြခဲ့ရင်ကော သတ္တိရှိရှိနဲ့ လာပြီး ပူးပေါင်းကြမလား။ တစ်နိုင်ငံလုံးအတိုင်းအတာအရ လုပ်ပစ်မယ်။)
၂။ တိုင်းရင်းသားတွေက နိုင်ငံရေးဆွေးနွေးဖို့အကြောင်းဖန်လာတော့ ၂၀၁၅-ခုနှစ်ရွေးကောက်ပွဲကို ရွှေ့ပစ်မှာ ကြောက်နေပြန်တယ်။ အခြားတစ်ဖက်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့နည်းလမ်းကိုလည်း ပစ်ပယ်ထားတာ မရှိဘူးလို့ ပြောပြီး ရွေးကောက်ပွဲ မဖြစ်မှာကို စိုးရိမ်စကားဆိုလိုက်တော့ ရွေးကောက်ပွဲကို ဝင်ချင်တယ်ဆိုတာ very predictable ပါပဲ။ တနိုင်ငံလုံးအပစ်ရပ်ကို ထောက်ခံရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကိုလည်း ကြိုဆိုရမယ်။ နောက်နှစ်မှာ တကယ်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင် စစ်တပ်ကြီးစိုးတဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းအောက်မှာ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လောက်လုပ်ပေးနိုင်မလဲ အခုကတည်းက စဉ်းစားထားရမယ်။ UNFC နဲ့ လှို့ဝှက်ဆက်သွယ်ထားရပါလိမ့်မယ်။
၃။ ကျောင်းသားတွေနဲ့ တိုင်းရင်းသားတွေကလည်း အလုပ်တစ်ခုလုပ်တိုင်း စစ်တပ်က ဘယ်လောက်လိုက်လျောပေးလဲ မကြည့်ဘဲ ဒီချုပ်က နောက်ကနေ ကပ်ပြီး ပါမလာရကောင်းလား နောက်ကိုပဲ လှည့်ကြည့်နေတယ်။ အလုပ်တစ်ခု လုပ်ဖို့ သူက ပါမလာရင် သူ့ကြောင့် မအောင်မြင်တာပါလို့ အပြစ်ဖို့ခြင်းဟာ မှန်ကန်တဲ့ စိတ်ထားတွေ မဟုတ်ပါဘူး။ အချို့ကျောင်းသားတွေက ဒီချုပ်ရဲ့ ကျောင်းသားသပိတ်အပေါ် ထားရှိတဲ့ သဘောထားကို အားမရတာတွေ ရှိနေတယ်။ အချို့တိုင်းရင်းသားတွေက နာဂစ်ဖွဲ့စည်းပုံကို မုန်းတယ်ပဲပြောတာပါ၊ သူတို့ပြည်နယ်မှာ ရွေးကောက်ပွဲ အောင်မြင်ဖို့ ဒီချုပ်နဲ့ ခပ်လှမ်းလှမ်းနေချင်လို့ မသိမသာ ပုတ်ခတ်နေကြတာလည်း ရှိပါတယ်။ ဒီချုပ်မှာလည်းပဲ အယူသည်းတဲ့ ရှေးရိုးစွဲတွေ ရှိနေသေးတယ်ဆိုတော့ တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားတွေနဲ့ အပေးအယူလုပ်ဖို့ လုံးဝစိတ်မဝင်စားပါဘူး။ ဒီချုပ်ထဲမှာ တိုင်းရင်းသားတွေ ပါဝင်နေပေမဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုကြောင်း မသေချာပါဘူး။
၎။ လောလောဆယ် မိမိအမုန်းဆုံးစကားလုံးတွေကို ပြောပြပါဆိုရင် (၁) ကွန်မြူနစ်၊ (၂) တရုတ်၊ (၃) ကုလား၊ (၄) ဖက်ဒရယ်ပဲ။ ဒီစကားလုံး(၄)လုံးနဲ့ စစ်တပ်က လုပ်စားလာတာ အံတိုနေပါပြီ။ မိမိတို့က တစ်ယောက်ယောက်ကို မလိုလားရင် ကွန်မြူနစ်လို့ စွတ်စွဲကြတယ်။ တရုတ်အားပေးလို့ စွတ်စွဲကြတယ်။ ကုလားဘက်ပါတယ်လို့ စွတ်စွဲကြတယ်။ ခွဲထွက်ရေးသမားလို့ စွတ်စွဲကြတယ်။ ပြီးတော့ စုစည်းညီညွတ်မှုပြိုကွဲလို့ ဖက်ဆစ်တွေကပဲ အောင်ပွဲဆင်သွားလေ့ရှိပါတယ်။
၅။ ၁၉၆၂-ခုနှစ်က အဖြစ်တွေ၊ ၁၉၇၄-ခုနှစ်က အဖြစ်တွေ၊ ၁၉၈၈-ခုနှစ်က အဖြစ်တွေ၊ ၁၉၉၃-ခုနှစ်က အဖြစ်တွေ၊ ၂၀၀၇ ခုနှစ်က အဖြစ်တွေ၊ ၂၀၀၈ ခုနှစ်က အဖြစ်တွေ၊ ၂၀၁၀ ခုနှစ်က အဖြစ်တွေ ပြန်စဉ်းစားကြည့်ပါ။ စစ်တပ်က ဟိုလူကို ပြေးကပ်ပြီး ဒီလူကို ပါးရိုက်တယ်။ ဒီလူကို ပါးရိုက်ဖို့ ဟိုလူကို ပြေးကပ်ပြန်တယ်။ သုံးတဲ့နည်းက အင်မတန် ရိုးရှင်းပါတယ်။ ဒီနှစ်မှာလည်း ဘယ်နည်းကို သုံးမလဲ မိမိတို့ မြင်နေရပြီ။ သိချင်ရင် ကိုယ့်ဟာကိုယ် စဉ်းစားကြပေါ့။
စဉ်းစားပြီးရင်
သံဃာတွေ
ကျောင်းသားတွေ
ပြည်သူတွေ
တိုင်းရင်းသားတွေ
အတိုက်အခံတွေ
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ
စုစည်းညီညွတ်ကြပါ။ စုစည်းညီညွတ်မှု မရှိရင် နောက်ထပ်နှစ်ပေါင်းများစွာ စစ်တပ်ကို ဆက်ပြီး ကျွန်ခံကြ။ ဒါပဲ ရှိတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...