Sunday, July 5, 2015

အနိမ့်ဆုံးလုပ်ခလစာနှင့်ပတ်သက်သောကျနော့်အမြင် (၁၆)ချက်

၁။ အလုပ်သမားဘက်မှလည်း အနိမ့်ဆုံးလစာဒီလောက် ရမှ၊ ဟိုလောက်ရမှ ဆိုပြီးတောင်းဆိုလာသည်။ တောင်းဆိုသင့်သောအချက်လည်း ဖြစ်သည်။ သို့သော်လည်း အစိုးရကသာချမှတ်ပြဌါန်းပေးရမည်ဖြစ်သည်။
၂။ တောင်းဆိုသောအဖွဲ့အစည်းများတွင် ထိုစက်ရုံအလုပ်ရုံများကို အခြေပြုပြီး လှုပ်ရှားနေသော နိုင်ငံရေး အဖွဲ့အစည်းများလည်းပါနေသည်။ နိုင်ငံရေးအဖွဲ့အစည်းများဟုဆိုလိုက်သောကြောင့်လည်း တစ်ဘက်သပ် အမြင်ဖြင့် တစ်ဘက်စောင်းနင်းကြည့်မရသောအခြေအနေလည်းဖြစ်သည်။ သူ့လူ၊ ကိုယ့်ဖက်သား နိုင်ငံရေး သမားကလည်း ပေါမှပေါသောထိုတိုင်းပြည်ဖြစ်သည်။ ချိန်ခွင်များလို အလေးသာသည့်ဘက်ကို လျှာထုတ်ပြ သောလူစားများ-များလာသည်။ အခြေခံအလုပ်သမားထုအတွက် အမှန်တကယ်စဉ်းစားပေးရန် လိုအပ်လာသည်။

၃။ အချို့သော တောင်းဆိုသောသူတို့၏ အချို့လေသံများကိုမကြိုက်။ မကြေနပ်လျှင် ပိတ်လိုက်၊ နစ်နာ ကြေး သုံးလစာပင်ရနိုင်သည်ဟူသောစကားမျိုး၊ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေသောဝန်ထမ်းများသည် ထိုသို့သောစကားကို မပြောရဲပါ။ ဘ၀ရှိသေးသည်။ လစာသုံးလစာပြီးရင် ဘာနှင့်ဆက် စခန်းသွားမည်နည်း။ သူတို့ဘ၀ကိုလည်း စာနာပေးကြပါ။ ကိုယ်ချင်းစာစိတ်ဖြင့် ပြောစေလိုသည်။
၎။ အမှန်အားဖြင့် ထိုစက်ရုံများလည်ပတ်နေသည်မှာ ဆယ်စုနှစ်မကတော့၊ သူတို့၏ performance ratio ရော၊ liquidity ratios များသည် အသာစီးရြ့ပီးဖြစ်သည်။ စက်တန်ဖိုးများပင်လျှင် slack value အဆင့် သုည အဆင့်ရောက်နေသည်။ သံရည်ကျိုတန်ဖိုးအဆင့်ရောက်နေပြီးဖြစ်သောကြောင့် ဖုတ်ဖက်ခါ ထသွားရုံးရှိသည်။ လျော်စရာရှိလျော်ပေးလိုက်ရုံဖြစ်သည်။ သို့သော်လည်း သူတို့အတွက်တော့ ကျနော်တို့လုပ်သားတွေဆီမှ အဆီရောအသားရောဝါးပြီးလောက်ပြီဖြစ်သည်။ ထွက်လျှင်လည်း နစ်နာစွာထွက်ရသည့်သဘောမျိုးချိုးဦးမည် ဖြစ်သောကြောင့် အခြားနိုင်ငံတစ်နိုင်ငံကို ထပ်ရှာကြဦးမည်ဖြစ်သည်။
၅။ ကျနော်တို့ဝန်ထမ်းများသည်သာ ဘ၀ပျက်ကျန်တော့မည်ဖြစ်သည်။ ဒါကိုအတင်း စက်ရုံအလုပ်ရုံတွေ ကို ပြန်ခိုင်းနေကြသည်။ လာမလုပ်နဲ့ပြန်တော့သဘောမျိုးပြောနေကြသည်။ ပြောသောအချိန်ကား စားလို့ဝပြီး သောအချိန်ကိုမှ ဘာကြောင့်များ အချိန်ကိုက်ပြန်ခိုင်းကြပါသနည်း၊ စဉ်းစားလို့မရပါ။ ပြီးတော့ အမေစုရှိတယ်။ ဒါတွေကို အမေစုတတ်နိုင်တယ်။ ဘာမှမပူနဲ့ဆိုပြီး၊ နေရင်းထိုင်ရင်း အမေစုခေါင်းပေါ်ပုံဖို့ ဇာတ်လမ်းဆင်ကြ ပေသည်။ ယခုလိုအချိန်အခါမျိုးတွင် လက်ရှိအစိုးရမှတစ်ပါး ကယ်မည့်သူမရှိ၊ အစိုးရသာလျှင် အဓိကဖြစ်သည်။ အစိုးရတွင်သာတာဝန်လုံးလျားရှိသည်။ အစိုးရသာလျှင် ဖြေရှင်းပေးနိုင်သည်။
၆။ စက်ရုံအလုပ်ရုံများသည် လုပ်သားများလုပ်ခလစာများသတ်မှတ်ရာတွင် ကုန်ထုတ်နိုင်စွမ်းအား productivity ကိုပြန်ကြည့်ရမည်ဖြစ်သည်။ ထိုကုန်ထုတ်နိုင်စွမ်းအားသည်ပင်လျှင် အထူးသဖြင့် labour productivity ခေါ် လုပ်သားများ၏ကုန်ထုတ်နိုင်စွမ်းအားကိုလည်းကြည့်ခြင်းဖြစ်သည်။ ထို labour productivity သည်။ စက်ရုံပြီးလျှင် အစိုးရသာအသိဆုံးဖြစ်သည်။ မည်မျှပေးသင့်သည်ကို စက်ရုံပြီးလျှင်၊ အစိုး ရသည် နားအလည်ဆုံးသာဖြစ်သည်။ ထို့အပြင်လုပ်ငန်းတစ်ခုအတွက် ငှါးရမ်းခများ rents အဖိုးအခလည်းရှိ သေးသည်။ လုပ်အားမှအပအခြားသောသွင်းအားစုများလည်းရှိဦးမည်။ အတိုး interest များအတွက်လည်းစဉ်း စားရသည်။ အမြတ်ဆိုတာနောက်ထား၊ လုပ်ငန်းရှင်အနေဖြင့် corporation tax ပြီးမှ ကျန်သောအရာသည် အမြတ်သာဖြစ်သည်။ လုပ်ငန်းလည်ပတ်မှုအတွက် လည်ပတ်မှုစရိတ်များ operating expenses များကလည်း ရုံးတွင်းသာမက၊ ရုံးပြင်စရိတ်များလည်း ရှိသည်။ အလုပ်သမားများတောင်းဆိုမှုသည် demand side မှတောင်း ဆိုခြင်းဖြစ်ပြီး၊ အစိုးရအနေဖြင့် စက်ရုံအလုပ်ရုံများကို productivity side မှာတောင်းဆိုပေလိမ့်မည်။ ထိုသို့ productivity side မှ တောင်းဆိုခြင်းသည်လည်း ပိုတိကျသောသဘောရှိသည်။ ငြင်းမရသောသဘောလည်း ရှိသည်။ သို့သော်လည်း စက်ရုံလည်ပတ်မှု operation ratios များသည် စက်ရုံပြီးလျှင်၊ သက်ဆိုင်ရာအစိုးရ ဌါနသာလျှင် အသိဆုံးဖြစ်သည်။
၇။ ကျနော်တင်ပြလိုသောအချက်မှာ စက်ရုံပိတ်ပြီးသွားခိုင်းခြင်းထက်၊ စက်ရုံအလုပ်ရုံများအနေဖြင့် ထိုသို့သော အနိမ့်ဆုံးလုပ်ခသတ်မှတ်မှုကိုပေးရမည်ဟူသော ဆန်းစစ်ချက်များဖြင့်တောင်းဆိုနိုင်ရမည်ဖြစ် သည်။ စက်ရုံပိတ်ပြီးသွားခွင့်ပေးလိုက်ခြင်းထက်၊ ဖြစ်သင့်ဖြစ်ထိုက်သောလုပ်ခလစာကိုသတ်မှတ်ပြီးလည်ပတ် စေခြင်းက စက်ရုံအလုပ်ရုံအလုပ်သမားဝန်ထမ်းများ၏ဘ၀ကို ပိုမိုပြီးအာမခံချက်ပေးရာရောက်သည်ဟုထင်မြင် မိသည်။ စိတ်စေစာရာ၊ ရေတိုတွေးလို့မရပါ။ သူတို့၏ဘ၀ရှေ့ရေးအတွက် အလေးထားစဉ်းစားပေးဖို့လိုလာ သည်။
၈။ စက်ရုံပိုင်ရှင်များဘက်မှလည်း စက်ရုံအလုပ်ရုံများပိတ်လိုက်လျှင်သူတို့လည်း မနစ်နာ ဟုပြောလို့ မရပါ။ နံမည်ကောင်းလက်မှတ် goodwill လည်းသူတို့ဘ၀အတွက်အရေးကြီးသည်။ သူတို့ကို မပေါင်းချင်ရင် ထွက်သွား၊ နစ်နာကြေးသာပေး၊ ကွာပစ်လိုက်မည်ဘာမှတ်သလဲဟုပြောမရ၊ နစ်နာကြေးပေးပြီး၊ ကွာသွားမည် သာဖြစ်သည်။ အမှန်အားဖြင့် ဆက်လက်ပေါင်းပြီး၊ ကိုယ်မှန်ကြောင်း၊ သူမှားကြောင်းအထိရောက်အောင်သွား ရမည်သာဖြစ်ပါသည်။
၉။ ယခုအနိမ့်ဆုံးလုပ်ခပြသာနာနှင့်ရင်ဆိုင်နေရသော စက်ရုံအလုပ်ရုံများ အလုပ်များပိတ်ရမည်ဆိုလျှင် အခြေခံအလုပ်သမား နှစ်သိန်းကျော်လောက် အလုပ်လက်မဲ့ဖြစ်သွားနိုင်မည့်အနေအထားကိုလည်း ထည့်သွင်း စဉ်းစားရန်လိုလာသည်။ ထိုအလုပ်လက်မဲ့ ပြသာနာကို မည်သို့ရှင်းမည်နည်း၊ အလုပ်လက်မဲ့ထောက်ပံ့ကြေးဆို သည်မှာလည်း အခြားနိုင်ငံများတွင်သာရှိသေးသည်။ အကျွန်ပ်တို့ကား စဉ်းစားဆဲဖြစ်သည်။ သိတော့သိသည်။ မလုပ်နိုင်သေးသောအခြေအနေတွင်ရှိနေသည်။ စက်ရုံကပေးသော နစ်နာကြေး သုံးလစာပြီးလျှင် ဘ၀ကိုမည် ကဲ့သို့ဆက်လက်ရုန်းကန်ရမည်ဆိုသည်ကား သူတို့နှင့်လည်းဆိုင်သည်။ တိုင်းပြည်နှင့်လည်းဆိုင်လာပါသည်။
၁၀။ အနည်းဆုံးလုပ်ခလစာသတ်မှတ်ရေးသည် - စားဝတ်နေရေးစရိတ် (cost of living) နှင့် လုပ်သားများ၏ကုန်ထုတ်စွမ်းအား (labour productivity) နှစ်ခုကြားတွင် ကြားချစဉ်းစားရမည်ပြသာနာ ဖြစ်သည်။
၁၁။ တတ်နိုင်လျှင် cost of living ကို ကာမိသည် labour productity ရှိနိုင်သောအခြေအနေမျိုးတွင် အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ လက်ရှိအနေအထားအရ ယခုတောင်းဆို လိုက်သော အနိမ့်ဆုံးလုပ်ခလစာတောင်းဆိုမှုများသည် cost of living ကိုသာ ကာမိအောင်တောင်းဆိုလိုက် သော လုပ်ခလစာသဘောမျိုးဖြစ်နေသည်။ သို့ သော်လည်း ထို လုပ်ခလစာသည် labour productivity ကို လည်းမမှီပြန်ပါလျှင်လည်း၊ အလုပ်ရှင်ဘက်မှ လိုက်လျောနိုင်မည်မထင်၊ ခက်သည်ကား ထို labour productivity သည် စက်ရုံ နှင့် စက်ရုံလုပ်ပိုင်ခွင့်ပြုထားသောအာဏာပိုင်တို့သာ သိနိုင်သောအနေအထား ဖြစ် နေသည်။
၁၂။ ထိုအနိမ့်ဆုံးလုပ်ခလစာပြသာနာသည် စက်ရုံအလုပ်ရုံ နှင့် အလုပ်သမားများလောက်နှင့် ပြီးသွားမည့် ပြသာနာမဟုတ်ပါ။ သူ့တွင် ရိုက်ခတ်မှုလှိုင်းများ variation waves များစွာပါရှိသည်။ ပထမလှိုင်းကား မြန်မာ ပြည်တွင်တည်ထောင်သော စက်ရုံအလုပ်ရုံများသည် မည်သည့်အတွက်ကြောင့် ဒေသတွင်းတွင်တည်ရှိနေ သော အနိမ့်ဆုံးလုပ်ခလစာကို မည်သည့်အတွက်ကြောင့် အလုပ်သမားများမပေးနိုင်ခြင်းဟူသောပြသာနာကို ဆန်းစစ်ရန်လိုသည်။
၁၃။ ဒုတိယလှိုင်းကား အလုပ်သမားများ၏နေထိုင်မှုစရိတ်များ cost of living များ မည်သည့် အတွက် ကြောင့်ကြီးမြင့်နေရသည်။ အလုပ်သမားများ၏ဘ၀နေထိုင်မှုအခက်များကို မည်သည့်အတွက်ကြောင့် အဖြေရှာ မရခြင်း ဟူသောပြသာနာဖြစ်သည်။
၁၄။ ပထမလှိုင်းပြသာနာကား Supply Side Economy နှင့်ဆိုင်သောပြသာနာဖြစ်သည်။ ထုတ်လုပ်မှု အတွက်မည်သည့်အဟန့်အတားများရှိနေသည်ဟူသောဆန်းစစ်ချက်ဖြစ်သည်။ ထုတ်ကုန်ဈေးကွက် product markets များပီပီပြင်ပြင်ရှိပြီလား၊ ထုတ်လုပ်မှုနှင်တစ်ဆက်တစ်စပ်တည်းစဉ်းစားရမည့် ကုန်သွယ်မှုပေါ်လစီများ သည် လမ်းကြောင်းမှန်ပီလား၊ ထိုပေါ်လစီများသည် တိုင်းပြည်အတွက် အမှန်တကယ်ကော၊ အကျိုးပြုရဲ့လား၊ အကျိုးမပြုလျှင် မည်သူတို့ကို အကျိုးပြုနေသနည်းဟူသောဆန်းစစ်မှုများပြုလုပ်ရမည်ဖြစ်သည်။ဆန်းစစ်သည် နှင့်အမျှ၊ လိုအပ်လျှင်လည်း ပြင်နိုင်ရမည်ဖြစ်သည်။
၁၅။ ဒုတိယလှိုင်းကား အလုပ်သမားများ၏စားဝတ်နေရေးစရိတ် cost of living ကြီးမြင့်လာမှုဖြစ်သည်။ နေထိုင်မှုစရိတ်ကြီးမြင့်လာလေ လုပ်ခလစာတိုးတောင်းလာခြင်းသည် သဘာဝတရားဖြစ်သည်။ သို့သော် လည်းမည်သည့်အတွက်ကြောင့် နေထိုင်မှုစရိတ်တိုးမြင့်လာသည့်အကြောင်းကိုကားဆန်းစစ်သင့်သည်။ ယင်း သည် Demand Side Management နှင့်ဆိုင်သည်။ နေထိုင်မှုစရိတ်မြင့်လာခြင်းသည် ၀ယ်ယူနိုင်စွမ်းအား Purchasing power နည်းလာခြင်းကြောင့်ဖြစ်သည်။ purchasing power နည်းလာခြင်းသည်။ ဈေးနှုန်းများ တက်လာခြင်းကြောင့်ဖြစ်သည်။ ဈေးနှုန်းများတက်လာခြင်းသည် inflation ခေါ် ငွေဖေါင်းပွမှုဖြစ်လာခြင်းတို့ ကြောင့်ဖြစ်သည်။ Inflation ဖြစ်လာသောအကြောင်းရင်းသည် Demand management policy တွင်ပါဝင် သော ဘဏ္ဍာရေးပေါ်လစီ (Fiscal Policy) (ဘတ်ဂျက်) များရေးဆွဲမှု နှင့် အကောင်အတည်ဖေါ်မှုများ ညံ့ဖျဉ်းသောကြောင့်ဖြစ်သလို၊ ငွေကြေးပေါ်လစီ (Monetary Policy) တွင် အတိုးနှုန်းသတ်မှတ်မှုများနှင့် ငွေကြေးပမာဏ (Money Supply) များသတ်မှတ်ရာတွင် အားနည်းချက်ရှိပြန်လျှင်လည်း ငွေဖေါင်းပွမှုဖြစ်တတ် ပါသည်။ တိုင်းပြည်တွင် ငွေဖေါင်းပွမှုဖြစ်လျှင် ထိုဖေါင်းပွမှုဒဏ်ကိုအခံရဆုံးသောလူတန်းစားများသည် အခြေခံ လူတန်းစားများသာဖြစ်ပါတော့သည်။
၁၆။ အနိမ့်ဆုံးလုပ်ခလစာပြသာနာကို နိဂုန်းချုပ်မည်ဆိုလျှင် စက်ရုံအလုပ်ရုံ နှင့် အလုပ်သမားများလောက် နှင့် ပြီးနိုင်မည်မထင်ပါ။ Supply Side Policies များရော၊ Demand Side Policies များကိုပါ ပြန်လည်သုံးသပ်ရန်လိုမည်ဖြစ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...