Thursday, July 9, 2015

ဂရိဒုက္ခတွေအပေါ် မြန်မာတွေ သင်ခန်းစာယူနိုင်ကြပါစေ

ဘိုဘိုကျော်ငြိမ်း
သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ပါလာတာကတော့ ဂရိမှာ ဇူလိုင်လ (၅) ရက် နေ့က ဆန္ဒခံယူပွဲကျင်းပခဲ့ရာ ၉ဝရာခိုင်နှုန်း မဲရေပြီး ချိန်မှာ ၆၁ရာခိုင်နှုန်းနဲ့ အပြတ်အသတ်နိုး (NO)ဖက် က နိုင်သွားပြီဖြစ်တဲ့အတွက် လက်ရှိလက်ဝဲအစိုးရက အနိုင်ရသွားပြီလို့ ပြောလို့ရပါတယ်။ ဂရိဒုက္ခဆိုတာ အမှန်အတိုင်းပြောရရင် အလွန်ရှုပ်ထွေးပါတယ်။ စီး ပွားရေးပညာ (Economics) အခြေခံမရှိဘဲ နားလည်ရ ခက်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါ ရောယှက်လာ တဲ့အ တွက် ပိုရှုပ်ထွေးလာသလို အုပ်စုပြိုင်ပွဲတွေလည်းပါဝင် တဲ့အပြင် နိုင်ငံရေးကစားကွက်တွေလည်း ပါလာတာ ကြောင့် ပိုရှုပ်ထွေးလာ စရာဖြစ်လာပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးကို စိတ်ဝင်စားသူတွေအတွက် ကတော့ တစ် သက်မှာ တစ်ခါသာကြုံရမယ့် တကယ့်အဖြစ်ပျက်ကြီး ပါပဲ။ သည်းထိတ်ရင်ဖို စိတ်ဝင်စားစရာအလွန်ကောင်း ပါတယ်။
ဂရိပြဿနာနဲ့ ဒုက္ခကိုရေးရင် စာအုပ်ရေးလို့ရပါ တယ်။ စာရေးသူစိတ်ဝင်စား တာက ဂရိပြဿနာဟာ ဒီမိုကရေစီနဲ့လည်း ငြိတွယ်နေသလို ဆိုရှယ်လစ် ဗရယ် အယူဝါဒနဲ့လည်း ငြိတွယ်နေတာကြောင့် ဥရောပ သားတွေမှားသလို၊ ဂရိတွေမှားခဲ့ကြသလို မမှားစေရ အောင် စေတနာနဲ့ အကျဉ်းချုပ်တင်ပြချင် တာပါ။ သေ ချာနားလည်အောင် တင်ပြဆွေးနွေးရရင် ဆောင်းပါး အရှည်ကြီး ဖြစ် သွားနိုင်ပါတယ်။

ယနေ့ ဂရိမှာဖြစ်တဲ့ပြဿနာဟာ အစိုးရအဆက် ဆက် ယူရိုဇုန်ကို ဝင်ကတည်းက မှားခဲ့ကြတဲ့ အမှားနဲ့ အစိုးရကို ရင်းနှီးမြှုပ်နှံမှုဘဏ် (Investment Banks) တွေက လူလည်လုပ်သွားတာကို နားမလည်တော့ ခံလိုက် ကြရပြီး အကြွေးတွေ လည်ပင်းနစ်နေတော့မှ၊ လွန်ခဲ့တဲ့ (၅)နှစ်လောက်ကမှ ကယ်ပါယူပါဖြစ်ကြတော့ အီးယူ က ဝင်ကူရင်း ဂရိနိုင်ငံဟာ အီးယူက အချမ်းသာဆုံး ဂျာမန်တွေရဲ့ ကျွန်ဖြစ်မှန်းမသိဖြစ်ခဲ့ရတယ်။ Troika လိုခေါ်တဲ့ (သုံးပွင့်ဆိုင် အီးယူ (EU) ရယ်၊ IMF ရယ် ECB) လို့ခေါ် တဲ့ ဥရောပဗဟိုဘဏ်က ဂရိနိုင်ငံကိုငွေ ထုတ်ချေးခဲ့ကြတယ်။ ပြဿနာပေါ်လို့ ငွေချေးရင် ဘယ်သူမှ လွယ်လွယ်မချေးကြဖူးမဟုတ်ပါလား။ တိုင်း ပြည်တွေ လည်း အတူတူပါပဲ။ သုံးပွင့်ဆိုင်ပါဝင်ကြတဲ့ ငွေချေးသူတွေအဖွဲ့က Austerity လို့ခေါ်တဲ့ (အသုံး လျော့)ပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာခိုင်း တော့ တာပဲ။
သာမန်အားဖြင့် နိုင်ငံတွေဟာ(ငွေကြေး)ပြဿနာ တက်လာရင် သူတို့ရဲ့(ငွေကြေး)ရဲ့ တန်ဖိုးကိုလျော့၊ သူ တို့ ထုတ်ကုန်တွေတန်ဖိုးကျတော့ တခြားနိုင်ငံကပစ္စည်း တွေထက် ဈေးပိုပေါတော့ (ပို့ကုန်) (Export) တွေကို နိုင်ငံခြားကိုပိုတင်ပို့နိုင်တော့ (ဝင်ငွေ) များလာ၊ မိမိ နိုင်ငံတွင်း အသုံးစရိတ် ကိုလည်း လျော့သုံးတော့၊ (ဝင် ငွေ) နဲ့ (ထွက်ငွေ) မျှလာတော့ မိမိနိုင်ငံရဲ့ စီးပွားရေး (တိုးတက်) (growth) ရှိလာတော့မှ (ဝင်ငွေ)တိုးလာပြီး (ချေးငွေ) ကိုပြန်ဆပ်နိုင်ပြီး မိမိနိုင်ငံစီးပွားရေးပြန်တည် ငြိမ်လာပါတယ်။ (ယူရို)ကဘုံငွေကြေးဆိုတော့ ဂရိတွေ တန်ဖိုးချခွင့်မရှိပါ။ IMF လို့ခေါ်တဲ့ International Monetary Fund လို့ခေါ်တဲ့ ကမ္ဘာ့အဖွဲ့စည်းဟာ တိုင်း ပြည်တွေ (ငွေကြေး) အကျပ်အတည်းတွေ့ရင် ကယ်ရ အောင် တည်ထောင် ထား တဲ့အဖွဲ့အစည်းပါ။ IMF ဝင် လာရင် (ငွေ)ကြေး အကူရမယ်၊ သို့ပေမယ့် သူ့ရဲ့တင်း ကျပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာပေတော့ပဲ။ စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့ ရုံးခန်းကိုရောက် သွားတဲ့ ကျောင်းသားလေးလို နိုင်ငံတစ်နိုင်ငံအတွက် IMF ရဲ့ဒဏ်ပေးခြင်းကို ခံပေတော့ပဲ။ ဒါကြောင့်လည်း IMF ကို လူမုန်းများကြပါတယ်။ တစ်ချိန်က ဗမာနိုင်ငံမှာ (ချစ်တီး)တွေကို လူမုန်းများသလို IMF ဆိုရင် မုန်းမှမုန်း။
ဒီလိုမှ မတင်းကျပ်ရင်လည်း IMF ကသူချေးတဲ့ ငွေဘယ်လိုပြန်ရနိုင်ပါတော့ မလဲ။
တကယ်တော့ ဒီကနေ့ ဂရိဖြစ်နေတာ ဦးနေဝင်း လက်ထက်က ဦးနေဝင်းနဲ့ ဦးဘငြိမ်းတို့ဝိုင်းဖျက်ဆီး လိုက်တာ ဗမာနိုင်ငံရဲ့ စီးပွားရေးပျက်သွားရ တဲ့အဖြစ် ပါပဲ။ ချေးငွေတွေများလာတော့ ဝင်ငွေက(နည်း)ရတဲ့ အထဲ (အတိုး) ပေးရတာ များလာတော့ အကြွေးထူတဲ့ လူတိုင်းကြုံရသလို (အကြွေးဝိုင်း) လာတော့ (ပြဿနာ) ဖြစ်လာပြီ။ ဦးဘငြိမ်းတို့ကတော့ (လူမိုက်) ပီပီ ရှုပ် တယ်ကွာ မပေးဖူးလုပ်လိုက်တာပေါ့။ စီးပွားရေးနား မလည် တဲ့ ဦးနေဝင်းကလည်း အာဏာရှင်ပီပီ မပေး တော့ ဘာဖြစ်သလဲကွာ ဆိုတော့ ဘယ်သူကမှ (ငွေ မချေး) ကြတော့ဖူးပေါ့။ လုပ်ငန်းတွေကို အားလုံး ပြည် သူပိုင်သိမ်းလိုက်လို့ Export လုပ်စရာ ထုတ်ကုန်က လည်း(မရှိ)၊ အစိုးရ အလုပ်သမားတွေက (ခိုး)၊ အလုပ် မလုပ်ကြလို့ စက်ရုံတွေကမလည်၊ ကုန်ကြမ်း ဝယ်စရာ ပိုက်ဆံကမရှိ၊ နောက်ဆုံးရရာ သစ်နဲ့ ကျောက်သံပတ္တ မြားတွေ ခိုးထုတ်၊ ရှေးဟောင်းဘုရားတွေ ခိုးထုတ်ပြီး (မှောင်ခို) ဈေးကွက်ကြီး ပေါ်လာရတာပေါ့။ နောက်ဆုံး အကြွေးတွေပြန်မဆပ်နိုင်တော့ (ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်) ကမ္ဘာကိုကြေညာလိုက်တော့မှ သူတောင်း စားကို ဝိုင်းသနားကြသလို ကြွေးရှင်တွေက ကြွေးလျော့ ပေးလိုက်ကြတယ်။ ဒါကြောင့် ရှေ့မျက်နှာနောက်ထား ပြီး ကျွန်တော် သူတောင်းစားပါလို့ ကြေညာ လိုက်ရတာ ပါ။ ချောက်ထဲမကျခင် ကယ်တင်လိုက်ရပါတယ်ဆိုတဲ့ အာဏာရှင်ကြီးဟာ တိုင်းပြည်ကို ချောက်နက်ကြီးထဲ ဆွဲချသွားတာ ခုထိပြန်မတက်နိုင် သေးကြပါဖူး။ စီးပွား ရေးနားမလည်ဘဲ ချုပ်ကိုင်ချင်တဲ့ စိတ်နဲ့ စီးပွားရေးလူမိုက်မာ့က်စ်စစ်လက်ဝဲသမား ဦးဘငြိမ်း လက်ထဲကို တိုင်းပြည်စီးပွားရေး ထိုးအပ်လိုက်တာ ငါးပါးမက သံဃာစင်ပါ မှောက်တော့တာပါပဲ။
ဂရိပြဿနာက Value System လို့ခေါ်တဲ့ (တန် ဖိုး)ထားတာချင်းမတူတာ က(စ)တာပါပဲ။ ဥရောပတိုက် သားချင်းတူကြပေမယ့် တောင်ပိုင်းနဲ့ မြောက်ပိုင်းဟာ Value System ချင်းကွာခြားကြတယ်။ မြောက်ပိုင်းသား တွေက ပိုဝီရိယရှိကြတယ်။ စည်းကမ်းပိုရှိကြတယ်။ Work Ethic လို့ခေါ်တဲ့ အလုပ်ကို ပိုလေးစားကြတယ်။ တောင်ပိုင်းသားတွေက ရေသာခိုတယ်လို့ ဆိုနိုင်တယ်။ ဥပမာ ဂျာမနီမှာ (အခွန်)မပေးတဲ့သူဟာ ၂ဒသမ၃ရာ ခိုင်နှုန်းပဲရှိတယ်။ လူတိုင်းတာဝန်ကျေကြတယ်။ တာ ဝန်(သိ)ကြတယ်။ ဂရိမှာ(အခွန်)မပေးသူ ၈၉ရာခိုင် နှုန်းရှိတယ် (Source: OECD) အစိုးရဆို တာ (အခွန်)နဲ့ အသက်ရှင်ရတာ။ အခွန်မရရင် ဝင်ငွေမရှိဖူးပေါ့။ ဂရိနိုင်ငံမှာ အစိုးရဝန်ထမ်းက ပုဂ္ဂလိကဝန်ထမ်းထက်ပို များတယ်။ နိုင်ငံတိုင်းမှာ ပုဂ္ဂလိကပိုင်းက ကုန်ထုတ်တာ၊ အစိုးရဝန်ထမ်းဆိုတာ(အခွန်)ရဖို့၊ regulation စည်း မျဉ်းတွေကိုထိန်းသိမ်းဖို့ကိုး။ ထုတ်လုပ်တဲ့အလုပ်သမား ထက် အစိုးရအလုပ်သမားပိုများတဲ့ တိုင်းပြည်ဟာဘယ် လိုကြီးပွားတိုးတက်တော့ မှာလဲ။ နိုင်ငံရေးသမားတွေက လဲ (ပျင်း)လွန်းတယ်လို့ထင်မိတယ်။ ကျန်တဲ့နိုင်ငံတွေ မှာပင်စင်ယူနိုင်တဲ့ အသက်ကို ၆ဝ၊ ၆၅ ကနေ ၆၇ အထိတိုးနေရတဲ့အချိန်မှာ ဂရိမှာ ၆ဝ အောက် ပင်စင် ယူနိုင်ပြီ။
ဒါတွေအားလုံးနောက်မှာ ကုန်ကျစရိတ်ဆိုတာရှိ တယ်။ အစိုးရက အခွန်ကို ဖိဖိစီးစီးမကောက်၊ ပြည်သူ တွေက ရေသာခို၊ ငွေမလောက်တော့ငွေချေး၊ အတိုးနစ် လာတော့အြေ<ွကးမပေးနိုင်ဖြစ်လာရတာပဲ။ ဂရိဟာ သူ့ စွမ်းအားတစ်ခုတည်းနဲ့ဆို လူတွေက ယုံကြည်ချက်ရှိမှာ မဟုတ်ဖူး။ ယူရိုရဲ့အနောက်မှာ ဂျာမနီရဲ့စီးပွားရေးအ ရှိန်ရှိသလို ပြဿနာဖြစ်ရင် ဂျာမနီကဝင်ကယ်ရမှာပဲ ဆိုတဲ့(အသိ)နဲ့(ငွေချေး)ရလွယ်ခဲ့တယ်။ ဒီနေရာမှာ လူ အများမသိလိုက်တာက ဂရိအစိုးရက လက်လွတ်စပယ် ချေးသလို ဘဏ်တွေကလည်း စည်းကမ်းမရှိချေးခဲ့ကြ တယ်။
ဂျာမနီဘဏ်တွေအများကြီးပါခဲ့တယ်။ တကယ် ဆို ဘဏ်တွေမှာလည်း(အပြစ်)ရှိတယ်။ ဒါကြောင့်ဘဏ် တွေက ချေးငွေအချို့ကို ခွင့်လွှတ်သင့်တယ်။ လျော် လိုက်သင့်တယ်လို့ ယူဆသူတွေရှိတယ်။ စီးပွားရေး စကားအရ (Haircut) လို့ခေါ်ပါတယ်။
ဂျာမန်တွေက ဘဏ်တွေကိုတော့ အနာမခံခိုင်းပဲ သုံးပွင့်ဆိုင်ကချေးတဲ့ ငွေတွေကို (ဘဏ်)တွေကိုပြန်ပေး ခိုင်းပြီး ဂရိအစိုးရရဲ့ အသုံးစရိတ်ကို တင်းကျပ်လိုက် တော့ ဂရိပြည်သူတွေကို ခါးစည်းဒုက္ခခံခိုင်းသလိုဖြစ် လာရတယ်။ ကြာလာတော့ ပြည်သူတွေက ဒီမတရားမှု ကို မခံနိုင်ကြ တော့ဖူး။ ယူရိုရဲ့တန်ဖိုးကသိပ်မြင့်နေတော့ ဂရိထုတ်ကုန်တွေဟာ ဈေးကြီး တယ်။ ဒါကြောင့် ဂရိ စီးပွားရေးဟာ recession ကနေ Depression အထိ ကျဆင်းခဲ့ရပြီ။ ဂရိစီးပွားရေးဟာ ကျုံ့သွားတော့ လူ တွေ အလုပ်ပြုတ်ကုန် တာ ပေါ့။ ဒါကြောင့် ယနေ့ဂရိမှာ အလုပ်လက်မဲ့ဟာ ၂၅ ရာခိုင်နှုန်းရှိပြီး လူငယ်တွေအ တွက် ၅ဝ ရာခိုင်နှုန်းအထိ ရှိလာတယ်။ အလုပ်ကမရှိ၊ အစိုးရကမကြည့်နိုင်တော့ ပြည်သူတွေ ပိုဒုက္ခရောက် လာရတယ်။
နောက်ဆုံး ပြည်သူတွေကမခံနိုင်တော့ တင်းကျပ်မှု Austerity ကို ဆန့်ကျင် တဲ့ လက်ဝဲအစိုးရ ကို ရွေးကောက်တင်မြှောက်ခဲ့ကြတယ်။ နောက်ဆုံး ဂရိ တွေရဲ့အကြွေးလျော့မသွားဘဲ ဘဏ်တွေကနေ သုံးပွင့် ဆိုင်တွေဆီရောက် သွား တာပဲရှိတယ်။ ဂရိအစိုးရကရတဲ့ ချေးငွေကို ဘဏ်တွေကိုဆပ်၊ တင်းကျပ် တဲ့စည်းမျဉ်း တွေကြောင့် မလှုပ်နိုင်၊ အသက်မရှူနိုင်၊ ဒီကြားထဲ ကြွေး သစ်ယူပြီး ကြွေးဟောင်းကိုပြန်ဆပ်နဲ့ အကြွေးသံသရာ က ရုန်းမထွက် နိုင်တော့ဖူး။ ချစ်တီးတွေအောက်မှာ ဗမာတွေ အကြွေးပိ၊ အင်္ဂလိပ်က ဖိတဲ့ အဖြစ်မျိုးပါပဲ။
ဒါကြောင့် ဂရိပြည်သူတွေဖြစ်လိုရာဖြစ်ဒီဘဝမှရုန်း ထွက်ကြမှဆိုပြီး အီးယူတောင်းဆိုတာတွေကို လက် မခံနိုင်ဖူး(NO)ဆိုပြီး တညီတညာတည်း အီးယူကိုအာခံ လိုက်တာပဲ။ ဂရိပြဿနာဟာ မသေးဖူး။ မီးခိုး ကြွက် လျှောက် ဒုက္ခပေးနိုင်တယ်။ Europe Project လို့ စိတ်ကူးယဉ်ခဲ့ကြတဲ့ Europe Integration တစ်ခုလုံး အက်ကြောင်းတွေ ပေါ်လာနိုင်တယ်။ စာရေးသူက တော့ ဆိုရှယ်လစ်ဗရယ်တွေရဲ့ ကျဆုံးခန်းအ(စ)လို့မြင်တယ်။
အရေးအကြီးဆုံးကတော့ ယနေ့ဂရိဒုက္ခကို ဦးနေ ဝင်းလက်ထက်က ဗမာ တွေကြုံခဲ့ရပြီးပြီ။ စက်မှုလက်မှု မတိုးတက်တော့(ထုတ်ကုန်)မရှိ။ Production မရှိတာ ကိုပြောတာပါ။ ထုတ်ကုန်မရှိတော့ နထစသမအ ပို့ကုန် ဘယ်လာရှိ ပါ့မလဲ။ ဒီတော့ (ဝင်ငွေ) ဘယ်ကရမှာလဲ။ သယံဇာတတွေကို သဘာဝအတိုင်းရောင်းတော့ နာတာ ပေါ့။ လုပ်ငန်းတွေမရှိတော့ အလုပ်မရှိ၊ အလုပ်မရှိတော့ ဝင်ငွေမရှိတော့ တစ်နိုင်ငံလုံး သူခိုးတွေဖြစ်ကုန်ကြရော။ အခုခေတ်လဲ သိပ်မထူးလှပါဖူး။ ချေးငွေပဲတိုးလာတာ ရှိပါတယ်။
ဒီမိုကရေစီမှာလဲ မကိုင်တတ်ရင် စီးပွား ရေး ဒုက္ခတွေ့တတ်တာ အစိုးရရော အတိုက်ခံတွေကိုပါ (သတိ)ရှိစေချင်တယ်။ ဒီမိုကရေစီရတိုင်း စီးပွားရေး ကောင်းလာကြမယ် တထစ်ချမတွက်လိုက်ကြပါနဲ့။ ဒီမို ကရေစီက (ရွေးချယ်ခွင့်) ရတာ။ အရွေးချယ်ခံရသူတွေ စီးပွားရေး နားမလည်ရင် ချေးငွေတွေပိပြီး ဂရိလို ဒုက္ခတွေ့မှာကို စိုးရိမ်လို့ပါ။ ။
=========================================
ဇူလိုင်လ ၅ ရက်က ဂရိနိုင်ငံ အေသင်မြို့ပါလီမန်အဆောက်အအုံရှေ့၌ ကြွေးကြော်သံများ အော်ဟစ်နေကြသည့်လူထုကို တွေ့မြင်ရစဉ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...