Tuesday, August 11, 2015

ကိုကျော်သူ အလုပ်များတော့မယ်ထင်တယ်


ကျွန်တော်တို့ ပညာရေးလောကတော့ စစ်ဗိုလ်တွေဝင်လာလိုက်တာ အိုးခြမ်းပဲ့ပေါ်ကို ကုန်းပြီးလျှက်နေရတဲ့ ဘ၀ ရောက်သွားတော့တာပဲဗျ။
စစ်တပ်က အာဏာသိမ်းတဲ့ ၁၉၆၂ လောက်ကတည်းက စစ်သားတွေ တက္ကသိုလ်ထဲရောက်လာတယ်။ စစ်ဗိုလ် တွေ တက္ကသိုလ်အာဏာပိုင်အဖွဲ့ကို ချုပ်ကိုင်တယ်။ အဲဒါကို ကျွန်တော်တို့ နောင်တော်ကြီးတွေက စစ်သားတွေ ကျောင်းထဲက ထွက်သွားဆိုပြီး အော်ဟစ်ဆန္ဒပြခဲ့ကြသဗျ။ ရလဒ်ကတော့ ကျောင်းသားတွေကို ဂျီသရီးနဲ့ဆွဲ၊ သမဂ္ဂကို ဗုံးနဲ့ခွဲလိုက်တာပဲ။ အဲဒီကတည်းက ပညာရေးလောကထဲကို “ငါ့ဘာသာငါလာတာ ဘာဖြစ်သလဲ” ဆိုပြီး စစ်ဗိုလ်တွေ တဖွဲဖွဲရောက်လာတယ်။
၁၉၈၈ နောက်ပိုင်း အာဏာသိမ်းပြန်တော့ ပညာရေးဝန်ကြီးကလည်း အဘတွေဖြစ်လာပြန်ရော။ အဘတွေက သူတို့စိတ်သဘောတော်ကျအောင် လုပ်နိုင်တဲ့သူတွေကိုပဲ ပညာရေးလောကထဲဆွဲထည့်တော့ ညွှန်ချုပ် ညွှန်မှူး ဆိုတာတွေက ဗိုလ်တွေဖြစ်ကုန်ပြန်ရော။
ပညာရေးလောကရဲ့ အရေးပါတဲ့ ဘဏ္ဍာရေး၊ စီမံခန့်ရေး၊ ရာထူး အပြောင်းအရွှေ့တွေအားလုံး သူတို့လက်ထဲမှာချည်းပဲဗျ။ ဆိုလိုချင်တာက ပညာရေးလောကမှာရှိတဲ့အားလုံး ဟာ သူတို့ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်၊ ပြန်မပြော၊ နားထောင်မှ နေရာရမယ်ဆိုတဲ့ စိတ်ဓာတ် ပိုင်းကအစ စနစ်တကျ ဖျက်ဆီးလိုက်တော့တာ။
ပညာရေးကတော့ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း စစ်ဗိုလ်၊ စစ်သား၊ စစ်မယားတွေလက်ထဲမှာ အိုးခြမ်းပဲ့ထဲ ကို ကုန်းပြီးတော့ လျှက်နေရတဲ့အဆင့်ဖြစ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ရည်မှန်းချက် ပေါက်မြောက် အောင်မြင်လောက်အောင် စုတ်ပြတ်ပြီး ရစရာလည်းမရှိတော့ပါဘူး။
ကိုင်း .. ခုလည်း စစ်ဗိုလ်တွေ ကျန်းမာရေးဌာနကို လာကြတော့မယ်တဲ့။ ကျွန်တော်တို့ ပညာရေးကတော့ ဘာမှကို ပြန်ရစရာ မရှိတော့တာ။ ကျန်းမာရေးဆိုရင်တော့ တိုင်းပြည်မှာ နာ/ကူတွေ နားရတော့မှာကို မဟုတ် ဘူး။ ပြောမရဘူး ကိုကျော်သူတောင် သူ့နေရာကို စစ်ဗိုလ်တွေလာအစားထိုးလို့ ပြေးစရာရှိပါ့မလား။ ကိုယ့်လူ လည်း ကြိုမြင်ပုံရတယ်။ ဒါကြောင့် ရုပ်ရှင်ပြန်ရိုက်နေတာဖြစ်မှာ။
၁၀.၈.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...