Thursday, August 27, 2015

မှန်ကန်တဲ့ NLD ရပ်တည်ချက်တစ်ခု

 

KNU နဲ့ RCSS တို့ အပစ်ရပ်လက်မှတ်ထိုးဖို့ စိတ်လောနေရခြင်းရဲ့ နောက်ကွယ်မှာ KNU အကြံပေး စောတူးတူးလေးနဲ့ RCSS အကြံပေး ဟန်ယောင်ဝေတို့ ရှိနေတယ်။ အမှန်ကို ပြောရရင် ဖဒိုမန်းငြိမ်းမောင်ဆိုတာ ဒီကိစ္စမှာ ကီးပလေယာ မဟုတ်ခဲ့ပါ။ သြဇာအာဏာလည်း သိပ်ရှိသူ မဟုတ်ပါ။ အခု စောတူးတူးလေးနဲ့ ဟန်ယောင်ဝေတို့က ဒေါ်အောင်ဆန်းစုကြည်ကိုပါ စည်းရုံးဖို့ ကြိုးစားကြခြင်းဖြစ်တယ်။

မကြာခင်က UNFC ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ နိုင်ဟံသာကလည်း လေသံပြောင်းလာတာကို တွေ့ရမှာဖြစ်တယ်။ ပထမဆုံး ဖဒိုကွယ်ထူးဝင်းက ဧရာဝတီနဲ့ အင်တာဗျူးတစ်ခုမှာ ကျန်အဖွဲ့ (၅)ဖွဲ့မပါလည်း အပစ်ရပ်ကို လက်မှတ်ထိုးမဲ့သဘော ပြောသွားပါတယ်။ နောက် နိုင်ဟံသာကလည်း အချို့အဖွဲ့တွေမှာ စစ်တပ်မရှိတော့ အပစ်ရပ်လက်မှတ်ထိုးရာမှာ မပါလည်း ရတယ်ဆိုတဲ့သဘော ပြောသွားပါတယ်။ ဒါဟာ သမ္မတသိန်းစိန်နဲ့ ကာချုပ်မအလတို့ကို သွားတွေ့မဲ့ ကြီး(၅)ကြီး ခေါင်းဆောင်တွေ အကြပ်ရိုက်အောင် ပြောမိတဲ့သဘောပါ။
ဒီနေ့ စောတူးတူးလေးနဲ့ ဟန်ယောင်ဝေတို့က အကွက်စိပ်စိပ်နဲ့ လှုပ်ရှားနေကြပါတယ်။ ဒါဟာလည်းပဲ အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးဖို့ ဖြစ်တယ်လို့ ဆိုကြပေမဲ့ ဒီအပစ်ရပ်နောက်မှာ ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး အစိုးရနဲ့ အလှူရှင်တွေရဲ့ မက်လုံးတွေကလည်း ရှိနေလို့ ဖြစ်တယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်မှုတွေ ဖြစ်လာဖန်များလို့ ထိုင်းဘက်မှာ ရပ်တည်ဖို့ အခက်အခဲရှိလာတာကလည်း တစ်ကြောင်းပါ။ နောက်ပြီး နော်ဝေနိုင်ငံရဲ့ ဖိအားနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပြောင်းလဲလာတဲ့ ရပ်တည်ချက်ကြောင့်လည်း ပါဝင်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ စီအီးစီကနေ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ ရပ်တည်ချက်တစ်ခုကို ကြားရလို့ ဝမ်းမြောက်မိပါတယ်။ မကြာခင်က ၈၈ တွေနဲ့ ပူးတွဲကျေညာချက် ထုတ်နိုင်ခဲ့တာရယ်၊ အခု အပစ်ရပ်ရေးနဲ့ပတ်သက်ပြီး နိုဝင်ဘာလရွေးကောက်ပွဲကို အရင်စောင့်ကြည့်ဖို့ ပြောလာတာရယ် ဒီနှစ်ခုကို အကဲခတ်ကြည့်ရင် NLD မှာ ရပ်တည်အချက်အပြောင်းအလဲ သိပ်မရှိဘူးဆိုတာ သိနိုင်ပါတယ်။
ဒီမှာ မိမိပြောချင်တာက တိုင်းရင်းသားလူမျိုးများဟာ ဖက်ဒရယ်ပြည်ထောင်စုကို ခွဲထွက်ရေးလို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်၊ တိုင်းရင်းသားတွေ လက်နက်မစွန့်မချင်း စစ်တန်းလျားကို မပြန်ဘူးလို့ အတိအလင်း ကျေညာထားတဲ့ စစ်တပ်၊ အပစ်ရပ်လက်မှတ်ထိုးပြီးတာနဲ့ လက်နက်ချတဲ့စကားကို ပြောရမယ်လို့ ပြောင်ဗိုလ်ကျနေတဲ့စစ်တပ်နဲ့ ဘာကြောင့် အပစ်ရပ်ကို အသေအလဲ လက်မှတ်ထိုးချင်နေရသလဲ ကိုယ့်ဟာကို မေးရမဲ့အချိန်ပါ။ ဒီအချိန်မှာ အပစ်ရပ်ရေး တကယ်လိုအပ်နေသူများဟာ တိုင်းရင်းသားတွေ မဟုတ်ကြဘဲ အပစ်မရပ်ချင်ပေမဲ့ နာဂစ်ဖွဲ့စည်းပုံ ရပ်တည်နိုင်ရေးအတွက် အပစ်ရပ်နိုင်ဖို့ လိုအပ်နေသူတို့မှာ စစ်တပ်ပဲ ဖြစ်တယ်ဆိုတာ သိထားကြဖို့ လိုပါ့မယ်။ နောက်ပြီး ကချင်၊ တအာင်း၊ ရခိုင်၊ ကိုးကန့်တွေ တိုက်နေကြလို့လည်း မွန်၊ ကရင်၊ ကရင်နီတို့က အေးအေးဆေးဆေး နေနိုင်ကြခြင်းလည်း ဖြစ်တယ်။ ကြီး(၅)ကြီးထဲ ပါနေတဲ့ ဒီအဖွဲ့အစည်း(၃)ခုဟာ သိပ်ပြီးတော့ တကိုယ်ကောင်းဆန်နေလို့ မဖြစ်ဘူး။ လူကြီးလူကောင်း ပီသရပါ့မယ်။
ဒီတော့ အခု NLD က အပစ်ရပ်ကို နိုဝင်ဘာ(၈)နောက်ပိုင်း ရွှေ့ထားဖို့ အချက်ပြနေပါပြီ။ NLD က ၂၀၁၆ ခုနှစ်မှာ အစိုးရဖြစ်လာဖွယ်ရှိတဲ့ ပါတီကြီးတစ်ခု ဖြစ်တယ်။ ဒါကြောင့် NLD ရဲ့ အကြံပြုချက်ကို အလေးအနက်ထားစဉ်းစားရပါ့မယ်။ အထူးသဖြင့် ရှိသမျှ တိုင်းရင်းသားပညာရှင်များနဲ့ အငြင်းအခုံလုပ်ပြီး အပစ်ရပ်နိုင်အောင် ကြိုးစားလာခဲ့တဲ့ စောတူးတူးလေးနဲ့ ဟန်ညောင်ဝေတို့ဟာ ဘရိတ်နည်းနည်းအုပ်ဖို့ လိုလာပါပြီ။ ဘာကြောင့်ပါလဲ။
(၁) ဘဝတူတိုင်းရင်းသား(၆)ဖွဲ့ကို ချန်ထားရစ်ခြင်းဖြင့် စစ်တပ်ရဲ့ မရိုးသားမှုကို တွေ့မြင်နေရတယ်။ (နောက်ပိုင်း တို့မီးရှို့မီး ဖြစ်လာမှာ သေချာတယ်)
(၂) အပစ်ရပ်ပြီးရင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးပြီး တရားဝင်ရပ်တည်ခွင့် ပေးမယ်လို့ သေချာမပြောဘူး။ (လက်နက်ချမှ တရားဝင်ဖြစ်မယ်လို့ ပြောလာမှာ သေချာတယ်)
(၃) နိုဝင်ဘာရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက မဲရအောင် အသုံးချသွားမှာ ဖြစ်တယ်။ (တိုင်းရင်းသားတွေက ပြည်ခိုင်ဖြိုးပါတီကို မဲရအောင် လုပ်ခြင်းဖြင့် ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်လိုက်ခြင်းဖြစ်တယ်)
(၄) နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲတဲ့အခါ လိုအပ်မဲ့ ပူးတွဲကော်မတီဖွဲ့စည်းမှုမှာ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးတို့က အသာရသွားစေတယ်။ (အရင်က အမျိုးသားညီလာခံကျင်းပတုန်းက ဘယ်ကနေ လာမှန်းမသိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ငါးကြင်ကို ငါးကြင်ဆီနဲ့ ကြော်နေပါအုံးမယ်)
ဒီ(၄)ချက်ကို ရှောင်ချင်တယ်ဆိုရင် နိုဝင်ဘာ (၈)ရက်နောက်ပိုင်းမှာ အပစ်ရပ်ကို လက်မှတ်ထိုးဖို့ စဉ်းစားသင့်ပါတယ်။ စစ်တစ်ခုကို တိုက်နေတာနဲ့ သဘောမျှပါတယ်။ စစ်အင်္ဂါအခင်းအကျင်း မပြည့်စုံဘဲ တိုက်ခဲ့ရင် ရှုံးဖို့ များသလို မိမိအဖွဲ့အစည်း အစုံအလင် မပါရှိဘဲ အပစ်ရပ်လက်မှတ်ထိုးခဲ့ရင်လည်း ကိုယ့်အိမ် မီးလောင်ပြာကျဖို့ လွယ်လွယ်လေးပါ။ ဒီတော့ တိုင်းရင်းသားတွေ အစဉ်တစိုက် တောင်းဆိုခဲ့ဖူးတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက်
(၁) တိုင်းရင်းသားအားလုံး ပါဝင်အောင် ကြိုးစားပါ။ (တိုင်းရင်းသားအသံကို စုစည်းနိုင်မှ အင်အား ဖြစ်မယ်)
(၂) နိုဝင်ဘာ(၈)ရက်နောက်ပိုင်းမှာ အပစ်ရပ်ပါ။ (NLD အစိုးရဖွဲ့နိုင်အောင် ကူညီပေးပါ)
(၃) သုံးပွင့်ဆိုင်လမ်းကြောင်းကို ပြန်တင်ပေးပါ။ (တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ UNFC ၊ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ NLD ၊ မြန်မာ့နိုင်ငံရေးကို ထိန်းချုပ်ထားတဲ့ စစ်တပ်တို့ ဆွေးနွေးမှသာ ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်)
ဒါကြောင့် ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်လာအောင် ကူညီပေးရင် ဖက်ဒရယ်အရေးအတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်တဲ့အတွက် အပစ်ရပ်မလောဘဲ ရွေးကောက်ပွဲကို အရင်စောင့်ကြည့်ဖို့ NLD ရဲ့ အဆိုပြုချက်ဟာ တိုင်းရင်းသားအားလုံး အလေးထားသင့်တဲ့ မှန်ကန်တဲ့ ရပ်တည်ချက်တစ်ခုလို့ မိမိပြောလိုပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...