Monday, September 14, 2015

"ယုံအောင်လည်းပြောတတ်တယ် လွမ်းအောင်လည်းချွဲတတ်တယ်"

           ဟိုးအရင်တုန်းက ယဉ်ကျေးမှုပြဇာတ်တွေ ခေတ်ကောင်းနေချိန်မှာ "စဥ့်ကူးမင်း ခေါင်းလောင်းတော်ကြီး" ဆိုတဲ့ ဇာတ်တော်ကြီး တစ်ခု ကြည့်လိုက်ရပါတယ်။ အင်မတန်မှကို ခမ်းခမ်းနားနား တင်ဆက်ထားသလောက် အနုပညာရှင် အကျော်အမော်များလည်း ပညာစွမ်းပြထားလေတော့ လူကြိုက်များခဲ့ပြီး နိုင်ငံတကာမှာ ကပြတင်ဆက်လို့တောင် ဂုဏ်မငယ်ခဲ့ရပါဘူး။ စိတ်ကူးယဉ် ထိုးဇာတ်မဟုတ်ပဲ မယုံရင် ရွှေတိဂုံရင်ပြင်ပေါ်မှာ ခေါင်းလောင်းကြီးကို ကိုယ်တွေ့မျက်မြင် အာရုံခံတန်ဆောင်းနဲ့ ပြစရာရှိတာမို့ မော်လောက်ကြွားလောက်တာလည်း အမှန်ပါပဲ။ ဧည့်လမ်းညွှန်တွေရှင်းပြကြရင်တောင် ရန်ကုန်မြစ်ထဲကနေ မြန်မာ့နည်းမြန်မာ့ဟန်နဲ့
ခေါင်းလောင်းကြီးအောက်ကို ကြိမ်ချောင်းပေါင်းများစွာ ထိုးသွင်းပြီး ရေပေါ်ကိုတက်လာစေခဲ့တယ် လို့ ဆိုလိုက်ရင် ဧည့်သည်တွေခမျာ ခေါင်းတညိတ်ညိတ် နဲ့ တအံတသြနားထောင်ကြရတာပါ။ ဇာတ်သဘင်ပညာရှင်တွေ ဆိုကာငိုကာ ကကြတဲ့ အဲသည် စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီး ဇာတ်တော်မှာတောင်မှ ပေါ်လစီနဲ့ အစာသွပ်ထားတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမများကလွဲရင် နတ်၊ နဂါး၊ သိကြား၊ ဂဠုန်တွေ မပါခဲ့ဘူး။ အခုတော့ သည်လိုခေါင်းလောင်းကြီးမျိုး နောက်တစ်လုံးရှိသေးတယ်။ ဒါ့ထက်တောင် ကြီးသေးတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံး ခေါင်းလောင်းကြီး။ ဓမ္မစေတီမင်းရဲ့ ခေါင်းလောင်းကြီးတဲ့။ မွန်ဆရာတော် မြန်မာဆရာတော်များ ဦးစီးလျက်၊ သူကြွယ်ကြီးများက ငွေကုန်ကြေးကျခံကာ သိပ္ပံနည်းအားမကိုးပဲ ဝိဇ္ဇာနည်းသက်သက်နဲ့ မရရအောင် ဆယ်နေပြန်ပြီတဲ့။ သမိုင်းအထောက်အထားအဖြစ် တန်ဖိုးမဖြတ်နိုင်တာကြောင့် ဒါကြီးသာ ဆယ်လို့ရခဲ့ရင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြဖို့သာရှိတယ်။ ခေါင်းလောင်းကြီးရဲ့ အလှူရှင် ဓမ္မစေတီမင်းဆိုတာ ဟံသာဝတီပြည်ကြီးရဲ့ ဘုန်းမီးနေလတောက်ပခဲ့သော မွန်ဘုရင်မင်းမြတ်တစ်ပါး မဟုတ်လား။ လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးကို လက်ရှိကိုယ်တို့ဖူးမျှော်ခွင့်ရနေတဲ့ ဥာဏ်တော်အမြင့်အတိုင်း ပြန်လည်မွန်းမံ တည်ဆောက်သွားတဲ့ ဘုရားဒါယကာမင်းမြတ်ကြီး ဖြစ်တယ်။ ဒါကြောင့် ခေါင်းလောင်းကြီးသာ ရင်ပြင်တော်ပေါ်ရောက်လာရင် ဘုရားကြီးရဲ့ သမိုင်းနဲ့ရာဇဝင်ကို အခုထက်ပိုပြီး ခိုင်ခိုင်မာမာ လက်ညှိုးညွှန်ကာညွှန်ကာ ရှင်းပြလို့ရတော့မယ်။ လောလောဆယ်တော့ အဲသည်လက်ညှိုးကြီး ခဏပြန်သိမ်းထားဦးမှပါလေ။ တနေ့သော် ပေါ်လာနိုးနဲ့ စောင့်လိုက်ရတာ ရက်လရှည်ကြာ။ လက်ညှိုးတောင် ညောင်းလှပြီ။
           ခေါင်းလောင်းကြီးရှာမတွေ့လည်းပဲ ဓမ္မစေတီမင်းရဲ့ ကောင်းမှုတော် ကျားခြင်္သေ့စေတီရယ်။ သူ့လက်ထက်က နန်းဦးပလ္လင်မှာကိုးကွယ်ထားတဲ့ ရတနာဆင်းတုတော်ရယ်ကို ရင်ပြင်ပေါ်မှာ ဖူးတွေ့နိုင်ပါတယ်။ မြန်မာရာဇဝင်နဲ့ပဲ ညှိညှိ၊ မွန်ရာဇဝင်နဲ့ပဲ ညှိညှိ၊ ဘုရင်မကြီး ရှင်စောပု နဲ့ သမက်တော် ဓမ္မစေတီမင်းဆိုတာ အတိအလင်း အထင်အရှား ရှိပြီးသားမို့ ခေါင်းလောင်းတွေ့ခြင်း မတွေ့ခြင်းဟာ သူတို့ရှိခြင်း မရှိခြင်းကို ဘယ့်နှယ်မှ သက်သေထူစရာ မလိုပါဘူး။ ဘုရားတောင်ဘက်မှာ ရှင်စောပု အရိုးအိုးစေတီလည်း ရှိပြီးပြီ။ ဒါကြောင့် ဘုရားဒကာ ခြေရာကောက်ချင်ရင် ဓမ္မစေတီမင်းအစား မူလပထမ တကာတော်ရေမြေ့ရှင် ဥက္ကလာပမင်းကြီး နဲ့ မယ်လမုတို့ သားအမိကို သက်သေသက္ကာယရှာတာက ပိုပြီး အကျိုးရှိလိမ့်မယ်လို့ တွေးမိပါတယ်။ နောင်လာနောက်သား ကလေးများလည်း ရွှေတိဂုံဘုရားသမိုင်းကို မသိသေး မကြားဖူးသေး မစိုးလို့ပါ။ အခု ကိုယ်တို့နေတဲ့ ရန်ကုန်ရွှေမြို့တော်ကြီးဟာ အရင်တုန်းက ဥက္ကလာပမင်းကြီး စိုးစံတဲ့ ဒဂုံနေပြည်တော်ကြီး ဖြစ်သတဲ့။ ဗုဒ္ဓသာသနာမှာ ပထမဦးဆုံး သရဏဂုံတည်သူများဖြစ်တဲ့ တဖုဿ နဲ့ ဘလ္လိက ကုန်သည်ညီနောင်ဟာ သူတို့အင်မတန်ကြည်ညိုလှတဲ့ ဂေါတမဘုရားရှင်ဆီကနေ ကိုယ်စားအမှတ် အထွဋ်အမြတ် ကိုးကွယ်စရာ ဆံတော်ရှစ်ဆူရလာတဲ့အခါ ကိုယ့်မွေးရပ်မြေကို သယ်ဆောင်လာပြီး စေတီအဖြစ်တည်ထားဖို့ ဘုရင်မင်းမြတ်ကို အပ်သတဲ့။ ကုန်သည်ညီနောင် မဇ္ဈိမကနေ ဆံတော်အမွေပင့်ဆောင်လာတယ် သတင်းကြားကတည်းက သဒ္ဓါထက်သန်လှတဲ့ ဥက္ကလာပမင်းတရားကြီးဟာ ဗိုလ်ခြေတစ်ထောင်နဲ့ စစ်အင်္ဂါလေးပါး ခင်းကျင်းပြီး မြစ်ဆိပ်ကနေ ရင်ခေါင်းဝမြုတ်သည့်တိုင်အောင် ဆီးလို့ကြိုပါသတဲ့။ အဲသည်နေရာမှာ ဆံတော်ကြိုစေတီတစ်ဆူတည်တော့ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီ လို့ ဖြစ်လာတယ်။

           ဒါပေမယ့် ဘုရားတည်ဖို့ ရှေးဘုရားသုံးဆူတို့ရဲ့ ဓါတ်တော်မွေတော်တွေ ဌာပနာရာ သိင်္ဂုတ္တရကုန်းမြေကို မရှာတတ်တော့ အသက်အရှည်ဆုံး ဘုမ္မစိုး၊ ရုက္ခစိုးနတ်ကြီးတွေကို တိုင်တည်တဲ့အခါ နတ်သက်အရှည်ဆုံး နတ်မင်းကြီးတွေကို လာရောက်စုရုံးစေတဲ့အရပ်မှာ ဆူးလေစေတီ လို့ ဖြစ်လာတယ်။ ဒါကြောင့် ဆူးလေဘိုးဘိုးကြီးကို ကြည့်လိုက်ရင် ရွှေတိဂုံဘုရားရှိတဲ့ဘက် လက်ညှိုးညွှန်ထားတာ။ ဗိုလ်တစ်ထောင် ဆိပ်ကမ်းကနေ ဆင်တော်နဲ့ပင့်လာတုန်းက လမ်းခုလတ်မှာ ဆင်တော်ကဝပ်ပြီး ဆံတော်ကြုတ်ပွင့်လို့ ရောင်တော်ကွန့်မြူးတယ်ဆိုတဲ့နေရာမှာက ရွှေဘုန်းပွင့်စေတီ။ အဲသလိုနဲ့ပဲ ရွှေတိဂုံဘုရားသမိုင်း ရှင်းလိုက်တာ ရန်ကုန်မြို့မှာ ရှိတဲ့ ဟိုဘုရား သည်ဘုရား ကုန်ရော။ ဒါပေသိ ကျောက်စာတစ်ချပ် ထွက်မလာဘူး။ သမိုင်းမတင်မီခေတ်က ဖြစ်ရပ်တွေလို ပါးစပ်ရာဇဝင်နဲ့သာ တွင်ရစ်တယ်။ ယုံချင်ယုံ မယုံချင်နေ။ မယုံရင် ပုံပြင်မှတ်။ ကိုယ်တို့မြန်မာ့သမိုင်းဟာ ဖတ်စာအုပ်တွေထဲမတော့ အနော်ရထာမင်းကြီးက စတယ်။ သူ့ရှေ့ကဟာတွေ အကုန် ပုံပြင်ထဲရောက်ကုန်ရော။ ဘာဖြစ်လို့ဆိုတော့ ပျူစောထီးတို့၊ သတိုးနဂါးနိုင်မင်းတို့က ဒဏ္ဍာရီသတ္တဝါတွေနဲ့ သက်သေမချန်ခဲ့ပဲ လုံးလားထွေးလားနေတာကိုး။ ဒါကြောင့် မယုံဘူး။ သမိုင်းဆိုတာ သက်သေရှိမှ ယုံတာ။ သူမမီကိုယ်မမီ အကြောင်းအရာတွေ မဟုတ်လား။ သက်သေမရှိရတဲ့အထဲ ယုတ္တိပါမရှိဘူးဆိုရင် ဘယ်လိုယုံအောင် ပြောကြမလဲ။ ပုဂံရာဇဝင်တောင် တုတ်ထမ်းငြင်းနေရတဲ့ကိစ္စ၊ ပုဂံထက် အပုံကြီးစောတဲ့ ဥက္ကလာရာဇဝင်ကို ဘာနဲ့ကိုင်ငြင်းကြမတုန်း။ ဘုရားစေတီကြီးတွေ ငုတ်တုတ်ထားပြီး ငြင်းဖို့လည်း မစဉ်းစားနဲ့။ ကောင်းမှုတော်အပေါ် ကောင်းမှုတော်တွေ ဆင့်လာလိုက်ကြတာ မူရင်းလက်ရာ ဘယ်ဟာမှ မကျန်ပဲ မွန်းမံသူကုသိုလ်သာ ရှုလိုရာရှုဖို့ကျန်တယ်။

          ဥက္ကလာပမင်းကြီးကို ခြေရာခံမရရတဲ့ကြားထဲ သူ့ခမည်းတော် မယ်တော်တွေကို နောက်ကြောင်းလိုက်ရင် ပိုပြီးမယုံနိုင်စရာတွေ တွေ့ရဦးမယ်။ မယ်လမုဆိုတာက လမုပင်ပေါ်မှာ ဥပပတ်သန္ဓေနဲ့ ဖွားမြင်သူ သူယောင်မယ် (Nymph) ကလေး။ ဘရသေ့ကြီးက လက်ညှိုးက နို့ထွက်ဖို့ အဓိဋ္ဌာန်ပြုတယ်ဆိုတာက သရေခေတ္တရာတည်တဲ့ ဘရသေ့နဲ့ မေဓါဝီသမင်မ ဇာတ်လမ်းနဲ့ တူနေပြန်ပြီ။ ဖြစ်နိုင်တာကတော့ နို့ဗူးတွေ နို့သီးခေါင်းတွေ မပေါ်သေးတဲ့ခေတ်မို့ ကြံမိကြံရာ လက်ညှိုးကလေးနဲ့ တို့တို့ပြီး နို့ရည်ကို အစက်ချတိုက်တာ နေမှာပါလေ။ မယ်လမုကလေး ယောင်္ကျားရတော့ ဇာတ်ကရှုပ်လာပြန်ရော။ လူပျိုလှည့်တဲ့သူက လိပ်စာအမှန်မပြောဘူး။ သူ့ကိုယ်သူ သိကြားခြောက်ရွာက မောင်မာဃ လို့ ပါးစပ်ထဲရှိရာ ပြောတာ။ မှတ်ပုံတင်တောင် မပြဘူး။ (အမည်၊ လိပ်စာပေးပုံကလေး မှတ်ထားဦးမှပါ။ ကိုယ်လည်း အစိုးရလွှတ်သမျှ အရပ်တကာ ရောက်နေရတာ) သိကြားသားမို့ပဲ ရှင်ဘုရင်ဖြစ်သလား။ ရှင်ဘုရင်ဖြစ်လာလို့ပဲ သူ့ခမည်းတော်ကို သိကြားမင်းလုပ်လိုက်သလားတော့ မသိပါဘူး။ ဘဘဦးခင်ရီအတွက် မှတ်ပုံတင်ပေးဖို့ခက်ရတဲ့ ဆွေစဉ်မျိုးဆက်ဇယားကြီးနဲ့မို့ ဒါကြီးကိုလည်း သမိုင်းထဲထည့်လို့ မရပြန်ပါဘူး။ ဒါပေသိ ရွှေတိဂုံစေတီ ပစ္စယံအထက်နားလေးမှာတော့ ဥက္ကလာပမင်းကြီးရုပ်ထုနဲ့ မယ်လမုရုပ်ထုတစ်ခုစီ လက်ညှိုးထိုးပြစရာ ကျန်ပါတယ်။ သူကမွေးတဲ့ သားတော် မင်းနန္ဒာမင်းသားလေး လက်ထက်မှာလည်း တညင်သူကလေး ရှင်မွေ့နွန်းရဲ့ မျှော်တော်မူစေတီ၊ ငမိုးရိပ်ချောင်း၊ သန်လျက်စွန်း၊ လက်ညှိုးထိုးပြစရာနေရာကလေးတွေနဲ့ ပါးစပ်ရာဇဝင်သာ တွဲလို့ ကျန်ရစ်ပါတယ်။ ဒါကြောင့် သည်အကြောင်းအရာတွေဟာ ကိုယ့်ဘာသာကိုယ်ပဲ ယုံချင်ယုံလိုက်။ သူများကိုတော့ ယုံပါ လို့ မပြောနိုင်ပါဘူး။ အထောက်အထား၊ ယုတ္တိယုတ္တာ ကင်းမဲ့လို့။ ကိုယ်တို့လိုပဲ သမိုင်း နဲ့ ဒဏ္ဍာရီ (Myth) မကွဲပြားတဲ့ ဖြစ်ရပ်တွေ တခြားနို်င်ငံတွေမှာလည်း ရှိပါတယ်။ တရုတ်ပြည်မှာဆို မဟာတံတိုင်းကြီး လကမ္ဘာကတောင် လှမ်းမြင်နိုင်လောက်အောင် ရှိသော်ငြားလည်း သူတို့ရဲ့ ပထမဧကရာဇ်ကြီးရဲ့ နန်းတွင်းမှတ်တမ်းတွေက ယုံရခက်ခက် ဖြစ်နေစဉ်မှာ စဥ့်ရုပ်စစ်သည်အမြောက်အများပါတဲ့ သင်္ချိုင်းတော်ကြီးကို တူးမိတော့မှ ဒါကြီးဟာ တကယ်ဖြစ်ခဲ့တာ သည်မှာကြည့်ပါလား လို့ သက်သေထူနိုင်ပါတယ်။

           ကိုယ်တို့ဆီမလည်း အားကျမခံ ရွှေတိဂုံဘုရား ဓါတ်တော်တိုက်ထဲကို ဝင်ပြီး အထောက်အထားရှာပြမယ့် ဘဘတွေနဲ့ တွေ့ရင် ခက်ရချေရဲ့။ သည်အတိုင်း ရာဇဝင်ထဲမှာ လမုတို့ ဥတို့ကို ထားရစ်ခဲ့ရအောင်ပါ။ မကြံကောင်းမစည်ရာ။ သူ့မိုးကြိုးပစ်တာ အရေးမကြီးဘူး။ ကိုယ်ပါ စက်ကွင်းမလွတ်ဖြစ်နေမယ်။ (ငရဲကြီးရင် အကြံပေးတွေလည်း မလွတ်လောက်ဘူးဗျနော။) တကယ်တမ်းကျတော့ ကိုယ်တို့လက်တွေ့ဘဝမှာလည်း မှတ်ပုံတင်တောင်းစစ်လို့မရ၊ နေရပ်လိပ်စာ ခြေရာခံမရတဲ့ မိုးကျရွှေကိုယ် သိကြားသားတွေက အများသားပါလေ။ ဒီပဲယင်းတုန်းက တုတ်တွေဓါးတွေနဲ့ ထွက်လာတဲ့ ခိုးသားငါးရာဟာ ဘယ်ရွာသားတွေမှ မဟုတ်တာ ဒေသခံမိဘပြည်သူများ သိတော်မူကြသည့်အတိုင်းပါပဲ။ မြန်မာပြည်မှာ ဖြစ်ဖြစ်သမျှသော အရေးအခင်းတိုင်းမှာ မိုးပေါ်ကကျကျလာတဲ့ ဒေါသထွက်နေသူ လူအုပ်ကြီးဆိုတာလည်း ဘယ်တုန်းကမှ လက်သည်ဖော်မရခဲ့တာ ဦးမာဃဆီက နတ်စစ်သည်များပေမို့လို့ ပြောရင် ယုံတန်ယုံရမှာပေါ့။ ရှင်မောဂ္ဂလန်ရိုက်တဲ့ ခိုးသားငါးရာတောင် ဘယ်ရွာဘယ်ဇာတိ အတိအကျ ပြောခဲ့သေးတယ်။ (ဆရာသော်တာဆွေ ပြောတာတော့ ပေါင်းတည်က ၂၅၀၊ သာယာဝတီက ၂၅၀ ဆိုလား) သီပေါမင်းလက်ထက်တုန်းက တိုင်ကွယ်ရင်ပျောက်ပျောက်သွားတယ်ဆိုတဲ့ ဓါးပြတွေလို နေမှာပ။ ကောက်ချက်ဆွဲလိုက်ရင် Identity ရေရေရာရာ မပြနိုင်တာနဲ့ပဲ တကယ်မရှိခဲ့ဘူးလို့ ပြောလို့မရတဲ့သူတွေ အများကြီး ရှိသေးတယ် လို့ သဘောပေါက်စေချင်တာပါ။ ဒီလိုဆိုတော့ ကိုယ်တို့ဘုရားဒကာကြီးတို့ သားအမိကို ရှိတာတော့ ရှိခဲ့မှာပါလေ လို့ ယုံပေးလိုက်ကြရအောင်ပါ။

           နတ်၊ နဂါး၊ သိကြား၊ ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခတွေဟာ သာမန်လူတွေမှာ ရှိတဲ့ မံသစက္ခုလို့ခေါ်တဲ့ အသားစိုင်မျက်လုံးကြီးနဲ့ ကြည့်ရင် မမြင်နိုင်ပါဘူးတဲ့။ ဒိဗ္ဗစက္ခုလို့ခေါ်တဲ့ နတ်မျက်စိ ပုလင်းကွဲနဲ့ အတင်းဖြဲကြည့်လိုက်မှ မြင်နိုင်တာ လို့ ပြောတယ်။ သို့သော်လည်း ဘုန်းသမ္ဘာရှင်တွေကတော့ မြင်ရသတဲ့။ သိပ်ကို ကံနိမ့်ပါးနေတဲ့သူတွေကလည်း အနိဋ္ဌာရုံတချို့ကို မြင်ရသတဲ့။ နတ်ဝတ်ပုဆိုး တိမ်မီးခိုး ပုံပြင်ထဲမှာတော့ ဘုန်းရှင်ကံရှင်မှ မြင်နိုင်တယ်ဆိုတာနဲ့ တနန်းတော်လုံး ဝိုင်းမြင်ချင်ယောင်ဆောင်လိုက်ကြတာ ဘုရင်ကြီးကို ဖင်တုန်းလုန်းဖြစ်ကရော။ အဲဒီပုံပြင်ထဲကလို တို့လည်းပဲ မြင်ချင်ယောင် ဆောင်လိုက်တာပေါ့နော်။ နေရင်းထိုင်ရင်း ဘုန်းနိမ့်နေတယ်လို့တော့ အပြောမခံနိုင်ပါဘူး။

          ကိုယ်မမြင်တာကိုတော့ မမြင်ဘူး ပြောချင်ပြောပါလေ။ သို့သော် မမြင်ရတိုင်း မရှိဘူး ပြောလို့တော့ မရသေးပြန်ဘူး။ ဥပမာပေးရဦးမှာပေါ့လေ။ ဥက္ကလာပမင်းကြီးလက်ထက်ကတည်းက စည်ပင်ဖွံ့ဖြိုးခဲ့သော ဒဂုံနေပြည်တော်ကြီးဟာ မြေးတော်မြစ်တော် တီတော်ကျွတ်တော်တို့ လက်ထက်ရောက်တဲ့ သည်ကနေ့ထိတိုင်အောင် စဉ်ဆက်မပြတ် သာယာစည်ပင်စေဖို့ ရန်ကုန်မြို့သစ်စီမံကိန်းဆိုတာကြီး လွှတ်တော်မှာ အဆိုတင်သွင်းတယ်ဆိုတာ ကြားလိုက်တယ် မဟုတ်လား။ ဘုန်းကံနိမ့်ပါးရှာသူ မီဒီယာသတင်းထောက်များခမျာ သတင်းထဲပါတဲ့ နေရပ်လိပ်စာကြီးကို ကိုင်ပြီး အိမ်ပေါက်စေ့ လမ်းပေါက်စေ့ လျှောက်ခဲ့ရှာခဲ့ပါသတဲ့။ သွားပါများလို့လည်း ခရီးမရောက်ခဲ့သလို မေးပါများလို့လည်း စကားမရခဲ့ပါဘူး။ ကုမ္ပဏီဆိုင်းဘုတ်ကလေးတောင် ဓါတ်ပုံရိုက်ယူစရာ မတွေ့ခဲ့ဘူး။ စဉ်းစားကြည့်စမ်းပါလေ။ ဒေါ်လာဘီလီယံသန်းပေါင်းများစွာနဲ့ ရင်းနှီးမြှုတ်နှံဖို့ အစိုးရလွှတ်တော်ကြီးအထိတောင် အဆိုတင်သွင်းထားတဲ့ ဧရာမကုမ္ပဏီကြီးတစ်ခုကို ကိုယ်အရင်က တခါမှ မကြားဖူးရုံနဲ့ ရုံးခန်းလိပ်စာ ရှာမရရုံနဲ့ တကယ် မရှိဘူး ပြောမလို့လား။ ရှိလိုက်သမှ ရှိရှိ၊ ရှိရှိ နဲ့ကို မြည်တယ်။ ဘယ်တုန်းက ဘယ်သူ့ဆီ ဝင်ထွက်သွားလာပြီး ဘယ်သူ့ကို ဖေဖေခေါ်တယ်ဆိုတာ ဘုန်းကြီးတဲ့သူတွေက မြင်လို့တွေ့လို့ သံမသေ ပြဒါးမသေ တဆွေလုံးတမျိုးလုံးကို ဝ လို့။ ကိုယ့်မှာသာ ဘုန်းကံနည်းလို့ မမြင်နိုင်တာဗျ။ သဘောပေါက်ပြီလား။ ကိုယ့်ထက်ဘုန်းကံနည်းရှာသူတွေဆို လယ်သိမ်းခံ မြေသိမ်းခံရလို့ အရှင်လတ်လတ် မျက်ဝါးထင်ထင် တွေ့လိုက်ရသတဲ့။ နောက်ကို ကိုယ်မမြင်ရတိုင်း မရှိဘူး မပြောနဲ့တော့နော်။ "ရင်မှာခံထား မမြင်နိုင်ပေ။ ငါ့ရဲ့အထဲထဲက အတွင်းခံ။" တဲ့။ ကြားဖူးတယ် ဟုတ်။ ကိုယ်မမြင်ရပေမယ့် အထဲမှာ ရှိတယ်လို့သာ သဘောထားလိုက်။ သူပြချင်တဲ့အခါ ပြလိမ့်မပေါ့။

            အနော်ရထာမင်းကြီးတို့၊ ကျန်စစ်သားမင်းကြီးတို့ ရွှေစည်းခုံဘုရားကိုတည်တော့ ဘုန်းကြီးလွန်လွန်းလို့ လူတစ်ရစ် နတ်တစ်ရစ် တည်ကြတယ် လို့ဆိုတာ ကြားဖူးတယ် မဟုတ်လား။ နိုင်ငံခြားသားတွေကို အဲ့လိုပြောလို့မရပေမယ့် ကိုယ့်မြန်မာဘုရားဖူးတွေလာရင်တော့ သည်အတိုင်းပဲ ပြောကြယုံကြတာပဲ။ ကိုယ့်တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကာလများမှာဆို လူမင်း ဘုန်းကြီးတော့ ခင်စပယ်ဦး မနေနိုင် အဲလေဟုတ်ပေါင် နတ်မင်းမနေနိုင်ဆိုသလို နတ်ဒေဝတာတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ရတာတွေ ရှိတယ်။ အမယ်။ ဒါလည်း မယုံသေးဘူးလား။ သက်သေပြမယ်။ သန်းခေါင်စာရင်းကောက်လိုက်တော့ ကျုပ်တို့မြန်မာပြည်မယ်လူဦးရေ ဘယ်လောက်ရှိသတဲ့တုန်း။ အဲသည်အထဲက မဲပေးနိုင်တဲ့ လူဦးရေကို ကောက်ကြည့်လိုက်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးအသင်းကြီးကို ထောက်ခံမဲပေးခဲ့တဲ့ အရေအတွက်ကို ပြန်နှုတ်ကြည့်လိုက်။ နှုတ်လို့ကို မရစေရဘူး။ အဲ့ဒါ နတ်ဒေဝတာတွေက ဖျားဒကာ သူတော်ကောင်းကြီးတွေ ရှုံးမစိုးလို့ လူတစ်မဲ နတ်တစ်မဲဝိုင်းပေးထားတာ။ မယုံရင် သေချာပြန်တွက်ကြည့်။ မြန်မာပြည်လူဦးရေထက်တောင် များနေဦးမယ်။ အဲ့ဒါ နတ်တွေဝင်မပါရင် ဘယ်ခွေးသဒေါင်းစားတွေ ပါသွားတာလဲ ပြော။

            ကိုင်း ခုလောက်ရှိရင်တော့ ပြည်သူအများ သံသယပွားနေကြတဲ့ ကိစ္စဝိစ္စတွေကို ရှင်းရှင်းလင်းလင်း သိချင် မောင်စံဖားကလေးဆီသာ လာမေးလှည့်ကြ။ မယုံရင် ယုံအောင် ပြောပေးမယ်။ မလွမ်းရင် လွမ်းအောင် ချွဲပေးမယ်။ နေရပ်လိပ်စာ တာဝတိန်သာ။ သူရေးတဲ့ ဝါစာကမ္မာ ပလီပလာများကိုတော့ အိုင်ကျူ အီးကျူ  ကိုးလောက်ရှိမှ သဘောပေါက် နားလည် နှစ်ခြိုက်တော်မူနိုင်လိမ့်မယ်။  တော်ရုံတန်ရုံ ဘုန်းကံများနဲ့ဆို Continue Reading ကိုတောင် ကလစ်လို့ ရနိုင်မယ် မဟုတ်ဘူး။ (ကွန်နက်ရှင်မှ မကောင်းပဲလေ) သိပ်ကိုသိပ်ကို ကံဆိုးလွန်းသူတွေကတော့ လေးထောင့်အတုံးကလေးတွေကို ကြည့်ပြီး သူများတကာတွေ ဘာတွေဝင်ပြောမှန်းမသိ၊ နိုတီတွေ တတိန်တိန်တက်လွန်းလို့ news feed ကိုဖျောက်၊ တောက်တခေါက်ခေါက်နဲ့ ကြိတ်မနိုင်ခဲမရ ရှိပေလိမ့်မယ်။ ထုံးစံမပျက်ရအောင် ကိုဝင်းဦးရဲ့ မြတ်ရွှေတိဂုံနဲ့ နှုတ်ဆက်တယ်ဗျား။

            "ကြည်သာပုံ သာပုံ၊ ကျွန်းလင်္ကျာ ဒီပါဝသုန်၊ နေနှုန်းခေါ် ရွှေဘုန်းတော် ဘုန်းတော် တေဇာအဟုန်။ ယခု ရှိရှိသမျှ သတ္တဝါတွေအကုန်၊ မိမိရရ သဒ္ဓါချွေကုန်။ မှောင်တဏှာမီး ရှောင်ခွာမနီး၊ အောင်ဓမ္မထီး ဖွင့်ခိုက်ကြုံ။ ကပ်သုံးတန်ရှောင်တဲ့ မြို့ရန်ကုန်၊ ဆံတော်ဓါတ်မွေ မြတ်ရွှေတိဂုံ၊"

https://soundcloud.com/khinthidakhin/myatshwedagon-win-oo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...