Wednesday, September 16, 2015

ခွေးချေးဆန်ပါ




ငယ်ငယ်တုန်းက ကလေးဘ၀၀ိုင်းဖွဲ့စုပြီးကစားရတဲ့ တူတူပုန်းတမ်းတို့၊ စစ်တိုက်တမ်းတို့၊ သူခိုးပုလိပ်၊ စိမ်ပြေးတမ်းတို့၊ ထုတ်စည်းထိုးတမ်းတို့ ကစားကြတဲ့အခါ ကလေးကြီးတွေ ခေါင်းစားရတဲ့ ကိစ္စရပ်တစ်ခုကြုံရလေ့ရှိကြတယ်။ အဲဒါက တချို့အကိုအမတွေနဲ့ ပါလာတဲ့ ညီ ညီမငယ်လေးတွေက သူတို့ပါ ဒီကစားပွဲတွေမှာ ၀င်ကစားမယ်၊ ပေးမကစားရင် ငိုမယ် ပြဿနာရှာမယ် ဆိုတာမျိုး။
ဒီလိုကြုံတဲ့အခါ ကလေးကြီးတွေက အေးပါကွာ ပေးကစားလိုက်ပါ၊ ဒါပေမဲ့ သူတို့ဖာသာသူတို့ ပြေးပဲပြေးပြေး ပုန်းပဲပုန်းပုန်း အရေးမပါဘူး ဆိုပြီး တိုးတိုးတိတ်တိတ် သဘောတူ ဖြေရှင်းကြရတယ်။
ဒါမျိုးကို ကျနော်တို့ ဇာတိအရပ်မှာတော့ ခွေးချေးဆန်ပါတွေလို့ ခေါ်ကြတယ်။ ခွေးချေးပုံထဲမှာ တခါတရံ ဆန်စေ့တွေ ပါနေတာမျိုးတွေ့ဖူးကြမှာပေါ့၊ ဆန်တော့ဆန်ပဲ ဘာမှလုပ်လို့မရတဲ့ဆန်၊ ကြက်တွေ ငှက်တွေတောင် မစားတဲ့ဆန်ပေါ့။ သဘောက အရေးမပါဘူးပေါ့။


ပြီးခဲ့တဲ့ အပတ်က ဒေါ်အောင်ဆန်စုကြည်ဟာ ကယားပြည်နယ်ကို မဲဆွယ်စည်းရုံးရေး ခရီးထွက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့က အပိုင်ပဲဆိုပြီး ၀င်ပြိုင်တဲ့ ရှားတောနဲ့ ဘော်လခဲ မြို့တွေဆီလည်းသွားခဲ့တယ်။ တကယ်တော့ အဲဒီဒေသမှာ ၀န်ကြီးဦးစိုးသိန်းတို့ ၂ယောက်ဟာ ကယားပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူတို့ဒေသမှာ ဒီဝန်ကြီး၂ ပါးအခုလို ၀ိုင်ပြိုင်မှာကို လက်မခံတာမို့ တသီးပုဂ္ဂလ အနေနဲ့ ၀င်ပြိုင်ကြရတာဖြစ်တယ်။ ဒေါ်စုက သူ့ခရီးစဉ်မှာ ၀န်ကြီး၂ ပါးကို ရည်ရွယ်ပြီး တသီးပုဂ္ဂလအစား အစိုးရဖွဲ့နိုင်တဲ့ ပါတီကို မဲပေးဖို့ NLD ကို မဲပေးဖို့ ဟောပြောမဲဆွယ်ခဲ့ပါတယ်။
ဒေါ်စု နဲ့ NLD ဆိုင်ရာ အထူးကျွမ်းကျင်ဝေဖန်သူတွေက ဒါနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကို ဝေဖန်ကြပါတော့တယ်၊ သူတို့ဆွဲယူထောက်ပြချက်က ဗဟန်းမြို့နယ်ကနေ တသီးပုဂ္ဂလအဖြစ် ၀င်အရွေးခံတဲ့ ဒေါ်ညိုညိုသင်းပါ။ ဒေါ်ညိုညိုသင်းဟာ ရန်ကုန်တိုင်း လွှတ်တော်ကနေ ရန်ကုန်တိုင်းအစိုးရရဲ့ ကမောက်ကမလုပ်ရပ်တွေကို ဝေဖန်ထောက်ပြရာကနေ လူကြိုက်များနေသူ တစ်ဦးဖြစ်တာမို့ ဒေါ်စုရဲ့ စကားဟာ မှားကြောင်း ဒီလိုမပြောသင့်ကြောင်း ဝေဖန်ကြပါတယ်။
ဒါပေမဲ့ ဒေါ်စုဟောပြောတာနဲ့ ရှေ့မနှောင်းဆိုသလို နေပြည်တော်က မဲဆွယ်ပွဲမှာ ကာကွယ်ရေးဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ပြီး ပြည်သူကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံမဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်ကလည်း ဒေါ်စု ပြောသလိုပဲ တသီးပုဂ္ဂလတွေကို မဲပေးမဲ့အစား အစိုးရဖွဲ့နိုင်မဲ့ ပါတီကြီးတွေကို မဲပေးသင့်ကြောင်း ဟောပြောခဲ့ပါတယ်။
အံ့သြစရာကောင်းတာက ဒေါ်စုရဲ့ တသီးပုဂ္ဂလအစား ပါတီကိုမဲပေးဖို့ ဟောပြောချက်ကို အပြင်းအထန်ဝေဖန်ကြသူတွေဟာ ဗိုလ်ချုပ်ဝေလွင်ရဲ့ ဟောပြောချက်ကိုတော့ လုံးဝေ၀ဖန်တာမျိုး မလုပ်ကြပါဘူး။ ဗိုလ်ချုပ်ဝေလွင်ကို ဘာလို့မဝေဖန်သလဲ။ ဗိုလ်ချုပ်ကြီးကို အရေးမပါ အရာမရောက်တဲ့သူ၊ ဝေဖန်ဖို့ အဖက်မတန်သူ ဒါမှမဟုတ် ခွေးချေးဆန်ပါလို့ သဘောထားလို့များလား။
ဒီထက်ပိုပြီး အံ့သြစရာကောင်းတာက ဖေ့ဘွတ်ပေါ်မှာ အစိုးရနဲ့ စစ်တပ်ကောင်းကြောင်း ပါးပါးလေးတမျိုး အတုံးလိုက်အတစ်လိုက်တသွယ် အမျိုးမျိုး ၀ါဒဖြန့်ပေးနေတဲ့ က-က-ဖေ့ တပ်မှူးကြီး (ထောက်လှမ်းရေးပြုတ်) ကိုရဲမိုး ကိုယ်တိုင်က ဒေါ်စုရဲ့ ဟောပြောချက်ကိုပဲ အရေးတယူပြု ထောက်ပြပြီး ဗိုလ်ချုပ်ကြီးဝေလွင်ရဲ့ ဟောပြောချက်ကိုတော့ ဖုတ်လေတဲ့ငပိ ရှိတယ်လို့မထင် ပေယျကံပြုထားတာပဲ။
ဒါဟာ ကိုရဲမိုးတစ်ယောက် ဗိုလ်ချုပ်ကြီးကို ပြောဖို့အဖက်မတန် ခွေးချေးဆန်ပါလို့ သဘောထားတာမျိုးလား။ တကယ်ဆိုရင် တပ်မတော်မှာ အရာရှိငယ်တစ်ယောက် ဖြစ်ဖူးတဲ့ကိုရဲမိုးအနေနဲ့ တပ်မတော်အရာရှိကြီးတစ်ဦးဖြစ်ခဲ့သူပေါ် အခုလို ခွေးချေးဆန်ပါ လို သဘောထားတာ မသင့်တော်ပါဘူး။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...