Saturday, September 19, 2015

ဖြတ်လေးဖြတ်




ကဲ ပြည်သူတွေကို ဖြတ်လေးဖြတ်နဲ့ စိတ်ဓာတ်ကို အကဲစမ်းနေတာတော့ လာပြီဗျ။ ဒီနေ့ တစ်နေ့လုံး မီးဖြတ် ထားတယ်။ ကားလိုင်းတွေက စုပြီးတော့ ပြည်သူတွေ စိတ်ဆင်းရဲအောင် ကားဖြတ်ထားတယ်။ မီးဖြတ်ရင် ရေ ပြတ်ပြီပေါ့။ နေ့လည်က ထမင်းဆိုင်မှာ ထမင်းသွားစားတော့ မီးမလာလို့ ထမင်းမချက်နိုင် ထမင်းပါပြတ် ပြန်ရော။ အို .. ငါတို့ ဘယ်လို ဒုက္ခတောမှာ လူဖြစ်နေရသလဲပေါ့။ မီးပြတ်ပြီးနေပူတော့ အိုက်လိုက်တာ။ စာလည်း မဖတ်နိုင်၊ မရေးနိုင်။ သိချင်လို့ပါ နေပြည်တော်မှာ မီးပျက်နေသလားဗျို့။
သမ္မတကြီးရော မီးပြတ်တာ ခံစားဖူးသလား။ ကားတွေ သပိတ်မှောက်နေလို့ ကားတိုးစီးဖူးလား။ ယနေ့မီးမလာ ဆိုတဲ့ ဆိုင်းဘုတ်ကြောင့် ဈေးပေါတဲ့ ထမင်းဆိုင်နဲ့ ဒီညဝေးရတော့မှာ ကြုံဖူးသလားဗျာ။ ပြည်သူဆိုတာ ကိုယ့်အိမ် ထမင်းချက်တန်းက လူတွေလောက်သာ သဘောထားနေရင်တော့ သမ္မတဘဝ ပြည့်စုံတဲ့အတွေ့ အကြုံ မစုံသေးဘူးလို့ပြောရမှာ။
မနက်က အစောကြီးကို အိမ်ကထွက်ရတာ။ ထုံးစံအတိုင်း စောတာတောင် ကားမရှိဘူး။ ရတဲ့ကားတိုးတက် မိတော့ ဂိတ်တစ်ခုအရောက်မှာ ကားသမားအချင်းချင်း “ဟေ့ကောင် .. ထမင်းငတ်နေသလား” လို့ အချင်းချင်း နောက်သလိုအပြောဟာ အမုန်းစကား ရန်မီးပွားတော့မှာလားလို့ စိုးရိမ်သွားမိတယ်။
စိတ်မကျေနပ်လို့ ကားမထွက်တော့ဘူး ဆင်းကြတော့လို့ ပြောတာလည်း ကြုံဖူးတော့ ကိုရွှေဒရိုင်ဘာရဲ့မျက်နှာ ကြည့်နေရပါ သဗျာ။
သပိတ်တွေမှောက်ကြဗျာ။ ဘယ်သူ့မျက်နှာမှ မကြည့်ကြနဲ့ပေါ့။ ဒုက္ခတွေကြားမှာ ပြည်သူတွေ သောကပွားနေရ တာ ဘယ်သူတွေ ဝမ်းသာမလဲ ဆင်ခြင်ကြည့်ပေါ့။ သပိတ်တွေစုံ သူပုန်တွေထ၊ တိုင်းပြည်ပျက်ရင် အာဏာ သိမ်းမယ်ဆိုတဲ့ သူတွေကလည်း အကွက်ပဲဗျ။ များများဆူပါစေလို့တောင် ဆုတောင်းနေမှာလား မသိ။
ပြည်သူတွေကတော့ ဒုက္ခတွေနဲ့ အသားကျပြီး ရိုးနေလို့ မီးပျက်တာလည်း စာမဖွဲ့လောက်ပါဘူး။ ကျွန်တော်က တော့ မီးပျက်လို့ ကွန်ပျူတာဖွင့်မရ၊ အင်တာနက် သုံးလို့မရမှာကိုပဲ သောကဖြစ်နေရတာ။ နေပြည်တော်က တော့ ဒုက္ခမရှိတဲ့မြို့တဲ့။ မိတ်ဆွေတစ်ယောက်ကတော့ ဒုက္ခမရောက်ချင်ရင် နေပြည်တော်လာပေါ့တဲ့။ လာရဲပေါင်ဗျာ။ မင်းနေပြည်တော်မှာ အဆီအသားတွေ တစ်ထပ်စီချကျွေးပြီး အသားတိုးအမွေးခံရတာထက်၊ ကားတိုးစီးပြီး ဒီလိုညည်းနေရတာလေးကိုပဲ အရသာခံနေရတာ ပျော်စရာ။
၁၇.၉.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...