Wednesday, September 23, 2015

ရွေးကောက်ပွဲကို ဘယ်သူစောင့်ကြည့်မလဲ၊ ဘယ်လိုစောင့်ကြည့်မလဲ

 
DVB ဒီဘိတ်က ရွေးကောက်ပွဲဆိုင်ရာ ဒီဘိတ်တွေကို အပတ်စဉ် တင်ဆက်နေတာဟာ ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေအတွက် အလွန်အကျိုးရှိသလို မဲဆန္ဒရှင် ပြည်သူတွေအတွက်လည်း စောင့်ကြည့် ဝေဖန် စောကြောနိုင်တာမို့ အင်မတန်ကျေးဇူးများပါတယ်။ ဒီဘိတ် တင်ဆက်သူတွေကလည်း ပါတီကိုယ်စားပြု ပြောဆိုသူတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းကို ရုပ်သံကြည့်သူတွေ မြင်သာထင်သာအောင် ကြိုးစား မေးမြန်း တင်ဆက်ပေးပါတယ်။

စက်တင်ဘာ ၁၉ က ရိုက်ကူးခဲ့တဲ့ ဒီဘိတ်မှာတော့ ``၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဘယ်သူတွေက စောင့်ကြည့်မှာလဲ၊ ဘယ်လိုစောင့်ကြည့်မှာလဲ`` ခေါင်းစဉ်နဲ့ မျိုးမျိုးက တင်ဆက်ခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် ကရင်ပြည်သူ့ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဒစ်ဆင်ထွန်းလင်း၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စောစောဦးနဲ့ ချင်းတိုးတက်ရေးပါတီက ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လိန်းစိမ်းတို့က ပါဝင်ခဲ့ကြပါတယ်။

နိုင်ငံရေးပါတီတွေ စောင့်ကြည့်ကြမလား

ရွေးကောက်ပွဲကို အရပ်ဖက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအပြင် မဲဆန္ဒရှင်ပြည်သူတွေကပါ စောင့်ကြည့်နိုင်ပါတယ်။ ပါတီမှာ လူများများစားစား မရှိလို့ စောင့်ကြည့်ရေးကို သီးခြားမလုပ်တော့ဘူးလို့ ဦးဒစ်ဆင်ထွန်းလင်းက ပြောပါတယ်။ နိုင်ငံရေးပါတီတွေမှာ အားလုံးသဘောညီပြီး ချမှတ်ထားတဲ့ ကျင့်ဝတ်တွေ ရှိပြီးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

တိုင်းပြည်အတွက် သမိုင်းဝင်ရွေးကောက်ပွဲ ဖြစ်မှာမို့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၊ သန့်ရှင်း၊ မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် အင်န်အယ်လ်ဒီက အဓိကထား ကြိုးစားနေတာ ခြောက်လတောင် မကတော့ဘူးလို့ ဦးဌေးဦးက ပြောပါတယ်။ သုတေသနနည်းနာတွေနဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို နားလည်ဖို့ ပါတီဝင်တွေတင်မက ပြည်သူတွေကိုပါ အသိပညာပေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မဲစာရင်းစစ်ကြဖို့၊ အမည်မပါရင် ဖြည့်စွက်ဖို့၊ ရွေးကောက်ပွဲရက်မှာ စောစောထ မဲပေးဖို့၊ မဲပေးရာမှာလည်း ပယ်မဲမဖြစ်ဘဲ မှန်မှန်ကန်ကန်ပေးနိုင်ဖို့၊ ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်ဖို့ တိုက်တွန်းတာ၊ နှိုးဆော်တာ၊ ကိုယ်စားလှယ်ထားတာ စသဖြင့် ရွေးကောက်ပွဲအကြို၊ ရွေးကောက်ပွဲရက်၊ ရွေးကောက်ပွဲအပြီး ကာလသုံးပါးလုံး စောင့်ကြည့်သွားမယ်လို့ ဒေါ်စောစောဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအကုန် သြဂုတ်လဆန်းပိုင်းက တစ်နိုင်ငံလုံး မိုးကြီးရေလျှံဖြစ်ခဲ့တာမှာ အဆင်းရဲဆုံး ပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်ဟာ အလွန်ထိခိုက်ပျက်စီးခဲ့ပါတယ်။ နဂိုကမှ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတာ ရေဘေးထိထားတော့ ပိုဆိုးနေပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ သွားမရတဲ့နေရာတွေလည်း ရှိတာမို့ စောင့်ကြည့်ဖို့က မလွယ်လှဘူးလို့ မလိန်းစိမ်းက ပြောပါတယ်။

မြှုပ်ကွက်လေလား၊ လုပ်ဇာတ်တွေလား

မဲစာရင်းဟာ တစ်ခါကပ်တစ်မျိုးဖြစ်နေတယ်လို့ ကျေးလက်နေ ပြည်သူတွေအတွက် အခက်အခဲ ဖြစ်လှတယ်လို့ ဦးဌေးဦးက ပြောပါတယ်။ ပယ်မဲ၊ ခိုင်လုံမဲ ခွဲခြားတာကိုလည်း အခုထက်ထိ ရှင်းရှင်းလင်းလင်း မထုတ်ပြန်ဘဲ အစိုးရအာဘော်သတင်းစာကနေ စာရေးသူအာဘော်တွေ ရေးနေတာကို တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ ပယ်မဲ၊ ခိုင်လုံမဲ ကွဲပြား ခွဲခြားနိုင်အောင် သတင်းစာမှာ ရေးပြသလို သင်တန်းမှာလည်း ပြောပါတယ်လို့ ဦးဒစ်ဆင်ထွန်းလင်းက ပြောပါတယ်။ ကြိုတင်မဲကို စိုးရိမ်မိတယ်လို့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲဒဏ်ခံခဲ့ရသူ ဒေါ်စောစောဦးက ပြောပါတယ်။ တံဆိပ်တုံးနှိပ်ပြီး မဲပေးခိုင်းတာကို စိတ်ပူတယ်လို့ ပရိသတ်ထဲက ကိုညိုထွန်းက ဆွေးနွေးပါတယ်။ ပယ်မဲဆိုတာဟာလည်း မဲရုံမှူးနဲ့ ကော်မရှင်က ဆုံးဖြတ်တာ ဖြစ်နေတယ်လို့ သူက ဖြည့်ပြောပါတယ်။

ချင်းပြည်နယ်က ခေါင်တဲ့ရွာတွေဘက်မှာတော့ မဲဘယ်လိုပေးရမှန်းတောင် မသိပါဘူးလို့ မလိန်းစိမ်းက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း အဲဒီဘက်မှာ ပညာပေးလုပ်ငန်းတွေ မလုပ်သေးဘူးလို့ သူက ဆက်ပြောပါတယ်။ ကြိုတင်မဲတွေနဲ့ နိုင်ငံခြားရောက်နေတဲ့ မဲဆန္ဒရှင်တွေရဲ့ မဲတွေဟာ ၀ှက်ဖဲတွေ ဖြစ်လာနိုင်တယ်လို့ ပရိသတ်ထဲက ဦးသိန်းလှညိုက ပြောပါတယ်။

အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ကတော့ သူ့ကိုယ်စားလှယ်လောင်းတွေကို တရားဝင်မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ ပြည့်တဲ့ည နိုဝင်ဘာ ၆ ညဥ့်သန်းခေါင်ကစလို့ ပါတီတံဆိပ် ရိုက်နှိပ်ထားတဲ့ ၀တ်စုံတောင် မ၀တ်တော့ဘဲ မဲဆွယ်စည်းရုံးရေးလုပ်တာကို လုံးဝရပ်လိုက်ဖို့ စည်းကမ်းသတ်မှတ်ထားသလို သူများပါတီတွေရဲ့ ညဥ့် ၁၂ နာရီနောက်ပိုင်း မဲဆွယ်မှုတွေကို စောင့်ကြည့်သွားမယ်လို့ ပရိသတ်ထဲက ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ ကိုစိုးမင်းသန်းက ပြောပါတယ်။

မဟုတ်တာလုပ်ရင် ဘယ်သူက အရေးယူမှာလဲ

မီဒီယာတွေဟာ စောင့်ကြည့်ရုံဘဲ တတ်နိုင်ပြီး၊ အရေးယူနိုင်သူ မဟုတ်ဘူးလို့ ပရိသတ်ထဲက ကိုမိုက်ကယ်က ပြောပါတယ်။ မဟုတ်တာ လုပ်တာကိုတွေ့ရင် အရေးယူတဲ့ အပိုင်းရောက်မယ်၊ ဘယ်သူက အရေးယူမှာလဲလို့ သူက မေးခွန်းထုတ်ပါတယ်။ မဲစာရင်းကပ်တာ၊ မဲဆွယ်စည်းရုံးတာ၊ ရွေးကောက်ပွဲပြီး မဲရေတာ စသဖြင့် ပွင့်လင်းမြင်သာမှု၊ ပြည်သူပါဝင်မှုတွေကို စောင့်ကြည့်မယ်လို့ ပရိသတ်ထဲက ကိုစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။ စောင့်ကြည့်သူတွေဟာ သက်ဆိုင်ရာရဲ့ ညှိုးတေးတာကို ခံရမလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ ရှိကြတယ်လို့လည်း သူက ဆိုပါတယ်။

ပါတီရော၊ ကိုယ်စားလှယ်လောင်းရော၊ ပြည်သူရော စောင့်ကြည့်သင့်တယ်လို့ ပရိသတ်ထဲက ကိုထွဋ်က ပြောပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မီဒီယာတွေဟာ အရင်ရွေးကောက်ပွဲတွေထက် အင်အားပိုကောင်းလာလိမ့်မယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ရုပ်သံကနေ ပါဝင်ဆွေးနွေးပါတယ်။ မီဒီယာတွေဟာ သတင်းယူတာရော စောင့်ကြည့်တာရော လုပ်ခွင့်ရှိပေမယ့် စောင့်ကြည့်နည်းတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေတွေကို သိထားရမယ်လို့ သူက ပြောပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာတော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်သွားမယ်လို့ မစိန်းလိမ်းက ပြောပါတယ်။ ရွေးကောက်ပွဲရက်မှာ ရဲအရေးပိုင်တဲ့ ပြစ်မှုကို ရဲက အရေးယူနိုင်ဖို့ ရဲလုံလုံလောက်လောက်ထားပါ၊ တရားမဲ့ပြုကျင့်မှုကို ရွေးကောက်ပွဲကော်မရှင်က အရေးယူနိုင်ဖို့ ဖြေရှင်းပေးနိုင်သူ ကော်မတီဝင်ကို ထားပေးပါလို့ ဒေါ်စောစောဦးက ပြောပါတယ်။

နိုင်ငံရဲ့ကံကြမ္မာကို ဆုံးဖြတ်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အပြင် အာဏာရှင်နိုင်ငံကနေ ဒီမိုကရေစီနိုင်ငံကို ကူးပြောင်းနိုင်တဲ့ နမူနာများ ဖြစ်မလားဆိုပြီး ကမ္ဘာကလည်း စိတ်ဝင်စားနေတာမို့ ရွေးကောက်ပွဲမှာ မတော်မတရားတာတွေ့ရင် အရေးယူဖို့လိုတယ်လို့ ဦးဌေးဦးက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံတော်ဘတ်ဂျက်ကို ကျပ်သန်းထောင်ချီ ထုတ်ယူသုံးစွဲထားတာမို့ ကော်မရှင်ရဲ့တာဝန်မကျေရင် သမ္မတက စွပ်စွဲပြစ်တင် အရေးယူနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲရက်မှာ စောင့်ကြည့်သလို ရွေးကောက်ပွဲရလဒ်တွေ ထွက်အပြီးမှာ နိုင်သူကို ရှုံးနိမ့်သူက တရားစွဲဆိုတာတွေ ဖြစ်လာမယ်၊ ခုံရုံးဖွဲ့ စစ်ဆေးလို့ အယူခံဝင်ရင်လည်း အဆုံးအဖြတ်က ကော်မရှင်ပဲ ဖြစ်နေလို့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ ပြည်သူတွေဟာ ရွေးကောက်ပွဲပြီးတဲ့အထိ မမေ့မလျော့ မပေါ့မဆ သတိကြီးကြီးထား စောင့်ကြည့်ကြပါလို့ ဦးဌေးဦးက သုံးသပ်ပြောကြားပါတယ်။


ရန်ကုန်။
စက်တင်ဘာ ၂၀၊ ၂၀၁၅။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...