Thursday, October 1, 2015

အဆဲတော

Tin Nyunt

Facebook ကို လူတိုင်း နည်းမျိုးစုံနဲ့ သုံးကြတာပဲ။ ကျွန်တော်ကတော့ စာကုသိုလ်ဆိုပြီးတော့ စာတွေလှူတယ်။ ဒီနေရာဟာ မထိရောက်ဘူး၊ အလကားနေရာဆိုရင် ဝန်ကြီးအဆင့်တွေ ဘယ်သုံးကြမလဲ။ အမေရိကန်သမ္မတ တောင်သုံးတယ်။ နိုင်ငံတကာ ထင်ပေါ်ကြော်ကြားသူတွေလည်း မီဒီယာတစ်ခုအနေနဲ့ သုံးနေကြတာပဲ။
တစ်လောက အဝေးသင်ကျောင်းသားတွေကို နိုဝင်ဘာ ၉ ရက်နေ့အရောက် သက်ဆိုင်ရာကျောင်းတွေကို ရောက်ဖို့ အမိန့်ထုတ်တယ်ဆိုတာ တက္ကသိုလ်က ဆရာတွေ ဆရာမတွေကိုယ်တိုင်က မကျေနပ်လို့ အသံတွေ ထွက်လာတာ။ သူတို့က ဒါဟာ မတရားတဲ့လုပ်ရပ်မှန်း သိကြတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေဖြစ်နေတော့ မပြောသာဘူးဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်နဲ့ စကားစမိတော့ ကျွန်တော် Facebook ပေါ်မှာ ပထမဆုံး ဖွင့်ထုတ်လိုက်တယ်။
နောက်ပိုင်း သတင်းစာတွေမှာပါ သတင်းတွေပါလာပြီး သက်ဆိုင်ရာပါချုပ်တွေ ကိုယ်တိုင်က နိုဝင်ဘာ ၉ ရက်နေ့ဟာ သတ်မှတ်ထားပေမယ့် မဖြစ်မနေ ရောက်ရမယ်လို့ မဆိုလိုပါဘူး။ နောက် ကျရင်လည်း ရပါတယ်ဆိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်လာရတယ်။ အဲဒါ Facebook တန်ခိုးပဲဗျ။
အစကတည်းက ပွင့်လင်းပြီးထင်သားမြင်သာရှိအောင်၊ တို့တော့ ဒီလိုသတ်မှတ်ထားတယ်ဟေ့၊ ဒါပေမဲ့ ဒီလို လာလည်းရတယ်လို့ ပြောလိုက်တော့ ဘာဖြစ်မှာလဲဗျာ။ ပိုတောင် ဂုဏ်မတက်သွားဘူးလား။ မီဒီယာတွေက ရေးမှ မေးမှ ဟိုလိုလို သည်လိုလိုပြန်ပြောရတော့ မောတာပေါ့ဗျာ။
ပညာရေးလောကမှာ ထိပ်ပိုင်းရောက်လာတဲ့သူတွေကလည်း စိတ်ဓာတ်တွေ သံချေးတက်နေကြတုန်းပဲ။ သံချေးတက်နေတဲ့ ဓားတွေကို မသွေးရင် ကြာလေတုံးလေဖြစ်ပြီး တကယ်တန်းခုတ်ရင် အသွားတွေ ပဲ့ကြွေ သွားတတ်သဗျ။ ဒီနေရာရောက်လာအောင် အမျိုးမျိုးကြိုးစားမှ ရောက်လာရတယ်ဆိုတာလည်း ဟုတ်ကောင်း ဟုတ်နိုင်သပေါ့။ တက္ကသိုလ်ဆိုတဲ့အဆင့်မှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီး ကိုယ့်အုပ်ချုပ်သူကိုယ်ခန့်၊ ကိုယ်သဘော ကျတဲ့ပညာရှင် ထိပ်ပိုင်းကနေရာရတဲ့ ခေတ်မှာမဟုတ်တာ။ အဘတွေအလိုကျ ငိုပြတဲ့သူတွေနဲ့ အဘကြိုက်တဲ့ သူတွေသာ နေရာရတဲ့ခေတ်က ခုထိမှ မလွတ်သေးပါဘူး။ ဒါကြောင့် တက္ကသိုလ်ဆိုတာ ပညာရှင်တွေရဲ့ အလိုကျ စိတ်တိုင်းကျဖန်တီးတည်ဆောက်နိုင်တဲ့နေရာ မဟုတ်ပါဘူး။ အာဏာရှင်အလိုကျ ဖန်တီး တည်ဆောက် အကောင်အထည်အဖော်ပေးနေရတဲ့နေရာ ဖြစ်နေတာကြာလှပြီဆိုတော့ ပျက်စီးနေတာ အဆန်းတော့ မဟုတ်ဘူးပေါ့ဗျာ။
တစ်ခုတော့ရှိတယ်ဗျ Facebook ဆိုတာ လူတန်းစားမရွေး၊ အဆင့်အတန်းမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး အားလုံးကို တစ်တန်းတည်းထားတဲ့နေရာ။ ဒီနေရာမှာ လူတိုင်းတစ်တန်းတည်း၊ တစ်ခုတည်း၊ တစ်သွေးတည်း၊ တစ်သားတည်း ဖြစ်နိုင်တာပဲ။ ဒီနေရာဟာ ကိုယ့်အဆင့်အတန်းကို ဖော်ထုတ်ပြတဲ့ နေရာလည်းဖြစ်တယ်။ ဆဲသူကလည်း ဆဲတဲ့အဆင့်၊ အဆင့်ရှိသူတွေကလည်း အဆင့်ရှိရှိ ပြော ဆိုတာတွေကို အားလုံးပိုင်းဖြတ်နိုင်ကြတာပဲ။
မိတ်ဆွေတစ်ယောက်က Facebook ကို အဆဲတောဖြစ်နေလို့ မသုံးဘူးတဲ့။ ကျွန်တော်က လက်မခံဘူးဗျ။ သူရောက်နေတာ ဆဲတဲ့တောဖြစ်နေလို့နေမှာပေါ့။ လူဆိုတာ စစ်ထုတ်ယူရတာ။ ကိုယ်မှန်တာလုပ်နေရင် ဆဲတဲ့ သူတွေ သူ့အလိုလို ရှောင်ကွင်းသွားတတ်တာမျိုး။ ကျွန်တော်ကတော့ ဆဲလည်း ဂရုမစိုက်ပါဘူး။ ကိုယ်လုပ်သင့် ပြောသင့်တဲ့အလုပ် ကိုယ်လုပ်နေတယ်ပဲ သတ်မှတ်ပြီး ရေးနေပါတယ်။
လူတိုင်း ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြသပေါ့။ ဒါပေမဲ့ အများပြည်သူ သောက်မြင်ကပ် အောင်လုပ်ပြီး ကျော်ကြားအောင်တော့ ကျွန်တော် ဘယ်တော့မှမလုပ်ဘူး။
၃၀.၉.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...