Monday, October 12, 2015

ဆရာဦးကျော်ဝင်းရဲ့ လွှတ်တော်မှာ ဟောပြောချက်

Htoon Aung Kyaw
 
ပွင့်ပွင့်လင်းလင်းပြောရရင် ယခု အမျိုးသားပညာရေး ဥပဒေထွက်တယ်။ ဘဝင်ကျတာတွေလည်း အများကြီးပါ။ သို့သော် အဲဒီမှာ အမျိုးသားပညာရေး ရည်မှန်းချက် ပြောတော့ ခုနှစ်ချက်လား ကိုးချက်လား မသိဘူး တွေ့တယ်။ အဲဒီ ကိုးချက်လုံးမှာ behaviour changes ကို ဦးတည်တယ်။ capacity building ဦးတည်တာ အတော်ကောင်းပါတယ်။ ဒါပေမယ့် to discover ကို ချိန်ရွယ်တဲ့အချက်တော့ ကျွန်တော်ဖြင့် သိပ်မတွေ့မိဘူး။ ဒါလည်း ကြုံလို့ပြောတာပါ။ နော် ဒါကို အပြစ်တင် ဝေဖန်တဲ့သဘော မပြောပါဘူး။
ဒါပေမယ့် သူတို့ ဒီပညာရေး defination ကို ထုတ်ခဲ့တဲ့ UNESCO ကတော့ to discover ကို တော်တော် ဦးစားပေးပြောပါတယ်။ discover မလုပ်နိုင်ရင် အသစ်မရှာနိုင်ရင် ဒီပညာရေးဟာ live ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ကောက်ချက်အထိလည်း ရှိပါတယ်။ အခု တစ်ဆက်တည်း knowledge, anti-knowledge နော် new-knowledge ဆိုတဲ့ ဖြစ်စဉ်ကို ဘယ်လိုပညာရေးပုံစံနဲ့ သွားမလဲ။ အဲ သမားရိုးကျ ကျွန်တော်တို့ ပညာရေးပုံစံမှာ learning ဆိုတာ ရှိပါတယ်။ သင်ယူခြင်း။ learning ဆိုတာ ဘာလဲဆိုတော့ သိပြီး ရှိပြီး ပညာတွေ knowledge တွေကို စုပေးလိုက်တာ။ ဒါတွေ စုပေးရင် ဒါ ပညာဘဲ။ နော် သင်ယူတာ။ အဲတော့ ဆိုလိုတာက ဆရာတစ်ယောက်ရဲ့ တာဝန်ဆိုရင် ဆရာက စာအုပ်ထဲရှိတဲ့ ပညာကို ကျောင်းသားခေါင်းထဲ ရောက်အောင် ပို့ပေးတာ။ ဒါဆို ဆရာ့ရဲ့ teaching တာဝန်ကျေပြီ။ ကျောင်းသားကလည်း ဆရာသင်သလောက်ကို ခံယူနိုင်မယ်ဆိုရင် ကျောင်းသားရဲ့ learning တာဝန်ကျေပြီ။ ဒီအထိ OK တယ်။ knowledge ကို learning နဲ့ သွားလို့ သူ့ဟာနဲ့သူ OK တယ် ပြဿနာ မရှိဘူး။
သို့သော် anti-knowledge ကို ဒီ သမားရိုးကျ learning နဲ့ ရပါ့မလား။ မရဘူးဆိုတော့ နောက်တစ်ဆင့် စဉ်းစားပါတယ်။ un-learning un- လည်း negative sense ရှိတော့ learning သင်ယူခြင်း၊ un-learning မသင်ယူနဲ့ လို့များ ဘာသာပြန်ရင် လွဲမှာပါ။ ဒါကြောင့် ကျွန်တော်တို့ ဟိုတုန်းက Marx ဝါဒမှာ ဘာသာပြန်တဲ့ negation ကို ယူပြီးတော့ un-learning ကို ငြင်းဖျက်သင်ယူခြင်းလို့ စမ်းဘာသာပြန်ကြည့်ပါတယ်။ ဒီထက် ပိုကျစ်လစ်ပြီးတော့ ပိုအဓိပ္ပါယ်ပြည့်စုံတဲ့ ဘာသာပြန်ရှိလည်း ကျွန်တော်တို့ အစွဲမထားပါဘူး။ ပြောင်းလဲသုံးဖို့ပါဘဲ။
အဲဒီ ငြင်းဖျက်သင်ယူခြင်းဆိုတာ ဘာလဲဆိုတော့ လုပ်ခိုင်းတာက ရှိပြီးသား ပညာတွေကို မေးခွန်းထုတ်ခိုင်းတာ။ ဆရာကပဲ ပြောပြော၊ တစ်ခါ စာအုပ်ထဲကပဲ ပါပါ။ ဟုတ်ကောဟုတ်ရဲ့လားဆိုတာကို မေးခွန်းထုတ်နေရမယ်။ ဝိဘဇ္ဇလုပ်ဖို့ပါ။ အဲဒါကို un-learning လို့ ပြောတာပါ။ အဲဒီလို ဝိဘဇ္ဇလုပ်နိုင်မှ re-learning တကယ် open minded နဲ့ နော်။ ဒီလို မေးခွန်းတွေ ထုတ်လိုက်ရင် မေးခွန်းတွေလည်း အများကြီး ထွက်လာမယ်။ အဖြေတွေလည်း အများကြီးထွက်လာမယ်။ ပြဿနာတစ်ခု အဖြေတစ်ခုဆိုတဲ့ အစွဲတော့ ဖျောက်လိုက်ပါ။ အဲဒီ အဖြေထဲမှာ ဖြစ်နိုင်မယ့် အဖြေတွေကို brain storming လုပ်ကြည့်ပါ။ အဲဒါ re-learning ဘဲ။
အဲဒီတော့ ပညာမှာ knowledge, anti-knowledge, new-knowledge ဆိုတာ ရှိသလို ပညာရေးမှာ learning, un-learning, re-learning ဆိုတာ ပေါ်လာတယ်။ အဲဒီတော့ ဒါတွေကို အသစ်အဆန်း ပြောရပေမယ့် တကယ်တန်း စဉ်းစားကြည့်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် သိပ်အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါ စာအုပ်ထဲလည်း ကျွန်တော် ထည့်ထားပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေနဲ့ ယဉ်ပါးပြီးသာ မိလိန္ဒပဥှာ၊ ဘုရားဟော မဟုတ်ပေမယ့် ဆဋ္ဌမသင်္ဂါယနာတင်ရာမှာ မိလိန္ဒပဥှာဟာ သင်္ဂါယနာတင်တဲ့အထဲ ပါ,ပါတယ်။ အဲဒါ ထေရဝါဒဗုဒ္ဓဘာသာမှာ အရေးကြီးတဲ့ ကျမ်းတစ်ကျမ်းဖြစ်ပါတယ်။ အဲဒီမှာလည်း ဒီသဘောတွေ့ပါတယ်။ မိလိန္ဒမင်းကြီးက မေးတယ်။ ပညာရဲ့ သဘောက ဘယ်လိုရှိလဲဆိုတာ။ နှစ်ခု ဖြေပါတယ်။ အရှင်နာဂသိန်က။ ပညာဟာ မှုတ်လွှင့်ဖယ်ရှားနိုင်တဲ့ သတ္တိလည်း ရှိတယ်။ ထွန်းလင်းတောက်ပတဲ့ သတ္တိလည်း ရှိတယ်။ အဲဒီတော့ မိလိန္ဒက ထပ်မေးတယ်။ ဘယ်လို မှုတ်လွှင့်ဖယ်ရှားတာလဲ ဘုရား။ အဝိဇ္ဇာ အမှောင်ထုကို မှုတ်လွှင့်ဖယ်ရှားတာ တဲ့။ ဆိုလိုတာက အပြောင်းအလဲတွေ အောက်မှာ ခေတ်နဲ့ အံချော်လာတဲ့ ပညာတွေကို knowledge တွေကို ပြန်ပြီး anti-knowledge လုပ်ပြီး စိစစ်ခိုင်းတာ။ un-learning နဲ့ ပြန်ပြီး စိစစ်ခိုင်းတာဟာ မှုတ်လွှင့်ဖယ်ရှားတဲ့ သတ္တိမျိုး ယူရင် ရမယ်ထင်ပါတယ်။ ဆက်မေးပါတယ် မိလိန္ဒက ဘယ်လို ထွန်းလင်တောက်ပတာလဲ တဲ့။ ပညာဆိုတဲ့ ဝိဇ္ဇာနဲ့ အဝိဇ္ဇာ အမှောင်ထုလွှမ်းနေတဲ့ လောကကြီးကို အလင်းရောင်ပေးတယ်။ ဆိုလိုတဲ့သဘောကတော့ အခု ဒီဖြစ်စဉ်တွေမှာပါတဲ့ new-knowledge တို့ re-learning တို့ ဆိုတဲ့ သဘောလို့ ထင်ပါတယ်။
ဒါကြောင့် ဒီဟာတွေဟာ အသစ်လို့ထင်ရပေမယ့် တကယ်စဉ်းစားကြည့်တော့ အသစ်ဟုတ်မယ်မထင်ပါဘူး။ ဗုဒ္ဓယဉ်ကျေးမှုထဲမှာ အတော်များများ ပါပြီးသားလို့ ထင်ပါတယ်။ ဒီမှာ အရေးအကြီးဆုံးကတော့ knowledge ဘာနဲ့သွားမလဲ learning နဲ့ သွားမယ်။ သို့သော် ဒါနဲ့ မလုံလောက်ဘူး။ anti-knowledge ကို သွားဖို့ un-learning နဲ့ သွားရမယ်။ အဲဒါနဲ့လည်း မပြီးသေးဘူး။ နောက်ထပ် အဖြေတွေ ထပ်စုရဦးမယ် new-knowledge။ re-learning နဲ့ သွားရမယ်။ ဒီ circle ကြီးက စဉ်ဆက်မပျက် လည်နေဖို့ လိုပါတယ်။ အဲလို လည်နေတဲ့အခါမှာ recycle ဖြစ်နေမှ ဖွံ့ဖြိုးနေတဲ့ ပညာရပ်ဖြစ်မယ်။ knowledge နဲ့ new-knowledge ဟာ တကယ် quantum leap လို ခုန်ကူးပြီးတော့ ပိုပိုမြင့်လာမှသာ တိုးတက်မယ့် ပညာရေးဖြစ်လိမ့်မယ် တဲ့။
ဒီမှာ အရေးကြီးတာက ပညာရေးနဲ့ ပတ်သက်လို့ learning နဲ့ un-learning ဖြစ်မယ်ထင်ပါတယ်။ learning ကတော့ ကျွန်တော်တို့ ယဉ်ပါးပြီးသားပါ။ un-learning ကတော့ အသစ်အဆန်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါလေးကို ကျွန်တော်တို့ compare လုပ်ပေးနိုင်ဖို့ ဒီစကားလေးကို ပေးပါတယ်။ နံပါတ်တစ် learning မှာ နော် ဆရာရဲ့ ပညာရေးရဲ့ ရည်ရွယ်ချက်ကိုက သိပြီး ရှိပြီး ပညာကို ကျောင်းသားကို လက်ဆင့်ကမ်းတာပါ။ ဆိုတော့ အဲဒီဟာကို ဘယ်သူက ဦးဆောင်သလဲ။ ဆရာ ဦးဆောင်တယ်။ teacher oriented သူ့ဟာနဲ့သူ သဘာဝကျတယ်။ ယခု anti-knowledge လုပ်ကြတော့မယ်ဆိုတော့ အဲလောက်နဲ့ မလုံလောက်ဘူး။ ကျောင်းသားကိုယ်တိုင်က ဒါတွေက အပြောင်းအလဲမှာ နော် တကယ်ကို အံဝင်ခွင်ကျ ဖြစ်သေးရဲ့လား။ စရွေးကိုက်သေးရဲ့လား။ ကိုယ်ကိုယ်တိုင် စဉ်စားမှ ရမှာ။ ဆရာက ကြားဝင်စဉ်းစားလို့ မရဘူး။ အဲဒီတော့ သူ့ကျတော့ student oriented ဖြစ်လာပြီ။ ဒါလေးကလည်း ယခု မြန်မာပြည်မှာ လူပြောများနေပါပြီ။ သိပ်ပြဿနာ မရှိဘူးထင်ပါတယ်။
တစ်ခုကတော့ teacher oriented ခေတ်က class-room တစ်ခုရဲ့ ဘုရင်က ဆရာဘဲ။ စာသင်ခန်းတစ်ခု ကြည့်လိုက်မယ်။ ငြိမ်နေတယ်ဆိုရင် ဟာ ဒီဆရာ သူ့ဘာသာသူ ထိန်းနိုင်တယ် ဒါဟာ ဆရာရဲ့ ဂုဏ်သိက္ခာဘဲ။ အခု တော်တော် လွဲသွားပြီ။ class-room ကို ကြည့်လိုက်မယ်။ ငြိမ်နေမယ်။ ဆရာကဘဲ အသံထွက်နေမယ်။ ကျောင်းသားတွေက ငြိမ်နေမယ်ဆိုရင် ဟာ ဒီဆရာ ဘယ်လိုလုပ်တာလဲ။ ကျောင်းသားကို ပါအောင် မခေါ်နိုင်ဘူး။ အသက်မဝင်ဘူး။ သိပ်မကြိုက်တော့ဘူး။ ဒီလိုဖြစ်လာတယ်။ အရင်တုန်းက စကားပုံကလည်း ဆရာ oriented ခေတ်က ဘာလဲဆိုတော့ "ပညာရှာ ပမာ သူဖုန်းစား" လို့ ဆိုတယ်။ ပညာရှာတဲ့အခါမှာ ဆရာကို သူတောင်းစားလို အောက်ကျို့ရိုသေရမယ်။ အခုမဟုတ်တော့ဘူး "ပညာရှာ ပမာ ကလေးကလား" လို့ ဖြစ်နေပြီ။ ကလေးဆိုတာကတော့ မေးသင့်မမေးသင့် ချိန်မနေဘူး။ မေးချင် မေးပစ်လိုက်တာဘဲ။ ကျောင်းသားက အဲဒီလို ဖြစ်နေဖို့ လိုတယ်။ သူဖုန်းစားလို သိပ်ရိုကျိုးနေရုံလောက်နဲ့ မလုံလောက်တော့ဘူး။ ဒီလိုပြောလို့ ဆရာတွေကို ကော်ဆဲနေဖို့ ပြောတာမဟုတ်ပါဘူး။ အရိုသေတန်ဖို့ ပြောတာမဟုတ်ဘူး မေးရအောင် ပြောတာပါ။ ပြောချင်တာကတော့ teacher oriented နဲ့ လိုက်လျောညီတဲ့ obedient type အမိန့်နာခံတတ်တဲ့ ဆိုဆုံးမလွယ်တဲ့ ကျောင်းးသားက ဟိုတုန်းက ကျောင်းသားကောင်းဘဲ။ အခုမလုံလောက်တော့ဘူး။ မေးခွန်းထုတ်တတ်တဲ့ ဝေဖန်ဆန်းစစ်တဲ့ အမြင်ရှိမှ တစ်နည်းပြောရရင် ဝိဘဇ္ဇအမြင်ရှိတဲ့ ကျောင်းသားမျိုးမှ ပိုပြီးတော့ ပညာရေးစနစ်သစ်နဲ့ အံဝင်ခွင်ကျဖြစ်မယ်။
ဒီနေရာမှာ ကျွန်တော် ဘာသာရေးထဲက ကြားဖူးနားဝတစ်ခုကို ပြောချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဗုဒ္ဓဘာသာကို ကျွန်တော်တို့ မြန်မာပညာရှိတွေနဲ့ မြန်မာဘုန်းတော်ကြီးတွေ ရေးတာနဲ့ အနောက်တိုင်းသုတေသီတွေ ရေးတာမတူတာလေးတွေ သွားတွေ့တယ်။ ယခု ကျွန်တော် ပြောချင်တဲ့ဟာက နိုင်ငံခြားက ပညာရှင်တစ်ယောက်ရေးတဲ့ ဗုဒ္ဓဝင်စာအုပ်ထဲက ကျွန်တော်တို့ ဗုဒ္ဓဘာသာသမိုင်းထဲမှာ အတော်များများ၊ ဗုဒ္ဓဝင်သမိုင်းထဲမှာ ဗမာတွေရေးတာ ကြည့်လိုက်တယ်ဆိုရင် အရှင်နှစ်ပါးပေါ့ အဂ္ဂသာဝကနှစ်ပါး ရှင်သာရိပုတ္တရာနဲ့ ရှင်မေဂ္ဂလာန် သူတို့က ရှင်အသဇ္ဇိက တစ်ဆင့် ဘုရားနဲ့တွေ့တယ်။ ဘုရားနဲ့ တွေ့ပြီးတော့ ဘုရားရဲ့တရားကို နာရတာ တစ်ပြိုင်နက်။ ဒါပေမယ့် ကျွန်တော်တို့ သမားရိုးကျကျမ်းတွေ၊ အတွေ့ရများတဲ့ ကျမ်းထဲမှာကျတော့ ဘယ်သူက အရင်ရဟန္တာဖြစ်သလဲ။ တပြိုင်တည်း တရားနာရင်းက ရှင်သာရိပုတ္တရာက အရင်ရဟန္တာဖြစ်တယ်။ ပြီးမှ ရှင်မောဂ္ဂလန် ဖြစ်တယ်။ ဒါကြောင့်လည်း ပညာ ဧတဒဂ်ပေးတော့ အရင်ဖြစ်တဲ့ ရှင်သာရိပုတ္တရာကို ပေးတယ်။
ကျွန်တော် ဖတ်ဖူးတဲ့ Leonard ဝတ္ထု အဲဒီစာအုပ်ထဲကျတော့ တစ်မျိုးဖြစ်နေတယ်။ တပြိုင်နက်တည်းဘဲ နားထောင်တယ်၊ ဘုရားရဲ့ တရားကိုနာတာ။ ပထမဦးဆုံး ရဟန္တာဖြစ်တာ မောဂ္ဂလန် ဖြစ်တယ်။ ပြီးတော့မှ ရှင်သာရိပုတ္တရာ ဖြစ်တယ်။ အဲ ဧတဒဂ်ပေးတော့ နောက်မှဖြစ်တဲ့ ရှင်သာရိပုတ္တရာကို ပညာဧတဒဂ်ပေးတယ်။ အဲဒီမယ် ညီတော် အာနန္ဒာက ဝင်ပြီးတော့ စောဒကတက်တယ်။ အရှင်ဘုရားပေါ့ ရဟန္တာ စဖြစ်တဲ့ မောဂ္ဂလန်ကို ပယ်ပြီးတော့ ဘာကြောင့် သာရိပုတ္တရာကို ပညာဧတဒဂ်ပေးသလဲဆိုတော့ ဘုရားပြန်ပြောတဲ့ စကားလေးက ယခုပြောချင်တာနဲ့ ကိုက်နေလို့ပါ။ မှားခဲ့လို့ရှိရင်လည်း ဗုဒ္ဓဘာသာပညာရှင်တွေ တောင်းပန်ပါတယ်။ ကျွန်တော် ဖတ်ဖူးတာတစ်ခုပါ။ အဲတော့ ဘုရားက ဘာပြန်ပြောလဲ ငါ့သားငယ် မောဂ္ဂလန်ဟာ သွက်တယ် ထက်တယ် ဒါကြောင့် ငါပြောတာကို နားလည်ပြီး တန်းရဟန္တာဖြစ်တယ်။ အေး ငါ့သားကြီး သာရိပုတ္တရာကတော့ နက်တယ်။ ဟုတ်မှ ဟုတ်ကဲ့လားလို့ ဝိဘဇ္ဇနဲ့ ချိန်နေတဲ့အတွက် အချိန်ယူရတယ်။ ဒါပေမယ့် အဲဒီလို ဝိဘဇ္ဇကရတဲ့ ပညာက ပိုနက်တယ်။ ငါက ထက်တာထက် နက်တာကို ပိုနှစ်သက်တယ်။ ဒါကြောင့် ပညာဧတဒဂ်ကို သာရိပုတ္တရာကို ပေးတယ်။ ယခုခေတ် စကားနဲ့ပြောရရင်တော့ deep and smart ပေါ့။ ရှင်မောဂ္ဂလန်က smart ဖြစ်တယ်။ ရှင်သာရိပုတ္တရာက deep ဖြစ်တယ်။ ဘုရားက deep ကို ပိုဦးစားပေးတယ်လို့ အဓိပ္ပါယ်ပေါက်တယ်။ ကျွန်တော့်ဟဒယနဲ့ တွေ့လို့ မှတ်မိနေတာပါ။ မှားကောင်း မှားနိုင်ပါတယ် နော် ဒါတွေကိုလည်း ကြိုပြောပါရစေ။ ပြောချင်တာက critical type ကျောင်းသားတွေ မွေးထုတ်ပေးဖို့ပါ။
ဟိုတုန်းက စာအုပ်ထဲက ပညာကို ကျောင်းသားခေါင်းထဲ ထည့်တဲ့ function ဆရာရဲ့တာဝန်က memorize ဖြစ်အောင် လုပ်ရတာ။ အဲဒီတော့ အလွတ်ကျက်ခိုင်းတန်လည်း ခိုင်းရတာပေါ့ဗျာ။ ကျွန်တော်တို့လည်း ကျက်ခဲ့ရတာပါဘဲ။ ဒါကလည်း အလွတ်ကျက်တာကို ပယ်ဖို့ တရားသေပြောလို့ သိပ်မရဘူး။ ဥပမာ အလီမှ ရမထားရင်၊ အလီမှ မကျက်ရင်တော့ ဂဏန်းက မတွက်တတ်ဘူးဗျ။ အဲဒီလိုမျိုးကိုပြောတာ။ ဟိုတုန်းကတော့ memorize နဲ့ သွားတာ။ အလွန်အကျွံဆိုရင်တော့ မကောင်းဘူး။ ယခုဟာက မူကြိုကနေ Ph.D အထိ ကျက်နေရတော့ သိပ်မနိပ်ဘူးပေါ့လေ နော်။ အဲဒီတော့ memorize လုပ်ဖို့နဲ့ knowledge မှာ ဖြစ်ကောင်း ဖြစ်ပေမယ့် anti-knowledge ကြတော့ memorize ထက်အရေးကြီးတာ analyse လုပ်ဖို့ဘဲ။ ခွဲခြားစိတ်ဖြာဖို့။ နော် ဒီသဘောတွေကလည်း ဝိဘဇ္ဇဝါဒတို့ ကာလာမသုတ်(ကေသမုတ္တိသုတ်)တို့မှာ ဟောပြီးသားတွေပါ။ ဒါတွေလည်း ရှိပြီးသားတွေပါ။
နောက်ထပ်အရေးကြီးတာကတော့ specialize နဲ့ universal အရင်က ကျွန်တော်တို့က specialisation သိပ်အားသန်တာ။ အခုက မရတော့ဘူး။ ပြဿနာတစ်ရပ်ကြုံရင် စီးပွားရေးပြဿနာဆို ဘောဂဗေဒပညာရှင်တွေ ခေါ်မယ်။ အဖြေရှာခိုင်းမယ်။ မလုံလောက်တော့ဘူး။ အကုန်ချိတ်နေတာ။ စီးပွားရေးကလည်း နိုင်ငံရေးနဲ့ ချိတ်တယ်။ ဥပမာ စောစောက ကျွန်တော်ပြောခဲ့တဲ့ ၂၀၀၁ နဲ့ ၂၀၀၂ မှာ ခွရှိတဲ့ double-dip recession ပေါ့။ w-shape နဲ့ သွားတဲ့ဟာ ပထမဟာက ဘောဂဗေဒနဲ့ ပတ်သက်တယ်။ ဒုတိယ recession က နိုင်ငံရေးနဲ့ ပတ်သက်တယ်။ ၉/၁၁ ပေါ့။ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးနဲ့ ပတ်သက်တယ်။ အဲတော့ တစ်ခုတည်း ကန့်လို့ မရဘူး။ ဘာသာရပ်တွေ ကိုယ်တိုင်ကလည်း overlap ဖြစ်လာပြီ။ အဲဒီတော့ ဒီမှာ specialize သက်သက်နဲ့တော့ မရတော့ဘူး။ universalize အထိ သွားဖို့ လိုလာပြီ။ အဲသလို စဉ်းစားတာ ရှိပါတယ်။
အဲဒီတော့ ကျွန်တော်တို့က အစကထင်တာ Ph.D ဆိုရင် ဒါ specialize ရဲ့ အမြင့်ဆုံးထင်တာ။ အခု ထားပါတော့ Larry Diamond ပေါ့။ ဒီ Standford က ပါမောက္ခတစ်ယောက်ပေါ့။ မေးကြည့်တော့ သူပြောတာ ကျွန်တော်တော့ တော်တော်ဖျားတယ်။ ကိုယ်မသိတာလည်း ပါမှာပေါ့။ သူက ဘာပြောလဲဆိုတော့ generalisation လည်း လိုတယ်ဗျ၊ specialisation လည်း လိုတယ် တဲ့။ Ph.D အဆင့်ကြတော့ general ကို ပြန်သွားရတာ ရှိတယ်။ Ph.D မတိုင်ခင် နော် ဒုတိယဘွဲ့မှာပေါ့ မဟာအဆင့်လောက်မှာပေါ့ specialisation လိုပါတယ် တဲ့။ specialisation base ချည်းပါ။ သို့သော် specialisation နဲ့ မလုံလောက်တဲ့အတွက် Ph.D level ကြတော့ generalisation ကို ပြန်သွားရတာ ရှိပါတယ်။ ဆိုလိုတာက ဘာသာရပ် တစ်ခုနဲ့တစ်ခု ဆက်ထုံးကို သိပ်ပြီးတော့ အမြင်မကျဉ်းအောင်ပေါ့၊ ကိုယ့်မှန်းပြောင်းနဲ့ကိုယ် ဇွတ်မှန်တယ် သိပ်ငြင်းနေမယ့်သူတွေ ဖြစ်မှာစိုးလို့ သူက universalize ပါ ဖြည့်ပေးဖို့လိုတယ်လို့ ပြောလာတာပါ။ ဒါကလည်း ကျွန်တော် တွေ့ဘူးလို့ မေးမြန်းခဲ့တာလေးနဲ့ ဆက်စပ်ပြီး စဉ်းစားနိုင်အောင် ပြောကြည့်တာပါ။ အမှားအမှန် စိစစ်ဝေဖန် ပိုင်းခြားနိုင်တဲ့အဆင့် ကျွန်တော်တို့ မရှိပါဘူး။ ကျွန်တော်တို့ ဝိုင်းစဉ်းစားနိုင်ဖို့ ပြောကြည့်တာပါ။
နောက်ဆုံးတစ်ခုကတော့ silo ကျီပေါ့။ အရင်ကတော့ ကျွန်တော်တို့က ကိုယ်တတ်တဲ့ပညာကို မေးတဲ့သူမရှိရင် ဖြေစရာမလိုဘူး။ ပညာရှင်ဆိုတာ ခပ်တည်တည်ဘဲ။ ဗဟိုစည်ကြီးလို တီးမှမြည်ရတယ်။ ဒီလိုလာတာကိုး။ ပညာရှိဆိုတာ ဗဟိုစည်လို တီးမှ မြည်ရတယ်။ မမေးဘဲနဲ့ လျှောက်ဖြေနေလို့ မရဘူး။ ဒီလိုလာတယ်။ ယခု မလုံလောက်တော့ဘူး။ ပညာကို ကျီထဲ လှောင်ထားလို့ မရဘူး။ ပညာကို ကျီထဲလှောင်ထားရင် အပြောင်းအလဲတွေ၊ ပြင်ပ ကျီရဲ့ပြင်ပ အပြောင်းအလဲတွေက သိပ်မြန်တဲ့အတွက် လှောင်ထားတဲ့ပညာက ကန်းသွားနိုင်တယ်။ ကောသွားနိုင်တယ်။ ဒါကြောင့်မို့ ကျီတွေကို ဖောက်ပြီး ပညာတွေအားလုံးကို ဖလှယ်ပစ်လိုက်ပါ။ sharing လုပ်ပါ။ အဲဒီလောက်အထိ သူတို့ စဉ်းစားလာကြတာ ရှိပါတယ်။
ဒီစဉ်းစားချက်က ပညာရေးသက်သက်တင် ကန့်မနေပါဘူး။ ဘောဂဗေဒမှာအထိ သွားဆိုင်ပါတယ်။ ဘောဂဗေဒ market economy ပေါ့။ သူ့ရဲ့ Godfather ခေါင်းကိုင် ဖခင်ကြီးက Adam Smith (1723-1790) (မှတ်ချက် - An Inquiry into the Nature and Causes of the Wealth of Nations စာအုပ်ကို 1776 မှာ ရေးခဲ့သူ Scot လူမျိုး၊ ဘောဂဗေဒပညာရှင်။) Adam Smith ရဲ့ theory ကို အလွယ်ခေါ်တာက invisible hand လို့ ခေါ်ပါတယ်။ ကိုယ်ပျောက်လက်။ ဆိုလိုတာက ဈေးကွက်မှာ ဘယ်သူမှ ဝင်မချယ်လှယ်နဲ့။ ဈေးကွက်အင်အားစုတွေ supply - demand ရဲ့ မမြင်ရတဲ့လက်က သူ့ဘာသာသူ ရှင်းသွားမယ်ဆိုတဲ့ ကိုယ်ပျောက်လက်။ အဲဒီ ကိုယ်ပျောက်လက်အယူအဆ တစ်နည်းအားဖြင့် market economy ရဲ့ အခြေခံက အတ္တဘဲ။ ကိုယ်ကျိုးစီးပွားဘဲ။ လူဟာ ကိုယ်ကျိုးစီးပွားအတွက် လုပ်ရင်းနဲ့ အများအတွက် သူ့အလိုလိုဖြစ်လာတယ်။
ကျွန်တော်တို့ ထမင်းဝိုင်းကြီးကို ဘယ်သူမှ ပရဟိတစိတ်တွေနဲ့ ဖန်တီးတာ မဟုတ်ဘူး။ သားသတ်သမားကလည်း သူ့လိုအပ်ချက်အတွက် သားသတ်လုပ်တယ်။ ဂျုံစိုက်တဲ့သူကလည်း သူ့လိုအပ်ချက်အတွက် ဂျုံစိုက်တယ်။ အဲဒီကနေပြီး ကျွန်တော်တို့ စားဖို့ ထမင်းဝိုင်းကြီး ဖြစ်လာတယ်။ ဘာညာပေါ့ဗျာ။ ဒါတွေက ပြောရရင်တော့ အများကြီးပါ။ အဲဒီတော့ ပြောရရင် market economy က နောက်ကွယ်က philosophy ဒဿနအခြေခံက အဲဒီ အတ္တလို့တောင် ပြောလို့ရတယ်။ အတ္တဆိုတာ ဟိုလို ego ကို ပြောတာ။ ကိုယ်ကျိုးစီးပွားကို ပြောတာ နော် personal interest ။ အခု ရွေ့လာပြီ။ အဲဒီ ကိုယ်ကျိုးစီးပွားသက်သက်နဲ့ ဈေးကွက် တကယ်မမောင်းနိုင်တော့ဘူး တဲ့။ ဈေးကွက်ဟာ conflit ဖြစ်လာပြီ။ ဒါကြောင့် ဈေးကွက်မှာ မြတ်ရင်ပြီးရော ငါနိုင်ရင်ပြီးရောဆိုပြီး အနိုင်အရှုံးနဲ့ သွားလို့မရတော့ဘူး။ ဒီအချိန်မှာ ဘာလဲဆိုတော့ ဈေးကွက်မှာ ညှိပြီးတော့ ဈေးကွက်ပြဿနာတွေကို အဖြေရှာရတာတွေ ပေါ်လာတယ်။
ဒါကြောင့် အရင်းရှင်စနစ် ဈေးကွက်စီးပွားရေးစနစ်ဟာ နောက်ကွယ်က ဒဿန အဲဒီ invisible hand သည်ပင်လျှင် ယခု ပြောင်းသွားပြီ။ ဘာလဲဆိုတော့ invisible hand shake တကယ်ဈေးကွက်ကို မောင်းတာက မမြင်ရတဲ့လက်နဲ့ မောင်းတာ မဟုတ်တော့ဘူး။ မမြင်ရတဲ့ လက်တွဲနှုတ်ဆက်ခြင်း။ ဆိုလိုတာက စီးပွားရေးမှာလည်း ညှိမှရမယ်။ နိုင်ငံရေးမှာလည်း ညှိမှရမယ်။ ငါနိုင်သူရှုံးနဲ့သွားလို့ မရတော့ဘူးလို့ ပြောချင်တာ။ ဒါ နိုင်ငံရေးနဲ့ ဆက်စပ်ပြီးလည်း စဉ်းစားစေချင်ပါတယ်။ ကျွန်တော်တို့ကလည်း ဘယ်နိုင်ငံရေးပါတီမှ ကိုယ်စားပြုတဲ့သူတွေ မဟုတ်ပါဘူး။ commission ဆိုတာ လွှတ်တော်ရဲ့ လိုအပ်ချက်ကို ဉာဏ်မီသလောက် အကူအညီပေးဖို့ တာဝန်ရှိတော့ နိုင်ငံရေးမှာ ပါတီအခံနဲ့ ကျွန်တော်တို့ မပြောချင်ပါဘူး။ စဉ်းစားဖို့ ဉာဏ်မီသလောက် ပြောကြည့်တာပါ။
ထားပါတော့ ဒါ learning နဲ့ unlearning ကွာဟချက်။ ကျွန်တော် ပြောတာတော့ တော်တော်တော့ များသွားပြီ။ ပြီးတော့ မပြီးသေးဘူးပေါ့။ အခု ကျွန်တော် ပြောပြီးသားမှာ knowledge ပညာနဲ့ ပတ်သက်ပြီးတော့ အကောက်အယူတွေ ပညာရေး education နဲ့ ပတ်သက်တဲ့ အကောက်အယူတွေလည်း ပြီးပါပြီ။ ယခု ပညာတတ်ဆိုတာနဲ့ ပတ်သက်လို့ ဖြည့်ပြောချင်ပါတယ်။ အဲဒီတော့ ဟိုတုန်းကတော့ လွယ်လွယ်ပေါ့ဗျာ ပညာတတ်ဆိုတာ ဘာလဲ။ တက္ကသိုလ်။ တရားဝင် အသိအမှတ်ပြုတဲ့ တက္ကသိုလ်ကြီးတစ်ခုခုက ဘွဲ့တစ်ခုခုရရင် ပညာတတ်ဘဲ။
အခု အဖြေက အဲဒီလောက် မရိုးရှင်းတော့ဘူး။ ပညာတတ်ဆိုတာ အသာထားပေါ့။ စာတတ်ပေတတ် ဖြစ်ဖို့ဆိုရင်တောင် တော်တော်ပြန်စဉ်းစားရမလို ဖြစ်လာပြီ။ အရင်ကတော့ အ,သုံးလုံးကျေရင် ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝက အ,သုံးလုံး လုပ်အားပေးရတာတွေရှိတယ်။ တော်တော် ပျော်စရာလည်း ကောင်းပါတယ်။ အကျိုးလည်း ရှိသင့်သလောက် ရှိတယ်လို့ ထင်တာပေါ့လေ။ သွားရင် တကယ်လည်း တောကလူကြီးတွေ စိတ်ပါလက်ပါ သင်တယ်။ တတ်လည်း တတ်သွားကြပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက နောက်တစ်နှစ်ပြန်သွားတော့ သူတို့က မေ့ကုန်တယ်ဗျ။ အဲဒီ ပြဿနာတော့ ရှိတယ်ပေါ့ နော်။
ဟိုတုန်းကတော့ ကျွန်တော်တို့ နားလည်တာက အရေး၊ အဖတ်၊ အတွက် အ,သုံးလုံးကျေရင် ပညာတတ်ပြီ။ အခု မလုံလောက်တော့ဘူး တဲ့။ ဒါလည်း တော်တော်လူပြောများပါပြီ။ ကိုယ့်မိခင်ဘာသာစကားတစ်ခု တတ်ရုံနဲ့ ကိုယ်ပြည်တွင်းမှာတော့ စာတတ်ပေတတ်ဘဲ။ သူများနိုင်ငံ ထွက်သွားလိုက်တာနဲ့ စာမတတ်တော့ဘူး ဖြစ်သွားမယ်။ အဲဒီတော့ နိုင်ငံတကာသုံး ဘာသာရပ်တစ်ခု လွယ်လွယ်ပြောရင်တော့ အင်္ဂလိပ်စာပေါ့။ ဒါတတ်ထားမှ global literacy လို့ ခေါ်လို့ရမယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာ စာတတ်တယ်လို့ ခေါ်လို့ရပါမယ် တဲ့။ တစ်ခါ ဒီခေတ်မှာ computer ကလည်း ပဲခူးဆားဖြစ်သွားပြီ။ မပါရင် မပြီးတော့ဘူး။ အဲဒီတော့ computer မှ မသုံးတတ်ဘူး ဆိုလို့ရှိရင်လည်း စာတတ်ပေတတ်လို့ ပြောဖို့ တော်တော်ခက်သွားပါပြီ။
ဘာကြောင့်တုန်းဆို ယခုနောက်ပိုင်းမှာ ပညာရပ်တော်တော်များများကို မိုးပေါ်တင်ထားကြတယ်။ အဲဒီတော့ ကျွန်တော်တို့သာ internet နဲ့ computer ကို အသုံးချနိုင်မယ်။ ကျွန်တော်တို့မှာလည်း infrastructure တွေ ပြည့်စုံမယ်ဆိုရင် ကျွန်တော်တို့ ကိုယ့်အိမ်ထဲကကိုယ် plug ထိုးပြီးတော့ နိုင်ငံတကာအဆင့်မီ ပညာတွေ သင်ကြားလို့ ရနိုင်တဲ့ chance တွေ ရှိပါတယ်။ သို့သော် computer မှ မတတ်ရင်၊ computer တတ်သည်ထားဦး ကိုယ့်မှာ လုံလောက်တဲ့ infrastructure မရှိရင်တော့ ဒီအခွင့်အရေးကြီး ကျွန်တော်တို့ လက်လွတ်ဆုံးရှုံးရမှာပါ။
တတိယ computer တတ်ရုံနဲ့မရဘူး။ online သုံးတတ်ဖို့ digital literacy လည်း လိုပါတယ်။ အနည်းဆုံး ဒီသုံးခု ပြည့်စုံမှ စာတတ်ပေတတ် မြည်ပါတယ်ဆိုတဲ့ ကောက်ချက်တွေ ပေါ်လာပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်ရရင် ပညာတတ်မပြောနဲ့ ကျွန်တော်တို့ စာတတ်ပေတတ်လို့ကို ကိုယ့်ကိုယ်ကို ရာနှုန်းပြည့် မပြောရဲတော့ပါဘူး။ ဘာလို့လဲဆိုတော့ global literacy မှာကို ပြဿနာရှိပါတယ်။ ကျွန်တော်တို့ ကြီးပြင်းရတဲ့ခေတ်မှာ ဘာ exposure မှ မရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့က အင်္ဂလိပ်စာမှာ ဝါသနာအရ ကိုယ်ဝါသနာပါတဲ့ စာအုပ်တွေ ဖတ်ရင်းနဲ့ အထိုက်အလျှောက်လေးရတယ်။ ဘယ်ဘက်ရလဲ။ reading မဆိုးဘူးလို့ ထင်တာပေါ့ဗျာ ကိုယ့်ကိုယ်။ writting သိပ်မဆိုးလှဘူး ကိုယ့်ကိုယ်ထင်တာ။ ဒါပေမယ့် listening ကိုယ့်ကိုယ်ထင်လို့ကို မရဘူး။ အတော်ညံ့ပါတယ်။ ကျွန်တော်တို့ သားသမီးတွေ ငယ်ငယ်ကဆို နိုင်ငံခြားကားတွေ ကြည့်ရင် ကိုယ်က တတ်သလောက် မှတ်သလောက်နဲ့ ဘာသာပြန်ပေးရတယ်။ အခု ကလေးတွေ ပြန်မေးနေရတယ်။ ကိုယ်က နားမလည်တော့ဘူး။ ဗန်းစကား အသစ်တွေက ပေါ်လာတယ်။ ကျွန်တော်တို့ မလိုက်နိုင်တော့ဘူး။ speaking အလားတူဘဲ။ listening လောက်တော့ မညံ့ဘူး။ နည်းနည်းပါးပါးတော့ ပြောတတ်တယ်ပေါ့နော်။ ဒါပေမယ့် အပြည့်အဝ မဟုတ်ပါဘူး။ computer တစ်ခါ IT နော် ဒီကိစ္စတွေကတော့ reverse education ပါဘဲ။ သားသမီး ပြန်မေးနေရတာဘဲ။ အဲဒီတော့ ဒါကလည်း ပြန်စဉ်းစားကြဖို့ပါ။
နောက်ဆုံးအပိုင်းရောက်ပါပြီ။ ကိုင်း ပညာတတ်ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ထုတ်တဲ့သူကလည်း စောစောက ပြောတဲ့ Peter Drucker [1909-2005] ဘဲ။ သူက အဲဒီ ခေါင်းစဉ်နဲ့ ဖွင့်ပြီး debate သဘောမျိုးဖြစ်ပြီး ဖြေကြရင်းနဲ့ အခုလောလောဆယ်အထိ ပညာတတ်လို့ သတ်မှတ်နိုင်တဲ့အချက် ငါးချက်ပေါ်လာတယ်။ နံပါတ်တစ်နဲ့ နံပါတ်နှစ်ကတော့ Peter Drucker ကိုယ်တိုင် အဖြေပေးတာ။ နံပါတ်တစ်က စက်မှုခေတ်ကြီးက specialisation ခေတ် တဲ့။ စက်မှုခေတ်အထိ ဘာသာရပ်တစ်ခုကို ပါရဂူမြောက်တတ်ရင် ပညာတတ်လို့ သေချာပေါက်ပြောလို့ရတယ်။ အခုနည်းနည်းခက်သွားပြီ။ ဘာလို့လဲဆိုတော့ ဘာသာရပ်တစ်ခုနဲ့တစ်ခု overlap ဖြစ်နေတဲ့အချိန် ပြဿနာတွေရဲ့ complex သိပ်ဖြစ်မှုကြောင့် ဘာသာရပ်တစ်ခုတည်း မှန်ပြောင်တစ်လက်တည်းနဲ့ ဖြေရှင်းမရတော့တဲ့ အခြေအနေမှာ ဘာသာရပ်တွေရဲ့ ဆုံချက်ကို ဆုပ်မိ ကိုင်မိ ဖြစ်ဖို့လိုတယ်။ universalization လိုပါတယ် တဲ့။ အဲဒီလို universalization အဆင့်ရောက်မှ တင်းပြည့်ကျပ်ပြည့် ပညာတတ်မည်တယ် တဲ့။ ဒါက Peter Drucker ဖြေတာပါ။
နောက်တစ်ခုက ပညာဟာ အရင်နားလည်သလို အဆင်တန်းဆာသက်သက် မဟုတ်ဘူး။ အလုပ်လုပ်ဖို့။ ပညာဟာ လူ့အဖွဲ့အစည်းအတွက်ဆို ဘဝမှီရာဘဲ။ လူတစ်ယောက်ချင်းအတွက်ဆိုရင်လည်း symbol ဘဝရဲ့ တန်ဖိုးဘဲ။ ဘဝမှီရာအဖြစ် သတ်မှတ်လာတော့ ပညာဟာ အလုပ်လုပ်ဖို့ဆိုရင် သူက culture နှစ်ခုနဲ့ အလုပ်လုပ်နိုင်ရမယ်။ နံပါတ်တစ် culture က intellectual culture ကိုယ်သက်ဆိုင်ရာ ဘာသာရပ်ကို ထဲထဲဝင်ဝင်သိရမယ်။ အိယောင်ဝါး လုပ်လို့မရဘူး။ တစ်ခါ အဲဒါနဲ့ လုံလောက်သလား။ မလုံလောက်သေးဘူး။ ပညာနဲ့ ဆက်စပ်နေတဲ့ intellectual culture နဲ့တင် မလုံလောက်သေးဘူး။ လူတွေနဲ့ အလုပ်လုပ်ရမှာ ဖြစ်တဲ့အတွက် manager culture လည်း လိုအပ်တယ်။ management နဲ့ တွဲသိရမယ်။ တကယ်လို့ သူ့မှာ intellectual culture ဘဲ ရှိရင် သူဟာ အမြုံဘဲတဲ့။ အလုပ်လုပ်လို့ ရမှာ မဟုတ်ဘူး။ တစ်ယောက်တည်း တတ်နေဖို့ဘဲ ရှိတယ်။ manager culture ဘဲ ရှိမယ်၊ ပညာဘာမှ မတတ်ဘူးဆိုရင် အဲဒီကောင် အမိန့်ပေးတာဘဲ ဖြစ်မယ်။ အဲဒီတော့ ဒီနှစ်ခု ပေါင်းစပ်နိုင်မှ အသုံးဝင်တဲ့ ပညာတတ် ဖြစ်လိမ့်မယ်။ ဒီနှစ်ချက်က Peter Drucker ဖြေတာပါ။
တတိယအချက်က နောက်ပိုင်း လူပြောများလာလို့ပါ။ တကယ်က ကြာပါပြီဗျ Meji [September 8, 1868 - Jyly 30, 1912] ခေတ်က ပေါ်တာ။ Meji ပညာရှင်တစ်ယောက် Fukuzawa ထင်ပါတယ်။ နာမည်တော့ ကောင်းကောင်း မမှတ်မိတော့ဘူး။ စာအုပ်ထဲတော့ ပါပါတယ် (မှတ်ချက် - Yukichi Fukuzawa [1835-1901])။
-
pdf file down ရန် link -
https://db.tt/36AJFjK0

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...