Wednesday, October 14, 2015

တရားမျှတမှုရှာပုံတော်

 
ယခုအခါ နိုင်ငံရေးဒဿနနယ်ပယ်နဲ့ ဥပဒေနယ်ပယ်တို့မှာ တရားမျှတမှု (justice) အယူအဆ အကြောင်း ဆွေးနွေးပို့ချမှုနဲ့ လေ့လာလိုက်စားမှုတွေ ပိုများလာပါတယ်။ လူ့အဖွဲ့အစည်းအတွင်း လူတဦးနဲ့ တဦး ဘယ်လို ဆက်ဆံနေထိုင်မလဲ၊ တရားမျှတတဲ့ လူ့အဖွဲ့အစည်းဆိုတာ ဘယ်လိုဖြစ်သင့်သလဲ၊ ဘယ်လိုထူထောင်မလဲ၊ ဥပဒေတွေက ဘယ်လိုဟာ ဖြစ်သင့်သလဲဆိုတာတွေကို လက်ရှိ ၂၁ ရာစုခေတ်သစ် စိန်ခေါ်မှု အခြေအနေတွေအောက်မှာ ပြန်လည်ရှာဖွေ ဆန်းစစ်လာကြပါတယ်။
ဒါတွေကို သွားဖို့ဆိုရင် အရင်ဆုံး ‘တရားမျှတမှု’ ရဲ့ အဓိပ္ပာယ်ကို ရှာကြည့်ရပါမယ်။ လက်ရှိ တရားမျှတမှုအကြောင်း ပို့ချတဲ့ ပြဋ္ဌာန်းစာအုပ် အတော်တော်များများမှာ ရှေးခေတ် နိုင်ငံရေး အတွေးအခေါ်နဲ့ ခေတ်သစ် နိုင်ငံရေးအတွေးအခေါ်ဆိုပြီး ခွဲခြားပြောလေ့ ရှိပါတယ်။
အရစ္စတိုတယ်လ်အလိုအရ တရားမျှတမှုဆိုတာ လူတွေကို သူတို့ ခံစားထိုက်တာ ပေးခြင်းကို ဆိုလိုပါတယ်။ ဘယ်သူက ဘာကို ရရှိခံစားထိုက်လဲဆိုတာ ဆုံးဖြတ်ဖို့ဆိုရင် လူ့ဂုဏ်သိက္ခာ အရည်ချင်းတွေ (virtues) က ဘာတွေဖြစ်တယ်ဆိုတာ အရင်ဆုံးဖြတ်ဖို့လိုတယ်။ ကောင်းမွန်တဲ့ဘ၀နဲ့ ကြီးမြတ်တဲ့ဂုဏ်သိက္ခာ အရည်အချင်းကို ကိုယ်စားမပြုရင် တရားမျှတတဲ့ အခြေခံဥပဒေလို့ မခေါ်နိုင်ကြောင်းလည်း အရစ္စတိုတယ်လ် က သင်ကြားပါတယ်။
သို့သော် မော်ဒန်နိုင်ငံရေး ဒဿနပညာရှင်များဖြစ်တဲ့ ၁၈ ရာစု ဧမာနွေလကန့် ကနေ ၂၀ ရာစု ဂျွန်ရောလ် အထိ တရားမျှတမှု အယူအဆဟာ ဂုဏ်သိက္ခာအမွန်မြတ်တရားတွေပေါ်မှာသာ မတည်မှီသင့်ဘူးလို့ ယူဆလာကြပါတယ်။ သူတို့အလိုအရ တရားမျှတတဲ့ လူ့အဖွဲ့အစည်းဆိုတာ ‘လူတဦးချင်းစီဟာ ကောင်းမွန်တဲ့ဘ၀ သူတို့ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိခြင်း’ (free to choose) ကို လေးစားတန်ဖိုးထားတယ်လို့ ပြောပါတယ်။
ဒီတော့ ရှေးဦးတရားမျှတမှုအယူအဆတွေဟာ ဗားတယူး လို့ခေါ်တဲ့ လူ့ဂုဏ်သိက္ခာနဲ့ စတင်တယ်လို့ ဆိုရမှာဖြစ်ပြီး မော်ဒန် တရားမျှတမှုအယူအဆတွေက တဦးချင်းလွတ်လပ်ခွင့်နဲ့ စတင်တယ်ဆိုနိုင်ပါတယ်။ တရားမျှတမှုဆိုင်ရာ သီအိုရီလေ့လာသူတွေက ဒီအယူအဆ ၂ ခုရဲ့ အားနည်းချက်၊ အားသာချက်ကိုယ်စီကို ရှာဖွေရမှာဖြစ်ပြီး၊ ကွဲပြားမှုကို အမြဲသတိပြုရမှာ ဖြစ်ပါတယ်။
နိုင်ငံရေး ဒဿနနယ်ပယ်မှာလည်း ကြီးမားတဲ့ မေးခွန်း ၂ ခု အမြဲတမ်း ကြုံရတတ်ပါတယ်။ တရားမျှတတဲ့ လူ့အဖွဲ့အစည်းဟာ သူ့နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ ကြိုးစားသလား၊ သို့မဟုတ် နိုင်ငံသားတွေရဲ့ ဘ၀နေထိုင်မှု အကောင်းဆုံးရဖို့ သူတို့ဘာသာ လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့် ပေးသလား ဆိုတာပါပဲ။
ဒီတော့ ထင်ရှားတဲ့အချက်က တရားမျှတမှုလို့ ဆိုလိုက်ရင် ဂုဏ်သိက္ခာအရည်အချင်းနဲ့ တဦးချင်း လွတ်လပ်စွာ ရွေးချယ်ခွင့်တို့ ပါဝင်နေတယ်ဆိုတာ နှလုံးသွင်းအပ်တယ်။ တရားမျှတမှုအကြောင်း တွေးတောခြင်းဟာ အကောင်းဆုံး ဘ၀နေထိုင်နည်းအကြောင်း၊ အကောင်းဆုံးလူ့အဖွဲ့အစည်း တည်ဆောက်ဖို့အကြောင်း တွေးတောခြင်း ဖြစ်ပါတယ်။
ချည်းကပ်နည်းသုံးခု
ခေတ်သစ်တရားမျှတမှု အယူအဆဟာ အခြေခံအားဖြင့် အချက် ၃ ခုပေါ်မှာ တည်ပြီး စဉ်းစားပါတယ်။ ၀ဲလ်ဖဲယားစနစ်ကို အကောင်းဆုံး မြှင့်တင်ခြင်း၊ တဦးချင်းလွတ်လပ်ခွင့် လေးစားခြင်းနဲ့ လူ့ဂုဏ်သိက္ခာ အရည်အချင်းမြှင့်တင်ခြင်းတို့ပါပဲ။ အဲဒီမတူကွဲပြား အပြန်အလှန် အားပြိုင်တဲ့ အကြောင်း ၃ ပါးပေါ်ကနေ တရားမျှတမှုကိစ္စကို စဉ်းစားကြပါတယ်။
လူ့အဖွဲ့အစည်းတစ်ခုကို တရားမျှတမှုရှိသလားလို့ မေးမယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ သူ့ရဲ့ ၀င်ငွေနဲ့ ဓန၊ တာဝန်တွေနဲ့ ရပို်င်ခွင့်တွေ၊ အာဏာနဲ့ အခွင့်အလမ်းတွေ၊ လုပ်ငန်းတွေနဲ့ ဂုဏ်သိက္ခာစတဲ့ တန်ဖိုးတွေကို ဘယ်လို ခွဲဝေကျင့်သုံးနေသလဲဆိုတာ မေးရပါမယ်။ တရားမျှတတဲ့ လူ့အဖွဲ့အစည်းတွေဟာ အဲဒီအရာတွေကို သင့်လျှော် မှန်ကန်တဲ့ နည်းလမ်းနဲ့ ခွဲဝေကျင့်သုံးလေ့ ရှိတယ်။ တနည်းပြောရရင် လူတဦးချင်းစီကို သူတို့ရသင့် ရထိုက်တဲ့ အရာကို ပေးပါတယ်။ ဒါဖြင့် လူတွေဟာ ဘာကိုရသင့် ရထိုက်သလဲ၊ ဘာကြောင့် ဘာကိုရထိုက်လဲဆိုတဲ့ မေးခွန်းက ရှိလာပါတယ်။
ဒီလိုအခါမှာ ‘၀ဲလ်ဖဲယား၊ တဦးချင်းလွတ်လပ်မှု၊ ဂုဏ်သိက္ခာအရည်အချင်း’ ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံသုံးခု ခွဲဝေပုံစနစ်တွေကို လေ့လာရပါတယ်။ ၀ဲလ်ဖဲယား အစွမ်းကုန်မြှင့်တင်ခြင်း၊ တဦးချင်းလွတ်လပ်ခွင့် လေးစားခြင်း၊ ဂုဏ်သိက္ခာတန်ဖိုး အလေးဂရုပြုခြင်း ၃ ခုအပေါ်မှာ သဘောထားကွဲမှုတွေ ရှိလာပြီး ဒီဘိတ်တွေ ဆင်လာပါတယ်။
အဲဒီ ၃ ခုရဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်မှုကို နိုင်ငံရေးဒဿနပညာက တထိုင်ထဲဖြေရှင်းပေးနိုင်မှာ မဟုတ်ပါ။ သို့သော် ဒီမိုကရေစီနိုင်ငံတွေက နို်င်ငံသားတွေအဖို့ ထိပ်တိုက်တိုးနေတဲ့ ပြဿနာအတွက် ရွေးချယ်နိုင်စရာ အဖြေတွေကို ကျင့်ဝတ်သိက္ခာရှိရှိ ဒီဘိတ်ဆင်ပြီး ရှာဖွေနိုင်ကြပါတယ်။
ဝဲလ်ဖဲယား
တရားမျှတမှုအကြောင်း စဉ်းစားတဲ့အခါ ပထမဆုံး ၀ဲလ်ဖဲယားပြဿနာကို အရင်ချည်းကပ် ကြည့်သင့်ပါတယ်။ ၀ဲလ်ဖဲယားလို့ ဆိုတဲ့အခါ ဆိုရှယ်လစ်နိုင်ငံတွေရဲ့ အရေးအရာလို့ချည်း ယူဆလို့မရပါ။ ဈေးကွက်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာလည်း ဓနဥစ္စာ ဘယ်လိုခွဲဝေမလဲ၊ လူမှုဘ၀နေထိုင်မှု ဘယ်လိုမြှင့်တင်မလဲ၊ လူ့အဖွဲ့အစည်းရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ စီးပွားရေးတိုးတက်မှု ဘယ်လိုလုပ်ဆောင်မလဲဆိုတာတွေဟာ ပညာရပ်နယ်ပယ်မှာ နေ့စဉ် ဒီိဘိတ်ဆင်ရတဲ့ ပြဿနာတွေဖြစ်တယ်။ အထူးသဖြင့် တဦးချင်းရော လူ့အဖွဲ့အစည်းပါ ချမ်းသာကြွယ်ဝစေနိုင်မယ့် နည်းလမ်းကို ရှာဖွေရတာဟာ ၀ဲလ်ဖဲယားကိစ္စဖြစ်တယ်။ မှန်ကန်တည့်မတ်စွာ ခေတ်မီမီ ၀ဲလ်ဖဲယားနိုင်ရေးကလည်း တရားမျှတမှုကိစ္စ ဖြစ်လာတယ်။
ဒီမှာတင် လက်တွေ့အသုံးကျမှုဝါဒ (utilitarianism) ၀င်လာတယ်။ ဒီသီအိုရီက လူအများစုအတွက် အကျိုးအများဆုံးရှိဖို့နဲ့ ပျော်ရွှင်မှုအကြီးမားဆုံး ဖြစ်စေဖို့ တွက်ချက် စဉ်းစားတယ်။ လူ့အဖွဲ့အစည်းအတွင်း ၀ဲလ်ဖဲယားကို ဘယ်လောက်များများကျင့်သုံးမလဲ၊ ဘယ်လောက်ထိ အမြင့်ဆုံး တိုးချဲ့သင့်သလဲ ဆိုတာတွေ စဉ်းစားရာမှာ ကူညီပါတယ်။
ဥပမာ၊ နေပြည်တော် မြို့သစ်စီမံကိန်းတခု အကောင်အထည်ဖော်တဲ့ ပေါ်လစီဟာ လူအများစုကြီးအတွက် ဘယ်လောက် အကျိုးဖြစ်ထွန်းသလဲ၊ လူတွေ ဘယ်လာက်များများ ပျော်ရွှင်မှုရကြသလဲ၊ လူ့အဖွဲ့အစည်းအတွင်းရှိ အများစုအတွက် အကျိုးဖြစ်ထွန်းမှု ပျော်ရွှင်မှုမရှိဘူးဆိုရင် တရားမျှတမှုကင်းမဲ့မှုလို့ ဒီသီအိုရီကနေပြောနိုင်ပါတယ်။ အလားတူပဲ အများပြည်သူ့ရေးရာ မူဝါဒတွေမှာ တရားမျှတမှုရှိစေဖို့ ဒီအယူဆကနေ ချည်းကပ်ကြည့်ကြတယ်။
လွတ်လပ်မှု
လွတ်လပ်မှုနဲ့ တရားမျှတမှု ဆက်နွယ်မှုအကြောင်းကို ရေးကြ သီအိုရီထုတ်ကြတာဖြင့် အနောက်တိုင်းဒဿနမှာ ရှေးကမ္ဘီကမ္ဘာထဲကပါပဲ။ သီအိုရီအများစုက တဦးချင်းအခွင့်အရေးကို လေးစားရမယ့်အကြောင်း တင်ပြပေမဲ့ ဘယ်အခွင့်အရေးတွေက ပိုအရေးကြီးတယ်ဆိုတဲ့ နေရာမှာ သူတို့ချင်းလည်း သဘောကွဲလဲမှု ရှိပါတယ်။ သို့သော် ခေတ်ပြိုင်နိုင်ငံရေးမှာတော့ တရားမျှတမှုအဓိပ္ပာယ်ကို ၀ဲလ်ဖဲယားမြှင့်တင်ခြင်းလိုပဲ တဦးချင်းလွတ်လပ်ခွင့်နဲ့လည်း ရင်းနှီးကျွမ်းဝင် နေကြတယ်။ တဦးချင်းအခွင့်အရေးကို လူအများစုကြီးက မချိုးဖောက်ဖို့ အခြေခံဥပဒေတွေမှာ ရေးသားထားကြတယ်။ နိုင်ငံတကာလူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်တွေကို လေးစားလိုက်နာတာဟာ တရားမျှတမှုကို စောင့်ရှောက်ခြင်းမည်တယ်လို့ ယူဆကြပါတယ်။
တရားမျှတမှုအဓိပ္ပာယ်ကို အဲသလို လွတ်လပ်မှုနဲ့ စတင်ချည်းကပ်သူတွေဟာ အတော်လေး ၀င်ဆန့်ပါတယ်။ နို့ပေမဲ့ သူတို့ထဲမှာလည်း အုပ်စုနှစ်ဂိုဏ်း အားပြိုင်နေတယ်။ လေဆယ်ဖဲယားအုပ်စု (laissez-faire camp) နဲ့ မျှတမှု လက်ခံတဲ့အုပ်စု (fairness camp) ၂ ခုက နိုင်ငံရေးဒီဘိတ်တွေ အမြဲဆင်တတ်ကြပါတယ်။
လေဆယ်ဖဲယားအုပ်စုက အစိုးရ၀င်ရောက်ချုပ်ကိုင်မှုမရှိတဲ့ လွတ်လပ်တဲ့ဈေးကွက်စနစ် စစ်စစ်ကိုသာ လက်ခံပြီး၊ တရားမျှတမှုဆိုရာမှာ ‘လူတဦးချင်းစီ သူ့တို့ဟာ သူတို့ လွတ်လပ်စွာရွေးချယ်ခွင့်ရှိမှုကို လေးစားတန်ဖိုးထားခြင်း’ ပါဝင်တယ်လို့ ယုံကြည်ကြတယ်။
ဖဲယားနက်စ် ခေါ် မျှတမှုဂိုဏ်းကတော့ သာတူညီမျှမှု (egalitarian) သီအိုရီအများအပြားကို ကိုင်ထားတယ်။ သူတို့က အနှောင်အဖွဲ့မရှိ လွတ်လပ်တဲ့ဈေးကွက်စနစ်ဟာ အပြည့်အ၀ လွတ်လပ်မျှတမှု မရှိဘူးလို့ ယူဆတယ်။ သူတို့အမြင်အရ တရားမျှတမှုမှာ‘ စီးပွားရေး လူမှုရေး ဆိုးကျိုးတွေကို ကုစားနိုင်မယ့် မူဝါဒတွေရယ်၊ အောင်မြင်မှုအတွက် လူတိုင်းကို မျှတတဲ့အခွင့်အရေး ပေးနိုင်မယ့် မူဝါဒတွေရယ် ပါရမယ်’ လို့ ယူဆပါတယ်။
ဗားတယူး
ဗားတယူးဆိုတဲ့ စာကားလုံးကို ဆရာဇော်ဂျီက ပလေတိုနိဒါန်းစာအုပ်မှာ ‘ဂုဏ်သိက္ခာ’ လို့ပြန်ပြီး၊ ဆရာပါရဂူက ခေါမဒဿနပညာရှင်စာအုပ်မှာ ‘ဂုဏ်အရည်အချင်း’ လို့ပြန်ပါတယ်။ မြန်မာစာအဖွဲ့ရဲ့ အင်္ဂလိပ်မြန်မာအဘိဓာန်က ‘သူတော်ကောင်းတရား၊ သုစရိုက်’ စသဖြင့် ဘာသာပြန်ပါတယ်။ အဲဒီဗားတယူးဆိုတဲ့ ကောင်းမွန်တဲ့ဘ၀နေထိုင်မှုနဲ့ တရားမျှတမှုဟာ အများကြီး ပေါင်းစပ်နေတယ်လို့ ရှေးဦးသီအိုရီများက ဆိုပါတယ်။
ခေတ်ပြိုင်နိုင်ငံရေးနယ်ပယ်မှာတော့ ဗားတယူးသီအိုရီတွေကို ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးတွေနဲ့ ဘာသာရေးဆိုင်ရာ စံနှုန်းတွေအဖြစ် လက်ခံပါတယ်။ ဘာသာရေးကျင့်ဝတ်စံနှုန်းတခုကို ဥပဒေအဖြစ် ပြဋ္ဌာန်းတဲ့အခါ လွတ်လပ်တဲ့ လစ်ဘရယ်လူ့အဖွဲ့အစည်းဝင် နိုင်ငံသားတွေက ရွံရှာစက်ဆုတ်စရာကောင်းတဲ့ ဘာသာရေးဆိုင်ရာ အတင်းအကျပ် ဖိနှိပ်မှုအဖြစ် တူးတူးခါးခါးဆန့်ကျင်ပါတယ်။ အာဖဂန်နစ္စတန်က တာလီဘန်တွေရဲ့ ဘာသာရေးဖိနှိပ်မှုဥပဒေနဲ့ မြန်မာနိုင်ငံက မဘသတို့ရဲ့ မျိုးစောင့်ဥပဒေတွေကို နိုင်ငံသားအများစု ဆန့်ကျင်မှုက သာဓက ဖြစ်ပါတယ်။
သို့သော် တရားမျှတတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ဖို့ ဘာသာရေးကျင့်ဝတ်စံနှုန်းတွေ၊ ကောင်းမွန်တဲ့ ဘ၀ဆိုင်ရာ တန်ဖိုးတွေကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ လှုံဆော်စည်းရုံးဖို့ အသုံးပြုတာရှိပါတယ်။ ဒါကို တာလီဘန်တွေတင်မက အခြားဘာသာအသီးသီးလည်း အသုံးပြုပါတယ်။
ဥပမာ – ဗြိတိသျှတွေ ဘုရားပေါ် ဖိနပ်စီးတာကို ကန့်ကွက်ပြီး အမျိုးသားရေး လှုပ်ရှားမှုတွေ စတင်ခဲ့တာ၊ အာဏာရှင်ဆန့်ကျင်ဖို့ ဘုရားပေါ်တက် ဆုတောင်းပွဲတွေ လုပ်ခဲ့တာ၊ အမျိုးပျောက်မှာ စိုးကြောက်ပါချည်ရဲ့ဆိုပြီး မဲဆွယ်တာတွေကို မြန်မာပြည်မှာ တွေ့ရပါမယ်။ အနောက်နိုင်ငံတွေမှာ ရှေးရိုးခရစ်ယာန်တွေရဲ့ ကိုယ်ဝန်ဖျက်ချမှု ကန့်ကွတ်လှုပ်ရှားမှုတွေ။ နောက် မာတင်လူသာကင်းရဲ့ တရားမျှတမှု လှုပ်ရှားမှုတွေကို ကြည့်ရင်လည်း ဘုရားသခင်က အားလုံးကို တူညီစွာ ဖန်ဆင်းထားတဲ့ ကျင့်ဝတ်အမြင်ကနေ လူဖြူ လူမည်း တန်းတူအခွင့်အရေးကို တိုက်ပွဲဝင်ခဲ့တာတွေ့မြင်ရပါမယ်။
နိုင်ငံရေးဒီဘိတ်
အဲဒီ တရားမျှတမှုဆိုင်ရာအယူအဆ တကျောင်းတဂါထာတွေကို လေ့လာစစ်ဆေးခြင်းမပြုမီ၊ အရင်ဆုံး သိထားသင့်တာက နိုင်ငံရေးဒဿနပညာရပ်ဆိုင်ရာ ဆွေးနွေးပုံဆွေးနွေးနည်းပါပဲ။ ဒီနယ်ပယ်မှာလေးနက်တဲ့ ပြဿနာတခုနဲ့ စတင်တတ်ပြီး၊ အမြင်သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်လာမယ်။ အဲဒီသဘောထားကွဲလွဲမှုဟာ အများပြည်သူကြား အုပ်စုအသွင် ဘက်တွေဆောင်လာပြီး အပြိုင်ငြင်းခုံကြမယ်။ အဲဒီကနေမှ အခြေအနေအားလုံးမှာ အသုံးတည့်နိုင်မယ့် တရားမျှတမှု သီအိုရီကို ဒဿနိကဗေဒ ဆင်ခြင်စဉ်းစားနည်းတွေက တဆင့် ရှာဖွေပါတယ်။
ဒီမိုကရေစီ မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေမှာက ဆွေးနွေးငြင်းခုံနိုင်ခွင့် ပါးရှားပါတယ်။ အားကြီးတဲ့ အုပ်စုရဲ့ အမြင်သဘောထား၊ အယူအဆအပေါ်မှာ ကျန်သူတွေက လိုက်သဘောတူရပြီး၊ မတူတဲ့အခါ ရန်သူပြု ခံရပါလိမ့်မယ်။
ဒီမိုကရေစီ လူ့အဖွဲ့အစည်းများမှာတော့ အမှားအမှန်၊ တရားမှု မတရားမှုအကြောင်း သဘောကွဲလွဲ ငြင်းခုံမှုတွေနဲ့ ပြည့်နေပါတယ်။ ကိုယ်ဝန်ဖျက်ချမှုကို လူအချို့က နှစ်သက်ပြီး၊ အချို့က လူသတ်မှုမြောက်တယ်လို့ ယုံကြည်မယ်။ အချို့က ဆင်းရဲသားတွေကို ကူညီဖို့ ချမ်းသာသူတွေဆီက အခွန်ပိုကောက်သင့်တယ်လို့ ယူဆတယ်။ အချို့က ကိုယ့်အားကိုယ်ကိုး ချမ်းသာသူတွေကို အခွန်ကောက်ပြီး အလုပ်မလုပ်ချင်တဲ့ ဆင်းရဲသားတွေကို ကူညီတာဟာ လူပျင်းပေါ်လစီ အားပေးတာလို့ ယူဆတယ်။ အချို့က အကြမ်းဖက်သမားတွေကို ဖမ်းမိရင် ရက်ရက်စက်စက် ပြစ်ဒဏ်ပေးတာ လူ့အခွင့်အရေးအရ မနှစ်မြို့ဘူး။ အချို့က နောက်နောင် အကြမ်းဖက်မှုတွေကို ဟန့်တားဖို့ နှိပ်စက်ပြတာ သိပ်ကောင်းတယ်လို့ ယူဆတယ်။
အဲဒီသဘောထားအမြင် ကွဲလွဲမှုတွေအပေါ် အခြေအတင်ဖြစ်ပြီး နိုင်ငံရေးပါတီတွေ ကလည်း ရွေးကောက်ပွဲမှာ အနိုင်၊ အရှုံး ရှိလာတယ်။ တရားမှု မတရားမှု၊ ညီမျှမှု မညီမျှမှု၊ တဦးချင်းအခွင့်အရေးနဲ့ လူထုအကျိုးစတဲ့ ပြဿနာပေါ်မှာ ကျင့််ဝတ်ဆိုင်ရာ ဆွေးနွေးမှုတွေ ပြင်းထန်မယ်။ ဦးနှောက်မုန်တိုင်းဆင်မှုတွေ၊ သည်းထန်တဲ့ ဒီဘိတ်တွေကြောင့် အတွေးအခေါ် ပြောင်းလဲလာတယ်။ သီးခြားအခြေအနေပေါ် ဆုံးဖြတ်ချက်နဲ့ နဂိုလက်ခံထားတဲ့ ကျင့်ဝတ်တန်ဖိုး တွေကြား ဒိုင်ယာလက်တစ် စဉ်းစားမှုတွေ ရှိလာပြီး တရားမျှတမှုအဓိပ္ပာယ် ဖွင့်ဆိုမှုအသစ်တွေ ရလာပါတယ်။
အဲဒီအနောက်တိုင်းရဲ့ တရားမျှတမှု အဓိပ္ပာယ်ရှာပုံတော်ဟာ ဆိုကရေးတီးရဲ့ ဒိုင်ယာလော့ခ်တွေ၊ အရစ္စတိုတယ်လ်ရဲ့ ကျင့်ဝတ်ဒဿနတွေမှာ အစပြုခဲ့ပြီး ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့ လာခဲ့ပါတယ်။ အရေးကြီးတဲ့အချက်တခုက တရားမျှတမှု အဓိပ္ပာယ်ကို ဆင်ခြင် ငြင်းခုံရှာဖွေတဲ့အခါ အစွဲပယောဂတွေ၊ နဂိုလက်ခံထားတဲ့ အယူအဆတွေအပေါ် ကျော်လွန်ကြည့်တတ်တဲ့ အလေ့အကျင့်ကောင်း ရလာပါမယ်။
နောက်ဆုံးတရားမျှတမှုနဲ့ ရပိုင်ခွင့်၊ တာဝန်နဲ့ သဘောတူညီမှု၊ ဂုဏ်သိက္ခာနဲ့ အရည်အချင်း၊ ကျင့်ဝတ်သီလနဲ့ တရားဥပဒေလိုက်နာမှုစတဲ့ ယဉ်ကျေးတဲ့ လူမှုဘ၀အသိုင်းအ၀ိုင်း တည်ဆောက်ဖို့ အတွေးသစ်တွေ လမ်းစသစ်တွေ မြင်တွေ့လာပါလိမ့်မယ်။
ရဲမြင့်ကျော်
ရည်ညွှန်း
Justice: What’s the right things to do? By Michael J. Sandel
Political Questions by Larry Arnhart
Theory of Justice by John Rawls

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...