Thursday, October 15, 2015

နိုင်ငံရေး အင်စတီကျူးရှင်းများ ဖွံ့ဖြိုးမှုဖြစ်စဉ်



နိုင်ငံရေးသိပ္ပံပညာရှင် ဖရန့်စစ်ဖူကူယားမားက အခု ၂၁ ရာစု ဒုတိယဆယ်စုနှစ်အစ ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံရေးအခင်းအကျင်းကို မတူခြားနားတဲ့ မြင်ကွင်း ၃ ခုနဲ့ ချပြပါတယ်။
ပထမ၊ ၂၀၁၁ အာရပ်နွေဦးက ပေါ်ထွက်လာတဲ့ လစ်ဗျားနိုင်ငံ။ နေတိုးတပ်ဖွဲ့ရဲ့ စစ်ရေးအကူအညီနဲ့ တိုင်းပြည် အရပ်ရပ်ရှိ စစ်သွေးကြွတွေက အာဏာရှင် မွမ်မာ ကဒါဖီကို ဖြုတ်ချခဲ့တယ်။ ဒီမိုကရေစီနိုင်ငံသစ်ဆီ သွားဖို့ အခြေခံဥပဒေ ရေးဆွဲတယ်။
သို့သော် ၃ နှစ်နီးပါးကြာလာတဲ့အခါမှာတော့ လစ်ဗျားရဲ့ ဒီမိုကရေစီ အိပ်မက်က ဝေးသထက်ဝေးလာတာ အားလုံးတွေ့ရပါတယ်။ လစ်ဗျားရဲ့ အဓိက ပြဿနာဟာ နိုင်ငံတော် ဆိုတဲ့ ဗဟိုအာဏာ ချို့တဲ့မှု (lack of state) လို့ ဆိုပါတယ်။
ဒီနေရာမှ ‘နိုင်ငံတော်’ ဆိုတဲ့ အဓိပ္ပာယ်ကို ဖူကူယားမားက နာမည်ကျော် ဂျာမန် လူမူဗေဒပညာရှင် မက်စ်ဝေဘာရဲ့ ဖွင့်ဆိုချက်ကို ယူပါတယ်။ ‘နိုင်ငံတော် ဆိုတာ သတ်မှတ်ထားတဲ့ နယ်နမိတ်အပေါ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက် တရားဝင် အင်အား ကျင့်သုံးခွင့်ရှိသော ဗဟိုအာဏာတရပ်’ (A state is a central authority that can exercise a monopoly of legitimate force over its territory to keep the peace and enforce the law.) လို့ ဖွင့်ဆိုတယ်။
နိုင်ငံတော် ဆိုတဲ့ ဗဟိုအာဏာတရပ် လစ်ဗျားမှာ ပျောက်နေတယ်။ လစ်ဗျားလိုပဲ ချည့်နဲ့ ယိုယွင်းနိုင်ငံတွေဖြစ်တဲ့ မာလီ၊ နိုက်ဂျာ၊ နိုက်ဂျီးရီးယားနဲ့ ဆိုမားလီယား စတာတွေမှာလည်း နိုင်ငံတော်ဆိုတဲ့ ဗဟိုအာဏာဟာ ကုန်းကောက်မရ ဖြစ်နေတယ်။ အလားတူ အချို့သော အရှေ့အာရှနိုင်ငံတွဟာလည်း စီးပွားရေး တိုးတက်ပေမဲ့ နိုင်ငံတော်ရဲ့ ဗဟိုအာဏာဟာ ကိုယ့်နယ်နိမိတ်အားလုံးဆီ မသက်ရောက်နိုင်ဘဲ အားနည်းနေပါတယ်။
ဒုတိယ၊ တချိန်တည်းမှာ သူတို့နဲ့ ပြောင်းပြန်အခြေအနေကတော့ အမေရိကန်ပြည်ထောင်စုပါ။ အမေရိကမှာ ရေရှည်ကြံ့ခိုင်တဲ့ အားအကြီးဆုံး အင်စတီကျူးရှင်းတွေ ပိုင်ဆိုင်ထားတယ်။ သို့သော် ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးနဲ့ ငွေကြေးဈေးကွက်ပြိုလဲမှုမှာ စီးပွားရေး ကယိုင်းကယိုင်ဖြစ်ခဲ့ပြီး နိုင်ငံရဲ့အနာဂတ်ကိုပါ မေးခွန်း ထုတ်လာကြတယ်။ သူ့ရဲ့ပြဿနာက အများပြည်သူကို ၀န်ဆောင်မှုပေးဖို့ ရည်ရွယ်ထားရှိတဲ့ အစိုးရ အင်စတီကျူးရှင်းတွေဟာ ပုဂလိကလုပ်ငန်းတွေရဲ့ ထိန်းချုပ်မှုအောက် မရှုမလှ ရောက်နေခြင်းပါ။ ဒီမိုကရက်တစ် မဲဆန္ဒရှင်တွေက ငွေနဲ့ အာဏာ ကြီးစိုးမှုကို မတွန်းလှန်နိုင်သလို၊ အင်စတီကျူးရှင်းတွေနဲ့ ဥပဒေတွေကလည်း သိပ်တင်းကျပ်လွန်းတာမို့ ပြောင်းလွယ်ပြင်လွယ်ဖို့ ခက်နေပါတယ်။
တတိယ၊ ဆယ်စုနှစ်နှစ်ခုလောက်အတွင်း ဈေးကွက်စနစ်နဲ့အတူ စီးပွားရေး အလျင်အမြန် တိုးတက်လာတာက တူရကီနဲ့ ဘရာဇီး တို့ပါ။ အာရပ်အာဏာရှင်နိုင်ငံတွေနဲ့ မတူတာက၊ သူတို့မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲစနစ်နဲ့ အတူ ဒီမိုကရေစီ ရှင်သန်နေတယ်။ သို့သော် လူထုက သူတို့ တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်တွေရဲ့ ခြစားမှုနဲ့ အာဏာရှင်ဆန်လာမှုကို အပြစ်တင်လာတယ်။ များပြားလာတဲ့ အလုပ်လက်မဲ့ လူငယ်တွေနဲ့ လူထုရဲ့ အခြေခံ အခက်ခဲတွေကို ဖြေရှင်းပေးဖို့ အစိုးရပိုင်းက တုံ့နှေးနေတယ်။ ပုဂ္ဂလိက အသွင်ကူးပြောင်းမှုခေါင်းစဉ်အောက်မှာ အစိုးရက အများပိုင်လုပ်ငန်းတွေကို ခရိုနီတွေလက်ထဲ ထိုးအပ်နေတယ်။
အခြေခံ အင်စတီကျူးရှင်း ၃ ခု
လက်ရှိ ကမ္ဘာ့နိုင်ငံအများစုမှာ မူဝါဒ၊ အုပ်ချုပ်မှု၊ ယဉ်ကျေးမှု၊ ခေါင်းဆောင်တွေနဲ့ သမိုင်းနောက်ခံတွေ ကွဲပြားပေမဲ့၊ အထက်က မြင်ကွင်း ၃ ခုအနက် ပုံစံတခုခုမှာ အကျုံးဝင်နေတယ်လို့ ဖူကူယားမားက ဆိုပါတယ်။ တိုင်းပြည်အသီးသီးဟာ အားလုံးသော နိုင်ငံရေးတွေရဲ့ အသက်ဖြစ်တဲ့ ‘အင်စတီကျူးရှင်း’ ဆိုတဲ့ ဘုံပြဿနာကို ကိုယ်စီ ရင်ဆိုင်နေရပါတယ်။
ကဒါဖီ အလွန် လစ်ဗျားမှာ နိုင်ငံတခုအတွက် အခြေခံလိုအပ်တဲ့ အင်စတီကျူးရှင်းတွေ မွဲခြောက်နေတယ်။ အမေရိကမှာ အင်စတီကျူးရှင်းတွေက အရင်းရှင်စနစ်ကို မျက်နှာသာပေးလွန်းပြီး ကွန်ဆာဗေးတစ်ဖြစ်နေတယ်။ တူရကီနဲ့ ဘရာဇီးမှာ တည်ရှိဆဲ အင်စတီကျူးရှင်းတွေဟာ ခေတ်နောက်ကျပြီး အလျင်အမြန် တိုးတက်လာတဲ့ စီးပွားရေး လူမှုရေး အပြောင်းအလဲတွေကို အမီမလိုက်နိုင် ဖြစ်နေပါတယ်။
တကယ်က အင်စတီကျူးရှင်းဆိုတာ ပုဂ္ဂိုလ်ရေးတွေနဲ့ ခေါင်းဆောင်ပိုင်း ကိုးကွယ်မှုတွေကို ကျော်လွန်ပြီး အဖွဲ့အစည်းဆိုင်ရာ လုပ်ကိုင်ရတာ ဖြစ်တယ်။ ခေတ်ကာလအခြေအနေတွေနဲ့ သမိုင်းဆိုင်ရာလိုအပ်ချက်တွေကို တုံ့ပြန် ဆောင်ရွက်ရတဲ့အခါ တဗိုလ်တမင်း ပြုမူတာ၊ ငါ့စကားနွားရ ပြောကြလုပ်ကြတာမျိုးထက်၊ အားလုံးပါဝင်ပြီး သဘောတူ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေသတွေ (rules of the game) ပေါ်ကနေ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ကိုယ့်ခေါင်းဆောင်ကို အာဏာရှင်ဖြစ်မသွားအောာင် အာဏာရှင်စိတ်ပေါက် မသွားအောင် အင်စတီကျူးရှင်ဆိုတဲ့ ‘အပြုအမူဆိုင်ရာ စွဲမြဲတဲ့ ပုံစံဒီဇိုင်းတွေ’ (persistent patterns of behavior) ကနေ ဘောင်ခတ်ပေးရပါတယ်။
လက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အာဏာရှင်အောက်က ရုန်းထွက်ဆဲနိုင်ငံတွေအဖို့ အင်စတီကျူးရှင်းဘောင် မကွပ်နိုင် ဖြစ်နေပါတယ်။ တချို့နိုင်ငံတွေမှာ စီးပွားရေးတိုးတက်မှုတွေ ရှိလာပေမဲ့၊ တရားဝင် အင်စတီကျူးရှင်းတွေ (formal institutions) ကို မတည်ဆောက်နိုင်သေးဘဲ၊ ဘာသာရေးနဲ့ ယဉ်ကျေးမှု စံနှုန်းတွေ၊ နဂို အရပ်ဓလေ့တွေအပေါ် တည်မီထားတဲ့ အလွတ်အင်စတီကျူးရှင်းတွေ (informal institutions) နဲ့သာ ရာစုချီ အသားကျနေပါတယ်။
တကယ်တန်းအားဖြင့် လူ့အဖွဲ့အစည်းတွေရဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်ကို လေ့လာတဲ့အခါ ပုဂ္ဂိုလ်ရေးတွေ၊ ဖြစ်ရပ်တွေ၊ ပဋိပက္ခတွေနဲ့ မူဝါဒတွေလောက်တင်မကဘဲ၊ နိုင်ငံရေးအင်စတီကျူးရှင်းတွေရဲ့ ဖြစ်ပေါ်တိုးတက်မှု၊ ပျက်သုံးမှုတို့ အထိ လေ့လာရပါတယ်။ လူ့အဖွဲ့အစည်းတိုင်းမှာ အခြေခံအားဖြင့် ဖွဲ့တည်နေတဲ့ အင်စတီကျူးရှင်းဆိုင်ရာ အဆောက်အအုံတွေကို တူးဆွကြည့်ရပါမယ်။
လူ့သမိုင်းဖြစ်စဉ်မှာ အခြေခံအားဖြင့် အရေးကြီးဆုံး နိုင်ငံရေးအင်စတီကျူးရှင်း ၃ ခုရှိပါတယ်။ နိုင်ငံ (the state)၊ တရားဥပဒေစိုးမိုးရေး (the rule of law) နဲ့ ဒီမိုကရေစီဆိုင်ရာ တာဝန်ယူဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ (procedures of promoting democratic accountability) ပါပဲ။ နိုင်ငံအသီးသီးမှာ ဒီ ၃ ခုကို ဘယ်လို ဘယ်လို ပေါင်းစပ်ကျင့်သုံးသလဲ၊ ခွဲခြားကျင့်သုံးသလဲ၊ ဘာကြောင့် အချို့အောင်မြင်ပြီး၊ အချို့ မအောင်မြင်သလဲ ဆိုတာတွေကို စနစ်တကျ လေ့လာဖို့ လိုပါလိမ့်မယ်။
လူမှုရေးသတ္တ၀ါ
လူကို ‘နိုင်ငံရေးသတ္တ၀ါ’ လို့ အရစ္စတိုတယ်လ် တို့၊ ရူးဆိုးတို့က ပြောခဲ့တယ်။ သို့သော် ဒီကနေ့ သိပ္ပံပညာနဲ့ ဇီဝဗေဒ ရှာဖွေတွေ့ရှိမှုတွေအရ လူကို ‘လူမှုရေးသတ္တ၀ါ’ လို့ တွေ့ရှိပါတယ်။ လူသားရဲ့ မျိုးရိုးဗီဇသဘောအရ တဦးထဲ နေလိုမှု မရှိဘဲ အပေါင်းအသင်းမင်တယ်။ လူ့ထုံးတမ်းသဘောကလည်း ဖြစ်စဉ်နှစ်ခုအပေါ်မှာ အခြေပြု ထားတယ်။ ဆွေမျိုးတော်စပ်ဖို့ ရွေးချယ်မှု (kin selection) နဲ့ အပြန်အလှန် ရိုင်းပင်းကူညီမှု (reciprocal altruism) တို့ပါပဲ။
ပထမဖြစ်တဲ့ သွေးသားတော်စပ်မှုကိစ္စမှာ လူသားဟာ တိရိစ္ဆာန်များလိုပဲ မျိုးဆက်ပြန့်ပွားပြီး မျိုးဆက် ချထားတယ်။ နောက် မိမိဆွေမျိုးသားချင်းကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ဗီဇရှိတယ်။ ဒီကနေ့ ကြုံရတဲ့ ‘ဆွေမျိုးကောင်းစားရေး ၀ါဒ’ (nepotism) ဟာ လူသားရဲ့ဗီဇစိတ်က လာတာ ဖြစ်တယ်။ ကိုယ့်သား၊ ကိုယ့်တူ၊ ညီ ယောက်ဖနဲ့ ခယ်မတို့ကို စောင့်ရှောက်ချင်တာဟာ လူသားဗီဇစိတ်ပါပဲ။ ဒုတိယဖြစ်တဲ့ အပြန်အလှန်ကူညီမှုမှာ မိမိနဲ့ ဆွေးမျိုးမတော်စပ်တဲ့ မျိုးရိုးအုပ်စုကို မျက်နှာသာပေးမှု ကူညီထောက်ပံ့မှုလိုမှုတို့ ပါဝင်ပါတယ်။ အခုခေတ်ကြုံရတဲ့ ခရိုနီဝါဒ ခေါ် အပေါင်းအသင်းရောင်းရင်း ကောင်းစားလိုမှုကလည်း လူ့ဗီဇသဘာဝက လာပါတယ်။
အဲဒီလို လူသားတွေရဲ့ ဆွေမျိုးသားချင်းနဲ့ မိတ်ဆွေအပေါင်းသင်းကို စောင့်ရှောက်ချင်တဲ့ လူမှုထုံးတမ်း စဉ်လာဟာ ယဉ်ကျေးမှုတိုင်း သမိုင်းခေတ်ကာလတိုင်းမှာ ရှိနေမြဲပါ။ သို့သော် အင်စတီကျူးရှင်းသစ်တွေ ပေါ်လာတဲ့အခါမှာ အဲဒီ ပင်ကိုယ်အတ္တစိတ်တွေနဲ့ အုပ်စုကြည့်မှုတွေကို ထိန်းချုပ်နိုင်ပြီး လူ့အဖွဲ့အစည်း တိုးတက်ဖြစ်ထွန်းမှု ရှေ့ခရီးကို ဆက်နိုင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ အင်စတီကျူးရှင်းတွေ ရတဲ့အခါ ယဉ်ကျေးမှု တိုးတက်ပြီး၊ အင်စတီကျူးရှင်းတွေ မှုန်ဝါးနေတဲ့အခါ နဂိုဗီဇတွေ ချယ်လှယ်ခံရလို့ လူ့အဖွဲ့အစည်းဟာ အရိုင်းအစိုင်းပုံစံနဲ့ ချာလပတ်ယမ်းနေပါတယ်။
လူ့အဖွဲ့အစည်း အဆင့် ၃ ဆင့်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀၀ ကျော်က ခေတ်သစ်လူသားမျိုးစိတ် တည်ရှိခဲ့တဲ့ အာဖရိကတနေရာမှာ လူတဦးချင်းဟာ အုပ်စုအဆင့် လူအဖွဲ့အစည်း (band-level societies) ပုံစံနဲ့ စုဖွဲ့ထားတယ်လို့ ကနေ့ မနုဿဗေဒပညာရှင်တွေက ယူဆပါတယ်။ ဗီဇသဘာဝအားဖြင့် ဆွေမျိုးတော်စပ်တဲ့ သေးငယ်တဲ့ အစုအဖွဲ့လေးတွေဟာ စုပေါင်း အမဲလိုက်ရင်း ၀မ်းကျောင်းခဲ့ကြတယ်။
ပထမဆုံး အင်စတီကျူးရှင်းဆိုင်ရာ အသွင်ကူးပြောင်းမှုကတော့ အခုက ပြန်ရေတွက်ကြည့်ရင် နှစ်ပေါင်း ၁၀၀၀၀ လောက်မှာ စတင်တယ်လို့ ဆိုပါတယ်။ အုပ်စုအဆင့်ကနေ မျိုးနွယ်စုအဆင့် လူ့အဖွဲ့အစည်း (tribal-level societies) ကို ကူးပြောင်းလာပြီး၊ အဲဒီအဆင့်မှာ မျိုးရိုးအဆက်အနွယ်ကို တန်ဖိုးထားလာတယ်။ သေသွားတဲ့ ဘိုးဘေးဘီဘင်တွေရဲ့ ပါဝါနဲ့ မမွေးသေးတဲ့ မျိုးဆက်တွေရဲ့ အရိုက်အရာဆက်ခံမှုတွေကို အလေးထားလာတယ်။ သူတို့ ကျန်းမာရေး၊ လုံခြံရေးနဲ့ ဘ၀ပျော်ရွှင်မှုအတွက် ဘာသာရေးတခုခုကို ယုံကြည်သက်ဝင်လာတယ်။ အဲဒီ မျိုးနွယ်စု လူ့အဖွဲ့အစည်းတွေဟာ ရှေးဦးတရုတ်၊ အိန္ဒိယ၊ ဂရိ၊ ရောမ၊ အရှေ့အလယ်ပိုင်းနဲ့ ကိုလံဘီယာအကြို အမေရိကနဲ့ ဥရောပရဲ့ ဂျာမန်မျိုးနွယ်တွေမှာ တည်ရှိခဲ့ပါတယ်။
နောက်ထပ် အရေးကြီးဆုံး နိုင်ငံရေးအသွင်ကူးပြောင်းမှုက မျိုးနွယ်စုအဆင့်ကနေ နိုင်ငံအဆင့် လူအဖွဲ့အစည်း (state- level society) ပေါ်ထွန်းမှုပါပဲ။ အရင် အုပ်စုအဆင့်တို့ မျိုးနွယ်စုအဆင့်တို့နဲ့ မတူတာက နိုင်ငံအဆင့်မှာ ဗဟိုအာဏာ ရှိလာတယ်။ မက်စ်ဝေဘာရဲ့ နိုင်ငံအယူအဆနဲ့ပြောရရင် ‘သတ်မှတ်ထားတဲ့ နယ်နမိတ်တခုပေါ်မှာ တရားဝင်အာဏာ ကျင့်သုံးခွင့် ရှိလာတယ်’ ။ အရင် ၂ ဆင့်မှာ အုပ်စုအဖွဲ့အ၀င်ချင်း တန်းတူရည်တူ ရှိခဲ့ပေမယ့် အခု နိုင်ငံအဆင့်မှာ အထက်အောက်ပုံစံကျင့်သုံးမှုတွေ၊ လူမှုမညီမျှမှုတွေ၊ ရာထူးနေရာနဲ့ လူတန်းစားတွေ ရှိလာတယ်။
နိုင်ငံ ၂ မျိုး
လူမှုပညာရှင် မက်စ်ဝေဘာက နိုင်ငံကို အကြမ်အားဖြင့် ၂ ပိုင်းခွဲပြောပါတယ်။ ပထမတခုက ‘ဘိုးဘွားပိုင် နိုင်ငံ’ (patrimonial state)။ အုပ်ချုပ်သူက နိုင်ငံနဲ့ အုပ်ချုပ်ရေးကို သူ့ဘိုးဘွားမိဘအမွေလို သဘောထားတယ်။ တိုင်းပြည်ကို သူ့ကိုယ်ပိုင်ပစ္စည်းလို ယူဆပြီး၊ အုပ်ချုပ်ရေးယန္တရားကို သူ့အိမ်ထောင်စု (ruler’s household) သဖွယ် တိုးချဲ့တယ်။ ဆွေမျိုး၊ မိသားစု သားတူညီများနဲ့ အပေါင်းအသင်းရောင်းရင်းတွေကို အဲဒီဘိုးဘွားပိုင် နိုင်ငံမှာ အကြီးအကျယ် ကောင်းစားစေတယ်။ လွန်ခဲ့တဲ့ နှစ် ၈၀၀၀ လောက်ကစပြီး ကမ္ဘာ့နေရာ အနှံအပြားမှာ ဘိုးဘွားပိုင်နိုင်ငံပုံစံတွေ ပေါ်ထွန်းခဲ့ပါတယ်။
ဒုတိယက ခေတ်သစ်နိုင်ငံ (modern state) ဖြစ်ပါတယ်။ ဘိုးဘွားပိုင်နိုင်ငံပုံစံက ပုဂ္ဂိုလ်ရေးရင်းနှီးမှု (personal) ကို အခြေပြုပြီး၊ ခေတ်သစ်နိုင်ငံက ပုဂ္ဂိုလ်စွဲကင်းမှု (impersonal) အပေါ်မှာ အခြေတည်ပါတယ်။ အုပ်စိုးသူက အုပ်ချုပ်ရေးယန္တရားထဲမှာ မိသားစု၊ ဆွေမျိုးညာတကာနဲ့ သားတူညီများကို နေရာချမပေးနိုင်ပါ။ နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍက ခေတ်သစ်နိုင်ငံပုံစံမှာ အရေးပါလာတယ်။ အုပ်ချုပ်ရေးရာထူးဌာနတွေမှာလည်း ပညာရှင်တွေနဲ့ အုပ်ချုပ်ရေးအတတ်ပညာသည်တွေကို ပုဂ္ဂိုရေးအစွဲကင်းစွာနဲ့ စုစောင်းရှာဖွေ နေရာချထားပါတယ်။
ခေတ်သစ်နိုင်ငံဖွံ့ဖြိုးမှုအဆင့် ရောက်ဖို့ဆိုရင် မိသားစု ဆွေမျိုးနဲ့ မိတ်ဆွေများအပေါ် အမှီပြုတဲ့ ပုဂ္ဂိုလ်စွဲ လူမှုအဖွဲ့အစည်းကနေ၊ ပုဂ္ဂိုလ်စွဲကင်းတဲ့ လူမှုအဖွဲ့အစည်းဆီ ရွှေ့ပြောင်းဖို့ လိုပါမယ်။ ဒီနေရာမှာ ပထမဆုံး ပုဂ္ဂိုလ်စွဲကင်းနိုင်ငံ ထူထောင်နိုင်ခဲ့တဲ့ တရုတ်ယဉ်ကျေးမှုကို ၀ှဲချီးပေးကြပါတယ်။ ဘီစီ ၃ ရာစု အစောပိုင်းမှာ တရုတ်က အုပ်ချုပ်ရေးအရာရှိတွေ စုဆောင်းရာမှာ အစိုးရရာထူးဝင် စာမေးပွဲမျိုးတွေ ဖန်တီးနိုင်ခဲ့တယ်။ ရာထူးခန့်ထားရေးတွေမှာ ပုဂ္ဂိုလ်ရေး ခင်မင်မှုထက် အရည်အချင်း ပြိုင်ဆိုင်မှုကနေတဆင့် ရွေးချယ်ပါတယ်။ ဥရောပမှာတော့ အလယ်ခေတ်နောက်ပိုင်း ခေတ်သစ်နိုင်ငံပုံစံတွေ အများကြီးထွန်းကားလာခဲ့ပါတယ်။
တရားဥပဒေစိုးမိုးမှု
တရားဥပဒေစိုးမိုးမှု (the rule of law) နဲ့ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုပါတယ်။ တချို့က ငြိမ်ဝပ်ပိပြားမှု (law and order) ကို တရားဥပဒေစိုးမိုးမှုလို့ ထင်တာမျိုးလည်း ရှိတယ်။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ လူ့အခွင့်အရေး၊ လူမျိုးစုအခွင့်အရေး စတာတွေကို တရားဥပေဒစိုးမိုးမှုလို့ ယူဆတာမျိုးတွေလည်း ရှိပါတယ်။
သို့သော် တရားဥပဒေစိုးမိုးမှုရဲ့ အနက်ရှိုင်းဆုံး အဓိပ္ပာယ်တခုက လူ့အဖွဲ့အစည်းတခုအတွင်း လူမှု သဘောတူညီမှု (social consensus) ကို ရရှိပြီး၊ အဲဒီကဖြစ်ပေါ်တဲ့ တရားမျှတတဲ့ ဥပဒေတွေက အုပ်စိုးသူရဲ့ အာဏာကို ကန့်သတ် ထိန်းချုပ်နိုင်စွမ်း ရှိခြင်းပါပဲ။ တနည်းပြောရရင် အုပ်ချုပ်သူက အချုပ်အခြာ မဟုတ်ဘဲ၊ ဥပဒေကသာ အချုပ်အခြာ ဖြစ်တယ်။ အုပ်ချုပ်သူရဲ့ အာဏာဟာ အများသဘောတူ ချမှတ်ထားတဲ့ ဥပဒေတွေကသာ ဆင်းသက်ရမှာဖြစ်ပြီး၊ သူဟာ ဥပဒေအတိုင်း တရားမျှတစွာအုပ်ချုပ်မှသာ တရားဝင်မှု ရရှိမှာဖြစ်တယ်။
သမိုင်းခေတ်ကာလတိုင်း လူ့အဖွဲ့အစည်းတိုင်းမှာ အုပ်ချုပ်သူတွေဟာ သူ့နည်းသူ့ဟန်နဲ့ ဆိုးသွမ်းခဲ့တာချည်းပါပဲ။ မြန်မာအယူမှာလည်း မင်းကို ရန်သူများ ၅ ပါး စာရင်းသွင်းတာဟာ သင့်မြတ်တဲ့အတွေးအခေါ်ပါ။ အကြောင်းက အာဏာဟာ လူမှန်သမျှကို ဖောက်ပြန်စေလို့ပါပဲ။ ‘အာဏာဟာ ဖောက်ပြန်စေတယ်၊ အကြွင်းမဲ့အာဏာဟာ အကြွင်းမဲ့ ဖောက်ပြန်တယ်’ (Power corrupts; absolute power corrupts absolutely.) ဆိုတဲ့ စကားပုံက ထင်ရှားပါတယ်။
သို့သော် အဲဒီ ရမ်းကားနိုင်စွမ်းတဲ့ ဘုရင်၊ သမ္မတ၊ ကာချုပ်၊ ၀န်ကြီးချုပ်၊ ၀န်ကြီး၊ သူကြီး၊ ထွေအုပ်၊ မြို့နယ်မှူး၊ ရာအိမ်မှူး စသည်တို့ရဲ့ နိုင်ငံရေးအာဏာအပေါ် ကန့်သတ် စည်းနှောင်ထားနိုင်တဲ့ အများသဘောတူ ဥပဒေတွေ ရှိခြင်းကို တရားဥပဒေစိုးမိုးမှု ရှိတယ်လို့ ခေါ်ပါတယ်။ အကယ်၍ အုပ်စိုးသူတွေ နိုင်ငံရေးအာဏာရှိသူ တွေက ဥပဒေကို သူတို့အတွက် သင့်တော်သလို ပြင်ဆင်ခဲ့ရင်၊ တရားဥပဒေစိုးမိုးမှုဆိုတာ မရှိတော့ပါဘူး။ အချို့ဒေသ အစိတ်ပိုင်းမှာ အဲဒီဥပဒေကို ကျင့်သုံးနေဦးတော့ တကယ့် တရားဥပဒေစိုးမိုးမှုက ပျောက်ပျက်သွားပါပြီ။
ထိရောက်မှုရှိတဲ့ ဥပဒေစိုးမိုးမှုဆိုတာကလည်း အုပ်ချုပ်ရေးယန္တရားအောက်က ကင်းလွတ်တဲ့ သီးခြားတရားရေး အင်စတီကျူးရှင်း ပေါ်ထွန်းမှသာ ရရှိနို်င်ပါတယ်။ ဥပဒေစိုးမိုးမှုတခုဟာ နိုင်ငံသားတွေကို နိုင်ငံတော်ရဲ့ တဖက်သတ် ရမ်းကားဆောင်ရွက်ခြင်း အပြုအမူမှ အကာအကွယ်ပေးတယ်။ ဥပဒေတခုဟာ နိုင်ငံတော် အာဏာနဲ့ ပတ်သက်တဲ့ လူ့မလိုင်တစု သို့မဟုတ် နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားသူတစုရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်နေခဲ့ရင် အဲဒီဥပဒေဟာ ပလေတိုရဲ့ သမ္မတနိုင်ငံကျမ်းထဲက စကားအတိုင်း ‘သူခိုးဓားပြတစုရဲ့ တရားမျှတမှု’ (justice of a band of robbers) ဖြစ်နေပေလိမ့်မယ်။
တရားဥပဒေစိုးမိုးမှုဟာ လူ့အဖွဲ့အစည်းရဲ့ အရေးကြီးဆုံး အင်စတီကျူးရှင်း ၃ ခုထဲက တခုဖြစ်ပါတယ်။ တရုတ်မှာ နိုင်ငံတော် ဆိုတဲ့ အင်စတီကျူးရှင်းက အရင်ဦးဆုံးပေါ်ထွန်းခဲ့ပေမဲ့၊ စစ်မှန်တဲ့ တရားဥပဒေစိုးမိုးမှု အင်စတီကျူးရှင်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကနေ့ထိလည်း နိုင်ငံရေးအာဏာလက်တံကို ကန့်သတ်ထိန်းချုပ်ပေးနိုင်မယ့် ဥပဒေ ထွက်မလာသေးပါဘူး။
တရုတ်နဲ့ ပြောင်းပြန် အနောက်ဥရောပမှာတော့ နိုင်ငံ အင်စတီကျူးရှင်းမပေါ်ခင် ဥပဒေ အင်စတီကျူးရှင်းက အရင်ပေါ်ထွက်ခဲ့ပါတယ်။ တရားဥပဒေစိုးမိုးမှုက ခရစ်ယာန်ဘာသာရေးမှာ စတင် အခြေတည်ခဲ့ပြီး၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက မင်းတွေကို ဖော်လံဖား လုပ်မနေဘဲ၊ သူတို့အာဏာကို ကန့််သတ်ထိန်းချုပ်ဖို့ အမြဲကြိုးစားခဲ့ပါတယ်။ အုပ်စိုးသူနဲ့ နိုင်ငံတော်အာဏာကို နိုင်ငံသားတွေရှေ့က ဦးဆောင် ကန့်သတ်ပေးနိုင်တဲ့အပြင်၊ ခရစ်ယာန် ဘာသာဟာ အုပ်ချုပ်ရေးယန္တရားအောက် လွတ်လပ်စွာ အမြဲရပ်တည်နိုင်အောင် ကြိုးပမ်းလေ့ ရှိပါတယ်။
တာဝန်ယူမှု
တာဝန်ယူမှု(accountability) ဆိုတာ အစိုးရတရပ်ဟာ ကိုယ်ကျိုးစီးပွားအတွက် ထင်ရာမြင်ရာ လုပ်တာ မဟုတ်ဘဲ၊ လူ့အဖွဲ့အစည်းတခုလုံးရဲ့ အကျိုးစီးးပွားအပေါ် တာဝန်ခံ ဆောင်ရွက်ရတာ ဖြစ်တယ်။ အပြည့်အစုံ စကားလုံးက ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းဆိုင်ရာ တာဝန်ယူမှု (democratic procedural accountability)။ နိုင်ငံသားအားလုံး သူတို့ရဲ့ ခေါင်းဆောင်ကို စိတ်ကြိုက်ရွေးချယ်တင်မြှောက်နိုင်ဖို့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ပုံမှန် ကျင်းပပေးရမယ်။ နိုင်ငံသားတွေရဲ့ လိုအပ်ချက် တောင်းဆိုချက်တွေကို တုံ့ပြန် ဆောင်ရွက်ပေးရမယ်။
ဒီမိုကရေစီနိုင်ငံမှာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတယောက်ဖြစ်ဖို့ဆိုရင် ဒီမိုကရေစီနိုင်ငံရေး စနစ်ထဲ ပါဝင်နိုင်စွမ်း ရှိရပါမယ်။ အဓိက တာဝန်ယူမှုဆိုင်ရာ ယန္တရားက ပါလီမန်ဖြစ်ပြီး၊ အစိုးရရော နိုင်ငံသားတွေပါ အတူသွားနိုင်မယ့် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေကို သဘောတူ ချမှတ်ရပါမယ်။ သို့သော် သတိပြုသင့်တာက ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းတိုင်းက ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာမယ်လို့ချည်း မျှော်လင့်ထားလို့ မရပါ။
အပြန်အလှန်ထိန်းညှိမှု
ဒီတော့ လူ့အဖွဲ့အစည်းတခု တိုးတက်ဖို့ အရေးကြီးတဲ့ အင်စတီကျူးရှင်း ၃ ခု လိုအပ်ပြီး အပြန်အလှန်ထိန်းကြောင်း အသက်ဝင်နေဖို့ လိုပါမယ်။ နိုင်ငံ့အင်စတီကျူးရှင်းတွေက ဥပဒေတွေ ဩဇာအာဏာ တည်စေဖို့ အာဏာသုံးနိုင်စွမ်း ရှိတယ်၊ လုံခြုံရေးကို ဆောင်ရွက်နိုင်မယ်၊ ပြည်ပရန်ကာကွယ်ပေးမယ်၊ အများပြည်သူ့ လိုအပ်ချက်တွေ ဖြည့်ဆည်း ပေးနိုင်မယ်။ နောက် တရားဥပဒေစိုးမိုးရေးနဲ့ တာဝန်ယူမှုဆိုင်ရာ အင်စတီကျူးရှင်းတွေက အစိုးရရဲ့ အာဏာကို ကန့်သတ်ထိန်းကွပ်ပေးနိုင်မယ်။
အဲဒီ အခြေခံ အင်စတီကျူးရှင်းသုံးစုံက နိုင်ငံအသီးသီးမှာ ဘယ်လိုလုပ်နေလဲဆိုတာ အကဲခတ်ကြည့်နိုင်ပါတယ်။ တရုတ်ဟာ ကောင်းစွာဖွံ့ဖြိုးပြီး အင်အားရှိတဲ့နိုင်ငံ (state) ဖြစ်ပေမဲ့ တရားဥပဒေစိုးမိုးရေးမှာ အားနည်းသလို ဒီမိုကရေစီဆိုင်ရာ တာဝန်ယူမှု မရှိပါဘူး။ စင်္ကာပူမှာ နိုင်ငံ့အင်စတီကျူးရှင်းတွေနဲ့ တရားဥပဒေစိုးရေးတွေ ရှိပေမယ့် ဒီမိုကရေစီက အကန့်သတ်ခံထားရ တယ်။
ရုရှားမှာ ဒီမိုကရေစီဆိုင်ရာ ရွေးကောက်ပွဲတွေ ရှိပေမယ့် နိုင်ငံ့ အင်စတီကျူးရှင်းက သဘောထားကွဲလွဲသူတွေကို ဖိနှိပ်တဲ့ ယန္တရားဖြစ်နေပြီး၊ ပြည်သူ့ဝန်ဆောင်မှုပေးရာမှာ ညံ့ဖျင်းတယ်၊ တရားဥပဒေ စိုးမိုးမှုက အားနည်းပါတယ်။ ယိုယွင်းနိုင်ငံတွေဖြစ်တဲ့ ဆိုမားလီးယား၊ ဟေတီ၊ ကွန်ဂို၊ တို့မှာ ရွေးကောက်ပွဲတွေ ရှိပေမယ့် နိုင်ငံ့ အင်စတီကျူးရှင်းနဲ့ တရားဥပဒေစိုးမိုးရေး က ချည့်နဲ့လွန်းပါတယ်။
အချုပ်အားဖြင့် နို်ုင်ငံရေးပုံမှန်ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းကိုသွားဖို့ အင်စတီကျူးရှင်းသုံးစုံဟာ အပြန်အလှန် ထိန်းညှိလုပ်ဆောင်ဖို့ လိုပါမယ်။ အင်အား ကြီးမားတဲ့နိုင်ငံဖြစ်ပေမယ့် အာဏာကို ထိန်းကွပ်နိုင်တဲ့ အင်စတီကျူးရှင်း မရှိရင် အာဏာရှင်စနစ်ပါပဲ။ အခြားအင်စတီကျူးနှစ်စုံ ရှိပေမယ့် နိုင်ငံတော်ဆိုတဲ့ ဗဟိုအာဏာက အားပျော့နေရင် မတည်ငြိမ်မှု ကြုံရပြီး ဘယ်မှခရီးမရောက်ဘဲ ဖြစ်နေပါလိမ့်မယ်။
ရဲမြင့်ကျော်
ရည်ညွှန်း။
Political Order and Political Decay by Francis Fukuyama
The Origins of Political Order by Francis Fukuyama
Building Institutions for Markets by World Development Report 2002
(DVB ဆောင်းပါး၊ ၁၃ အောက်တိုဘာ ၂၀၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...