Sunday, October 11, 2015

တက္ကသိုလ်ကျောင်းသားများ စစ်ယူနီဖောင်းဝတ်ကြမှာလား

Tin Nyunt

သတင်းတစ်ပုဒ်ဗျာ နည်းနည်းတော့ စပ်ဖျင်းဖျင်းဖြစ်လို့ပါ။ တက္ကသိုလ်တွေမှာ စစ်ပညာသင်တာကို ရေးကြီး ခွင်ကျယ် လုပ်နေတဲ့သတင်း။ ကျွန်တော်တို့ ကျောင်းသားဘဝတွေတုန်းက တက္ကသိုလ်အရံတပ်ရင်းဆိုတာ ရှိခဲ့တာပေါ့။ ဘယ်ကျောင်းသားကိုမှ အတင်းအဓမ္မဝင်ခိုင်းတာ မဟုတ်ဘူးဗျ။ ဝင်ချင်ဝင်၊ မဝင်ချင်နေ၊ မက်လုံးပေးပြီး ဘယ်လောက်ဆွယ်ဆွယ် ကျောင်းသားတိုင်း အဲဒီတပ်ထဲကို မဝင်တာတော့ သေချာသဗျ။
စစ်ပညာဆိုတာ တတ်စေချင်တဲ့စိတ် တကယ်စေတနာ သဘောရိုးရှိခဲ့ရင် အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်မှုထမ်းရမယ်လို့ ဥပဒေနဲ့ ပြဋ္ဌာန်းလိုက်ပေါ့ဗျာ။ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးအတွက်ယောင်ယောင်၊ ကျောင်းသားတွေကို နားလည်အောင်လိုလို ပုံမှားရိုက်ပြီး ယူနီဖောင်းဝတ် စစ်ပညာလာသင်ကြဆိုတာမျိုး ကတော့ လက်မခံနိုင်ဘူးဗျ။ တက္ကသိုလ်အဆင့်ရောက်လာတဲ့ ကျောင်းသားတိုင်းမှာ ခံယူချက်တွေ၊ ခံစားချက် တွေတူကြတာ မဟုတ်ဘူး။ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိရမယ်။ တိုင်းပြည်အတွက် လိုအပ်ရင် ဘယ်ကျောင်းသားမှ လက်နှေးမှာ မဟုတ်ဘူးဗျ။
ဒါပေမဲ့ ဘယ်သူ့အတွက် စစ်သင်တန်းတက်ရမှာလဲ၊ ဘယ်သူ့အတွက် တိုက်ပွဲဝင် ပေးရမှာလဲဆိုတဲ့အတွေးမျိုးတွေကို ကျောင်းသားတွေ နားလည်အောင်လုပ်ဖို့ အရေးကြီးတယ်။
၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်က တက္ကသိုလ်ကျောင်းတွေထဲဝင်ပြီး ဘယ်လိုနှိမ်နင်းသွားခဲ့တယ်ဆိုတာ စိတ်ထဲမှာ မဖျောက်နိုင်သေးတဲ့ မိဘတွေက မွေးဖွားလာတဲ့သားသမီးတွေမှာ သူတို့စူးကို ထပ်ထည့်ပေးလိုက် ကြမှာသေချာတယ်။ တက္ကသိုလ်ထဲမှာ စစ်ယူနီဖောင်းတွေ လွှမ်းမိုးလာမယ့်အဖြစ်ကို ကြိုက်သူလည်းရှိမယ်၊ မကြိုက်သူလည်း ရှိလိမ့်မယ်။ အားလုံးဟာ ကိုယ်ပိုင်ရွေးချယ်ခွင့်ပဲ။
ခုလည်း တက္ကသိုလ်ကျောင်းတွေထဲမှာ လာမယ့်စာသင်နှစ်ကစပြီး ကျောင်းသားတွေကို သာမက ကျောင်းသူတွေကိုပါ စစ်နီယူနီဖောင်းတွေ အဝတ်ခိုင်းမယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ပိုင်ခွင့်ပဲ ဖြစ်သင့်တယ်။ ကျောင်းသားသမဂ္ဂဆိုတာကိုတော့ ထူထောင်ခွင့်မပေးသေးဘဲ UTC လို့ခေါ်တဲ့ စစ်တပ် အဖွဲ့အစည်းနဲ့ ကျောင်းသား ကျောင်းသူတွေကို လွှမ်းမိုးတာ ခံသင့်၊ မခံသင့်ဆိုတာ သူတို့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက် အတိုင်းသာ ဖြစ်သင့်တယ်။
အဓမ္မလုပ်ရင် ဒီမိုကရေစီ ဆိတ်သုဉ်းမယ်။ UTC ကို အားကောင်းအောင်လုပ်လာတာဟာ ကျောင်းသားသမဂ္ဂကို မှေးမှိန်သေးသိမ်အောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ဆိုရင်တော့ ဆန့်ကျင်ရမယ်။ အားလုံးဟာ ဒီမိုကရေစီ နည်းကျ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိရေးကို ဦးတည်ရမယ်။
၁၀.၁၀.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...