Monday, October 5, 2015

ဥက္ကဋ္ဌကို ဝန်းရံကြ

Tin Nyunt

ရပ်ကွက်ထဲ မနက်စောစောစီးစီး ဆိုင်းသံဗုံသံတွေ ဝုန်းဒိုင်းကြဲနေတာကြောင့် လန့်နိုးသွားတယ်။ အိပ်မရတဲ့ အဆုံး လက်ဖက်ရည်ဆိုင်ထွက်ခဲ့တော့ လမ်းထိပ်က ဘိုးဘိုးကြီး နတ်နန်းမှာ နတ်ကနားပေးနေတာ တွေ့လိုက်ရ တယ်။
ထူးခြားတာက နတ်ကနားပေးတဲ့ မဏ္ဍပ်တစ်ခုလုံး အစိမ်းရောင် အဝတ်တွေပတ်၊ နဖူးစီးကအစ အစိမ်းရောင်။ ပိုပြီး ထူးတာရှိသေးတယ်။ ညောင်ပင်အောက်က ဘိုးဘိုးကြီးကို ချိတ်အစိမ်း၊ အင်္ကျီအဖြူ၊ ပုဝါအစိမ်း ဆင်ပေး ထားတာပဲဗျ။ ဒီ့ထက်ပိုထူးတာ ရှိသေးတယ်။ ဥက္ကဋ္ဌကိုယ်တိုင် အစိမ်းတောင်ရှည်၊ အင်္ကျီအဖြူ၊ ခေါင်းပေါင်း အစိမ်းနဲ့ဖြစ်နေသလို၊ သူ့မိန်းမကလည်း အစိမ်းရောင်ဝမ်းဆက် မင်းသမီးဝတ်စုံနဲ့ နတ်ကဖို့ ပြင်နေကြတယ်။
နတ်ကနားပွဲတစ်ခုလုံး အစိမ်းရောင်တွေ လွှမ်းနေလို့ ကျွန်တော် ဘုမသိ ဘမသိဖြစ်နေတုန်း လက်ဖက်ရည်ဆိုင် ထဲကနေ ငတာက “ ကျောင်းဆရာရေ .. လာဗျ” လို့လှမ်းခေါ်လိုက်တယ်။
“ကျောင်းဆရာ .. ဒီနေ့တော့ ကြိုက်တာစား၊ ကြိုက်တာသောက်ဗျာ။ ကျုပ် ဒကာခံမယ်”

“ထူးခြားလှချည်လား ငတာ။ ဘာကြောင့်များပါလိမ့်”
“ဥက္ကဋ္ဌက သူ့နတ်ပွဲကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ရွဲ့ကြီးတို့လူမိုက်အဖွဲ့ကို ငွေ တစ်သောင်းပေးထားတယ်။ ကျုပ်ကိုလည်း ခွေးတွေ ထိန်းထားဖို့ဆိုပြီး ဒီဆိုင်မှာ ကြိုက်သလောက်စား၊ ကျသလောက် ရှင်းပေးမယ် ပြောထားသဗျ။ တော်ကြာ နတ်ကနားပွဲလာတဲ့ သူတွေကို ဒန်ပေါက်တွေဝေဦးမှာ။ ကျုပ်တော့ ဒီနေ့ ခွေးဘုရားပွဲ တိုးတော့တာပဲ.. ဟီ .. ဟီ” လို့ပြောသဗျ။
“ကိုရင်တာ .. နင့်ပဲ မေးရတော့မှာပဲ။ ဘာဖြစ်လို့ ဘိုးဘိုးကြီးကို ဥက္ကဋ္ဌကသိမ်းပိုက်ပြီး ထမီဝတ်ပေးထားတာလဲ”
“အဲဒါ ယတြာဗျ ကျောင်းဆရာရ။ ခင်ဗျားတို့တိုင်းပြည် အစိုးရမင်းတွေတောင် ချိတ်ထမီတွေ ဝတ်နေတာ ဘိုးဘိုးကြီးက ဘာမို့လို့လဲ။ တို့ .. ဘိုးဘိုးကြီးများ အရင်က စုတ်စုတ်ပြတ်ပြတ်။ ခုမှ အစိမ်းရောင်ချိတ်နဲ့ ပြောင် ပြောင်ယောင်ယောင်ရှိတော့တယ်”
“ငတာရေ .. လူတွေ ရူးပါ့ကွာ။ ငါတော့ နားမလည်တော့ဘူး”
“ဟေ့ .. ကျောင်းဆရာ လူတိုင်းကို အရူးနဲ့ မနှိုင်းနဲ့ဗျ။ အရူးသိက္ခာကျတယ်။ အဲဒါ ရူးတာမဟုတ်ဘူး ကျောင်းဆရာရ .. ပေါတာ .. ပေါတာမှ ရိုးရိုးပေါတာ မဟုတ်ဘူး သောက်ကျိုးနည်းပေါတာ။ အရူးထက် အဆင့် ကျော်ပြီး ပေါတာလို့ခေါ်သဗျ”
အဲဒီလိုနဲ့ ဥက္ကဋ္ဌရဲ့ နတ်ပွဲကလည်း ဒန်ပေါက်လည်းဝေနေတော့ စည်ကားလှသပေါ့။ နေ့လည်ခင်းကျတော့ နတ်တွေလည်းမောပြီး ခေတ္တနားနေချိန်မှာ
“ဒိန်း ..ဒိန်း .. ဒိန်း .. တပ် .. တပ် .. ဒိန်း” ဆိုပြီး ဘင်သံတွေကို ကျောင်းရှေ့ကလမ်းထဲမှာ မပြတ်ကြားနေရ တယ်။
ဟ .. ဘာဖြစ်ပြန်ပြီလဲလို့ အပြင်ထွက်ကြည့်တော့ ငတာဗျာ မျက်လှည့်ဆရာ ကိုပေါ သူ့ကိုအပ်ထားတဲ့ ဘင်ကြီးကို ရှေ့ဆုံးကထုပြီး တဝုန်းဝုန်းချီတက်လာပါပေါ့လား။ ထုံးစံအတိုင်း ခွေးချုပ်ကြီးဆိုတော့ သူ့နောက် တော်ပါးမှာ မပြတ် ကပ်ပါလာတာက ခွေးတွေ။ ပိုပြီးထူးခြားတာက သူ့ခွေးတွေ တစ်ကိုယ်လုံး အစိမ်းရောင် တိုက်သုတ်ဆေးတွေ သုတ်ပေးထားတာပဲ။ ဘင်သံကတဒုန်းဒုန်း၊ ခွေးတွေက တအူအူ ရပ်ကွက်ထဲဆူလှပေါ့။
“ငတာ .. ဘယ်လိုဖြစ်လာတာလဲကွာ”
“လမ်းထိပ်ကတိုက်သုတ်တဲ့ ဆေးတွေ ပိုနေလို့ ကျုပ်ကိုလာပေးတာနဲ့ စိတ်ကူးပေါက်ပြီး ဥက္ကဋ္ဌနဲ့ ဆင်တူ သွားအောင်၊ ဘိုးဘိုးကြီးကိုလည်း ဝန်းရံရာရောက်အောင် ကျုပ်အဖွဲ့သားတွေကို အစိမ်းရောင် သုတ်ပေး လိုက်တာ။ ဘာပဲဖြစ်ဖြစ် ဥက္ကဋ္ဌကို ဝန်းရံရမယ်။ ဘာတဲ့ .. ဥက္ကဋ္ဌကို ဝန်းရံကြ ဒိန်း … ဒိန်း … ဥက္ကဋ္ဌကို ဝန်းရံကြ … ဒိန်း တပ် တပ်.. ဒိန်း တပ်တပ် ...”
၎.၁၀.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...