Monday, October 19, 2015

“အနာဂတ်ရှိခြင်း နှင့် မရှိခြင်း”


မယုံနိုင်စရာ ထူးဆန်းလွန်းလို့ နိုင်ငံတကာက တုန်လှုပ်ခြောက်ခြားသွားတဲ့ မှုခင်းကြီး တစ်ခု ၂၀၁၃ ခုနှစ်တုန်းက အမေရိကားမှာ ပေါ်ပေါက်လာခဲ့တယ်။ တရားခံကို ထောင်တစ်သက် လွတ်ရက်မရှိ ပြစ်ဒဏ်အပြင် နောက်ထပ် နှစ် ၁,၀၀၀ ပေါင်းလိုက်သေးတယ်ဆိုတော့ ဘယ်လောက် အပြစ်ကြီးတဲ့ အမှုလဲဆိုတာ စဉ်းစားသာ ကြည့်ပါ။

အဲဒီမှုခင်းဟာ စဉ်းစား အဖြေရှာစရာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီမှုခင်းကို လေ့လာကြည့်မယ်ဆိုရင် ကျနော်တို့ မြန်မာပြည်သူတွေလည်း တူညီတဲ့ ဖြစ်ရပ်တွေ အတွေးထဲမှာ အလိုလို ပေါ်လာပါလိမ့်မယ်။
အေရီယယ်လ် ကတ်စထရို ဆိုတဲ့ လူတစ်ယောက်က ပြန်ပေးဆွဲ ဖမ်းဆီးထားပြီး ၁၀ နှစ်ကျော် နှစ်ရှည်ကြာ မုဒိမ်းကျင့်နေတဲ့ အမျိုးသမီး သုံးယောက်နဲ့ ၆ နှစ်အရွယ် သမီးလေးကို ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့က ကယ်တင်လိုက်နိုင်တဲ့ ကိစ္စဟာ မယုံနိုင်စရာ အထူးခြားဆုံး သတင်း ဖြစ်သွားခဲ့တယ်။
အေရီယယ်လ် ကတ်စထရိုဟာ အသက် ၄၁ နှစ်ကျော် အရွယ်၊ ၂၀၀၂ ခုနှစ်က စပြီး အမျိုးသမီး သုံးယောက်ကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆီးခဲ့ပါတယ်။ အရင်အိမ်ထောင်ဟောင်းက သူ့သမီးအရင်းရဲ့ ၁၄ နှစ်ရွယ် သူငယ်ချင်းမလေးကို ၂၀၀၄ ခုနှစ်မှာ နောက်ဆုံး သုံးယောက်မြောက်အဖြစ် ဖမ်းဆီးပြီး သူ့အိမ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်။
၁၀ နှစ်ကျော် ချုပ်နှောင်ထားရင်း အမျိုးသမီး သုံးယောက်ကို နေ့စဉ် မုဒိမ်းကျင့်နေတာ ပတ်ဝန်းကျင်က လုံးဝ မသိကြဘူး။ သူ့အိမ်က မြို့ပြင် လူနေကျဲပါးတဲ့နေရာ ခြံကြီးဝင်းကြီးထဲမှာ မဟုတ်ဘဲ လူနေစိတ်တဲ့ ကလိဗ်လင်း မြို့လယ် သာမန်ရပ်ကွက်ထဲမှာပါ။ ကျယ်ကျယ်အော်ရင် ဘေးအိမ်တွေက ကြားနိုင်အောင် အိမ်ချင်း ကပ်နေပါတယ်။
ပြီးတော့၊ တရားခံဟာ နေ့မှာ အချိန်ပြည့် အလုပ်သွားနေရင် အိမ်ထဲမှာ အမျိုးသမီး အကျဉ်းသား သုံးယောက်တည်း ကျန်ခဲ့တာပါ။ ဘာဖြစ်လို့ ထွက်ပြေးဖို့ မကြိုးစားကြတာလဲ၊ ဘာဖြစ်လို့ အော်ဟစ် အကူအညီမတောင်းကြတာလဲ၊ ဘာဖြစ်လို့ သုံးယောက်နဲ့ တစ်ယောက် မခုခံ မတိုက်ခိုက်ကြတာလဲ ဆိုတဲ့ မေးခွန်း ပဟေဠိတွေ အများကြီး ထွက်ပေါ်လာခဲ့တယ်။
ကျနော့အတွက်တော့ ဒီဖြစ်ရပ်ဟာ ဘဝရဲ့ အသိဉာဏ် အလင်းရောင်တွေ အများကြီး ရလိုက်တာကြောင့် မမေ့မပျောက် မှတ်တမ်းတင်ထားရမှာပါ။
သူတို့ လွတ်မြောက်လာတဲ့ ဖြစ်စဉ်မှာ ကျနော့ အာရုံကို ဖမ်းစားလိုက်တဲ့ ကိစ္စကတော့ ဒီလိုပါ။
အသက် ၁၇ နှစ်အရွယ် ၂၀၀၃ ခုနှစ်ကတည်းက ပြန်ပေးဆွဲခံရတဲ့ အာမန်ဒါ ဘယ်ရီက အော်ဟစ် အကူအညီတောင်းလို့ အိမ်နီးချင်းတွေ သွားပြီး ကယ်တင်တဲ့အခါ အသက်၂၇ နှစ် ရှိနေပြီ ဖြစ်တဲ့ အာမန်ဒါနဲ့ သူ့ရဲ့ ၆ နှစ်သမီးလေးတို့ အိမ်ထဲက လွတ်မြောက်လာပါတယ်။ တစ်ခြားအမျိုးသမီး နှစ်ယောက်ကတော့ အိမ်ထဲမှာပဲ ကျန်နေပြီး ရဲတွေရောက်လာမှ ကယ်တင်လိုက်ရပါတယ်။
ဒီအမျိုးသမီး နှစ်ယောက်ဟာလည်း ၁၁ နှစ်ကျော် အဖမ်းခံထားရတဲ့ မစ်ရှယ်လ် နိုက် (အခု ၃၂ နှစ်) နဲ့ ၁၀ နှစ်နီးပါး အဖမ်းခံထားရတဲ့ ဂျီနာ ဒီဟေးဆုစ်(အခု ၂၄ နှစ်) တို့ ဖြစ်ပါတယ်။ သူတို့ကို တွေ့တဲ့အချိန်မှာ ဘာမှ ချည်နှောင် ဖမ်းဆီးထားတာ မရှိပဲ ထွက်ပြေးချင်ရင် ပြေးလို့ရပါတယ်။
သူတို့ သုံးယောက်ကို ဖမ်းထားခါစမှာပဲ သံကြိုးတွေနဲ့ တုပ်နှောင်ပြီး မြေအောက်ခန်းမှာ ချုပ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ အနှောင်အဖွဲ့မရှိပဲ အိမ်ထဲမှာ လွတ်လွတ်လပ်လပ် နေခွင့်ရှိတယ်။ ထွက်ပြေးဖို့ အခွင့်အလမ်းအများကြီး ရှိတယ်။
အဲဒီမှာ မေးစရာ မေးခွန်းကြီးတခု ပေါ်လာပါတော့တယ်။ အိမ်နီးချင်းတွေက အိမ်ရှေ့တံခါးကို ဖျက်ပေးလိုက်တဲ့ အပေါက်ကနေ အာမန်ဒါနဲ့ သူ့သမီးလေး ထွက်ပြေးသွားသလို သူတို့ နှစ်ယောက်က ဘာဖြစ်လို့ လိုက်မသွားပဲ အိမ်ထဲမှာ နေရစ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကြီးပါပဲ။
အက်ဖ်ဘီအိုင်က မှုခင်းစိတ်ပညာရှင်တစ်ဦးကို CNN သတင်းဌာနက တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးမှာ အဲဒီမေးခွန်းတွေကို ဖြေကြားသွားတာ အလွန်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
သူတို့လည်း ထွက်ပြေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့်၊ ကတ်စထရိုက သော့ခတ်ဖို့ မေ့သလိုလို၊ တံခါး ပွင့်နေသလိုလို တမင် ထောင်ချောက်ဆင်ထားတာ ဖြစ်လေတော့ ပြေးဖို့ကြံရင် မိပြီး သေလုမျောပါး နှိပ်စက်ခံရတယ်။ တစ်ပတ်လောက် အစာမကျွေးဘဲ အငတ်ထားတယ်။ ဒါကြောင့်၊ အခွင့်အလမ်း ပေါ်လာတာတောင် တစ်ကယ်လား၊ ထောင်ချောက်လား မခွဲခြားနိုင်ဘဲ မပြေးရဲတော့ဘူးတဲ့။
ပြီးတော့၊ သူတို့ သုံးယောက်ကို စိတ်ပိုင်းဆိုင်ရာလည်း ကတ်စထရိုက ချုပ်ကိုင်ထားတယ်။ အချင်းချင်း မတည့်အောင် ရန်တိုက်ပေးထားလို့ တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်လောက် မခေါ်မပြော ဖြစ်ကြတာမျိုးတွေ ရှိသေးတယ်။ ဒါက လွယ်တယ်လေ။ တစ်ယောက်ကို အခွင့်အရေး ပိုပေးရင် ကျန်တဲ့ နှစ်ယောက်က မနာလိုဖြစ်၊ တစ်ယောက်ကို မဲပြီး ညှဉ်းပန်းနှိပ်စက်နေရင် ကျန်တဲ့နှစ်ယောက်က ကိုယ်နဲ့ မပတ်သက်အောင် ဝေးဝေးရှောင်ကြတော့ စိတ်ဝမ်းကွဲတော့တာပေါ့။ အကျဉ်းစံဘဝက လွတ်မြောက်အောင် အတူတူ စည်းစည်းလုံးလုံး ကြိုးစားဖို့ထက် အချင်းချင်း ငြူစူစောင်းမြောင်း ရန်ဖြစ်နေကြတယ်။
ပြီးတော့၊ သူတို့ထဲက အသက်အကြီးဆုံး၊ အချိန်အကြာဆုံး အဖမ်းခံထားရတဲ့ မစ်ရှယ်လ် နိုက်ဆိုရင် ၁၁ နှစ်ကာလအတွင်းမှာ ကိုယ်ဝန် ၅ ကြိမ်ရခဲ့တယ်။ အဲဒီ ၅ ကြိမ်စလုံး အပြင်းအထန် ရိုက်နှိက်၊ ဝမ်းဗိုက်နဲ့ ဆီးခုံကို ထိုးကြိတ်ကန်ကျောက်၊ အလေးတုံးနဲ့ ဖိပြီး ကိုယ်ဝန်ပျက်ကျအောင် လုပ်တယ်။
သူတို့ဟာ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့ နှိမ်ချဆက်ဆံမှုတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ် ကုန်ခမ်းနေပါပြီ။ သူတို့ ဒီဘဝက လွတ်မြောက်မှာ မဟုတ်တော့ဘူးလို့ စိတ်အစွဲ ဖြစ်နေတာတဲ့။
သူတို့ရဲ့ ဘဝဟာ လွတ်မြောက်ရင်လည်း လူ့အသိုင်းအဝိုင်းမှာ မဝင်ဆန့်တော့ပါဘူးဆိုတဲ့ အောက်ဆုံးအဆင့်အထိ စိတ်နှလုံး ဂျုံးဂျုံးကျသွားပြီ ဆိုပါတော့။
တနည်းအားဖြင့် သူတို့ဟာ ‘စိတ်ရဲ့ အကျဉ်းသား’ (mind prisoner) ဖြစ်နေတာပါ။ သူတို့ကို ဖမ်းထားသူဟာ တရားခံ အေရီယယ်လ် ကတ်စထရို မဟုတ်တော့ပါဘူး၊ သူတို့ရဲ့ စိတ်က သူတို့ကို ဖမ်းထားတာပါလို့ စိတ်ပညာရှင်က ရှင်းပြပါတယ်။
အဲဒီမှာ ထပ်ဆင့်မေးခွန်းက ကဲ…ဒါဖြင့် အာမန်ဒါကျတော့ ဘာဖြစ်လို့ လွတ်ဖို့ ကြိုးစားသလဲ၊ ဘာဖြစ်လို့ ပြေးသလဲ။
အဖြေကတော့ သူဟာ တစ်ခြားအမျိုးသမီး နှစ်ယောက်နဲ့ အခြေအနေချင်း မတူပါဘူး။ သူ့မှာ ၆ နှစ်အရွယ် လူမမယ်သမီးလေး ရှိတယ်။ သူ့အတွက် မစဉ်းစားရင်တောင် သူ့သမီးလေးအတွက် စဉ်းစားရတော့မယ်။
အာမန်ဒါ ဘယ်ရီဟာ လူယုတ်မာ ကတ်စထရိုနဲ့ပဲ ကိုယ်ဝန်ရလာတော့ လူမသိအောင် ဖုံးဖိထားတယ်။ ရှေ့က မစ်ရှယ်လ် နိုက်ရဲ့ အဖြစ်ဆိုးတွေကို မြင်တွေ့ထားတယ်လေ။ ကိုယ်ဝန် လရင့်လာမှ ကတ်စထရို သိသွားတော့ ဖျက်ဖို့ မလွယ်တော့ဘဲ မွေးခွင့်ပေးလိုက်ရတယ်။ (သူ့ကို သတ်ပြီး အစဖျောက် မပစ်လိုက်တာ ကံကောင်းပါသေးရဲ့။)
အကျဉ်းစံအိမ် မြေတိုက်ခန်းထဲက ကစားစရာ လေမှုတ်ရေကန်လေးထဲမှာ သမီးလေးကို ဖွားမြင်ခဲ့ရတယ်။ ဒီသမီးလေး မွေးဖွားလာခြင်းဟာ သူတို့အားလုံးအတွက် အပြောင်းအလဲ တစ်ခု ဖြစ်စေခဲ့တယ်။ သမီးလေးအပေါ် အားလုံးက ချစ်ခင် မေတ္တာထားကြလို့ အရင်တုန်းက မတည့်တဲ့ အမျိုးသမီး သုံးယောက်လည်း ပြန်ပြီး အဆင်ပြေလာတယ်။ လူယုတ်မာကလည်း သမီးလေးကြောင့် တင်းကျပ်ချုပ်ကိုင်မှုတွေကို နည်းနည်းပါးပါး လျှော့ပေါ့ပေးခဲ့တယ်။
သမီးလေးရဲ့အနာဂတ်ကို ဒီလို အကျဉ်းစံဘဝနဲ့ပဲ အလဟဿ အဆုံးရှူံးခံမလား၊ လွတ်မြောက်ရေးအတွက် စွန့်စားမလား ဆိုတာကို အာမန်ဒါ အလေးအနက် စဉ်းစားလာရပြီလို့ စိတ်ပညာရှင်က တင်ပြပါတယ်။ (ဒီအချက်ကို စာဖတ်သူအားလုံး သတိပြုစေချင်ပါတယ်။)
ကျောင်းနေရမဲ့ အရွယ်ရောက်နေပြီ ဖြစ်တဲ့ သမီးလေးကို ဦးစားပေးပြီး ထွက်ပြေးဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်ကို စိတ်ပညာရှင်က ‘အလှည့်အပြောင်းမှတ်’(breaking point) လို့ ခေါ်ပါတယ်။
ဒါကြောင့် အခွင့်အရေး ရခိုက်မှာ အာမန်ဒါက လွတ်မြောက်ရေးအတွက် ကြိုးစားတယ်၊ အော်ဟစ် အကူအညီတောင်းတယ်၊ ဖောက်ပေးတဲ့အပေါက်က သမီးလေးကို အပါခေါ်ပြီး မတွန့်မဆုတ် သူ ထွက်ပြေးတဲ့အချိန်မှာ တခြားနှစ်ယောက်ကတော့ အကျဉ်းစံအိမ်ထဲမှာပဲ ကျန်နေခဲ့ကြတယ်။ ရဲတွေက အိမ်ထဲအထိ ဝင်ပြီး ခေါ်ထုတ်မှ အပြင်ကို ထွက်ရဲကြတယ်။
မှုခင်းစိတ်ပညာရှင်ရဲ့ ရှင်းလင်း ပြောကြားချက်ကို ကြည့်ရှုနားထောင်ပြီးချိန်မှာတော့ ကျနော့နားထဲမှာ ‘စိတ်ရဲ့အကျဉ်းသား’…‘စိတ်ရဲ့အကျဉ်းသား’…‘စိတ်ရဲ့အကျဉ်းသား’…ဆိုတဲ့ အသံက မြည်ဟီး ရိုက်ခတ်နေပါတယ်။
ကျနော် နားမလည်တဲ့ ပဟေဠိတခုရဲ့ အဖြေကိုလည်း လင်းကနဲ တွေ့လိုက်ရသလိုပါပဲ။
ကျနော်တို့ မြန်မာပြည်သူတွေရဲ့ ဘဝဟာလည်း အခု ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းနဲ့ တော်တော်ကို တူနေတာ တွေ့ရပါလိမ့်မယ်။
နှစ် ၅၀ ကျော် စစ်အာဏာရှင်ရဲ့ သံလှောင်အိမ်ထဲမှာ အကျဉ်းကျနေတဲ့ မြန်မာပြည်သူတွေလည်း လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ကြတယ်။ ကြိုးစားတိုင်းလည်း သွေးချောင်းစီး နှိမ်နင်းသတ်ဖြတ်ခံကြရတယ်။ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ဘဝဆုံးကြရတယ်။ ဒါကြောင့်၊ လွတ်မြောက်ရေး ကြိုးပမ်းချင်စိတ်တွေ အားလျော့လာကြတော့တယ်။ တစ်နည်းအားဖြင့်၊ စိတ်ရဲ့ အကျဉ်းသားဘဝကို အလိုလို ရောက်သွားကြရပြီလေ။ လက်ရှိအခြေအနေမှာ မသေရုံတမယ် အသက်ရှင်နေရတာလေးကိုပဲ တင်းတိမ်ကျေနပ်ပြီး ဘဝအပြောင်းအလဲအတွက် ရုန်းကန်ကြိုးစားဖို့ အားမထုတ်ချင်တော့ဘူး။ စိတ်လျှော့ အရှုံးပေးထားလိုက်ပြီ။
အဲဒီကြားထဲမှာ အာဏာရှင်က အခွင့်အရေးပေးသူနဲ့ ဖိနှိပ်ခံရသူ ဆိုပြီး အချင်းချင်း သွေးခွဲလာတော့ စည်းလုံးညီညွတ်ရေးလည်း ဖရိုဖရဲ ဖြစ်နေလေရဲ့။ အာဏာနဲ့ အခွင့်အရေး မစို့မပို့ ပေးထားတဲ့ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေက မောက်မာထောင်လွှားပြီး လူတန်းစားတစ်ရပ်လို ဖြစ်လာတယ်။ သာမန် ပြည်သူတွေကို မတူမတန် ဖိနှိပ်ဆက်ဆံကြတယ်။ သူတို့အတွက် စစ်အာဏာရှင်တွေကသာ ကျေးဇူးရှင်တွေ ဖြစ်လာပြီး ဒီအခွင့်အရေးတွေ လက်လွတ်သွားမှာစိုးလို့ ခေတ်ပြောင်းမှာကို သေမလောက် ကြောက်ရွံ့နေကြလေရဲ့။
အခုအခါမှာတော့၊ ၂၀၁၅ ရွေးကောက်ပွဲဆိုတဲ့ ထွက်ပေါက်က လင်းရောင်ခြည်တန်းလေး မြင်လာရပြီ။ ဒီလိုအခွင့်အခါကောင်းမှာ အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ပြည်သူတွေ စည်းလုံးမိကြပြီ။ အတူတူ ရုန်းကန်နိုးထလာကြတာ အားရစရာပါ။ ပြည်သူလူထုကြီးက လွတ်မြောက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းချိန်မှာ အခွင့်ထူးခံ ကြံ့ဖွတ်တွေနဲ့အတူ တစ်စင်ထောင် နှောင့်ယှက်လာတာကတော့ မ.ဘ.သ. ဆိုတဲ့ ဘာသာရေး အစွန်းရောက်ဂိုဏ်းပဲ။
ကျနော်ပြောခဲ့တဲ့ မှုခင်းအကြောင်း ပြန်စဉ်းစားကြည့်လေ။ သားသမီး မရှိတဲ့ အမျိုးသမီးနှစ်ယောက်က ဖြစ်သမျှ ခေါင်းငုံ့ခံဖို့ မလှုပ်ရဲချိန်မှာ အာမန်ဒါကတော့ သမီးလေးအတွက် အသက်သေချင် သေပစေ၊ စွန့်စွန့်စားစား အားမာန်အပြည့်နဲ့ ကြိုးစားတယ်။ အဲဒါဟာ အနာဂတ်မရှိသူနဲ့ ရှိသူ စဉ်းစားတွေးခေါ်ပုံ ကွာခြားတာပဲ။
သားသမီးရှိသူတွေဟာ ကိုယ့်အတွက်သာမကဘဲ နောင်မျိုးဆက်အတွက်ပါ စဉ်းစားကြတယ်။ သားသမီးရဲ့ အနာဂတ်ဘဝ သာယာလှပရေးကို ဦးစားပေးကြတယ်။
ဒါပေမယ့်၊ မ.ဘ.သ.ဆိုတဲ့ ဘုန်းကြီး၊ မယ်သီလ အရေခြုံတွေမှာ သားသမီး မရှိဘူး။ (လုံးဝ သေချာတယ်၊ မှားရင် လည်ဖြတ်ခံမယ်။) သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံဟာ မိသားစုဘဝ တည်ဆောက်နေတဲ့ မိခင်ဖခင်တွေနဲ့ လုံးဝ ကွဲပြားခြားနားတယ်။ သူတို့ဟာ "ဗုဒ္ဓဘာသာ" ဆိုတဲ့ သာသနာတော်ကြီးကို ဗန်းပြပြီး ကိုယ်တစ်ဦးတည်း စားဝတ်နေရေး အဆင်ပြေအောင် လုပ်ကြတဲ့ အချောင်သမားတွေသာ ဖြစ်တယ်။
သူတို့ရဲ့ တစ်ကိုယ်ရေဘဝမှာ သူတစ်ပါးကို သံသရာကလွတ်မြောက်အောင် မကယ်တင်တဲ့အပြင် ဆွဲနှစ်ပြီး ကိုယ်ကျိုးစီးပွားရှာသူများပါပဲ။ ဘဒ္ဒန္တ အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇ ဂုရု ဆိုတဲ့ ဘွဲ့တွေ အရှည်ကြီးရပြီး စစ်အာဏာရှင်တွေက ချီးမြှင့်မြှောက်စားရင် ကျေနပ်ပြီလေ။ နောင်လာနောက်သား မျိုးဆက်သစ်များကို နှမ်းတစ်စေ့လောက်တောင် တန်ဖိုးမထားတတ်သူတွေပါ။ စစ်မှန်တဲ့ ရဟန်းသံဃာများက ကိုးကွယ်သူ ဒကာဒကာမတွေကို သံသရာ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ငြိမ်းချမ်းတဲ့ တရားများ ပြကြတယ်။ မ.ဘ.သ.တွေကတော့ ပူလောင်ဆင်းရဲစေတဲ့ ဘာသာရေး၊ လူမျိုးရေး အမုန်းတရားများသာ ဟောကြားပြီး အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်နေကြလေရဲ့။
သူတို့ပြောသမျှ ယုံစားနေတဲ့ လူဝတ်ကြောင် မ.ဘ.သ.များ စဉ်းစားစေချင်တယ်။ အနာဂတ်မျိုးဆက်သစ်အတွက် အပြောင်းအလဲဖြစ်အောင် ရုန်းထွက်ကြမလား။ သားသမီးတွေကို စစ်ကျွန်ဘဝမှာ နှစ်ထားခဲ့မလား။
တစ်ကယ်တော့ မြန်မာ့ အနာဂတ်မျိုးဆက်သစ်အတွက် "ပြောင်းလဲချိန်တန်ပြီ" ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...