Friday, October 9, 2015

အပုပ်စုပ် ကျောက်ဖရုံ

Tin Nyunt

ဥက္ကဋ္ဌတစ်ယောက် ရူးပြီနဲ့တူတယ် ဈေးထဲကို ကျောက်ဖရုံးသီးတစ်လုံး ငတာ့ကို အဝယ်လွှတ်လိုက်တယ်။ ကျွန်တော်က ဥက္ကဋ္ဌကို
“ဘာဖြစ်လို့လည်းဗျ။ ကျောက်ဖရုံသီး ဘာလုပ်မလို့လဲ” လို့မေးလိုက်တော့
“အဘတွေအတွက်လေဗျာ။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သက်ဆိုင်ရာ အိမ်ရှေ့တွေမှာ ကျောက်ဖရုံ သီးကို ဝါးလုံးနဲ့တိုင်ထောင်ထားရမယ်ဆိုလို့”
“ဘာအဓိပ္ပာယ်လဲ ဥက္ကဋ္ဌရဲ့”
“တိတိပပလည်း ပြောတတ်ပါဘူးဗျာ။ အထက်ကညွှန်ကြားချက်ပဲ။ အတိုက်အခံတွေ ကြောက်ဖြုံသွားအောင် ကျောက်ဖရုံ တိုင်တူခိုင်းတာလို့ ပြောတာပဲ”
ငတာကို ခိုင်းရတာလည်း ခပ်လန့်လန့်။ ဒီကောင်က တစ်ခုတော့ရှိတယ်။ မလုပ်ချင် လုံးဝမလုပ်ဘူး။ လုပ်မယ် ဆိုပြီး ခေါင်းငြိမ့်သွားလို့ကတော့ အသေအလဲ လုပ်လာတတ်တဲ့ကောင်ဆိုတော့ စောင့်ကြည့်ရတော့မှာ။

နေ့တစ်ဝက်ကျိုးသွားတယ် ငတာပေါ်မလာသေးဘူး။ ဥက္ကဋ္ဌ စိတ်ပူစပြုနေပြီ။ အဲဒီအချိန်မှာမှ ငတာတစ်ယောက် လမ်းထဲဝင်လာကြောင်း သိလိုက်ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ငတာလာရင် သူ့နောက်တော်ပါး ခွေးတပ်ကပါလာပြီ။ ဝိုးဝိုးဝေါင်ဝေါင်နဲ့ အသံတွေ ကြားရတာ အရင်ကထက် ပိုပြီး ဆူညံနေလို့ တစ်ခုခုတော့ တစ်ခုခုပဲဆိုပြီး အပြင်ထွက်ကြည့်လိုက်တော့ ငတာတစ်ယောက် လမ်းထဲမှာ တစ်ခါစီး ၂၀၀ ပေးရတဲ့ မြင်းကိုစီးပြီး ဝင်လာတာကိုး။ မြင်းမောင်းတဲ့ကောင်လေးက ငတာ့ကို မြင်းပေးစီး၊ ငတာက ကျောက်ဖရုံးသီးပိုက်၊ ပါးစပ်က ဆိုင်းတီးပြီး ရပ်ကွက်ထဲဝင်လာပုံများ အရယ်ရသား။ ကျွန်တော့်ကိုမြင်တော့ ငတာက ဝမ်းသာအားရ
“ကျောင်းဆရာရေ ကျောက်ဖရုံသီးပိုက်၊ မင်းလောင်းငတာ၊ ဟောဒီရပ်ကွက်ကို ပြုပြင်ပြောင်းလဲဖို့ မြင်းနဲ့ ကြွလာ တာ ဘယ့်နှယ်လဲဗျာ” လို့ မေးလိုက်တယ်။
ဥက္ကဋ္ဌက ဆဲဆိုပြီး ကျောက်ဖရုံသီးကို ပိုက်ပြီး ထွက်သွားသဗျ။ ငတာက ဥက္ကဋ္ဌကိုကြည့်ပြီး ဟီ .. ဟိ လို့ ဆိုလိုက်ကတည်းက ကျွန်တော်ကတော့ တစ်ခုခုနောက်ကွယ်မှာ ပြဿနာရှိနေပြီဆိုတာသိလိုက်သား
ဒီလိုနဲ့ ဥက္ကဋ္ဌအိမ်ရှေ့ ကျောက်ဖရုံသီးတိုင်ထောင်ပွဲကို လက်ဖက်ရည်ပွဲလောက်နဲ့ ကျင်းပပြီးချိန်မှာ လူတွေက အဲဒီ ကျောက်ဖရုံတိုင်ကို စိတ်ဝင်စားပြီး ဝိုင်းကြည့်နေကြတာ ပိုများလာတယ်။ ဥက္ကဋ္ဌလည်း ထူးဆန်းတယ်ဆိုပြီး ဟိုမေး သည်မေးပဲ။ နောက်မှ ဆိုက္ကားဆရာ ကိုတီးက အဲဒီကျောက်ဖရုံသီးဟာ တစ်လောလေးကမှ အသုဘချ ပြီးတဲ့ ဒေါ်တရုတ်မအခေါင်းပေါ်တင်ထားတဲ့ ကျောက်ဖရုံသီးလို့ ဖော်ကောင်လုပ်လိုက်တယ်။
ဥက္ကဋ္ဌလည်း ပြူးပြူးပြဲပြဲဖြစ်ပြီး ကျောက်ဖရုံသီးကို ပြန်ချ ဓားနဲ့ခွဲချလိုက်တော့ နံလိုက်တဲ့ ပုပ်စော်ဗျာ။ တစ်လမ်း လုံးကလူတွေ ထွက်ပြေးယူရတယ်။ ကျောက်ဖရုံသီးဆိုတာ အပုပ်စုပ်ထားတတ်တဲ့မျိုးဗျ။ ဒေါ်တရုတ်မက ဝလည်းဝ၊ အပုပ်လည်းမြန်တော့ သူ့သားသမီးတွေက ကျောက်ဖရုံသီးနဲ့ အပုပ်စုပ်ဖို့ အလောင်းဘေး ချထား တာ ငတာ့ကို ပေးလိုက်တယ်။ ငတာက ဥက္ကဋ္ဌဆီယူလာပြီး ဥက္ကဋ္ဌပေးတဲ့ ပိုက်ဆံ မြင်းစီး ပစ်လိုက်တယ်။
ခုတော့ကောင်းကြသေးရဲ့လား “ဥက္ကဋ္ဌပါတီ၊ မုချလာပြီ၊ ဒုက္ခပါမည်၊ အပုပ်နံ့ပါသည်” ဆိုပြီး ငတာကလိုက်အော်၊ ငတာအော်တဲ့ အပုပ်နံ့ဆိုတာကို အတိတ်ကောက်ပြီး ချဲတွေထိုးလိုက်တာ ၁၅၇ ဆိုတဲ့ဂဏန်းထွက်လို့ ဒိုင်တွေလည်း ဖြန်းဖြန်းကွဲ လျော်လိုက်ရ။ ရပ်ကွက်ထဲ အမှတ်တရတွေပေါ့။ ငတာတစ်ယောက်တော့ ခုထိ ဘယ်ပြေးနေမှန်း မသိသေးဘူး။
၈.၁၀.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...