Saturday, October 3, 2015

ကျွန်မ ဘာကြောင့် တိုင်ခဲ့သလဲ

 

အရင်းအမြစ်

ကျွန်မသည် မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် တာဝန်ထမ်းဆောင် နေသော အထက်တန်းပြဆရာမတစ်ဦးဖြစ် သကဲ့သို့ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာ ရေးသဘောတရားဌာနတွင် ပညာရေးဆိုင် ရာစီမံခန့်ခွဲမှုနှင့်ကြီးကြပ်မှု အထူးပြုဘာသာ ရပ်ဖြင့် ပါရဂူကျမ်းပြု နောက်ဆုံးနှစ်သင်တန်း သူတစ်ဦးလည်းဖြစ်သည်။

လက်ရှိတာဝန်ထမ်း ဆောင်နေသည့်ကျောင်းမှ ဇာတိမြို့ပေါ်ရှိ ကျောင်းသို့ ပြောင်းရွှေ့ရန် တန်းစီဇယား (မြို့ နယ်အဆင့်)တွင် ဦးစားပေးအမှတ်စဉ်(၁)နေ ရာတွင် ရှိခဲ့သည်။ လက်ရှိကျောင်းတွင် ငါးနှစ် နီးပါး တာဝန်ထမ်းဆောင်ပြီး ဖြစ်ပါသည်။
သို့သော် စီမံခန့်ခွဲသူတို့က ဦးစားပေး (၂) နှင့် (၆) တို့ကို အဆင့်ကျော်ပြောင်းပေး ခဲ့ပြီး ကျွန်မကို ကျောင်းတက်နေသော သင် တန်းသူဖြစ်သည်ဟုဆိုကာ ချန်ခဲ့ကြသည်။ ထို့ ကြောင့် မေးမြန်းစုံစမ်းညှိနှိုင်းမှုများကို ကိုယ် တိုင်သွားရောက်ပြုလုပ်ပြီးနောက် စီမံခန့်ခွဲ သူများက မိမိတို့၏ အားနည်းချက်ဖြစ်သွား မှုကို တာဝန်ယူသည့်အနေဖြင့် ဒုတိယအကြိမ် ထုတ်မည့်အဖွဲ့တွင် ဘာသာရပ်တစ်ခုခု (သို့ မဟုတ်) ခွဲဝေရာထူးသစ်တစ်ခုဖြင့် ထည့်ပြောင်း ပေးနိုင်ရန်အတွက် တာဝန်ရှိသူအားလုံးနှင့် ညှိ နှိုင်းဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သည်။ ကျွန်မဘက်ကလည်း စီမံခန့်ခွဲသူများမှာ မိမိ ၏ အထက်အရာရှိလည်းဖြစ်၊ ဆရာသမား လည်းဖြစ်သည့်အတွက် ယုံကြည်မှုအပြည့်အဝ ဖြင့် နောက်ဆက်တွဲ အပြောင်းအရွှေ့ပြန်တမ်း ကို စောင့်မျှော်နေခဲ့သည်။ ကျွန်မကို ပြန်ပြောင်း ပေးမည်ပေါ့။ သို့သော် အလွဲကြီးလွဲခဲ့ပါသည်။ ကျွန်မကို နေရာလစ်လပ်မှုမရှိဟုဆိုကာ ပယ် ခဲ့ပြန်သည်။ ယုံကြည်မှုကို အလွဲသုံးစားလုပ် ခံရသလို ခံစားရသည်။ လူကြီးများက လူငယ် များကို အခုလို ပျားရည်နှင့်ဝမ်းချသကဲ့သို့ လိမ် စားသင့်ပါသလား။ ကျွန်မ ဘာဆက်လုပ်ရ မည်နည်းဟု ပွင့်ပွင့်လင်းလင်းပင် မေးခဲ့ပါ သည်။ ပို၍ စိတ်ဝင်စားဖို့ကောင်းသည်မှာ ပြောင်းခွင့်ရခဲ့ကြသောသူ အများစုကလည်း ကွင်းဆက်များကို ကျွန်မအား အတိအလင်း ထုတ်ဖော်ပြောကြသည်။ မူဝါဒအရ မည်မျှပင် ကိုက်ညီမှုရှိပါစေ ထိုမူဝါဒတို့သည် စာရွက် ပေါ်တွင်သာ အတည်ဖြစ်ပြီး လူအရပြောင်း လဲသွားပါသည်တဲ့။ အပြောင်းအရွှေ့တို့၊ ရာ ထူးတိုးတို့ဆိုတာ လိုက်မှရမည်တဲ့။
ပညာရေးဝန်ထမ်းတစ်ဦးအနေဖြင့် ရင် နာရပါပြီ။ ခေတ်ပြောင်းစနစ်ပြောင်းတယ်ဆို တာကို နားမလည်နိုင်တော့ပြီ။ အမှန်တကယ် စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက စီမံနေ ကြသောသူများကို လွန်စွာအားနာမိသော် လည်း ကျွန်မ၏ ဖြစ်ရပ်မှန်အတွက်ကိုတော့ အဖြေရှာရပေလိမ့်မည်။
ကျွန်မတို့မွန်ပြည်နယ်သည် တက္ကသိုလ် ဝင်တန်းအောင်ချက် အကောင်းဆုံးဆိုသည့် ဂုဏ်နှင့် ရပ်တည်အောင်မြင်မှုရနေသကဲ့သို့ ဝမ်းနည်းစရာအဖြစ် အဂတိလိုက်စားမှုအများ ဆုံးဆိုသည့်အချက်က မွန်ပြည်နယ်တိုးတက် မှုအတွက် အဟန့်အတားပါ။ အဆိုးဆုံးက မွန် ပြည်နယ် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုး၊ ပြောင်း ပေါက်ဈေးသည် သုံးသိန်း၊ ငါးသိန်း၊ ၁ဝ သိန်းအထိဖြစ်နေသည်။ အရောင်းအဝယ် ဈေးကွက်တစ်ခုဖြစ်နေသည်။ ဝယ်သူရောင်း သူ ကျေနပ်တော့ အသံမထွက်ကြပါ။ သို့သော် ကြားကနေ ဂါရဝဟူ၍ပြောလာပြီး ဂါရဝနှင့် အဂတိလိုက်စားမှုကို ရောထွေးအသုံးချနေ သည်။
ကျေးဇူးရှိဖူးသူကို ဂါရဝပြုခြင်းသည် ကောင်းသော ယဉ်ကျေးမှုအစဉ်အလာဖြစ် သည်။ အိမ်ပေါင်၍သော်လည်းကောင်း၊ ခြံ ရောင်း၍သော်လည်းကောင်း ဂါရဝပြုနိုင်ပါ သည်။ သို့သော် ဂါရဝဆိုသည်မှာ တောင်းယူ စရာ ရပိုင်ခွင့်တစ်ခုလို့ သဘောမထားသင့်ဟု ကျွန်မ စဉ်းစားမိသည်။ တောင်းသူ၊ ပေးသူ နှင့်ယူသူ မည်သူတွင် တာဝန်ရှိကြပါနည်း။ ကျွန်မကို ပို၍ကောင်းစေချင်လို့ မပြောင်း ပေးခဲ့ပါသော စီမံခန့်ခွဲသူများ၏ စေတနာ နောက်ကွယ်တွင် ရာနှုန်းပြည့်မှန်ကန်သည် ဟု အာမခံချက်ကို မည်သူပေးပါမည်နည်း။
စီမံခန့်ခွဲသူများမှပညာသင်ယူခြင်း
-----------------------
ကျွန်မသည် ပညာရေးဆိုင်ရာစီမံခန့်ခွဲ မှုဘာသာရပ်ကို အထူး စိတ်ဝင်စားသည့်အ တွက် ယခုအချိန်အထိ လေ့လာနေဆဲဖြစ် သည်။ သဘောတရားနှင့်လက်တွေ့ ပေါင်းစပ် အသုံးချရာတွင် အခက်အခဲ၊ အခြေအနေ၊ ရှုပ် ထွေးမှု၊ လွဲမှားမှုများ ကြုံတွေ့ရခြင်းမှာ အမှန် တရားတစ်ခုပင် ဖြစ်သည်။ အပြစ်ဟုမဆိုသာ ပါ။ ညှိနှိုင်းခြင်းက အဖြေကောင်းတစ်ခုကို ပေး နိုင်မည်ဟု ယုံကြည်သကဲ့သို့ မသိသောကျောင်း သားက သိသောဆရာဆီကို မေးမြန်း၍ ပညာ သင်ကြားခြင်းသာဖြစ်သည်ဟုခံယူလျက် သွား ရောက်ညှိနှိုင်းခဲ့သည်။ ယခုကဲ့သို့ ဘကြီးအောင် အညာခံလိုက်ရသော ကျွန်မ၏ခံစားချက်ကို လည်း ကိုယ်ချင်းစာ နားလည်ပေးနိုင်မယ်လို့ ယုံကြည်ပါသည်။ အပေါ်ကဖိမှာကို စိုးရိမ်လို့ အောက်ကို လျှော့လိုက်တာလား ဆိုတာကို တော့မသိပါ။ ထို့ကြောင့် စီမံခန့်ခွဲမှုဘာသာ ရပ်တွင် လေ့လာခဲ့သော ပညာရပ်များထဲက အ ကြိုက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည့် Decision Tree Method အသိကို စဉ်းစားမိသည်။ ရင်း နှီးမှု၊ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို တွက် ချက်ကြည့်သည်။
ဤကဲ့သို့သော ဖြစ်ရပ်သည် ကျွန်မတစ်ဦးတည်းကမှ ကွက်၍ဖြစ်သည် မဟုတ်ပါ။ ကျွန်မကဲ့သို့သော ပညာရေးဝန်ထမ်း များ (အထူးသဖြင့် ကျွန်မနေထိုင်ရာ ပေါင်မြို့ နယ်နှင့် မွန်ပြည်နယ်အတွင်း)က စီမံခန့်ခွဲမှု အလွဲများ၊ မတရားမှုများကို သိသိကြီးနှင့်ခံ နေရသည်။ မချစ်သော်လည်း အောင့်ကာနမ်း ဆိုသည့်အတိုင်း ပညာရေးအသိုင်းအဝိုင်းမှ မထွက်နိုင်ခြင်းကြောင့်လည်းကောင်း၊ မျက်နှာ နာရမည်ကို စိုးရိမ်ခြင်းကြောင့်လည်းကောင်း မတိုင်ရဲကြပါ။ သို့ဆိုပါက အမှားက များလာ ရင် ကြာသောအခါ အမှန်အဖြစ် သတ်မှတ် သွားမည်ကို ကျွန်မစိုးရိမ်မိသည်။ ကျွန်မတစ်ဦး ကို ရင်းနှီးလိုက်ရာမှ ကျန်သောဝန်ထမ်းများ လည်း အကျိုးအမြတ်ရတန်ကောင်း၏။ Decision Tree Method အရ အမြတ်များတာ ကို ရွေးချယ်ရမည်။ ကျွန်မ ဆုံးဖြတ်ချက်ကို ခိုင်မာစွာချလိုက်သည်။ ကျွန်မတိုင်တော့မည်။ တိုင်ကြားနိုင်ပါသည် ဆိုတာကိုလည်း တရား ဝင်ဖွင့်ပေးထားသည်။ ကျွန်မကတော့ ကိုယ် နှင့်ဆိုင်သော မီးရထားခေါင်းကြီးပျက်နေလို့ ပြင်ပေးရန်တိုင်သည်။ သို့သော် စစ်ဆေးပြုပြင် မည့်သူများက မီးရထားခေါင်း ဆက်သွားလို့ မရဘူးဆိုသည့်အတွက် ကျန်သည့်တွဲဆိုင်းများ ပါ ပျက်နေသလားဆိုပြီး စစ်ဆေးကြပါလိမ့် မည်။ ထိုအခါ ကွင်းဆက်များကိုချိတ်ပြီး စစ် ဆေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ယုံကြည် သည့်အတိုင်း ဖော်ထုတ်ပေးကြမည်ဟုလည်း ထပ်မံယုံကြည်ပြန်ပြီ။ ကျွန်မ၏ ယုံကြည်မှု လွန်ကဲလို့ ထပ်မံအညာခံရပြန်ရင်တော့ လိမ် သူအပြစ်မဟုတ်ဘဲ အညာခံရသော ကျွန်မ ကိုယ်ကျွန်မပဲ အပြစ်တင်တော့ပါမည်။ ကျွန်မ လေ့လာသင်ကြားခဲ့သော ပညာများကို အား နာမိသောကြောင့် တိုင်ကြားခြင်းဖြစ်သည်။
ဘယ်လောက်အကျိုးပြုပြီးပြီလဲ
---------------------
ဆရာကြီးတစ်ဦးက ''တို့တုန်းက MEd တက်ခွင့်မရခဲ့လို့ နောက်လူတွေ တက်လို့ရ အောင် စီစဉ်ပေးခဲ့တယ်'' ဟု ပြောဖူးသည်။ မူလတန်းကျောင်းသားဘဝတုန်းက သင်ခဲ့ရ သော အဖိုးအိုနှင့်သရက်ပင်ကဲ့သို့ လေးစား စရာ၊ အတုယူစရာ၊ အားကျစရာကောင်းလှပါ သည်။ ထိုကဲ့သို့သော ခံယူချက်များကို လူတိုင်း ထားသင့်သည်။ တစ်ဖန် ''မိမိကိုယ်ကျိုးအ တွက် ပညာဆက်သင်နေတယ်၊ ကျောင်းသား တွေရဲ့အကျိုးကို ဘယ်လောက်ပြုပြီးပြီလဲ''အ လွန်မှန်သော၊ အလွန်ကောင်းသောမေးခွန်း ကို အမေးခံရသည်ဟုကျေနပ်မိသည်။ ကျွန်မ ကတော့ ပညာရေး၏အဓိက Input များဖြစ် သော ကျောင်းသားနှင့်ဆရာများသည် အချိန် အတိုင်းအတာတစ်ခုအထိ ရင်းနှီးမြှုပ်နှံမှုပြု လုပ်ရသော နှစ်ရှည်ပင်တစ်ပင်သာ ယူဆပါ သည်။ ထိုအပင်မှရသော အသီးအပွင့်များကို လိုချင်ပါက ပေါင်းသင်ခြင်းများ၊ မြေသြဇာ ကျွေးခြင်းများကို ငယ်စဉ်ကတည်းက အ ဆက်မပြတ် ပြုလုပ်ရပါမည်။ ထိုအပင်မှရသော အသီးအပွင့်ကိုတော့ စောင့်ရပါမည်။ ထိုအ ပင်၏အရွယ်အလိုက် အသုံးချနိုင်သည့် အသုံး ဝင်မှု၊ အကျိုးပြုမှုများလည်း ရှိနိုင်ပါသည်။ သာ ဓကအဖြစ် ကျွန်မကိုယ်တွေ့တစ်ခုကို ဖော်ပြ လိုပါသည်။ ကျွန်မသည် အလယ်တန်းပြဘဝ ဖြင့် တောင်ပေါ်ကရင်ရွာကလေး(ထ-သဲအိမ်၊ ပေါင်မြို့နယ်)တွင် အလယ်တန်းကျောင်းသား များကို တစ်နှစ်တိတိစာသင်ပေးခဲ့သည်။ ထို ကျောင်းအမည်ခံဖြင့် MEd နှစ်နှစ်တက်ခဲ့ သည်။
ထို့နောက် အထက်တန်းပြရာထူးဖြင့် (ထ-တကူ၊ တနင်္သာရီမြို့နယ်)တွင် အထက် တန်းအဆင့် ကျောင်းသားများကို တစ်နှစ်ခွဲ စာသင်ပေးခဲ့သည်။ ထိုကျောင်းတွင် ကျွန်မ အလွန်ပျော်ရွှင်ခဲ့သည်။ အလွန်တော်သော၊ အလွန်ကောင်းသော ကျောင်းအုပ်ဆရာကြီး ဦးကျော်လွင်(ပင်စင်-မော်လမြိုင်)၊ ရပ်ဝေးဆရာ များအပေါ် စိတ်ထားကောင်းကောင်းနှင့် နား လည်ပေးသော ရွာခံဆရာမများ၊ ဖြူစင်ရိုးသား သော ကျောင်းသားများနှင့် တွေ့ဆုံခဲ့သည်။အကြောင်းကြောင်းကြောင့် တစ်နှစ်ခွဲသာ စာ သင်ခဲ့ရသောကြောင့် တာဝန်မကျေသကဲ့သို့ ခံစားရသည်။ ထိုအကြွေးကို အခါအခွင့်ရပါက ပြန်လာဆပ်ပါမည်ဟုလည်း ကတိပေးခဲ့သည်။ ထိုကျောင်းသည် တနင်္သာရီမြစ်ကမ်းဘေးတွင် ရှိသောကြောင့် ကျွန်မပြောင်းသည့်အခါ မိဘ၊ ဆရာ၊ ကျောင်းသားများ လှေဆိပ်ကိုလိုက်ပို့ ကြသည်။ ငိုကြသည်။ ဇာတ်လမ်းတစ်ပုဒ်မ ဟုတ်ပါ။ ကိုယ်တွေ့ဖြစ်ရပ်မို့ ပို၍မမေ့နိုင် ဖြစ်ရပါသည်။
ထိုမှပြောင်း၍ လက်ရှိတာဝန်ကျရာ ကျောင်း(ထ(ခွဲ)–အလှပ်၊ပေါင်မြို့)သို့ ရောက် ရှိခဲ့ပါသည်။ တစ်နှစ်တိတိ စာသင်ပြီးနောက် ထိုကျောင်းအမည်ခံဖြင့် PhD သင်တန်းတက် ခဲ့သည်။ (PhD သင်တန်းသည် လုပ်ငန်းခွင် အတွင်းရှိ လက်ရှိတာဝန်ထမ်းဆောင်နေသော သူများကိုသာ ဝင်ခွင့်ဖြေဆိုတက်ရောက်ခွင့် ပြုသည်။ သင်တန်းပြီးဆုံးပါက ငါးနှစ်တာဝန် ဆက်လက်ထမ်းဆောင်ရမည်။ ပျက်ကွက်ပါ က ၁ဝ သိန်းလျော်ရမည် ခံဝန်ချက်ထိုးထားရ သည်။) သင်တန်းတစ်ဖက်နှင့်မို့ အချိန်များ ကို အဆင်ပြေသလို ညှိနှိုင်းဆောင်ရွက်ခဲ့ရ သည်။ ကျွန်မအတွက်တော့ ကံကောင်းမှုတစ်ခု ပင်ဖြစ်သည်။ အလှပ်ကျောင်းက တာဝန်ခံ ကျောင်းအုပ်ဦးမောင်မောင်ထွေးမှ ဦးဆောင် ပြီး ဆရာ၊ ဆရာမအားလုံးက နေစရာ၊ စားစရာ နှင့်အတူ နားလည်မှု၊ ထောက်ပံ့မှုများကို စေ တနာပြည့်ဝစွာဖြင့် ဆောင်ရွက်ပေးကြသည်။ သဘောထားကြီးစွာနှင့် ဘာသာရပ်အတူတူ ခွဲဝေသင်ပေးသော ဆရာမများကိုလည်း ကျေး ဇူးတင်ခဲ့ရသည်။ ပင်လယ်ကမ်းခြေရွာလည်း ဖြစ်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုရှိခြင်း ကြောင့် လိုအပ်သည်မှလွဲ၍ အလှပ်မှာပင် အိမ်မပြန်တမ်း ကျောင်းအိပ်ကျောင်းစားနေ ခဲ့သည်။ ကျောင်းသား၊ ဆရာ၊ ကျောင်းသားမိဘ များ အသိဆုံးဖြစ်သည်။ ရိုးသားသော ကျောင်း သားများကိုလည်း ပျော်ရွင်စွာ စာသင်ပေးနိုင် ခဲ့သည်။ ကျွန်မသင်ပေးခဲ့သော ကျောင်းသား များ ဘွဲ့တောင်ရတော့မည်။ ကျွန်မ မပြောင်း ရသေးပါ။ ဤကဲ့သို့ တစ်ဖက်တစ်လမ်းက တိုး တက်ရာလည်းရှာရင်း ကျောင်းသားများစွာကို လည်း စာသင်ပေးခဲ့ခြင်းကြောင့် တစ်နိုင်တစ် ပိုင် အကျိုးပြုနေပါပြီဟု ယုံကြည်ခဲ့ပါသည်။ ရှေ့ဆက်လည်း အကျိုးပြုနိုင်ရန် ပိုကြိုးစားဖို့ တိုက်တွန်းသည့် မေးခွန်းဖြစ်သောကြောင့် အ ထူးကျေးဇူးတင်မိပါသည်။
အားနာလွန်းလို့ ပြောင်းချင်တာပါ
------------------------
ဤကဲ့သို့နားလည်မှုရှိသော အဆင်ပြေ သောကျောင်းမှ ဘာအတွက်ကြောင့် ပြောင်း ချင်ပါသနည်း။ အဖြေကား အလှပ်ကျောင်း က ကောင်းလွန်းသောကြောင့် အားနာမိပါ သည်။
ကျွန်မလုပ်သက် ၁ဝ နှစ်ရှိပါပြီ။ ၁၅ နှစ်တာကာလအတွင်း သင်တန်းတက်လိုက် စာသင်လိုက်နှင့် မိဘနှင့်နေရသည့်အချိန် မရှိသလောက်ပင်ဖြစ်သည်။ ကင်ဆာရောဂါသည် ဖခင်သေရန် နာရီပိုင်းသာလိုတော့သည်ကို သိသိကြီးနှင့် ကျွန်မ မစောင့်နိုင်ခဲ့ ပါ။ ကျွန်မ၏ ကြိုးစားချင်သည့် အတ္တစိတ်ကြောင့်လည်းကောင်း၊ အဖေ့စကားနားထောင်ချင်၍လည်းကောင်း မစောင့်ခဲ့ပါ။
ကျွန်မအဖေက အမြဲပြောတတ်သည့်စကားရှိသည်။ ''သေ မယ့်သူကို စောင့်နေလို့ကော ရှင်လာမှာမဟုတ်ဘူး။ ကိုယ်လုပ် တဲ့အလုပ်ကိုပဲ အာရုံစိုက်၊ ကိုယ့်တာဝန် ကိုယ်ယူတဲ့''။ အဖေ့ကို ချစ်လို့ ပြောစကားနားထောင်တဲ့သူဖြစ်ချင်လို့ အဖေသေတာကို ကျွန်မ မငိုမိအောင် ထိန်းခဲ့ရသည်။ သို့သော် ကြိုးစားမှုကြောင့် ပြဿနာဖြစ်ရသည့်အတွက် ကျွန်မ ငိုခဲ့ရသည်။ တစ်ခါတလေ နောင်တဆိုပြီး တွေးမိပေမယ့် ဝမ်းမနည်းအောင် ကြိုးစားဖြေခဲ့ သည်။
အခုတော့ အမေ့အလှည့်ကို ရောက်ပြီ။ ရောဂါသည်မုဆိုးမ မိခင်အိုကို တစ်ရက်ရရ တစ်လရရ ပြုစုပေးချင်သည်။ အတူနေ ပေးချင်ပါသည်။ နောင်တ ထပ်မလိုချင်ပါ။ ပညာသင်ခဲ့သော ကျောင်းလည်းဖြစ်၊ အမေနဲ့လည်း အတူတူနေရ၊ ပညာတွေလည်း ရ၊ လက်ရှိတာဝန်ကျနေသော ကျောင်းအတွက်လည်း ကျွန်မ အစား ဆရာမတစ်ဦးလည်းရမည်ဟု တွေးခဲ့သည်။ ငါးနှစ်နီးပါး အနစ်နာခံပေးသော ကျောင်းအတွက်လည်း အဆင်ပြေပါစေ တော့ဟူသည့်စေတနာဖြင့် ပြောင်းရွှေ့ခွင့်တင်ခဲ့ခြင်းဖြစ်သည်။ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် '' Win-Win Approach" ကို ဦးတည်ခဲ့သော်လည်း ယခုတော့ တိုင်ကြားသူ ပြဿနာကောင် ကြီးအဖြစ်သာမြင်၍ အမုန်းခံရတော့မလား ဆိုတာကိုတော့ ကျွန်မ မသိတော့ပါ။
ဘာပဲဖြစ်ဖြစ် ခံယူပါမည်
------------------
စီမံခန့်ခွဲသူများက ကျွန်မ၏ ပြဿနာအရင်းအမြစ်ကို ရှာ ဖွေဖော်ထုတ်၍ စစ်ဆေးကြပါတော့မည်။ ကြီးသူကို ရိုသေ၊ ရွယ် သူကိုလေးစား၊ ငယ်သူကိုသနားကြမည်လား။ ကြီးသူအချင်းချင်း ပဲ လေးစားကြမှာလား ကျွန်မ မပြောတတ်ပါ။ ကျွန်မအနေနဲ့ လွဲ မှားနေသည်ဟုထင်မြင်ယူဆသည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တစ်ခု အတွက် ဖြေရှင်းနိုင်သည့် အမှန်တရားတစ်ခု ပေါ်ပေါက်စေရန် သာ ရည်ရွယ်ပါသည်။ ထိုစီမံမှု၏အကျိုးဆက်က လူအများကို နစ်နာနေစေပါက ထိုစီမံမှုကို ပြန်လည်သုံးသပ်နိုင်ရန်အတွက် ကျွန်မ၏ တိုင်ကြားမှုမှတစ်ဆင့် အကြံပြုချက်တစ်ခု ရကောင်း ရပေလိမ့်မည်။ မည်သူ့ကိုမှ နစ်နာစေလို၍ မဟုတ်ပါ။ မသမာ မှုများ၊ အဂတိလိုက်စားမှုများ ရှိခဲ့ပါကလည်း ဝန်ထမ်းလောက သားတွေ အားလုံးအတွက် သတိပေးစရာတစ်ခုကို ထုတ်ဖော်ပေး နိုင်ပါလိမ့်မည်။ တာဝန်ရှိသူများကလည်း သိထားသောအချက် များကို တန်းစီရေးချပြီး လက်မှတ်၊ အမည်ဖော်ပြစရာမလိုဘဲ တိုင် နိုင်ပါသည်ဟု ပြောခဲ့ပါသော်လည်း ကျွန်မ၏ ကိုယ်တွေ့အမှန် ပင်ဖြစ်ခြင်း၊ ဖြေရှင်းပေးမည်ဟုလည်း ယုံကြည်ခြင်းကြောင့် ကျွန်မ ၏ အထက်တန်းပြရာထူးကိုရင်း၍ အမည်၊ လက်မှတ်ဖြင့် မိမိကိုယ် တိုင် နေပြည်တော်ပညာရေးဝန်ကြီးဌာနသို့ သွားရောက်တိုင်ကြား ခဲ့ပါသည်။ ကျွန်မဘက်ကတော့ ''Own Choice Own Respon-sibility'' ပါပဲ။ အားလုံးအတွက်ကတော့ ကြွက်သေတစ်ခု အရင်း ပြု၍ အားလုံးချမ်းသာကြပါစေလို့ ဆုတောင်းရုံကလွဲ၍...။
မိကြူကြူမွှေး
BEd, MEd, PhD (ကျမ်းပြု-နောက်ဆုံးနှစ်)
အထက်တန်းပြ
အ.ထ.က(ခွဲ)အလှပ်၊ ပေါင်မြို့နယ်၊ မွန်ပြည်နယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...