Thursday, October 15, 2015

NCA လက်မှတ်ထိုးခြင်းနှင့် ပါတ်သက်၍ ဒေါင်းစစ်သည်၏ အမြင်သဘောထား

Fighting peacock ဒေါင်းစစ်သည်

၁) တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် (NCA) အား တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့မှ လက်မှတ်ရေးထိုးလိမ့်မည်။ ထိုသို့ လက်မှတ်ရေးထိုးခြင်းနှင့် ပါတ်သက်၍ ကျနော်တို့ဒေါင်းစစ်သည်၏ အမြင်သဘောထားကို ထုတ်ပြန်လိုက်သည်။

၂) NCA လက်မှတ်ရေးထိုးခြင်းသည် တနိုင်ငံလုံးတွင် တည်ရှိနေသော တော်လှန်ရေး အင်အားစုများ ပါဝင်ခြင်း မရှိသည့်အတွက် တနိုင်ငံလုံး သဘော မဆောင်သော်လည်း စာချုပ်တွင် ရေးသားထားသည့် အချက်အလက်များအပေါ် တော်လှန်ရေး အင်အားစုများမှ သဘောတူညီခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
 
၃) NCA အား NCA အနေဖြင့် လက်မှတ်ရေးထိုးထားသော်လည်း တနိုင်ငံလုံး သဘော မဆောင်သည့်အတွက် အနှစ်သာရအားဖြစ့် NCA သဘော မဆောင်။ သို့သော် ထို NCA စာချုပ်တွင် သဘောတူထားသည့် အချက်အလက်များအား သဘောတူ လက်မှတ်ရေးထိုးသဖြင့် သဏ္ဍာန်အရ NCA စာချုပ်အား လက်မှတ်ထိုးခြင်း သာလျင်ဖြစ်သည်။


၎) NCA လက်မှတ်ရေးထိုးခြင်းသည် တော်လှန်ရေးအင်အားစု အဖွဲ့အစည်းများဘက်မှ ကစားကွက်သာသည်ဟု မြင်မိသည်။ ယခု ၈ ဖွဲ့မှ NCA အား လက်မှတ်ရေးထိုးခြင်းအားဖြင့် ….
            ၁ - မကြာမီကသမ္မတ ဦးသိန်းစိန်ထုတ်ပြောခဲ့သည့် NCA လက်မှတ်ရေးထိုးခြင်း မရှိက ရွေးကောက်ပွဲ မကျင်းပပေးနိုင်ဆိုသည့်အချက်ကို ကျော်လွှားနိုင်ခဲ့သည်။

            ၂ - ယခု လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့သည် ပြည်တွင်း နိုင်ငံရေးကို နိုင်ငံရေးအရ တရားဝင် ၀င်ရောက် ဆောင်ရွက်နိုင်ခွင့်ကို ရရှိမည်ဖြစ်ပြီး ပိုမို ကျယ်ပြန့်သည့် နိုင်ငံရေး ကစားကွင်းကို ရရှိမည် ဖြစ်သည်။

            ၃ - ကျန်ရှိနေသေးသည့် တော်လှန်ရေး အဖွဲ့အစည်းများ လက်မှတ်ရေးထိုးနိုင်ရေးအတွက် အခွင့်အလန်းနှင့် အခြေအနေ အချက်အလက်များအား စစ်တပ်မှ လမ်းဖွင့်ပေးရန်ကို တရားဝင် တောင်းဆိုခွင့် ရှိလာမည်။

            ၄ - တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အား လက်မှတ်ရေးထိုးခြင်း မရှိက နိုင်ငံရေးဆွေးနွေးပွဲများ မလုပ်နိုင်ဟု စစ်တပ်မှ ပြောဆိုထားသည့်အတွက် ယခု အနှစ်သာရအားဖြင့် တပြည်လုံး လက္ခဏာ မဆောင်သော်လည်း သဏ္ဍာန်အရ ထို သဘောဆောင်သည့်အတွက် နိုင်ငံရေး စကားပွဲများ စတင်နိုင်ရန် စစ်တပ်အား နိုင်ငံရေးအရတရားဝင် တောင်းဆိုနိုင်ခွင့် ရှိလာလိမ့်မည်။

၅) တဖက်ကလည်း တော်လှန်ရေးအင်အားစုတွေအတွင်း ထိုသို့ လက်မှတ်ရေးထိုးခြင်းသည် သဘောထား ကွဲနိုင်သည် ဆိုသည့် အမြင်များ ရှိနေရာ မိမိတို့အနေဖြင့် ထိုသို့ ဖြစ်လာလိမ့်မည် မဟုတ်ဟု မြင်သည်။ တော်လှန်ရေး အတွေ့အကြုံ ၊နိုင်ငံရေး အတွေ့အကြုံများ ခိုင်မာအားကောင်းကြသည့် လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များအား ယုံကြည်သည်။ ထိုခေါင်းဆောင်ကြီးများအနေဖြင့် သဘောထားမတူညီခြင်းနှင့် ဘုံတူညီချက်ကို ခိုင်ခိုင်မာမာ သိမြင်ကြပြီး ပြည်ထောင်စုကြီးကို ခိုင်မာအားကောင်းပြီး လွတ်လပ်ငြိမ်းချမ်းသည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် သယ်ဆောင်ကြလိမ့်မည်ဟု လုံးဝ လက်ခံ ယုံကြည်ထားသည်။

စစ်မှန်သော ပါတီစုံ ဒီမိုကရေစီသို့ ….
ဒေါင်းစစ်သည်
၁၅ - ၁၀ - ၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...