Monday, November 2, 2015

ဂျေကိုက်နေသူ

ကိုဌေးဦးတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ မြန်မာနိုင်ငံမှာ “လူထုခေါင်းဆောင်” ဆိုတာ မရှိဘူးလို့ အသံကောင်း ဟစ်လိုက်တာဗျ။
ဒီလူ သွေးပျက်ပြီး တောပြောတောင်ပြော လျှောက်ပြောနေတာ သိသာလှသဗျာ။
လူထုခေါင်းဆောင်ဆိုတာ ခင်ဗျားလိုလူက သတ်မှတ်ရတာ မဟုတ်ဘူးဗျ။ လူထုခေါင်းဆောင် ဆိုကတည်းက လူထုက သတ်မှတ်ရတာပေါ့ဗျာ။ အဲဒါကို ခင်ဗျားက ဂျေကိုက်ပြီး အသေရိုက်ထည့်လိုက်မဟလို့ လုပ်လိုက်တော့ ကိုယ်ပစ်တဲ့ခဲဟာ ကိုယ့်ခေါင်းပဲကွဲတော့မှာပေါ့။
ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသားခေါင်းဆောင်ကြီးလို့ ခေါ်ကြတာ ဗိုလ်ချုပ်ကိုယ်တိုင်က အဲဒီဘွဲ့ကို သူ့ကိုယ်သူ ပေးခဲ့တာ မဟုတ်ဘူးဗျ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို့ တစ်တိုင်းပြည်လုံးက ခေါ်နေ၊ သတ်မှတ်နေကြတာ ပြည်သူကပေးတဲ့ဘွဲ့၊ ပြည်သူရဲ့ သတ်မှတ်ချက်ပါဗျာ။
ဗိုလ်ချုပ်အောင်ဆန်းကို အလဲထိုးချင်တော့ အာဏာရှင်တွေ တက်လာချိန်မှာ “အမျိုးသားနိုင်ငံရေး” ဆိုပြီး ကြွေးကြော်ကြသဗျ။
လုပ်ကွက်ကတော့ အမျိုးသားနိုင်ငံရေးလုပ်နေတာ သူတို့စစ်ခေါင်းဆောင်တွေ ဖြစ်နေလို့ သူတို့စစ်ခေါင်းဆောင်တွေဟာ အမျိုးသားခေါင်းဆောင်ကြီးတွေဆိုတဲ့ ပုံမှားရိုက်ကြတာ။
ဒါပေမဲ့ ပြည်သူတွေနော်။ အလကားလူတွေလို့ မထင်လိုက်နဲ့။ ဘယ်သူက ဘာဆိုတာ ကောင်းကောင်းကြီး ခွဲခြားတတ်တယ်။ အမျိုးသားနိုင်ငံရေး လုပ်နေပါတယ် ဆိုတဲ့သူတွေ ပြည်သူကလှည့်တောင်မကြည့်တာကြောင့် စိတ်ပျက်နေကြချိန်မှာ ခုတစ်ခါ ကိုဌေးဦးက “လူထုခေါင်းဆောင်ဆိုတာမရှိ” လို့ ကောက်အော်လိုက်တာ။
ဟုတ်ကဲ့ ကိုဌေးဦးခင်ဗျား
လူထုခေါင်းဆောင်ဆိုတာ လူထုကသတ်မှတ်ပါတယ်။ ခင်ဗျားတို့က ကြားထဲကနေဝင်ပြီး သတ်မှတ်လို့ မရပါ။ ခင်ဗျားတို့ ဘာတွေလဲ။ လူထုက သတ်မှတ်ပါတယ်။ ပြည်သူက သတ်မှတ်ပါတယ်။
ကဲ .. ပြည်သူအပေါင်းတို့ … လူထုအပေါင်းတို့ … သူတို့ကို ဘာဆိုတာ သတ်မှတ်ပေးလိုက်ကြရအောင်ဗျာ။
၂.၁၁.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...