Monday, November 23, 2015

နီတိ ၊ ဥပဒေကရဏ နှင့် ဝိမုတ္တိဖြစ်စဉ် ကထာ (၃)

Nyo Tun


ဦးလှဆွေ နဲ့ NLD က ကိုသန်းစိုး (ဘောဂဗေဒ) ရဲ့ DvB debate အစီအစဉ် အတိုကလေး ကြည့်လိုက်ရတယ်ဗျ။ ဦးလှဆွေကြီးက သူ့ထုံးစံအတိုင်း ကိုသန်းစိုးကို ခင်ခင်မင်မင် ရင်းရင်းနှီးနှီး အမူအရာနဲ့ ပခုံးပုတ်ဘာညာပေါ့နော် လုပ်ပြီး ပြောချလိုက်တာက ‘ခင်ဗျား USDP က ဝင်ပြိုင်ရင် ခင်ဗျားရူံးမှာ’ ။ သည်နေရာမှာ ဦးလှဆွေ အပါအဝင် တော်တော်များများ မစဉ်းစားမိကြတာက USDP(ပြည်ခိုင်ဖြိုး) အလဲအကွဲ ရူံးနိမ့်ရခြင်းဟာ ဘာက အဓိကအချက်လဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ကျနော်တို့ တော်တော်များများ ရိုးရိုးတန်းတန်းပဲ အောက်မေ့ထားတဲ့ ပထမဆုံး တချက်က ဒေါ်စု ရဲ့ ပြည်သူအပေါ် စည်းရုံးနိုင်မှု ခွန်အားကြောင့်လို့ ထင်စရာရှိမယ်။ ဒါပေမယ့်၊ ဆိုပါစို့ဗျာ၊ ကျနော်တို့ NLD မှာ ဒေါ်စုကို ဖယ်ထားပြီး အဘဦးတင်ဦးလောက်နဲ့ ပဲ ဝင်ပြိုင်မယ်၊ ဒါဆိုလည်း USDP ဟာ အခုလောက် ပုံပျက်ပန်းပျက် မရူံးသည့်တိုင်အောင် ကြိုးဝိုင်းထဲမှာ ဖူးဖူးယောင်အောင် ပတ်ချာလည် အထိုးခံရလို့ အမှတ်စဉ် ရေနေရအုံး မှာပဲ။ ပြည်သူလူထုဟာ ရွေးကောက်ပွဲ တခုမှာ မဲပေးဖို့ကို ဆုံးဖြတ်တဲ့အချက်ဟာ အဓိကဟာ ဘာလဲဆိုရင် ရိုးသားမှုတန်ဖိုးကို ကြည့်ပြီး မဲပေးခြင်း ဖြစ်ပါတယ်။

ကျနော်တို့ နည်းနည်း စေ့စေ့စပ်စပ်ကြည့်မြင်လိုက်ပါ၊ ပြည်ခိုင်ဖြိုးပါတီဖက်မှာ အစိုးရ အုပ်ချုပ်ရေးပိုင်း၊ ပရိုဖက်ရှင်နယ်ပိုင်းမှာ အတွေ့အကြုံ အများကြီးရှိတဲ့သူတွေ၊ ပညာတတ်ဆိုသူတွေ၊ ဥစ္စာဓန ကြွယ်ဝသူတွေ အများကြီး ပါမှာ ဖြစ်ပါတယ်။ NLD ဘက်မှာ ကျနော် ခေတ်ပညာတတ် ဆရာဝန် အင်ဂျင်နီယာ ဘွဲ့ရပညာတတ်တွေကို ဖြုတ်ပြီး ဘဝမရေမရာလမ်းကို ရွေးချယ်တဲ့ စာသမား ပေသမား ကဗျာဆရာ စာရေးဆရာ ကာတွန်းရေးဆရာ ဟိုခြစ်သည်ခြစ်ဆရာ တွေနဲ့ပဲ ဝင်ပြိုင်ပါမယ် –– ဒေါ်စုကို ဖြုတ်လို့ရတယ်၊ ဆရာဝန် အင်ဂျင်နီယာ ဘွဲ့ကြီးရှင်တို့ကို ဖြုတ်လို့ရတယ်၊ ဒါလည်းပဲ ကျနော်တို့ အစိုးရဖွဲ့လို့ရသည် အထိ နိုင်အုံးမှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်ခိုင်ဖြိုးပါတီဟာ ပြည်သူလူထုအပေါ် ရိုးသားမှုကို သက်သေပြ မထူထောင်နိုင်ခဲ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အများပြည်သူရဲ့ အာရုံမျက်မြင်မှာ စွဲမြဲစွာ ထင်ရှားပေါ်လွင်နေတဲ့ လက္ခဏာဟာ ပြည်ခိုင်ဖြိုးပါတီဟေ့လို့ ဆိုရင် ပြည်သူအပေါ် မရိုးမသား လိမ်ညာတဲ့ အဖွဲ့အစည်းပဲ ဖြစ်တယ်။
သည်နေရာမှာ ကျနော်ဟာ အနာဂါတ် ဗမာပြည်ရဲ့ အခြေခံဥပဒေအတွက် အင်မတန် အရေးကြီးသလောက် အခြေခံအကျဆုံး ဖြစ်တဲ့ မူဘောင်ကို ကျနော် မိတ်ဆက်ပါတော့မယ်။ အစိုးရ၊ အစိုးရလို့ ပြောကြတယ်၊ အစိုးရတရပ်ရဲ့ ပဓာန တာဝန်ဟာ ဘာလဲ။ အများအားဖြင့် ကျနော်တို့ ရုတ်တရက်ဆို စဉ်းစားဖြေဆိုမိလိုက်မှာကတော့ ‘တရားမျှတမှု၊ ဒါဟာ အစိုးရတာဝန်ပဲ’ ။ လူ့ဘောင်မှာ တရားမျှတမှု ဖြစ်ထွန်းပေါ်ပေါက်လာရေးဟာ အစိုးရကောင်းတရပ်ရဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်သင့်သည် ပေါ့။ သည်အဖြေဟာ မမှားပါဘူး။ ဒါပေမယ့် မမှားတဲ့ အဖြေကို တကယ်မှန်အောင် ဘယ်လို လုပ်ကြမလဲဆိုတဲ့ နည်းလမ်း – နည်းစနစ်ပိုင်း တည်ဆောက်မှုဟာ အခက်ခဲဆုံး ကိစ္စ ဖြစ်တယ်။ ဆိုပါစို့၊ ဗမာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ မဲပေးရတာ အလုပ်ရူပ်လွန်းလို့ ခပ်လွယ်လွယ်ပဲ ဖုဿရထားလွှတ်ပြီး သမ္မတမြှောက်ဖို့ လုပ်ကြရမှာ ဖုဿရထားဟာ မျိုးချစ်ကိုယ်တော်ကြီး ဝီရသူဆီမှာ စိုက်စိုက်မတ်မတ် သွားစိုက်လို့ ၄င်းမျိုးချစ်ကိုယ်တော်ကြီး ဝီရသူဟာ သမ္မတအဖြစ် စိုက်စိုက်မတ်မတ် တင်မြှောက်ခံလိုက်ရတယ် ဆိုပါစို့၊ သူကလည်း သည်အတိုင်းပဲ ဗမာလူ့ဘောင်မှာ တရားမျှတမှု ပေါ်ထွန်းလာရေးဟာ သူ့အစိုးရရဲ့ လမ်းဆုံး ပန်းတိုင်လို့ ပြောမှာပေါ့၊ ပြီးရင် တတိုင်းပြည်လုံး ကြိမ်မီးအုံးမတတ် လူတွေ အကုန် ဒုက္ခရောက်အောင် သူ့ဝသီအတိုင်း နေရာတကာ လျှောက်မွေ နေလည်း ငါ့ကိုယ်တော် ဝီရသူရဲ့ အစိုးရဟာ ဗမာလူ့ဘောင်မှာ တရားမျှတမှု ပြည့်ဝစွာ ဖြစ်ထွန်းပေါ်ပေါက်လာရေး အတွက် အရေးယူဆောင်ရွက် စီမံခန့်ခွဲနေရတာပါလို့ ပြောမှာပဲပေါ့။ သည့်ထက်တောင်မှ ငါကိုယ်တော်ရဲ့ အစိုးရဟာ ဒါဟာ တိုင်းပြည်ကောင်းအောင် ရိုးရိုးဖြောင့်ဖြောင့် ယုံယုံကြည်ကြည်နဲ့ ‘ရိုးရိုးသားသား ရည်မှန်းချက်’ နဲ့ ဆောင်ရွက်တာပဲ ဖြစ်တယ်လို့ ပြောပေမပေါ့၊ အဲသလို ပြောတဲ့အတိုင်းလည်း ဝီဝီကတုံးရဲ့ အမိုက်တုံးအစိုးရဟာ သူ့ဟာသူ ယုံကြည်လို့ နေမှာပေါ့။
ခင်ဗျားမထင်နဲ့၊ ကာချုပ်အပါအဝင် ဦးသိန်းစိန်တို့ လူနည်းစုတသိုက်ဟာ သူတို့ကိုယ်သူတို့ ပြည်သူကို လိမ်ညာနေမိတယ်၊ မရိုးမသား လုပ်မိတယ် လို့ တယ်လည်း မထင်ထား ကြဘူး။ ဝီရသူဟာ သမ္မတ ဖြစ်လို့ ကပ္ဗိယတွေကို ဝန်ကြီးခန့် အစိုးရဖွဲ့ပြီး တိုင်းပြည်တခုလုံး ရစရာမရှိ ဖျက်ဆီးနေလည်း အဲသည် ဘုန်းကြီးကျောင်းအစိုးရ အဖွဲ့ဟာ သူတို့ကိုယ်သူတို့ ရိုးသားဖြောင့်မတ်မှန်ကန် တဲ့ ‘ရည်မှန်းချက်’ ရှိသူ သူတွေလို့ ကိုယ့်ကိုယ်ကို ထင်နေအုံးမှာပဲ။ သည်နေရာမှာ ကျနော်တို့ဟာ အဓိက ပြဿနာကို ကိုင်တွယ်ရပါတော့မယ် – လူ့ဘောင်တခုဟာ ဒီမိုကရေစီ စနစ်ကို တကယ်ကျင့်သုံးလာခဲ့ပြီ ဆိုရင် ကျနော်တို့ဟာ ဘယ်လို ရည်မှန်းချက်မျိုး၊ မည်သူမည်ဝါသော ပုဂ္ဂိုလ်ရဲ့ ရည်မှန်းချက်မျိုးဟာ အကောင်းဆုံးလဲဆိုပြီး ရှာဖွေနေဖို့ မဟုတ်၊ အဓိကသော့ချက်ဟာ တစုံတဦးရဲ့ ရည်မှန်းချက်ကို တခြားသူတဦးရဲ့ ရည်မှန်းချက်နဲ့ တန်ပြန်ခုခံထားရခြင်း ဖြစ်ပါတယ်။ ကာချုပ်ရဲ့ နိုင်ငံတော် လုံခြုံရေးဆိုတဲ့ ရည်မှန်းချက်ကို လွှတ်တော်ရဲ့ စစ်စရိတ်များ တတ်နိုင်သမျှ ချွေတာရေးဆိုတဲ့ ရည်မှန်းချက်နဲ့ တန်ပြန်ထားရမှာ ဖြစ်တယ်။ နောင်အခါမှာ NLD ကြီးစိုးနေတဲ့ လွှတ်တော်ကနေ ရည်မှန်းချက်တွေနဲ့ ဥပဒေတွေ ပြဌာန်းလာခဲ့ရင်လည်း လွတ်လပ်တဲ့ ပြည်ထောင်စုတရားရုံးချုပ်က ပြဌာန်းသော ဥပဒေများဟာ အခြေခံဥပဒေ (အစစ်) နှင့် အညီ ဖြစ်ရေး တရားရေးဆိုင်ရာ ရည်မှန်းချက်နဲ့ တန်ပြန်ထောက်ထားရမှာ ဖြစ်ပါတယ်။ တဖန် ပြည်ထောင်စုတရားရုံးချုပ်က တရားသူကြီးတွေကိုလည်း လွတ်လပ်တဲ့ ဥပဒေရေးရာ တန်ပြန်သုံးသပ်မှု သုတေသန အဖွဲ့တွေ ( Judicial review research ၄င်းတို့ကို လွှတ်တော်မှ ဖြစ်စေ၊ သမ္မတမှ ဖြစ်စေ တိုက်ရိုက်ခန့်အပ်နိုင်ပါတယ်) ၊ လွတ်လပ်တဲ့ တက္ကသိုလ်သုတေသန အဖွဲ့များ နဲ့ တန်ပြန် သုံးသပ်ထားနိုင်ရမှာ ဖြစ်ပါတယ်။ ဗဟိုဖက်ဒရယ် အစိုးရရဲ့ ရည်မှန်းချက်တွေကို ပြည်နယ်တိုင်းအစိုးရတွေက တန်ပြန်ကန့်သတ်ထားမှာ ဖြစ်သလို ပြည်နယ်တိုင်းအစိုးရရဲ့ ရည်မှန်းချက်တွေကို ဗဟိုအစိုးရ အဖွဲ့ကက တဖန် တန်ပြန်ကန့်သတ်ထားမှာသာလျှင် ဖြစ်တယ်။
အဲသလို ရည်မှန်းချက်တခုကို တခြားရည်မှန်းချက်နောက်တခုက တန်ပြန်ထိန်းချုပ်တဲ့ နိုင်ငံရေး စနစ်တခု ပေါ်ပေါက်လာခဲ့ပြီ ဆိုရင် အစိုးရအဖွဲ့က ပုဂ္ဂိုလ်တို့ဟာ ကနေ့ ဗမာပြည်အာဏာရှင်စနစ်မှာ ခဏခဏ ပြောကြသလို ကျနော်ရဲ့ ရည်မှန်းချက်သာလျှင်… ငါ့ရဲ့ ရည်မှန်းချက်သာလျှင်…ငါ့အဖွဲ့အစည်းရဲ့ ရည်မှန်းချက်သာလျှင် အမှန်ကန်ဆုံး၊ အရိုးသားဆုံး၊ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ ကောင်းကျိုး စေတနာ အထားဆုံး လို့ ဘယ်သူမှ ပြောစရာမလိုတော့ပါ၊ ပြောကြတော့မှာလည်း မဟုတ်တော့ပါ။ ဘာဖြစ်လို့လဲဆိုတော့ သည်လို ရည်မှန်းချက်မျိုစုံကို ရည်မှန်းချက်များ ‘ဈေးကွက်’ ဆုံဆည်းရာ မှာ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အပြိုင်အဆိုင် သုံးစွဲသူ (ဝါ) ပြည်သူလူထုတရပ်လုံးမှ မိမိ နှစ်သက်ရာကို လွတ်လပ်စွာ ရွေးချယ်ဝယ်ယူနိုင်ဖို့ ရောင်းချဖောက်ကား ကြိုးစားခိုင်းတဲ့ ဈေးကွက်စနစ်မှာ သမ္မတဦးသိန်းစိန်၊ ဘုန်းကြီးခေါင်းဆောင် ဝီရသူ စသူတို့ရဲ့ အမျိုးဘာသာ သာသနာလိုမျိုး အပေါစားထုတ်လုပ်တဲ့ ရည်မှန်းချက်မျိုးတွေဟာ ဘယ်လိုမှ ဈေးကွက်မဝင်နိုင်ပါဘူး။ ဒါအစား ပြည်သူတရပ်လုံးအတွက် အကျိုးရှိစေမယ့် နိုင်ငံရေး ကုန်ပစ္စည်းကို သုံးစွဲသူပြည်သူကို မှန်မှန်ကန်ကန် အကောင်းဆုံး ရောင်းချဖို့ ကြိုးစားအားထုတ်သူ ရိုးသားတဲ့ ကုန်သည်တို့သာလျှင် ၄င်း လွတ်လပ်သော ဈေးကွက်မှာ ရှင်သန်ကျန်ရစ် ဆက်လက်ထုတ်လုပ် ရောင်းချနိုင်ပါလိမ့်မယ်။
ခုပြောသမျှဟာ အံ့သြစရာ ကောင်းပါလိမ့်မယ်။ အသစ်ထွက်ပေါ်လာရမှာ ဖြစ်တဲ့ အခြေခံဥပဒေ ရဲ့ ပဓာနအကျဆုံး မူဘောင်ဟာ ဥပဒေစကား တလုံးမှ မပါ၊ ယုတ်စွအဆုံး 'တရား' ဆိုတဲ့ ဝေါဟာရကလေးတောင် အားနာပါးနာလေးမှ မပါ၊ ‘ရည်မှန်းချက် မှန်သမျှကို ရည်မှန်းချက် နဲ့ပင် တန်ပြန်ထားရမည် ဖြစ်သည်’ တဲ့။ ဟုတ်ကဲ့၊ အလွန်ထူးဆန်းတဲ့ အချက်တချက်ကို ပြောပါတော့မယ်။ တကယ် စစ်မှန်တဲ့ အခြေခံဥပဒေတိုင်းဟာ လူ့ဘောင်မှာ ပေါ်ပေါက်လာမယ့် ဘောဂစီးပွားစနစ် ကို အခြေခံ စဉ်းစားပြီး ပြဌာန်းရပါတယ်။ ဥပဒေတို့ ရဲ့ အသက်ဝိဥာဉ်ဟာ ဥပဒေ မဟုတ်၊ လူတဦးချင်းရဲ့ ဘောဂစီးပွားသာလျှင် ဖြစ်ပြီး ဥပဒေဆိုတာဟာ လူတဦးနဲ့ တဦးကြားမှာ ဘောဂစီးပွား ဖလှယ်မှု (exchange) စနစ်ကို အကောင်းဆုံးနဲ့ အချောမွေ့ အပြေပြစ်ဆုံး အဖြစ်ပေါ်ပေါက်လာအောင် လမ်းဖွင့်ပေးရခြင်း၊ လူ့ဘောင်တခုလုံးရဲ့ အကျိုးစီးပွားဖလှယ်မှု စနစ်ကို ပို၍ အဆင်ပြေ ချောမွေ့လို့ကာ ကောင်းမွန်သည်ထက် ကောင်းမွန်လာအောင်၊ ဖွင့်လှစ်ပစ်လိုက်ရခြင်း ဖြစ်ပါတယ်။
(ဆက်လက်ဆွေးနွေးပါမည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...