Wednesday, November 25, 2015

ယဉ်ကျေးမှုတော်လှန်ရေး


မော်စီတုံး၊ လင်ပြောင်နဲ့ကွန်မြူ နစ်စနစ်ကို ယုံကြည်သက်ဝင်လွန်းသော ကွန်မြူနစ်ဝါဒီတစ်စုဟာ ၁၉၆၆ခုနှစ်မှာ အလွန်ပြင်းထန်တဲ့စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲ့ဒီစစ်ဆင်ရေးရဲ့ အမည်ကတော့ ယဉ်ကျေးမှု့ တော်လှန်ရေးလှုပ်ရှားမှု့ ပဲဖြစ်ပါတယ်။ ဒီလှုပ်ရှားမှု့ မှာ အလွန်ကြီးမားတဲ့ ရည်ရွယ်ချက်ပေါင်းများစွာပါဝင်နေပါတယ်။ သို့သော် အခြေခံအားဖြင့် ပဒေသရာဇ်ကျေးကျွန်ဘ၀က ရှေးဟောင်းအတွေးခေါ်တွေထဲကလွတ်မြောက်ဖို့ ကွန်မြူ နစ်ဝါဒနဲ့လုံးဝကိုက်ညီတဲ့ ကွန်မြူနစ်အရောင် လုံးဝလွှမ်းသွားစေမဲ့ ကြွေးကြော်သံတွေကိုပေးပြီး လှုံ့ဆော်ဖို့ပဲဖြစ်ပါတယ်။
အဲ့ဒီရည်မှန်းချက်ပြည့်မြောက်ဖို့အတွက် လူထုအတွင်းမှာ တော်လှန်ရေးလေဘူပေါင်းတွေကို အင်ပြည့်အားပြည့်မှုတ်သွင်းလိုက်ပါတယ်။အဲ့ဒီနောက်ကျောင်းသားတွေကို အဖွဲ့စည်းတစ်ခုဖွဲ့စည်းပေးလိုက်တယ်။တပ်နီတော်ဆိုတဲ့အဖွဲ့စည်းပဲဖြစ်ပါတယ်။အဲ့ဒီလိုအမည်လှလှလေးပေးပြီးဖွဲ့စည်းပေးလိုက်ရုံသာမက လုပ်ပိုင်ခွင့်အများပြားကိုလည်း အပ်နှင်းလိုက်ခြင်းနဲ့မြှောက်ပင့်ပေးလိုက်ပါတယ်။
တကယ်တော့တရုတ်ပြည်ဟာ နိုင်ငံခြားအင်အားကြီးကိုလိုနီနယ်ချဲ့နိုင်ငံတစ်ခုရဲ့ ကျွန်ဘ၀ကို တရားဝင်ကျရောက်ခဲ့ခြင်းမရှိပါ။သို့သော် နယ်ချဲ့ အင်အားစုအသီးသီးရဲ့ တရုတ်ပြည်ကြီးကို ဖရဲသီးစိပ်ခွဲသလို နယ်မြေအသီးသီးပိုင်းပြီးသြဇာလွှမ်းမိုးခြင်းနဲ့သွေးစုပ်ခြင်းကို ခံခဲ့ရတယ်။၁၉၄၉ခုနှစ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ်တည်ထောင်နိုင်ခဲ့တယ်။
မော်စီတုံးဟာ ပြင်းထန်တဲ့ ကွန်မြူ နစ်အယူရှိတဲ့ မာခ့်ဝါဒီ တစ်ဦးဖြစ်ပါတယ်။ကွန်မြူ နစ်ဝါဒကို စတင်ကျင့်သုံးလာတဲ့ ရုရှားနိုင်ငံကလက်ရှိကွန်မြူ နစ်ကြီးတွေတောင် ကွန်မြူ နစ်အစစ်အမှန်တွေမဟုတ်ဘူးလို့ သူ့အမြင်မှာ ရှိနေတယ်။ဒါကြောင့် သူရဲ့ နာမည်ကျော် စာအုပ်နီ ရဲ့ နေရာများစွာမှာ ခရုရှက် ကို ပြန်လည်ပြင်ဆင်ရေးသမား လို့ တံဆိပ်ခတ်နှိပ်ထားတယ်။ဘူဇွာဝါဒီအင်အားစုတို့ရဲ့ ပွဲစားကြီး လို့လည်းဘွဲ့ပေးထားတယ်။ရုရှားဟာ စစ်မှန်တဲ့ကွန်မြူ နစ်လမ်းကြောင်းပေါ်မှာမရှိဘူး။တရုတ်ပြည်ကသာ မာက်ခ်းအတွေးအခေါ်ကိုအမှန်အကန်အကောင်အထည်ဖော်ရန်တိကျသောလမ်းကြောင်းပေါ်တွင် ရှိနေတယ်လို့ မော်ကမြင်တယ်။မော်ဟာ ပစ္စည်းမဲ့အာဏာတည်ထောင်ချိန်ကစပြီး သူကွယ်လွန်တဲ့ ၁၉၇၈ခုနှစ်အထိ ပြည့်ဝတဲ့ကွန်မြူ နစ်ဘ၀တည်ဆောက်ရေးအတွက် သဘောတရားရေးအရရော လက်တွေ့အရပါ ကြိုးပမ်းမှု့ မှာ အနည်းငယ်လစ်ဟင်းခြင်းမရှိခဲ့သူပဲဖြစ်ပါတယ်။
ပညာရေး၊စည်းရုံးရေးနဲ့ ဦးနှောက်ခ၀ါချခြင်း(Brain washing)စတဲ့အလုပ်တွေကိုလုပ်ဆောင်ရာမှာ အကြပ်ကိုင်မှု့ နဲ့ရက်စက်မှု့ တွေကိုတောင်ကျင့်သုံးခဲ့တယ်။၁၉၄၉ခုနှစ်နောက်ပိုင်းပစ္စည်းမဲ့သဘောတရားနဲ့အညီ တဖြည်းဖြည်းတိုင်းပြည်ရဲ့ ထုတ်ကုန် ၊ထွက်ကုန်ဟူဟူသမျှကို အစိုးရက အပိုင်စီးလိုက်တယ်။လယ်ယာမြေဥပဒေအမျိုးမျိုးကို အကြိမ်ကြိမ်ထုတ်ပြန်တယ်။အဲ့ဒီစနစ်ကြောင့် မြေဆို၍ မည်သည့်မြေအမျိုးအစားပင်ဖြစ်ပါစေ။တစ်လက်မ မှ ပုဂ္ဂလိက ပိုင်ဟူ၍ မကျန်ရစ်တော့ပါ။အသေးစားတောင်သူလယ်သမားတွေထံက ကျန်ရှိနေတဲ့ အသေးအမွှားလယ်ကွက်တွေကိုပါသိမ်းပြီး ဘုံစနစ်မှာ သွတ်သွင်းခဲ့တယ်။
အဲ့လိုသိမ်းလိုက်တဲ့အတွက် လယ်သမား လယ်ပိုင်ရှင်တစ်ဦးရဲ့ ဘ၀ဟာ အလုပ်သမားတစ်ဦးရဲ့ ဘ၀အဖြစ် ကျရောက်သွားခဲ့ရတယ်။ကျေးလက်လူထုကို ဘုံပိုင်လယ်မြေတွေကိုမှာ ခွဲဝေပြီး အလုပ်လုပ်စေခဲ့တယ်။ဒီဘုံလယ်ယာမြေက ထွက်သမျှ အချို့အစိတ်အပိုင်းကိုအစိုးရကယူတယ်။ကျန်ထွက်ကုန်၈၀ရာခိုင်နှုန်းကို ဘုံဆိုတဲ့ စနစ်ကပိုင်တယ်။အဲ့ဒီဘုံပိုင်ပစ္စည်းနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ကြရတယ်။ဘုံကအလုပ်သမားတွေကတော့ အလုပ်အလိုက် လုပ်အားခအဖြစ် ၂၀ရာခိုင်နှုန်းကို ရတယ်။အဲ့ဒီနည်းအတိုင်းစက်ရုံ၊အလုပ်ရုံဟူသမျှကို အစိုးရပိုင်အဖြစ် ကြေငြာခဲ့တယ်။အလုပ်သမားတွေဟာ လုပ်တာနဲ့အမျှ လခရကြတယ်။သို့သော် လုပ်ငန်းပေါ်က အမြတ်အစွန်းဟူသမျှ အစိုးရရဲ့ အိပ်ထဲသာဝင်တယ်။လူ့ ကံကို ညီမျှခြင်း ချတဲ့ စနစ်ပဲဖြစ်ပါတယ်။
၁၉၆၆ခုနှစ်မှာ ဒီစီမံကိန်းအောင်မြင်ဖို့အတွက် ကြိုးပမ်းကြပြန်တယ်။အစိုးရ ရဲ့ လုပ်ငန်းဟူသမျှ ၀န်ထမ်းအားဖြင့်လုပ်ကိုင်ရတာဖြစ်ပါတယ်။ဒါကြောင့် အစိုးရ၀န်ထမ်းတွေရဲ့ မသမာမှု့ ၊စည်းကမ်းမဲ့မှု့ တွေ တိုးလာခဲ့တယ်။တစ်ခါ ဘုံစနစ်ကျင့်သုံးမှု့ ကြောင့် ထွက်ကုန်သီးနှံတိုးအောင် လုပ်ဆောင်လိုစိတ်တွေ တောင်သူလယ်သမားတွေမှာ နည်းပါးလာတယ်။အဘယ်ကြောင့်ဆိုသော် ဘုံစနစ်အရ လူ၏ကြိုးစားမှု့ ရဲ့ အသီးအပွင်းကိုမခံစားရပါ။လုပ်ခကလွဲပြီး ဘာမှမျှော်လင့်စရာမရှိတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ကိုယ်ကျိုးမပါတဲ့အတွက် လူသားဟူသည် အတ္တကင်းသတ္တ၀ါမဟုတ်တဲ့အတွက် ကြိုးစားချင်စိတ်ပျောက်ဆုံးကုန်တာမဆန်းပါဘူး။
အဲ့လို အကျိုးအမြတ်ကနေ မက်ကင်းသွားရတဲ့အတွက် အတတ်ပညာအားဖြင့်လုပ်ဆောင်ရတဲ့ အလုပ်ရုံ၊စက်ရုံတွေက ကုန်ပစ္စည်း ထွက်ရှိမှု့ ဟာ လျှော့နည်းလာခဲ့တယ်။
နောက်တစ်ချက်က စောစောပိုင်းလယ်သမားတွေကို မြေတွေအားလုံးအသင်တို့ပိုင်ဆိုင်ကြမည် ဆိုတဲ့ မစားရ၀ခမန်းအသံကောင်းလွင့်ပြီး မက်လုံးပေးခဲ့ကြတယ်။သို့သော် လက်တွေ့မှာတော့ ရှိရင်းစွဲလယ်ကွက်သေးသေးလေးကိုတောင် လက်လွတ်ခံလိုက်ရ၊အဆုံးရှုံးခံလိုက်ရတယ်။ဒါကြောင့် သူတို့ရဲ့ ဝင်ငွေဟူသမျှထဲက သတ်မှတ်ထားတဲ့အချိုးအစားအတိုင်း အစိုးရလက်ကိုဝကွက်အပ်လိုက်ကြရတယ်။အဲ့ဒီအထဲ အစိုးရ၀န်ထမ်းတွေရဲ့ မသမာမှု့ ကိုပါ ခါးစည်းခံကြရတယ်။ဒီအခါမှာ ဘုံစနစ်ကိုဆန့်ကျင်တဲ့စိတ်တွေပေါ်လာခဲ့တယ်။ကျနော်တို့မြန်မာပြည်မှာလည်း ဦးနေ၀င်းတို့ စစ်တပ်ပညာရှိကြီးတွေတီထွင်တဲ့ Burmese way to socialism ဆိုတဲ့ စနစ်ဟာလည်း အထက်ပါနည်းအတိုင်းပဲဖြစ်ပါတယ်။ကွန်မြူ နစ်ဟာ အကိုကြီးဆိုရင် ဆိုရှယ်လစ်ဟာ ညီလေးဖြစ်ပါတယ်။
အဲ့လိုပြဿ နာပေါင်းစုံပေါ်နေတဲ့အချိန်မှာ ရှင်းထုတ်ဖို့အတွက် နည်းလမ်းရှာကြတယ်။တွေ့ပါပြီး။
ပထမဦးစွာ ပြည်သူတွေအတွင်းမှာ အမျိုးသားရေးစိတ်ဓာတ်ကိုရိုက်သွင်း....
ဒုတိယအချက်က နယ်ချဲ့ဆန့်ကျင်ရေး လေဘူပေါင်းတွေကိုအသားကုန်မှုတ်သွင်း...
အဲ့ဒီနည်းလမ်းနဲ့ ပေါ်ပေါက်နေတဲ့ပြဿ နာဆိုးတွေကို အစအနမကျန်အောင်ရှင်းထုတ်ပစ်နိုင်မယ်လို့ တွက်ဆခဲ့ကြတယ်။ဒီနည်းနဲ့ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ကိုမြတ်နိုးလာအောင် လှု့ံဆော်ပေးခဲ့တယ်။နယ်ချဲ့ ဆန့်ကျင်ရေးဆိုတဲ့ ကိုလိုနီတစ္ဆေနဲ့ ကိုင်ခြောက်ပြီး မျိုးချစ်စိတ်ဓာတ်ကိုအရောင်တင်ပေးခဲ့တယ်။အဲ့ဒီမျိုးချစ်စိတ်ဓာတ်ဟာ ကွန်မြူ နစ်ဘုံစနစ်ကို သရဖူဆောင်းပေးနိုင်မယ်လို့ မျှော်မှန်းခဲ့ကြတယ်။ကျနော်တို့နိုင်ငံမှာလည်း ၁၉၆၂ကနေ ယနေ့အထိ အထက်နည်းအတိုင်း တစ်သဝေမတိမ်းလိုက်နာလုပ်ဆောင်ခဲ့တယ်ဆိုတာ မြန်မာနိုင်ငံရေးကိုအနည်းငယ်အကဲခတ်မိသူတွေ သတိထားမိကြမှာပါ။
ဒီမျှော်လင့်ချက်ကြီးနဲ့ ကွန်မြူ နစ်ဘုံစနစ်ကြီးအောင်မြင်နိုင်ေ၇းအတွက် စည်းရုံးရေးလမ်းစဉ်ကိုချမှတ်ခဲ့တယ်။ပြင်ပ ပယောဂတွေ ၀င်ရောက်မလာနိုင်စေဖို့အတွက် သတိကြီးစွာထားပြီး ပြင်းထန်တဲ့ဥပဒေတွေကို ပြဌာန်းခဲ့ကြတယ်။ဘ၀တစ်ခုလုံး ရိုးရိုးရှင်းရှင်းနေ ၊ချိုးခြုံချွေတာ ခြင်းကိုတန်ဖိုးထား၊တိုင်းပြည်အကျိုးကိုသာရှေ့ ရှု့ ဆိုတဲ့ ပန်းတိုင်တွေကို စိုက်ထူပေးခဲ့တယ်။အဲ့လိုနဲ့ ပစ္စည်း မဲ့တော်လှန်ရေးကြီးကို မြတ်နိုးတွယ်တာလာအောင် ကြံဆောင်စည်းရုံးလာခဲ့ကြတယ်။ကျနော်တို့နိုင်ငံမှာတော့ ပထမဦးဆုံး ကိုလိုနီတစ္ဆေနဲ့ဖြဲခြောက်တယ်။ပြီးတော့ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးအောင်ရမည် ဆိုတဲ့ ဆိုင်းပုဒ်တွေထောင်တယ်။ပြည်သူတွေထဲကို သီချင်းတွေ လူထုစည်းဝေးပွဲတွေနဲ့ ရိုက်သွင်းတယ်။တရုတ်_ဗမာ အရေးခင်းဖန်တီးပေးတယ်။ဆန်ပြတ်တဲ့ကိစ္စနဲ့ တရုတ်-ဗမာအရေးခင်းဖြစ်တယ်။ဆန်ပြတ်တာ မဆလညံဖျင်းမှု့ ကြောင့်။သို့သော် မဆလညံ့ဖျင်းမှု့ ကိုဖုံးကွယ်ချင်တော့ တရုတ်နဲ့ရန်တိုက်ပေးတယ်။ထို့အတူ ကုလားနဲ့ပွဲခံခိုင်းတယ်။မြန်မာ့သမိုင်းကိုအမွန်းတင်သမိုင်းအဖြစ်ပြန်လည်ချီးမွမ်းခန်းတွေဖွင့်ကာ ကျောင်းတွေမှာ ပြဌန်းလာတယ်။တရုတ်၊ကုလား သွေးခွဲပြီး ကမ္ဘာ့ အရက်စက်ဆုံးဥပဒေ ၁၉၈၂ နိုင်ငံသားဥပဒေကိုပြဌာန်းတယ်။၁၉၄၇ ဥပဒေမှာပါတဲ့ ရွေးချယ်ရေးအက်ဥပဒေနဲ့ နိုင်ငံသားများရပိုင်ခွင့်ကို မသိမသာလျစ်လျူ ရှု့ လာတယ်။
(မှတ်ချက်။ကမ္ဘာ့ အရက်စက်ဆုံးဥပဒေကိုပြောတာမခံနိုင်ရင် အချိန်မရွေး လာရှင်းလို့ရတယ်။ဘာကြောင့်ပြောလဲဆိုတာကိုရှင်းပြပေးမယ်။)
လူများစုဖြစ်တဲ့ ဗမာလူမျိုးအားကိုယူကာ စည်းရုံးတယ်။တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေဖြစ်ခဲ့တယ်။တိုင်းရင်းသားဒေသတွေက ညီကိုခရစ်ယာန်တွေရဲ့ ချပ်ကျောင်းတွေကိုဖျက်စီးခဲ့တယ်။အင်္ဂလိပ်က သာသနာပြု တာကိုအပုပ်ချပြောပြီးစည်းရုံးတယ်။နောက်ပိုင်း တောင်တန်းသာသနာပြု ဆိုပြီးပေါ်လာတယ်။နိုင်ငံခြားရေးအပိုင်းမှာဆိုရင်လည်း နိုင်ငံခြားအထင်မကြီးဖို့ စည်းရုံးတယ်။ဆရာသမားကိုယ်တိုင်ကတော့ နိုင်ငံခြားဖြစ်တွေနဲ့ပဲ ဇိမ်ခံခဲ့တယ်။ဒါဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ အမျိုးသားရေးရယ်၊ဗုဒ္ဓ၀ါဒရယ်၊ဆိုရှယ်လစ်စီးပွားရေးသီအိုရီတွေကို မူးနောက်နေအောင် ရောသမမွှေထားတဲ့ စနစ်ကို အရောင်တက်လာအောင် ကျနော်တို့ခေါင်းဆောင်တွေအရောင်တင်ခဲ့တာကို အကျဉ်းမျှတင်ပြခြင်းသာဖြစ်ပါတယ်။
သို့သော် ၁၉၆၆ခုနှစ် အထိ နည်းမျိုးစုံသုံးပြီး သည့်တိုင်အောင် ပစ္စည်းမဲ့အာဏာတည်ထောင်ရေးကိုအပြည့်အ၀အကောင်အထည်မဖော်နိုင်ကြောင်း တရုတ်ကွန်မြူ နစ်ခေါင်းဆောင်တွေရိပ်စားမိလာတယ်။ထုတ်ကုန်၊ထွက်ကုန် မျှော်လင့်ထားသလို တိုးတက်မလာဘူး။ရလဒ်အနေနဲ့ ပြည်သူတွေရဲ့ စိတ်ကွက်မှု့ တွေပဲအဖတ်တင်တယ်။အဲ့လိုနဲ့ ယဉ်ကျေးမှု့ တော်လှန်ရေးကိုဆင်နွှဲဖို့အကြောင်းဖန်လာခဲ့ရပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...