Thursday, November 12, 2015

ကျားမွေးပြီး ဓားသွေးရအောင်

Tin Nyunt

ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်စွာနဲ့ မဲတွေပေးခဲ့သဗျ။ ခုဆိုရင် NLD ပါတီ အနိုင်ရပြီး အစိုးရ အဖွဲ့ ဖွဲ့နိုင်မယ့် အနေအထားကို ရောက်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိသမ္မတထံကို တွေ့ဆုံဆွေးနွေးဖို့ သဝဏ်လွှာပေးပို့တယ်။ ထုံးစံအတိုင်းပေါ့ဗျာ။ သမ္မတကြီးက ခေတ္တစောင့်ပါဦးပေါ့။ ဒါပေမဲ့ သမ္မတကြီးက
“နိုင်ငံတော် အစိုးရအနေဖြင့် မဲဆန္ဒရှင် ပြည်သူများ၏ အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး သတ်မှတ်အချိန် များအတိုင်း အေးချမ်းတည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကို ဆောင်ရွက်သွားမည်” လို့ ဆိုလိုက်ပါတယ်။
မနိုင်လို့ ရှုံးရတဲ့အရှုံးကို ကောင်းစွာသဘောပေါက်ပြီး ကျေနပ်စွာ လွှဲပြောင်းပေးပါ့မယ်လို့ စစ်ထွက်တွေရဲ့ ပါးစပ်က ပြောသံကြားရတာ အရသာ ရှိလိုက်တာ။ တကယ် လွှဲပြောင်းပေးတယ် မပေးဘူးဆိုတာက တစ်ပိုင်း ပေါ့။ ၁၉၉၀ ပြည့်နှစ်တုန်းကလည်း ဒီလိုပဲအသံတွေထွက်လာပြီးတော့ နောက်မှ ပြေးလို့ကောင်း တုန်း ကြိုးကို ဆောင့်ဆွဲတာ ခံလိုက်ရတယ်။

ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ကာချုပ်က ဒီအတိုင်းပြောပါတယ်။ ဒီမိုကရေစီနည်းကျကျ ဥပဒေအတိုင်း သူလေးစား လိုက်နာဆောင်ရွက်ပါ့မယ်တဲ့။ ဟုတ်ကဲ့ တိုင်းပြည် အေးချမ်းသာယာဖွံ့ဖြိုးပြီး ဒီမိုကရေစီအရွေ့ဟာ သမ္မတကြီးနဲ့ ကာချုပ်ကြီးတို့အပေါ်မှာလည်း တာဝန်ရှိနေပါတယ်ခင်ဗျာ။
ကျွန်တော်တို့ ပြည်သူတွေ စည်းကမ်းရှိစွာ မဲပေးခဲ့ပြီးပြီ။ NLD ပါတီအပေါ် ယုံမှတ်ပြီး ပုံအပ်ပြီးပြီ။ ကျွန်တော်တို့ ဆက်ပြီး တာဝန်ကျေဖို့လိုသေးသဗျ။ ဒေါ်အောင်ဆန်းစုကြည် အသက်အရွယ်လေးရလာပြီ။ သူလျှောက် လာရတဲ့ ခရီးဟာ နီးနီးလေး မဟုတ်ပါဘူး။ မောလှပြီပေါ့ဗျာ။ NLD အစိုးရဖွဲ့ပြီး ပြည်သူ့အကျိုး လုပ်တော့ မယ်ဆိုရင် အရင်အစိုးရထက် အဆပေါင်းများစွာ ကြိုးစားလုပ်ရလိမ့်မယ်။ အရင်အစိုးရ ထားခဲ့တဲ့ အရှုပ်ထုပ် တွေကို အများကြီး ရှင်းရလိမ့်မယ်။
ကဲ .. ကျွန်တော်တို့ စဉ်းစားထားရအောင်ဗျာ … ပင်ပန်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေ အကူအညီပေးနိုင်မလဲ။ ဘယ်လောက်အကူအညီပေးနိုင်မလဲ။ ဘယ်လောက် တာဝန်တွေ ယူပေးနိုင်မလဲ။ ဒီတစ်ခါ ကိုယ်တက်စေချင်တဲ့အစိုးရတက်လာရင် အရင်အစိုးရထက်ကောင်းအောင် လုပ်ပြနိုင်တယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေ ဘယ်လောက်စည်းကမ်းလိုက်နာပြီး ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်မှာလဲဆိုတဲ့ အပေါ် လည်း မူတည်တယ်ပေါ့။
စစ်ထွက်တွေက တိုင်းပြည်ကောင်းအောင် အရပ်သားတွေ မလုပ်နိုင်ဘူးလို့ အထင်သေးနေကြတာဗျ။ သူတို့ စစ်သားတွေ နှစ်ပေါင်း ၅၀ ကျော်လုပ်ပြီး မကောင်းခဲ့တဲ့ တိုင်းပြည်ဟာ အရပ်သားအစိုးရလက်ထက်မှာ ၅ နှစ် အတွင်း အာရှကျား တစ်ကောင်ဖြစ်သွားတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းနဲ့တော့ ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း အားကြိုးမာန်တက် ပါဝင်ကူညီဆောင်ရွက်မှဖြစ်မယ်ဗျ။
၁၁.၁၁.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...