Monday, November 9, 2015

ကျွန်မဘ၀ရဲ့ သူရဲကောင်းသို့ လွမ်းချင်း

Saw Shun May

အဖေ…..
အဖေ့ ဘ၀တစ်ခုလုံးကို ရင်းပီး ကိုယ့်လူမျိုးတွေ အတွက်ကြိုးစားခဲ့သမျှ
အဖေ လိုချင်ခဲ့တဲ့အခြေအနေ အဖေ ဖြစ်ချင်ခဲ့တဲ့ အနေအထား တစ်ခု အဖေ လိုချင်ခဲ့တဲ့ အရမ်းတောင့်တမျှော်လင့်ခဲ့တဲ့ အရာတစ်ခု အောင်မြင်ဖို့ လက်တစ်ကမ်းအလိုကိုရောက်နေပါပီ.....
ဘွဲ့ ၅ ခုလောက်ရထားတဲ့ အဖေ… ကိုယ့်နိုင်ငံထဲမှာ ကောင်းကောင်းမွန်မွန် နေခဲ့လို့ရနိုင်ပါလျှက်
မျှော်လင့်ချက်၊ ယုံကြည်ချက် တစ်ခုတည်းနဲ့ တော်လှန်ရေးလုပ်ခဲ့တယ်…

ထောင်ထဲကို ၁၀ ခါ ၀င်ခဲ့တယ်…. နည်းမျိုးစုံနဲ့ နှိပ်စက်ခံခဲ့ရတယ်… အခြေအနေအမျိုးမျိုးကြောင့်.. သမီးကို ချစ်တဲ့စိတ်ကြောင့် ကိုယ်ယုံကြည်ရာကို စွန့်ပီး အဖေ အလင်းဝင်ခဲ့တယ်… ဒါပေမဲ့ အဖေရဲ့ မျိုးချစ်စိတ်က နောက်ဆုံးအချိန်ထိ ရှင်သန်နေခဲ့ပါတယ်.သူ လုပ်နိုင်သမျှ လုပ်ပီး တာဝန်ကျေခဲ့တယ်…
အလင်းဝင်တဲ့ အချိန် အစိုးရက ကြိုက်တဲ့နေရာရွေးဖို့ပြောတဲ့ အချိန် အမျိုးချစ်တဲ့ အဖေ… မွေးရပ်မြေ.. ဘူးသီးတောင်မြို့၊ ရခိုင်ပြည်နယ် ကိုပဲရွေးခဲ့တယ်…
ဒါပေမဲ့ ခေတ်ကာလအနေအထားတစ်ခုအရ ကိုယ့်မြို့ ကိုယ့်ဒေသ မှာနေပီး တချို့ ကိုယ့်လူမျိုးတွေကတောင် ပြောက်ကျား (သူပုန်/သောင်းကျန်းသူ) ဆိုပီး မပတ်သက် ချင်ခဲ့ကြဘူး…. ပြောက်ကျားသား သမီးဆိုးပီး တခါတလေ နှိမ်သလို.. ဖယ်ထုတ်သလိုမျိုးတွေလည်း ကြုံခဲ့ရပါတယ်....
တစ်သက်လုံး နိုင်ငံရေးပဲ လုပ်လာခဲ့တဲ့အဖေ… စီးပွါးရေးမလုပ်တတ်ဘူး… အဖေ အမြဲပြောတဲ့ စကားတစ်ခွန်း. ရှိတယ်“မရှိရင် မြေကြီးပဲခြစ်စားမယ်… သူတို့ဆီမှာတော့ ဘယ်တော့မှ အောက်ကျမခံဘူး” ဆိုပီး သူ့ခံယူချက်တစ်ခုကို မစွန့်လွတ်ခဲ့တဲ့အတွက် ဘ၀မှ အခက်ခဲပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့ရတယ်…
ဆွေမျိုးအရင်းတွေကတောင် အဖေ့နဲ့ ပတ်သက်ရင် ပြသနာဖြစ်မှာစိုးလို့ အဖေ့ကို အိမ်ကိုမလာဖို့… သူတို့နဲ့ မပတ်သက်ဖို့ ပြောခဲ့တယ်… ငယ်ငယ်လေးတည်းက အဖေနဲ့ ပတ်သက်သမျှ အားလုံးသိချင်နေခဲ့တဲ့ သမီး.. အဖေ မရှိရင် အဖေရဲ့ စာရွက်စာတမ်းတွေခိုးကြည့်ရင်း ဖတ်ခဲ့ရတယ်…
နားလည်ပေးနိုင်ပေမဲ့ တခါတလေ သမီး နာကျည်းတယ်… အဖေ ပုံသွင်းပြုစု ပျိုးထောင်ခဲ့တဲ့ အဖေ့ သမီး.. အဖေ့လို စိတ်ပြင်းတယ်အဖေ.. ဒါပေမဲ့ အဖေက ကျေးအေးမေ့ပစ်လိုက်ပါဆို… သမီး ဖြစ်အောင် လုပ်ပါ့မယ်…
၁၉၉၂-ခုနှစ်တုန်းက နောက်ဆုံး အကြိမ် (၁၀)ကြိမ်မြောက် အဖမ်းခံရတုန်းက အဖေ့ကို လက်ထိပ်တန်းလန်းနဲ့ ဖမ်းခေါ်သွားခဲ့ပုံ သမီး ရင်ထဲမှာ ခုထိ ၀မ်းနည်း နာကျင်နေတုန်းပဲ….
အဖေ အိမ်ပြန်မလာနိုင်မှာ ကြောက်ပီး အခန်းထဲမှာ အမေ မသိအောင် ကျိတ်ပီး ရှိုက်ကြီးတငင်ငိုခဲ့ဖူးတယ်အဖေ…..
အိမ်ကိုတက်ပီး ရဲက အထောက်အထားတွေ ရှာဖွေတုန်းက အရမ်း ငယ်သေးတဲ့ သမီးကြောက်ခဲ့တယ် အဖေ….
၎ နှစ်အရွယ် မောင်လေးကို ခေါ်ပီး အဖေ ထောင်မကျဖို့ ကြိုးစားခဲ့လိုက်ရတဲ့ အမေ့ရဲ့ ပင်ပန်းဆင်းခဲ့မှုတွေကိုလည်း သမီး ခုထိ မမေ့သေးဘူးအဖေ…..
အဖေ လူဘ၀ထဲက မထွက်ခင်တုန်းက ထောင်ထဲ အနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်တွေ ပြန်ခံစားခဲ့ရတာတွေလည်း သမီးရင်ထဲ ခုထိ နာကျင်တုန်းပဲအဖ….
ဒါပေမဲ့ အဖေ သိလား…. ဘယ်လောက်ပဲ ခက်ခဲပင်ပန်းခဲ့ပါစေ… အဖေ့ရဲ့ အကြောင်းအရာအားလုံးကို သိခဲ့တဲ့ သမီး ဟိုးငယ်ငယ်လေးထဲကနေ ဒီနေ့ထိ အဖေ့ သမီးဖြစ်ခွင့်ရတာ… အရမ်း ကျေနပ်တယ်.. ဂုဏ်ယူတယ်… ကျေးဇူးလည်းတင်ပါတယ် အဖေ.. ဒါကြောင့် အဖေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ…. အဖေ ဆန္ဒတွေကို ဖြည့်နိုင်ဖို့ သမီး တစ်လှမ်းခြင်း ကြိုးစားပေးပါမယ်…
အဖေ သိလား….
အခုလေ.. မျိုးချစ်ခေါင်းဆောင်တွေ တရားဝင် နိုင်ငံရေးတရားဟောနိုင်ပီ၊ မဲဆွယ်နိုင်ပီ၊ တော်လှန်ရေး မျိုးချစ်တွေ ပြည်သူရှေ့ ကိုထွက်လာနိုင်ခဲ့ပီအဖေ….အဖေကို ဒီအချိန် အရမ်း ရှိစေချင်လိုက်တာ… ဒါပေမဲ့ အဖေ ကျေနပ်နိုင်ပါစေ….
အဖေ့ အပါအ၀င် မျိုးချစ် ပုဂ္ဂိုလ်တွေအားလုံး… အထူးသဖြင့် လူမသိ သူမသိ ဘယ်သူဆီမှာမှ အသိမှတ်ပြုမခံခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကျေနပ်နိုင်ပါစေ…
အဖေ့ဘ၀တစ်လျှောက်လုံးနိုင်ငံရေးလုပ်ခဲ့စဉ်က တစ်စုံတရာ လွဲမှားခဲ့တာရှိကောင်းရှိခဲ့ပါလိမ့်မယ်.. သို့သော်.. ရှိခဲ့လျှင်တောင် ကိုယ့်လူမျိုးအပေါ်ထိခိုက်နစ်နာလိုစိတ် မည်သောအခါမှ မရှိခဲ့တာ ယုံကြည်စေချင်ပါတယ်… တကယ်လို့များ အဖေ့ရဲ့ လိုအပ်ချက်များရှိခဲ့ရင်… အဖေ့ကိုယ်စား အဖေ့သမီးဖြစ်တဲ့ ကျွန်မ နားလည်ခွင့်လွှတ်မှုအတွက် တောင်းဆိုချင်ပါတယ်…
၀၈-၀၄-၂၀၁၃ နေ့မှာ အဖေ့ရဲ့ နောက်ဆုံးခရီးမှာ အဖေ့ကို လေးစား ချစ်ခင်ပီး အစစ အရာရာကူညီ လုပ်ဆောင်ပီး… လိုက်ပို့ပေးခဲ့ကြတဲ့ ဘူးသီးတောင်သူ/သား အားလုံးကို ကျွန်မရင်ထဲက လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရင်း……
တိုင်းပြည်နဲ့ ပြည်သူအတွက် အမှန်တကယ်စွန့်လွှတ်အနစ်နာခံ ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကြိုးစားခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ အားလုံးအား ဂါဝရပြုရင်း……
သူတို့ ဖြစ်ချင်ခဲ့တဲ့ တိုင်းရင်းသား အားလုံးအပေါ် တန်းတူညီမျှတဲ့ တရားမျှတမှုရှိတဲ့ ထူးချွန်ထက်မြက်ပီး တိုင်းပြည်နဲ့ ပြည်သူအတွက်ပေးဆပ်နိုင်တဲ့ သမ္မတ (တိုင်းပြည်ခေါင်ဆောင်) ပေါ်ထွန်းနိုင်ပါစေလို့ဆုတောင်းရင်း…….
ရခိုင်ပြည်အတွက်… ANP အောင်နိုင်ပါစေ.. ဆုတောင်းရင်း……..
သတိရ လွမ်းဆွတ်တမ်းတမှုများစွာဖြင့်…
အဖေ့ သမီး…
စောသျှင်မေ
(၀၈.၁၁.၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...