Wednesday, November 4, 2015

သမိုင်းကို ကလိန်စေ့ငြမ်းဆင်သော မော်ဒန်လူများကို ဖော်ထုတ်ခြင်း (၇)

Nyo Tun

ကျနော်ကပဲ သည်ဘက်ခေတ်ကာလမှာ သည်ဇာတ်ကြောင်းပြန် ဇာတ်လမ်းကို စလိုက်တာနဲ့ တူပါတယ်။ ကိုနေထွန်းနိုင်တို့ရဲ့ Eleven မှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အမျိုးမျိုး ကလိန်ခြုံတဲ့ အကြောင်း အချက်အလက်တွေ ဝေဝေဆာဆာနဲ့ ဖော်ပြခဲ့ပြီးနောက် ဒီမိုကရေစီ ဘက်တော်သားတွေဘက်က ထွက်လာတဲ့ နောက်ထပ် လက်သီးချက်ပြင်းပြင်း တခုကတော့ သတင်းစာဆရာကြီး ဘတ်တေးလင်နာ ရေးသားတဲ့ “၁၉၉၀ ရွေးကောက်ပွဲ၏ အမှန်အကန် အချက်အလက် နှင့် စိတ်ကူးယဉ်စာပေတို့ကို ခွဲခြမ်းခြင်း” ဖြစ်ပါတယ်။ http://www.irrawaddy.org/…/the-1990-election-sorting-fact-f…
စာသားချည်းပဲ ပုံနှိပ်မယ်ဆိုရင် သုံးမျက်နှာခန့်သာ ရှိမယ့် မစ္စတာ ဘာတေး လင့်တနာရဲ့ အဲသည် ဆောင်းပါးတပုဒ်တည်းမှာ ဗမာ့အရေး ကျွမ်းကျင်ပညာရှင်လို့ ဆိုသူ Robert Taylor ကို ရည်ညွန်းတဲ့ ‘Taylor’ လို့တဲ့ စကားလုံး ဟာ ဆယ်ကြိမ်တိတိ ပါဝင်တယ်ဗျ။
ဆောင်းပါးရဲ့ အစမှာ Taylor အကြောင်း သိပ်မသိကြသေးတဲ့သူတွေကို မိတ်ဆက်ပေးလိုက်တာကတော့ ကိုကျော်စွာမိုး (သို့) ကိုအောင်ဇော်ရဲ့ လက်ရာနဲ့ တူပါရဲ့ “ (ဗမာ) အာဏာရှင်အစိုးရ အဆက်ဆက်ကို ခုခံထောက်ခံသူအဖြစ် ထင်ပေါ်ကျော်ကြား လူသိများသူကြီး” တဲ့။
အဲသည်ဆောင်းပါးကို မစ္စတာ လင့်တနာ ရေးရတဲ့ အကြောင်းရင်းက ကျနော်ခု သည် သမိုင်းကလိန်ခြုံ လူတွေအကြောင်း ဆောင်းပါးစဉ် စရေးမိတာနဲ့ ခပ်ဆင်ဆင်ရယ်။ အရင် ဗမာတိုင်း(စ်) သတင်းစာမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ဘူးတဲ့ သြစတြေးလျ နိုင်ငံသား Godffrey Goddard ဆိုတဲ့လူဟာ ၂၀၁၅ ဧပြီမှာ ထုတ်ဝေတဲ့ မဇ္ဈိမ အပတ်စဉ်မှာ ဘယ်လို ရေးထားသလဲဆိုရင် “၁၉၉၀ ရွေးကောက်ပွဲဟာ ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းရန် ရွေးကောက်သော ရွေးကောက်ပွဲ မဟုတ်၊ ၄င်းရွေးကောက်ပွဲသည် အခြေခံဥပဒေကို ရေးဆွဲရန် အတွက်သာ ရွေးကောက်သော ရွေးကောက်ပွဲ ဖြစ်သည်’ တဲ့။ သူပြောတဲ့ အချက်အလက်ဟာ သက်သေမှန်ကန်ကြောင်းကို ညွန်းဆိုဖို့ ကိုးကားတဲ့ ပင်ရင်းတွေကို မစ္စတာ လင့်တနာက လိုက်ကြည့်လိုက်တော့ တခြားလူတွေမဟုတ်၊ ဗမာ့သမိုင်းကို ပြောင်းပြန်စောက်ထိုးတွေ အဆက်မပြတ် ရေးသားဖြန့်ဖြူးနေတဲ့ ဗြိတိသျှ သံအမတ်ဟောင်း Derek Tonkin (ဤ ကလိန်ခြုံ ဆောင်းပါးစဉ် အမှတ်(၁) တွင် ဖော်ပြခဲ့သူ) နဲ့ ဗမာအာဏာရှင်အဆက်ဆက်ရဲ့ ကျော်ကြားသော ခုခံရေးသမားကြီး (တည့်တည့်ပြောရင် ဖော်လံဖား ပညာရှင်လိမ်) Robert Taylor ပါတဲ့။
ရောဘတ်တေလာဟာ သည်ဘက်ခေတ် ဗမာနိုင်ငံရေးမှာ လာခြေရူပ်တဲ့ ဖူကူးယားမား တို့ လာရီဒိုင်းမွန်းတို့လိုပဲ ‘ဗမာလူ့ဘောင်ဟာ ပြဿနာမျိုးစုံကို ရင်ဆိုင်ကျော်လွှားပြီးနောက် နိုင်ငံတော်ကို တည်ဆောက်နေဆဲ လက်ရှိခေတ်အခြေအနေ “မော်ဒန် အဆင့်တဆင့်” ကို ရောက်ရှိနေခြင်း ဖြစ်သည်’ ဆိုတဲ့ သဘောတရားအားဖြင့် တထပ်တည်းသော ဆင်ခြေကို တွင်တွင်ကြီး ပေးခဲ့သူ ဖြစ်တယ်။ တခုပဲ ကွာတာက သူက ဗမာ့အရေး ကျွမ်းကျင်သူဆိုတော့ ‘ဗမာလူ့ဘောင်’ ကနေ မထွက်တော့ဘူး၊ ဖူကူးယားမား နဲ့ ဒိုင်းမွန်းတို့ကျတော့ တခြားနိုင်ငံတွေကိုပါ (သုတေသနပိုက်ဆံတွေနဲ့ အားယားနေတိုင်း အပျင်းပြေ) နိုင်းယှဉ်မှုတွေ လုပ်ပြီး တကယ်တော့ အားလုံးသော “အသွင်ကူးပြောင်း နိုင်ငံ” တွေဟာ မော်ဒန် အသွင်ကို ကူးပြောင်းနေကြသူတွေ ချည်းပါပဲ၊ မော်ဒန် သမိုင်းအဆင့်တဆင့်ကို ရောက်လာခဲ့သူတွေချည်း ပါပဲ ဆိုပြီး ပိုပြီးကြီးတဲ့ အလုံးခပ်ကြီးကြီးတွေကို လုံးပြီး မျိုချခိုင်းတာ ဖြစ်တယ်။
သည်မှာ ကွာခြားချက်ကတော့ တေလာဟာ သူ့ရဲ့ ဆောင်းပါးစာအုပ်စာတမ်း နေရာမျိုးစုံမှာ အချက်အလက် အသေးစိတ်တွေနဲ့ ဗြောင်လိမ်တယ်။ ဒိုင်းမွန်းတို့ ဖူကူးယားမားတို့ကျတော့ ၄င်းတို့ ကြည့်မြင်သုံးသပ်တဲ့ မူဘောင် ‘ခေတ်အစဉ်မီ မော်ဒန် နိုင်ငံတော်တို့ ဟူသည်…’ လို့ စလိုက်ကတည်းက ဘာမဆိုကို ခေတ်အစဉ်မီ (historic stage)၊ မော်ဒန် (modernity)၊ နိုင်ငံတော် (state) ဆိုတဲ့ မူဘောင်တွေနဲ့ အတင်းသွပ်ထိုးလို့ကာ ‘ပြုပြင်ပြောင်းလဲရေး အစိုးရ’ ဆိုသူတွေကို အောင်မှတ်တွေ၊ ဂုဏ်ထူးတွေ လိုက်ချီးမြှင့်ဖို့ ကြိုးစားနေတာ ဖြစ်တယ်။ ကျနော်တို့တွေ့နိုင်တာက တေလာလို အသေးစိတ်အချက်အလက် နဲ့ အဆင့်မရှိ လိမ်ညာသူတွေပဲ ဖြစ်ဖြစ်၊ အယ်ဒိုင်းမွန်း နဲ့ အက်ဖူကူးယားမားလို အကြီးစား အဆင့်မြင့်မြင့် ဝါးချသူတွေပဲ ဖြစ်ဖြစ် ၄င်းတို့ ဆိုလိုချင်တာဟာ (တနည်းအားဖြင့် ဖြစ်ပေါ်လာမယ့် နောက်ဆုံးရလဒ်) ဟာ လက်ရှိ ခေတ်အခြေအနေကို လက်ခံပါ၊ လက်ရှိ အစိုးရကို စိတ်ရှည်ရှည်နဲ့ လက်ခံပါ’ လို့ တိုက်တွန်းခြင်းပဲ ဖြစ်တယ်။ ဒဿန နည်းစနစ်ပိုင်းဆိုင်ရာက ကြည့်မြင်မယ်ဆိုရင် ဒါမျိုး ဝါဒအယူကို Presenteeism ပစ္စုပ္ဗန်အခြေအနေဟာ အမှန်တရားဟု ယူသော ဝါဒ လို့ ခေါ်ပါတယ်။
ဗမာဒီမိုကရေစီ တော်လှန်ရေးသမားတွေ အနေနဲ့ modern preenteeism ဆင်ခြေသဘောကို နားလည်ဖို့ အလွန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သည်ဆင်ခြေဟာ လုံးစည်းအစိုးရစနစ်တိုင်းလိုလိုက အဓိက စွဲကိုင်တော့ ဆင်ခြေစနစ် ဖြစ်တယ်။ တကယ် ဆန်းစစ်မယ် ဆိုလို့ရှိရင် ၄င်းဟာ တကယ်က ဆင်ခြေစနစ်လို့တောင် မဟုတ်ဘဲ အတင်းကာရော အသိအမှတ်ပြု ခိုင်းခြင်း ဖြစ်တယ်။ လက်ရှိ ဖြစ်ထွန်းနေတဲ့ လူ့ဘောင်စနစ်ဟာ သမိုင်းရဲ့ လိုအပ်ချက်၊ သမိုင်းရဲ့ နားလည်သိရှိမှု အဆင့်အခြေအနေ ‘အသစ်တခု’ ဆိုပြီး သတ်မှတ်ပိုင်းခြားကာ ၄င်းတို့၏ အုပ်စိုးမှုကို ပြည်သူတွေကို (မှိုင်းတိုက်) လက်ခံခိုင်းခြင်း ဖြစ်တယ် –– “အခု ဖြစ်ထွန်းနေတယ်ဆိုရင် တော်ပြီပေါ့၊ ဘာတွေများ ဆက်ရှည်ကြောချင်နေရ သေးတာလဲ”
သည်မှာ ကျနော်တို့ သတိထားလာနိုင်တဲ့ အချက်တချက်ကလည်း ပျော့စိပျော့စိနဲ့ လိမ်တဲ့ တေလာလို ကြောင်ချီး ပညာရှင်ပဲ ဖြစ်ဖြစ်၊ သမိုင်းစဉ်လာ ကမ္ဘာ့နိုင်ငံများ၏ ကမ္ဘာ့ယဉ်ကျေးမှုကြီးတွေ ပြောင်းလဲခြင်း ဆိုပြီး အကြီးစား ဝါးချတဲ့ ဖူကူးယားမား ဒိုင်းမွန်းတို့လို
ကမ္ဘာ့ကြက်ကန်း ခန့်မှန်းပညာရှင် တွေပဲ ဖြစ်ဖြစ် ၄င်းပညာရှင်ဆိုသူတွေဟာ
ဗမာလူ့ဘောင်ဟာ “ပြောင်းလဲနေပြီ” လို့ ဖော်ပြထောက်ခံနေမှာသာ ဖြစ်တယ်။
အရင်း စစ်လိုက်ရင် ဒီမိုကရေစီ လိုလားပါတယ်ဆိုတဲ့ ၊ နိုင်ငံရေးသဘောတရားတွေကို ကျွမ်းကျင်လှပါတယ် ဆိုတဲ့ နို်င်ငံတကာပညာရှင်ကြီးတွေ ဆိုသူတွေဟာလည်း ၄င်းတို့ရဲ့ အတွေးအခေါ် အနှစ်ချုပ်ဟာ ကျနော်တို့ရဲ့ ဗမာသမ္မတ ဦးသိန်းစိန် ရဲ့ ‘ဘာများ ထပ်ပြောင်းချင်သေးလဲ’ ဆိုတဲ့ မိုက်တုံးတုံး နောက်ဆုံး အမြင်နဲ့ တကယ်က ထူးမခြားနား ဖြစ်နေတာကို ကျနော်တို့ ဝေဖန်ဆန်းစစ်လို့ကာ သိမြင်နိုင်ကြပါတယ်။
(လွန်ခဲ့တဲ့ သီတင်းပတ်ကာလက တေလာမှ Nikkei Asian Review တွင် “အဖြေရှာနေရသော ဗမာ လူ့ဘောင်” ဆိုပြီး ဗမာစစ်အစိုးရကို နိုင်ငံရေးအာဏာ (စစ်အာဏာ) ပိုင်းဆိုင်ရာတွင် ဖော်လံဖား လုပ်လာရုံမက နွားသတ်ခြင်းကို ပိတ်ပင်တယ်ဆိုတာ ဟိုးအရင် ဦးနုခေတ်ကတည်းက လုပ်ခဲ့တာ။ ယခုလည်း ဗမာလူ့ဘောင်ဟာ ဒါကို အဖြေရှာနေရတုန်းပဲ ဆိုပြီး ဘာသာရေးပိုင်းဆိုင်ရာမှာပါ မဘသအဖွဲ့ကို သိသိသာသာ ဖော်လံဖား လုပ်လာတာကို တွေ့ရပါတယ်။ ၄င်း ပုဂ္ဂိုလ်၏ လတ်တလော လောလောလတ်လတ် ဆောင်းပါးပါ ကလိန်ခြုံ အချက်တို့ကို ဆက်လက်ဆွေးနွေးပါဦးမယ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...