Monday, November 23, 2015

ဗမာတွေကို ဘယ်သူသတ်နေလဲ

U Ravika w

ဒီပုံက မိုးညှင်းတိုက်ပွဲမှာ ကျသွားတဲ့ မြန်မာ့စစ်သည်တော်တွေပါ။ မိသားစုဝင်တွေက ယူကျုံးမရ ဖြစ်နေကြတာကိုလည်း ပုံထဲမှာ တွေ့မြင်ကြမှာပါ။ ဒီစစ်သည်တော်တွေကို ကချင်တို့ပစ်သတ်ခဲ့တာ မဟုတ်ဘဲ မြန်မာ့လေတပ်က ဗုံးမှားကျဲချခဲ့လို့ ကျဆုံးကုန်ရတယ်လို့ ဆိုပါတယ်။ အဲဒီဗုံးမှားကျဲခဲ့တဲ့ အရာရှိကို အရေးယူခဲ့ကြောင်း ပွင့်လင်းမြင်သာမှု မရှိသလို တိုင်းရင်းသားတွေကို နှစ်ပေါင်း(၆၀)ကျော် တိုက်လာခဲ့ပေမဲ့ လွှတ်တော်ထဲမှာ ဘယ်တုန်းကမှ ထဲထဲဝင်ဝင် မဆွေးနွေးခဲ့ပါ။ ဒါကို တရားတဲ့စစ်ပွဲလို့ ဘယ်လိုကင်ပွန်းတပ်ရမှာလဲ။

စစ်သားတစ်ယောက်က မိမိကို ပြောဖူးပါတယ်။ မွန်မလေးတစ်ယောက်နဲ့ ညားပြီး စစ်တပ်ကနေ အနားယူသွားတဲ့ စစ်သားတစ်ယောက်ပါ။ "အရှင်ဘုရားရယ် နောက်က အရာရှိက "တက်"ချည်းပဲ အော်တယ်၊ တက်ရင် သေနေတာကို သိရက်သားနဲ့ တက်ခိုင်းတယ်၊ မတက်တဲ့အကောင်တွေကို ပစ်သတ်တယ်၊ သူလည်း ဒီစခန်းကို မသိမ်းနိုင်ရင် အရေးယူခံရမဲ့သဘော ရှိတယ်"လို့ ဝန်ခံပြောကြားဖူးပါတယ်။ နောက်စစ်သားတစ်ယောက်ဆို သူတို့ရဲ့ လှို့ဝှက်ချက်ကို တီးတိုးပြောဖူးပါတယ်။ "စစ်ကြောင်းမှူးက တက်ချည်းပဲတက်ခိုင်းနေလို့ တပည့်တော်တို့ ညီညီညွတ်ညွတ်နဲ့ ပစ်သတ်လိုက်ပြီး စစ်ကြောင်းမှူး ကျသွားကြောင်း အပေါ်ကို တင်လိုက်တယ်ဆိုပဲ။ ဒါဟာ ဗမာ့တပ်မတော်အကြောင်းကို ဗမာ့စစ်သည်တော်တို့ ပြောပြကြတာပါ။ ကွမ်လုံရက်လေးဆယ်တို့ဘာတို့မှာ ရေးမဲ့ အကြောင်းအရာတွေတော့ မဟုတ်ဘူး။ သေချာတာတစ်ခုကတော့ မြန်မာ့တပ်မတော်ဟာ သူ့စစ်သည်တော်တစ်ယောက်ရဲ့ အသက်ကို G-3 တစ်လက်လောက်တောင် တန်ဖိုးမထားဘူးဆိုတာပဲ ဖြစ်တယ်။ "ငါ့မသေ ငါ့စခန်း မကျစေရ၊ ငါ့မသေ ငါ့လက်နက် မပါစေရ"ဆိုပြီး စာတန်းကပ်ထားတယ်ဆိုကတည်းက ဒီအဖြစ်အပျက်တွေကို ထောက်ခံနေပြီသားပါ။
မြန်မာ့တပ်မတော်မှာ စိတ်ကြွဆေးသုံးတာတို့၊ ဓာတုဆေးသုံးတာတို့လည်း ရှိတယ်။ ဒါ အပိုအလို ပြောတာ မဟုတ်ပါ။ သက်သေပြပါဆိုတော့လည်း ဘယ်လိုပြရမလဲ။ ဗမာ့တပ်မတော် စခန်းချတဲ့ စမ်းချောင်းတွေဟာ သူတို့ထွက်သွားတာနဲ့ ငါးတွေ သေနေတာတို့၊ ဗမာ့စစ်သည်တော်တို့ဟာ လက်နက်မပါဘဲ အတင်းတက်လာတာတို့ကို ကြည့်ရင် ဒါဟာ သက်သေပါပဲ။ တစ်ယောက်သေ နှစ်ယောက်တက်တဲ့ ထိုးစစ်နည်းဟာ ရန်သူအပေါ်မှာပဲ ရက်စက်တာ မဟုတ်ပါဘူး။ မိမိရဲ့ စစ်သည်တော်တို့အပေါ်မှာလည်း အင်မတန်မှ ရက်စက်လှပါတယ်။ ဒီစစ်ကြောင်းမှူးတွေဟာ မလိုအပ်ဘဲ ကျဆုံးသွားတဲ့ စစ်သည်တော်တို့ရဲ့ ဇနီး၊ သားသမီးတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ မိမိအနေနဲ့ အခါခါ တွေးဖူးပါတယ်။ ဒီလိုအောက်ခြေဘဝမှာကတည်းက မျက်နှာပြောင်အခါခါတိုက်ခဲ့လို့လည်း နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့အခါ အရေတွေ ထူလွန်းနေတာ ဖြစ်ပါလိမ့်မယ်။
မြန်မာ့တပ်မတော်ဟာ BGF ကို လက်မခံလို့ဆိုပြီး ကိုးကန့်ကို ၂၀၀၉ ခုနှစ်မှာ ဝင်တိုက်တယ်၊ DKBA ကိုလည်း ဝင်တိုက်တယ်၊ ၂၀၁၁ ခုနှစ်မှာ ကချင်ကို ဝင်တိုက်တယ်၊ ရှမ်းတွေကိုလည်း ဝင်တိုက်တယ်။ သေကြေသွားတဲ့ စစ်သည်တော်စာရင်းများကို လွတ်လပ်ရေးနေ့မှာ ထုတ်ပြန်ကျေညာသင့်ပါတယ်။ ဒါဟာ အညတြစစ်သည်တော်တို့အတွက် လိုအပ်ပါတယ်။ မိမိခန့်မှန်းချက်အရ ကချင်တွေနဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲတလျောက်မှာ စစ်သည်တော် (၅၀၀၀)နဲ့ (၁၀၀၀၀)ကြားမှာ ကျဆုံးခဲ့ရတယ်ဆိုတာပဲ ဖြစ်တယ်။ ကိုးကန့်ကို ထိုးစစ်ဆင်တုန်းကဆို ဒေါ်လာဘီလီယံချီ သုံးခဲ့ပြီး စစ်သည်တော်တွေရဲ့ အသက်ထောင်ပေါင်းများစွာ ကျဆုံးသွားရတာပါ။ အခု ရှမ်းနဲ့ ကချင်တို့ကို တတိယအကျော့ ထိုးစစ်ဆင်တဲ့အခါမှာလည်းပဲ အကျအရှုံး များများနဲ့ တွက်ခြေမကိုက်ဘဲ ရှိနေပါတယ်။ မြန်မာ့တပ်မတော်ကတော့ နယ်မြေစိုးမိုးမှုနည်းနည်းလေး ရလိုက်တယ်။ ဒါပေမဲ့ တပ်ရင်းမှာ မုဆိုးမများများ ကျန်နေခဲ့ရလို့ မကျွေးနိုင်တဲ့အထိ ဖြစ်ကုန်ရတယ်။ ဒေါက်တာနေဇင်လတ်တို့ ထောင်ထားတဲ့ ဟိုအခန်းတွေထဲမှာ ကျဆုံးစစ်သည်တော်တို့ရဲ့ ဇနီးတွေနဲ့ ကလေးတွေ မနည်းပါနေပါတယ်။ သူတို့စနစ်နဲ့သူတို့တော့ ဟုတ်တုတ်တုတ် ရှိပါတယ်။ ဒါပေမဲ့ လူ့ဂုဏ်သိက္ခာဆိုတာ ဘယ်မှာ ရှိပါတော့မလဲ။ မိမိနဲ့ ခင်တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ရဲ့ သမီးတစ်ယောက်ဆိုရင် ယုဇနဟိုတယ်မှာ မဟုတ်တဲ့အလုပ်ကို လုပ်ပြီး မိဘကို ရှာကျွေးနေရပါတယ်။ သူ့မိဘကတော့ သူတို့သမီး ဘာလုပ်နေလဲ မသိကြပါ။ ရိုးသားတဲ့ စစ်သည်တော်တွေ ဖြစ်ခဲ့လို့ ရာထူးမတက် ပစ္စည်းမချမ်းသာခဲ့တာ နေမှာပါ။
ဒီတော့ တောင်ကုန်းတစ်ကုန်းကို ဝင်သိမ်းမယ်ဆိုပါတော့။ ဟိုက စောင့်ပြီး ပစ်မယ်။ ဒီကလည်း မတက်မနေရ တက်ရမယ်။ ဒီအခြေအနေမှာ ဘယ်သူက အကျအဆုံးများမလဲ။ လေကြောင်းပစ်ကူကလည်း အမြဲတမ်း မလာနိုင်ဘူး။ လေကြောင်းပစ်ကူ ရောက်လာပြီဆိုရင် ကိုယ့်လူက အဝိုင်းခံရပြီး ထွက်ပေါက်ပျောက်နေတဲ့အချိန်ပဲ ဖြစ်ပါလိမ့်မယ်။ အခု မိုးညှင်းတိုက်ပွဲမှာ ပိတ်မိနေဟန်ရှိတဲ့ စစ်သည်တော်များကို KIA က မပစ်ရဘဲ လေတပ်က အသေပစ်လိုက်တော့ ဟိုက ကျည်ဆံတောင် ကုန်စရာမလိုတော့ပါ။
ဒီတော့ မအလတို့က တိုင်းရင်းသားတွေကို ရန်သူအဖြစ် သတ်မှတ်ပြီး စစ်ဆင်တယ်။ ဒီလိုစစ်ဆင်လာတာ ဟိုလွတ်လပ်ရေးရကတည်းကပါ။ တိုင်းရင်းသားတွေက အင်အားနည်းသွားတာ မတွေ့ရဘူး။ ကိုးကန့်ကို ကြည့်ပါ။ ကိုးကန့်ဒေသကို လိုချင်လို့ မအလပဲ ကိုးကန့်ခေါင်းဆောင်တွေကြား သွေးခွဲပြီး ၂၀၀၉ ခုနှစ်မှာ ကိုးကန့်ဒေသကို ဝင်သိမ်းပြီး ရုပ်ပြခေါင်းဆောင်တွေကို တင်မြှောက်ကာ ခြယ်လှယ်ခဲ့တယ်။ ဖုန်ကြားရှင် ပြန်လာတဲ့အခါ မြန်မာ့တပ်မတော်က အကြီးအကျယ် ခံလိုက်ရပါတယ်။ အခု ဖုန်းကြားရှင်တပ်ကို အပြုတ်တိုက်နိုင်သလားဆိုတော့ မတိုက်နိုင်ပါ။ ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပေးခဲ့ပေမဲ့ MNDAA တပ်ဖွဲ့တွေကတော့ အင်အားကောင်းနေဆဲပါပဲ။
ဒီတော့ မိမိတို့က ဒီမှာ နည်းနည်းလေး စကားပါးချင်တယ်။ တိုင်းရင်းသားတွေက ပြည်မကို ဝင်မတိုက်ကြပါ။ ဒါပေမဲ့ ကိုယ့်ဒေသကို ကာကွယ်ရမဲ့ တာဝန်ရှိတယ်။ ကိုယ့်လူမျိုးကို စောင့်ရှောက်ရမဲ့ တာဝန်ရှိတယ်။ မြန်မာ့တပ်မတော်က မြန်မာလူမျိးတွေကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသလို တိုင်းရင်းသားတပ်မတော်တွေကလည်း သူတို့ဆိုင်ရာလူမျိုးတွေကို ချစ်ခင်မြတ်နိုးတန်ဖိုးထားကြပါတယ်။ ဒီတော့ မြန်မာ့တပ်မတော်က ကျူးကျော်ဝင်ရောက်လာရင် တိုင်းရင်းသားတပ်မတော်တွေဘက်ကလည်း မလွဲမရှောင်သာ ပြန်ခုခံရပါတော့မယ်။ အဲဒီလိုခုခံတဲ့အခါမှာ ပန်းနဲ့ ပေါက်ကြတာမဟုတ်ဘူး။ ကျည်ဆံနဲ့ ပစ်ကြတာဖြစ်လို့ နှစ်ဖက်စလုံး အကျအဆုံး ရှိမှာ သေချာပါတယ်။ ခုခံစစ်နဲ့ ထိုးစစ်ဆိုတော့ အနည်းနဲ့အများတော့ ကျဆုံးမှုတော့ ကွာတာပေါ့။ အဲဒီလိုကျဆုံးရတဲ့အခါ နှစ်ဖက်စလုံးမှာ နာကျည်းမှုတွေ ရှိမှာ သေချာပါတယ်။ ဒါကြောင့် စစ်ပွဲမဖြစ်တာ ကောင်းပါတယ်လို့ မိမိတို့ အခါခါ ရေးပဵါတယ်။ မြန်မာ့တပ်မတော်ကိုလည်း ထိုးစစ်မဆင်ဖို့ အခါခါ တောင်းပန်ခဲ့ပါတယ်။ အဲဒီလိုတောင်းပန်နေတဲ့ကြားက စိတ်ကောင်းနှလုံးကောင်း မထားနိုင်ဘဲ ထိုးစစ်ဆင်လာခဲ့ရင် ဒါဟာ တိုင်းရင်းသားတွေရဲ့ အပြစ်မဟုတ်ပါ။ ဗမာအချင်းချင်းကို ဗမာတွေသတ်နေခြင်းသာ ဖြစ်တယ်လို့ နားလည်ထားသင့်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...