Friday, December 25, 2015

‪#‎ABSDF‬ အတွင်းရေးများဖွင့်ချခြင်း

 ''၁၉၈၈ နိုဝင်ဘာလ ၅ရက်နေ့တွင် အေဘီအက်စ်ဒီအက်ဖ်ကို ဖွဲ့စည်းခဲ့စဉ်က မိမိကိုယ်ကျိုးမပါဘဲ တိုင်းပြည်အတွက် မိမိအသက်ကိုပင် ပေးဆပ်ဖို့ရန်ကတိပြုခဲ့သော ကျောင်းသားခေါင်းဆောင်များသည် ၁၉၉၁ ခုနှစ်သို့ ကူးပြောင်း ရောက်ရှိလာသောအခါ ဒီမိုကရေစီတော်လှန်ရေးအပေါ် သစ္စာရှိရေးထက် မိမိနေရာရရေးကိုသာ စောင်းပေးသည့်သူများ ဖြစ်လာခဲ့သည်မှာ ပျက်စီးခြင်းကို ဦးတည်စေခဲ့သည်။ "

(ထွန်းအောင်ကျော်၏ ABSDF ကျောင်းသားတပ်မတော်ဖြစ်ပေါ်လာပုံနှင့် ကိုယ်တွေ့အတွေ့အကြုံများမှ)
ထွန်းအောင်ကျော် (ABSDF ပထမဆုံးဥက္ကဋ္ဌ)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်ဖြစ်ပေါ်လာပုံနှင့်
ကိုယ်တွေ့အတွေ့အကြုံများ
ပထမအကြိမ်၊၂၀၁၅၊အောက်တိုဘာ၊ စာမျက်နှာ -၇၁၁(ဓာတ်ပုံများပါ) ၊ တန်ဖိုး ၁၃၀၀၀ ကျပ်
အလင်္ကာစာပေ၊ မျက်နှာဖုံးဒီဇိုင်း -စမုံဦး
ABSDF ကျောင်းသားတပ်မတော်ရဲ့ ပထမဆုံးဥက္ကဋ္ဌဖြစ်သူ၊သူလျှိုလို့ စွပ်စွဲခံရပြီး အချင်းချင်းအသတ်ခံရသူမြောက်ပိုင်း ABSDF ရဲ့ဥက္ကဋ္ဌနဲ့နာမည်တူ၊ ၁၉၇၄ ဦးသန့်အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့သူ ( ဦး)ထွန်းအောင်ကျော်ရဲ့ ကိုယ်တွေ့ တွေကို ABSDFရဲ့ တရားဝင်စာရွက်စာတမ်းတွေ၊ အချက်အလက်တွေ၊ ဓာတ်ပုံမှတ်တမ်းတွေနဲ့ အပြည့်အစုံနီးပါး ဖွင့်ချရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကနေ ဒီနေ့ကာလအထိ ABSDF ရဲ့သမိုင်းကို အခြားသောရှုထောင့်ကနေ လှမ်းကြည့်နိုင်၊ သုံးသပ်ဝေဖန်နိုင်တဲ့စာအုပ်လည်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းမ်းဂျာနယ်မှာ အပတ်စဉ်ဖော်ပြခဲ့တဲ့ဒီဆောင်းပါးတွေကို မန္တလေးအခြေစိုက် အလင်္ကာစာအုပ်တိုက်က ထုတ်ဝေတာဖြစ်ပါတယ်။
ဒီစာအုပ်မှာ စာရေးသူရဲ့အမှာနဲ့အတူ အခန်းပေါင်း(၁၈)ခန်းအပြင် နောက်ဆက်တွဲအနေနဲ့ ABSDF ရဲ့စာရွက်စာတမ်းနဲ့ ဓာတ်ပုံတွေကိုပါ ဖော်ပြထားတာပါ။ စာရေးသူရဲ့အမှာအရ နှစ်ပေါင်း ၂၅ နှစ်ကြာခဲ့ပြီဖြစ်တဲ့ ABSDF တော်လှန်ရေး မအောင်မမြင်ဖြစ်ရပုံတွေကို ပြည်သူတွေနဲ့ ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့မိဘတွေ မကွယ်လွန်ခင်လေးမှာ သိသွားဖို့ ရေးပြတာလို့ ဆိုပါတယ်။ ဒီစာအုပ်ပါအရေးအသားတွေကြောင့် သူ့ကို ကိုယ်ရည်သွေးသူတစ်ဦးအဖြစ် စွပ်စွဲကြသလို ခေါင်းဆောင်တွေရဲ့အကြောင်း ကောင်းကွက်တွေရော ဆိုးကွက်တွေပါ ဖွင့်ချထားတာမို့ လူမုန်းများတာခံခဲ့ရတယ်လို့ စာရေးသူကိုယ်တိုင် ၀န်ခံထားပါတယ်။
စာရေးသူကိုယ်တိုင် လက်နက်ကိုင်တော်လှန်ရေးအတွက် တောခိုဖို့ဆုံးဖြတ်လိုက်ပြီးနောက် မော်လမြိုင် -ဘုရားသုံးဆူ လမ်းကြောင်းအတိုင်း မွန်ပြည်သစ်ပါတီရဲ့အကူအညီနဲ့ ထိုင်းနယ်စပ် ဘုရားသုံးဆူစခန်းကို ရောက်ခဲ့တာ ဖြစ်ပါတယ်။
တောခိုဖို့ ၀င်လာစဉ်အခက်အခဲတွေအကြောင်းနဲ့ ကျောင်းသားတွေအပေါ် သြဇာလွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ ကေအန်ယူအပါအ၀င် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ မဒညတ လို့ အဖွဲ့အစည်းတွေရဲ့ အပြိုင်အဆိုင် စည်းရုံးမှု တွေကြားကနေ ABSDF ကို မဖြစ်ဖြစ်အောင် စတင်ထူထောင်ခဲ့ရတယ်လို့ ရေးသားထားပါတယ်။ ဥက္ကဋ္ဌမရန်ဘရန်ဆိုင်း နဲ့ ကေအိုင်အေအဖွဲ့ကိုတော့ ကျောင်းသားတွေကို စေတနာမှန်နဲ့ ကူညီခဲ့တဲ့အဖွဲ့အစည်းဖြစ်ကြောင်း မှတ်တမ်းတင် ခဲ့ထားတာ တွေ့ရပါတယ်။
ဘုရားသုံးဆူစခန်းကို ၀င်ဝင်ချင်းမှာပဲ စည်းမဲ့ကမ်းမဲ့ငွေကြေးသုံးစွဲပြီး အပျော်လွန် မူးရူးနေကြတဲ့ ကျောင်းသား ခေါင်းဆောင်တချို့နဲ့ စတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ပထမအကြိမ်ညီလာခံမှာ ဥက္ကဋ္ဌအဖြစ်အရွေးချယ်ခံရပြီးနောက် ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ သစ္စာဖောက်မှုတွေ၊ အချင်းချင်းနေရာလုတာတွေနဲ့ မဟာမိတ်အဖွဲ့အစည်းတွေ၊ ပြည်ပ အကူအညီပေးရေးအဖွဲ့တွေနဲ့ ဆက်ဆံရေးအကြာင်းတွေကို ရေးပြထားသလို စားရမဲ့သောက်ရမဲ့ဖြစ်နေတဲ့အောက်ခြေ စခန်းတွေက ABSDF ရဲဘော်တွေ၊ ရရာလုပ်ကိုင်စားသောက်ရင်း ဘ၀ပျက်သွားတဲ့ကျောင်းသူရဲမေတွေ ၊ ငှက်ဖျားဒဏ်နဲ့ ကေအန်ယူရဲ့သတ်ဖြတ်မှုတွေကြောင့် သေဆုံးသွားရတဲ့ရဲဘော်တွေအကြောင်း ရင်နင့်စရာ ဖတ်ရမှာ ဖြစ်ပါတယ်။
ပြည်တွင်းကနာမည်ကျော်ခေါင်းဆောင်မိုးသီးဇွန်ဝင်လာပြီးနောက် ဥက္ကဋ္ဌနေရာက ဖယ်ပေးလိုက်ရတဲ့ စာရေးသူအနေနဲ့ သာမန်ရဲဘော်ဘ၀နဲ့ တပ်ဖွဲ့အရေးဆောင်ရွက်ခဲ့ပုံတွေ၊ ခေါင်းဆောင်တွေရဲ့ ဖောက်ပြန်မှုတွေ၊ သွေးကွဲမှုတွေနဲ့ အတူ နောက်ဆုံးမှာ အကြောင်းအမျိုးမျိုးနဲ့ အမေရိကန်ကို ထွက်သွားခဲ့ရပုံတွေကို ရေးပါတယ်။ သူခင်မင်ရတဲ့သူငယ်ချင်းတွေ၊ တပ်ဖွဲ့ဝင်ရဲဘော်ရဲဘက်တွေနဲ့ တခြားအဖွဲ့အစည်းကပုဂ္ဂိုလ်တွေအကြောင်းကို ရေးထားတာတွေ့ရသလို အွိုင်းဆိုတဲ့ ထိုင်းမလေးနဲ့ သံယောဇဉ်ဇာတ်လမ်းကိုလည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
မိုးသီးဇွန်၊ဒေါက်တာနိုင်အောင်တို့ရဲ့ ABSDF အကွဲအပြဲ၊ မြောက်ပိုင်းက အကျည်းတန်လှတဲ့ သူလျိုဖော်ထုတ် သတ်ဖြတ်မှုကြီးမှာ တာဝန်ရှိသူတွေအကြောင်းနဲ့ အဖွဲ့အစည်းမှာ ငွေရေးကြေးရေးအရ အလွဲသုံးစားလုပ်သူတွေ၊ အဖွဲ့နာမည်ခံပြီး စီးပွားရေးလုပ်စားသူတွေနဲ့ တပ်ဖွဲ့ထဲက လူမဆန်တဲ့စစ်ကြောရေးတွေ၊ စွပ်စွဲသတ်ဖြတ်မှုတွေနဲ့ ကိုယ်ကျင့်တရားဖောက်ပြန်ပုံတွေကို ဖွင့်ချထားတာကတော့ ဘယ်စာအုပ်မှာမှ မပါသေးတဲ့ အချက်အလက်အသစ်တွေ ဖြစ်မယ် ထင်ပါတယ်။ဒီအချက်အလက်တွေကို သက်ဆိုင်ရာကာယကံရှင်တွေ၊ ရဲဘော်ဟောင်းတွေ၊ မိသားစုဝင်တွေ ရဲ့ လက်ရေးမှတ်တမ်းတွေ၊ ပေးစာတွေနဲ့ ခိုင်ခိုင်မာမာဖော်ပြထားတာ ဖတ်ရမှာပါ။
မိုးသီးဇွန်၊ဒေါက်တာနိုင်အောင်၊ဒေါက်တာသောင်းထွန်း၊ ပြည်သစ်ညွန့်ဝေလို ထိပ်ပိုင်းတွေနဲ့ လက်ရှိမှာ နိုင်ငံတော်သမ္မတရဲ့အကြံပေးတွေအဖြစ် တာဝန်ယူနေကြတဲ့ ဒေါက်တာဇော်ဦးလို အစိုးရနဲ့ ပူးပေါင်းနေတဲ့
ABSDF အဖွဲ့ဝင်ဟောင်းတွေ၊ အေးချမ်းနိုင်၊ဦးခင်မောင်ဝင်း၊ကိုအောင်သူုငြိမ်း အစရှိတဲ့ ပြည်ပအသံလွှင့်ဌာနတွေမှာ လက်ရှိတာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကောင်းကွက်တွေရော ဆိုးကွက်တွေပါ အားမနာစတမ်းရေးပြထားတာ ဖြစ်ပါတယ်။ ABSDF ရဲ့ နောက်ဆုံးအကွဲအပြဲဖြစ်တဲ့ ဥက္ကဋ္ဌရဲဘော်သံခဲနဲ့ စစ်ရေးကော်မရှင်က ရဲဘော်ခင်ကျော်တို့ ရဲ့ အကြောင်းတွေအထိ မှတ်တမ်းတင်ရေးသားထားသလို လက်ရှိဦးဆောင်သူတွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာ၊ ကားပါမစ်တွေ ရယူရောင်းစားခဲ့တာတွေကိုလည်း ဝေဖန်ထားပါတယ်။
လက်ရှိအချိန်မှာ စာရေးသူရဲ့ဝေဖန်ချက်တွေကို အကောင်းအဆိုးအပြင် အဖြစ်အပျက်တွေမှန်၏ မမှန်၏ ဆိုတာကိုလည်း အရေးခံရတဲ့လူတွေဘက်က အထောက်အထားနဲ့တကွ ပြန်ရှင်းလင်းတာတွေ မတွေ့ရသေးပါဘူး။ ဒီစာအုပ်မှာပါတာတွေက မမှန်တဲ့အတွက် ရှင်းစရာမလိုဘူးလို့ ယူဆသလား ဒါမှမဟုတ် မှန်နေလို့ ပြန်မရှင်းရဲတာလား ဆိုတာတွေကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ကမ္ဘာပေါ်မှာ ပထမဆုံးနဲ့ တစ်ခုတည်းဖြစ်တဲ့ ကျောင်းသားတပ်မတော်ရဲ့ ၂၅ နှစ်တာ ဖြတ်သန်းမှုကို ဖတ်ရင်း နိုင်ငံရေးသံဝေဂတွေ ၊ နိုင်ငံရေးသင်ခန်းစာတွေနဲ့ ခေါင်းဆောင်မှုအမှားတွေကို သုံးသပ်ပြင်ဆင်ခွင့်ရကြမှာပါ။ လက်ရှိအချိန်မှာ နိုင်ငံရေးနယ်ပယ်ထဲရောက် နေသူတွေ၊ နိုင်ငံရေးလေ့လာသူတွေနဲ့ မြန်မာပြည်အရေး စိတ်ဝင်စားသူတွေ ဖတ်ရှုသင့်တဲ့ နိုင်ငံရေးစာအုပ်ကောင်း တအုပ် ဖြစ်ပါတယ်။ အလင်္ကာစာပေက မျက်နှာဖုံး စမုံဦးရဲ့ဒီဇိုင်းနဲ့ထုတ်ဝေပြီး စာအုပ်တန်ဖိုး ၁၃၀၀၀ ကျပ်ဖြစ်ပေမယ့် စာအုပ်မှာ နောက်ဆက်တွဲ ဖော်ပြထားတဲ့ ABSDF ရဲ့အချက်အလက်တွေနဲ့တင် တန်နေပြီမို့ အမြန်ဝယ်ယူဖတ်ရှု သင့်ပါကြောင်းနဲ့ ဒီလိုစာအုပ်မျိုးကို ရေးတဲ့ စာရေးသူ(ဦး)ထွန်းအောင်ကျော်နဲ့ ထုတ်ဝေသူအလင်္ကာစာအုပ်တိုက်ကိုလည်း ချီးကျူးမိပါကြောင်း
အောင်မြို့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...